Saturday, November 20, 2010

First Eleven ဂျာနယ် နှစ်ပတ်ပိတ်ခံရ

“ စုလွတ်ပြီ၊ စည်းလုံးခြင်းနှင့် မျှော်လင့်ချက် ပန်းတိုင်ကို တက်လှမ်းကြစို့ ” ဟု အဓိပ္ပာယ်ရသော စာသားကို ဖော်ပြသည့် First Eleven ဂျာနယ်ကို စာပေစိစစ်ရေးက နှစ်ပတ်ပိတ် လိုက်ကြောင်း ဂျာနယ် အသိုင်းအ၀ိုင်း၌ သတင်းများထွက်ပေါ်နေသည်။

ယင်းသတင်းနှင့် ပတ်သက်၍ First Eleven ဂျာနယ်က ၀န်ခံ အတည်ပြုချက် မပေးသေးပါ။

နိုဝင်ဘာ ၁၃ ရက်နေ့ထုတ် First Eleven ဘောလုံးဂျာနယ်တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သည်နှင့် ပတ်သက်၍ မင်နီစာလုံးများဖြင့် ဘောလုံးအကြောင်းအရာကြားတွင် ဖော်ပြခဲ့သည်။

SUNDERLAND FREEZE CHELSE UNITED STUNNED BY VILLA & ARSENAL ADVANCE TO GRAB THEIR HOPE ဟု ဘောလုံး အကြောင်းအရာကြားတွင် သိသာထင်ရှားစေရန် စကားလုံးများကို မင်နီအရောင်ဖျော့ဖြင့် ဖော်ပြခဲ့သည်။

“စိစစ်ရေးက မသိဘူး။ ခွင့်ပြုလိုက်ပြီးနောက်မှ လူတွေ အပြောများတာကြောင့် ဒီလို အဓိပ္ပာယ်ရတဲ့ဟာ ပေါ်အောင်လုပ်ထား တာ သိသွားတာ။ စာစစ်မှူးတွေကလည်း မမြင်ဘူး။ မိတ္တူဆွဲပြီး မူကြမ်းတင်ရတာဆိုတော့ အရောင်မပါဘူး။ စာစစ်မှူးတွေပါ မမြင်ရဘူးလားဆိုပြီး ခေါ်ဆူတယ်။ ဒီအတွက် Eleven Media Group ကို အရေးယူသွားမယ်ဆိုပြီး ပြောထားတယ်။ နောက် ဆက်တွဲကတော့ ဘယ်လိုဖြစ်လာမလဲမသိသေးဘူး” ဟု စာပေစိစစ်ရေးမှ စာစစ်မှူးတဦးက ပြောသည်။

စာပေစိစစ်ရေးမှ ထွက်ရှိနေသော ဂျာနယ်များတွင် စီးပွားရေး၊ လူမှုရေးအကြောင်းအရာများနှင့် ပတ်သက်၍ ငြိစွန်းသည့် သ တင်း များပါရှိပါက ၂ ပတ်ပိတ်ခြင်း၊ ၁ ပတ် ပိတ်ခြင်း စသဖြင့် ပြုလုပ်သည်များရှိသော်လည်း ယခုဖြစ်ရပ်သည် ဒေါ်အောင် ဆန်းစုကြည်လွတ်မြောက်သည့်အပေါ် လူထုကို လှုံ့ဆော်သည့် အဓိပ္ပာယ်ရသောကြောင့် မည်သို့ အရေးယူမည်ကိုမှု မသိရှိ ရသေးဟု ၎င်းက ပြောသည်။ 

ပြည်တွင်းဂျာနယ်များအနက် Eleven Media Group မှ ထုတ်ဝေသော Weekly Eleven သတင်း ဂျာနယ်သည် ပရိသတ် ၀ယ်ယူ ဖတ်ရှုမှု အများဆုံးဖြစ်သည့်အပြင် ရွေးကောက်ပွဲ မတိုင်မီ အကြိုကာလ သတင်းများ၊ ရွေးကောက်ပွဲ ကျင်းပသည့်နေ့ အနယ်နယ် အရပ်ရပ်ရှိ မဲ မသမာမှုများ၊ မဲဆန္ဒရှင်များ၏ အမြင်များကို အချိန်အလိုက် ဖော်ပြပေးနေသည့် တခုတည်းသော ပြည်တွင်းထုတ် ဂျာနယ်ဖြစ်သည်။

“ဂျာနယ်တွေရဲ့ ကိုယ်ပိုင်အင်တာနက် စာမျက်နှာတွေထဲမှာ Weekly က သတင်းတွေ တက်တာမြန်တယ်၊ တခြားဂျာနယ် တွေ လို မဟုတ်ဘဲ အမှန်ကို အမှန်အတိုင်းတင်ပြရဲတယ်။ ဒီအချက်တွေကြောင့် အာဏာပိုင်တွေကတော့ သိပ်ကြည်မှာ မဟုတ် ဘူး။ ရွေးကောက်ပွဲ မသမာမှု သတင်းတွေ အင်တာနက်စာမျက်နှာမှာ တင်ကတည်းက ပြောချင်နေပေမယ့် ဂျာနယ်လို စိစစ် ရေး မလိုတော့ လူကြီးတွေကလည်း သိပ်မပြောသေးဘဲကြည့်နေတာ။ အခုက အဲဒါတွေပါ ပေါင်းသွားတာပေါ့။ အာဏာပိုင် တွေ ဘက်ကလည်း ဆက်လွှတ်ပေးလိုက်ရင် တခြားဂျာနယ်တွေပါ ဒီလို လုပ်လာမှာကိုလည်း စိုးရိမ်ပုံရတယ်။ ဂျာနယ်ကတာ ၀န် ရှိသူတွေလည်း တော်တော်ပြာနေပြီ” ဟု Weekly Eleven ဂျာနယ်နှင့် နီးစပ်သူ အယ်ဒီတာတဦး ကပြောသည်။

