Monday, September 20, 2010

ဒေါ်အောင်ဆန်းစုကြည် မဲပေးခွင့် မရ

စစ်အစိုးရက ယနေ့ထုတ်ပြန်လိုက်သော မဲဆန္ဒ ပေးပိုင်ခွင့်ရှိသူများ စာရင်းတွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခြင်းမရှိကြောင်း သိရှိရသည်။

နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခြင်းမရှိနိုင်ရန် ဥပဒေ အမျိုးမျိုးကို ထုတ်ပြန်ခဲ့ကြောင်း၊ ယနေ့ ထုတ်ပြန်လိုက်သော မဲဆန္ဒပေးပိုင်ခွင့်ရှိသူများ စာရင်းအရ နိုဗဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ဝင်ရောက်ယှဉ်ပြိုင်ခွင့်သာမကဘဲ မဲပေးခွင့်ပါ ရရှိတော့မည် မဟုတ်ကြောင်း အေပီ သတင်း တွင် ဖော်ပြထားသည်။ 

ယခုနှစ် ရွေးကောက်ပွဲသည် ၁၉၉၀ တွင်ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲအပြီး နှစ်ပေါင်း ၂၀ အတွင်း ကျင်းပမည့် ပထမဆုံး ရွေးကောက်ပွဲဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) က ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင် ရခဲ့ သော်လည်း စစ်အစိုးရက အသိအမှတ်မပြုခဲ့သည့်အပြင် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ပြီးခဲ့သည့် ၂၁ နှစ်တာ ကာလ အတွင်း ၁၅ နှစ်ခန့် နေအိမ်အကျယ်ချုပ် ချထားခဲ့သည်။

ယခုနှစ် မတ်လတွင် အစိုးရက ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲဥပဒေများ၌ ပြစ်ဒဏ် ကျခံနေရသူများသည် ရွေးကောက်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိကြောင်း၊ မဲပေးပိုင်ခွင့် မရှိကြောင်း ပြဌာန်းထားသည်။

လာမည့် ရွေးကောက်ပွဲသည် ၁၉၆၂ ခုနှစ်မှ စတင်ခဲ့သည့် စစ်အာဏာရှင် စနစ်ကို ဆက်လက် အသက်သွင်းမည့် ရွေးကောက်ပွဲသာဖြစ်သည်ဟု လေ့လာသူများက ပြောဆိုကြောင်းလည်း အေပီ သတင်းတွင် ပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ရန် ၃ လ အလို ၂၀၀၉ ခုနှစ် သြဂုတ် ၁၁ ရက်နေ့တွင် အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော နေအိမ်အတွင်းသို့ ဝင်ရောက်မှုဖြင့် နေအိမ်အကျယ်ချုပ် ဥပဒေကို ချိုးဖောက် သည်ဟုဆိုကာ ထောင်ဒဏ် ၃ နှစ် ထပ်မံ ချမှတ်ခံခဲ့ရသည်။ ထို့နောက် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမိန့် ဖြင့် နေအိမ်အကျယ်ချုပ် ၁၈ လ သို့ လျှော့ချခဲ့သည်။

စစ်အစိုးရက ၁၉၈၈ တွင် အာဏာရယူပြီးနောက် ၁၉၇၄ အခြေခံဥပဒေကို ၂၀၀၈ အခြေခံ ဥပဒေဖြင့် အစားထိုးခဲ့သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုရာတွင်မူ အခြေခံဥပဒေဟောင်းကို အသုံးပြုထားသဖြင့် တရားမဝင်ဟု အမေရိ ကန် နိုင်ငံ ဝါရှင်တန်မြို့ အခြေစိုက် Freedom Now ဥပဒေ ရေးရာအဖွဲ့က ယခုလ ၁၅ ရက်နေ့တွင် ပြောဆိုထားသည်။

မြန်မာ အစိုးရ၏ တည်ဆဲ ဥပဒေများအရ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် ရမည် ဖြစ်ကြောင်းလည်း Freedom Now က ကြေညာချက် ထုတ်ပြန်ထားသည်။

ရင်းမြစ်။ ။ဧရာဝတီ

ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများ၏ မဲစာရင်းကို စက်တင်ဘာလ ၂၀ ရက်နေ့ တွင် ကြေညာမည်


ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ မဲစာရင်းကို စက်တင်ဘာလ ၂၀ ရက် နေ့တွင် ကြေညာမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
    သက်ဆိုင်ရာကော်မရှင် အဖွဲ့ခွဲသည် မဲဆန္ဒနယ်အလိုက် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ၏ အမည်စာရင်း ကို ရွေးကောက်ပွဲမတိုင်မီ သတ်မှတ်ထားသည့်အတိုင်း ကြိုတင်ကြေညာ ရမည်ဖြစ်ကြောင်း သိရသည်။

    "ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတစ်ဦး ဟာ သက်ဆိုင်ရာမဲစာရင်းမှာ မိမိရဲ့အမည် ပါဝင်ခြင်းမရှိခဲ့လို့ရှိရင် သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲ့သို့ မိမိရဲ့အမည်ကို ထည့်သွင်းပေးဖို့ သတ်မှတ်ထားတဲ့အတိုင်း တောင်းဆိုလွှာကို တင်သွင်းနိုင်ပါတယ်။ သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲက အမည်စာရင်း ထည့်သွင်းပေးခြင်း မရှိခဲ့လို့ရှိရင် သတ်မှတ်ထားတဲ့အတိုင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ အယူခံခွင့် ရှိပါတယ်"ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူတစ်ဦးက ပြောကြားခဲ့သည်။

    လွှတ်တော် ကိုယ်စားလှယ်များ ကို ရွေးကောက်တင်မြှောက်ရန် မဲဆန္ဒနယ် အသီးသီးအတွက် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ၏ မဲစာရင်းများ ကို သတ်မှတ်ထားသည့်အတိုင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲများနှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုကော်မရှင် အဖွဲ့ခွဲတို့က ပြုစုရမည်ဖြစ်သည်။

    ၂၀၁၀ ပြည့်နှစ် မတ်လ ၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်သော ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေး ကောက်ပွဲဥပဒေတို့တွင် ပါရှိသည့် အခန်း(၄) ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ တွင် 'အောက်ပါအရည်အချင်းများ နှင့် ပြည့်စုံသူများသည် အမျိုးသား၊ အမျိုးသမီးမရွေး၊ ဘာသာမရွေး ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသည် -

    (က) ရွေးကောက်ပွဲ စတင် ကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ်ပြည့်ပြီး ဤဥပဒေပါ ပြဋ္ဌာန်း ချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြု ခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်ထားသူ၊

    (ခ) 'သက်ဆိုင်ရာ မဲဆန္ဒနယ် ၏မဲစာရင်းတွင် ပါဝင်သူ' ဟု ဖော် ပြထားသည်။

    ပြည်ထောင်စု တစ်ဝန်းလုံးတွင် ၂၀၀၈ ခုနှစ် မေလက လူဦးရေ ၅၇ သန်းကျော်ရှိကြောင်းနှင့် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ ဦးရေ ၂၇ သန်း ကျော်ရှိ ကြောင်း တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။

    ထို့ပြင် အကြောင်းကြောင်းကြောင့် ပြည်ပသို့ရောက်ရှိနေသူ မြန်မာနိုင်ငံသားများမှာ သန်းကျော် ရှိကြောင်းလည်း သိရသည်။

ရင်းမြစ်။ ။ www.first-11.com