နိုဝင်ဘာ ၈ ရက်နေ့ကလည်း Weekly Eleven ဂျာနယ် အင်တာနက် စာမျက်ပေါ်ရှိ ရွေးကောက်ပွဲ သတင်း ကဏ္ဍကို ဖြုတ်ချ ခဲ့သည်။

အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ အင်တာနက်စာမျက်နှာများပေါ်တွင် ပျံ့နှံ့နေသကဲ့သို့ ပြည်တွင်း ဂျာနယ်အသိုင်းအ၀န်းတွင် လည်း ဝေဖန်ပြောဆိုနေကြပြီး Weely Eleven ဂျာနယ်၏ စာဖတ်ပရိသတ်များကလည်း စိုးရိမ်နေကြသည်ဟု သိရသည်။

“ပြည်တွင်းမီဒီယာတခုအနေနဲ့ ဒီလိုလုပ်တဲ့အပေါ်မှာ အားပေးထားကြတာတွေအများကြီးပဲ။ Facebook လို ဆိုရှယ်ဆိုက် တွေ မှာဆိုလည်း အကုန်ပျံ့နေတယ်။ ချီးကျုးထားတာတွေလည်းတွေ့ရတယ်။ သတ္တိရှိရှိဖော်ပြလိုက်တာက မီဒီယာရဲ့ရပ်တည်မှု ဆိုပေမယ့် အာဏာပိုင်တွေဆိုတာကလည်း မထင်ရင် မထင်သလို လုပ်တတ်တာဆိုတော့ တဘက်မှာ ဆိုးကျိုးတွေဖြစ်လာမှာ စိုးရိမ်ကြတာပေါ့”ဟု လူငယ်စာဖတ်ပရိသတ်တဦးက ပြောသည်။

ယခု တပတ်ထုတ် Weekly Eleven ၊ The Voice ၊ 7 Day၊ Flower News ဂျာနယ်များတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်  မြောက်သည့် သတင်းများနှင့် ဓာတ်ပုံများ ပါရှိသည့် ဂျာနယ်များရောင်းအားကောင်းခဲ့သည့်အပြင် ဒေါ်အောင်ဆန်းစုကြည် ပုံပါ မျက်နှာဖုံး စာရွက်ကို  တစောင် ၁၀၀ ကျပ် ဖြင့် မိတ္တူကူးရောင်းချသည့် ဈေးကွက်မှာပါ အရောင်းသွက်ခဲ့သည်ဟု သိရသည်။

အဆိုပါ ဖြစ်ရပ်များကို ကြည့်မည်ဆိုပါက မြန်မာပြည်စာဖတ်ပရိသတ် ပြည်သူလူထုသည် လွတ်လပ်သည့် မီဒီယာဖြစ် ပေါ် လာမှုကို လိုလားပြီး ၊ သတင်းဂျာနယ်များတွင် ဘက်ညီမျှပြီး မှန်ကန်သည့် သတင်းတင်ပြမှုများ ၊ စိစစ်ရေးဖြတ်တောက်မှု နည်းပါးသည့် သတင်းဂျာနယ်များကို ဖတ်ရှုလိုမှု ဆန္ဒပိုရှိကြောင်း စာရေးဆရာကြီးတဦးက သုံးသပ်ပြောဆိုလိုက်သည်။

The Voice ဂျာနယ်၏ အင်တာနက်စာမျက်နှာတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သည့်နေ့က သတင်းဓာတ်ပုံ များ ဖော်ပြခဲ့သော်လည်း ယနေ့ ဖြုတ်ချလိုက်သည်။

စာပေစိစစ်ရေးက ပိတ်ပင်မှုများပြုသော်လည်း သတင်းဂျာနယ်များသည် Facebook နှင့် ၎င်းတို့ပိုင် ဝက်ဘ်ဆိုက် များကို အသုံးပြုကာ ဒေါ်အောင်ဆန်းစုကြည် သတင်းနှင့် ဓာတ်ပုံများကို အချိန်နှင့် တပြေးညီ တင်ပြခဲ့သည့်အတွက် ပြည်တွင်းပြည်ပ မြန်မာများအကြားတွင် အဆိုပါ ပြည်တွင်းသတင်း ဝက်ဘ်ဆိုက်များ ရေပန်း စားလာကြောင်း သိရှိရသည်။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) မှ ထုတ်ပြန်သည့် မှတ်တမ်းများအရ မြန်မာနိုင်ငံ၏ သတင်း လွတ်လပ်ခွင့် အဆင့်သည် ၁၇၈ နိုင်ငံအနက် ၁၇၄ နေရာတွင်ရှိပြီး သတင်းလွတ်လပ်ခွင့် မရှိဆုံး ၅ နိုင်ငံတွင် တနိုင်ငံအဖြစ် ပါဝင်သည်။

ရင်းမြစ်။ ဧရာဝတီ