Wednesday, May 5, 2010

“ဒေါင်း”ယောင်ဆောင်ချင်သော “ကျီး”များက“တပ်မတော်အစိုးရ”ဟု ရေးသား ဖော်ပြခွင့်မပြု

မီဒီယာများတွင် လက်ရှိ အစိုးရကို "တပ်မတော် အစိုးရ" ဟု ခေါ်ဝေါ် သုံးစွဲခြင်း မပြုကြရန် ကာကွယ်ရေးဦးချုပ် (ကြည်း) ၏ ညွှန်ကြားချက် မကြာသေးမီက ထွက်ပေါ်လာကြောင်း သိရသည်။

ပြီးခဲ့သည့်လ ၂၆ ရက်နေ့က ကာကွယ်ဝန်ကြီးဌာန၏ မီဒီယာများ၊ ပြန်ကြားရေးဝန်ကြီးဌာန၏  သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြား ဌာနများသို့ ညွှန်ကြားခဲ့ခြင်း ဖြစ်သည်ဟု  နေပြည်တော်မှ အဆင့်မြင့် အရာရှိ တဦးက ဆိုသည်။

Myanmar's-Prime-Minister-Thein-Sein
စစ်ဘက်တာဝန်မှ မကြာသေးမီက အနားယူလိုက်သည့် ၀န်ကြီးချုပ် ဦးသိန်းစိန် (ဓာတ်ပုံ - Reuters)
“၀န်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်နေတဲ့  အစိုးရ အဖွဲ့ကို အဓိက ထားပြီး ဒီအမိန့် ထုတ်ပေးတာ။  စစ်ဘက်က လူတွေ တော်တော် များများ ပါတီဖွဲ့ပြီး အရွေးခံဖို့ စစ်ရာထူးတွေကနေ  အနားယူထားပြီး စစ်အစိုးရလို့ ဆက်သုံးနေရင် မကိုက်ညီတော့ဘူးလေ။  ပြည်ထောင်စု မြန်မာ နိုင်ငံတော် အစိုးရလို့ပဲ သုံးရမယ်” ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ ထို အရာရှိက ပြောသည်။

မကြာသေးမီက ဦးသိန်းစိန် အပါအ၀င် ၀န်ကြီး အများအပြား မြန်မာ့တပ်မတော်၏ စစ်ဘက်တာဝန်များမှ အနားယူအပြီးတွင် ထိုညွှန်ကြားချက် ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု သူက ရှင်းပြသည်။

ပြန်ကြားရေးဌာနမှ အရာရှိကြီးတဦးကလည်း “သတင်းတွေ၊ ဆောင်းပါးတွေမှာ ဒီစကားလုံး မသုံးဖို့ ညွှန်ကြားချက် ရထားတယ်” ဟု ပြောသည်။

၁၉၈၈ ခုနှစ် အာဏာသိမ်းချိန်မှ စတင်ပြီး မြန်မာစစ်အစိုးရ၏ မီဒီယာများတွင် တပ်မတော်အစိုးရ ဟူသော စကားရပ်ကို မကြာခဏ သုံးစွဲခဲ့သည်။

ဧပြီ ၂၆ ရက်နေ့ နောက်ပိုင်း အစိုးရအဖွဲ့တွင် တပ်မတော်သားများ ပါဝင်ခြင်း မရှိတော့သဖြင့် စစ်အစိုးရသည် အရပ်သား အစိုးရအသွင် ဖြစ်သွားသည်ဟု အငြိမ်းစား စစ်အရာရှိကြီးတဦးက ထောက်ပြသည်။

“ဒီစကားလုံးကို သုံးရင် သူတို့ ထုတ်ပြန်ချက်တွေနဲ့ မညီတော့ မသုံးခိုင်းတော့တာ ဖြစ်နိုင်တယ် ” ဟု  သူက ဆိုသည်။

လက်ရှိ အစိုးရကို ၀န်ကြီးဌာန ၃၈ ခု ဖြင့် ဖွဲ့စည်းထားသည်။ အစိုးရအဖွဲ့တွင် ၀န်ကြီး ၃၉ ဦး၊ ဒုတိယ ၀န်ကြီး ၃၉ ဦး ပါဝင်ကြောင်း သိရသည်။

စစ်ဘက် မှ အနားယူခဲ့သည့် ၀န်ကြီးနှင့် ဒုတိယ၀န်ကြီး စုစုပေါင်း ၄၀ ကျော် ရှိကြောင်း သိရသည်။ ထိုပုဂ္ဂိုလ် အများစုသည် လာမည့် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ဖွယ်ရှိသည်ဟု အကဲခတ်များက ယူဆနေကြသည်။

စစ်ဘက် တာဝန်မှ အနားယူလိုက်သူများစာရင်း

ဝန်ကြီးများ

ဗိုလ်ချုပ်ဌေးဦး - လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း
ဒုတိယ ဗိုလ်ချုပ်ကြီး စိုးသိန်း  - စက်မှု (၂)
ဗိုလ်ချုပ် သိန်းဆွေ - ပို့ဆောင်ရေး

ဗိုလ်မှူးချုပ် လွန်းသီ - စွမ်းအင်
ဗိုလ်ချုပ် အောင်မင်း - ရထားပို့ဆောင်ရေး
ဗိုလ်မှူးချုပ် တင်နိုင်သိန်း - စီးပွား/ကူးသန်း

ဗိုလ်ချုပ် စိုးနိုင် - ဟိုတယ်/ခရီး
ဗိုလ်ချုပ် လှထွန်း - ဘဏ္ဍာ/အခွန်
ဗိုလ်မှူးချုပ် သိန်းဇော် - ဆက်သွယ်ရေး

ဗိုလ်မှူးချုပ် သူရမြင့်မောင် - သာသနာရေး 
ဗိုလ်ချုပ် ခင်အောင်မြင့် - ယဉ်ကျေးမှု
ဗိုလ်ချုပ် တင်ထွတ် - သမ၀ါယမ 

ဗိုလ်မှူးကြီး သိန်းညွန့် - နယ်စပ်စည်ပင်
ဗိုလ်မှူးကြီး ဇော်မင်း - လျှပ်စစ် (၁) 
ဗိုလ်ချုပ် ခင်မောင်မြင့်-  ဆောက်လုပ်ရေး၊ လျှပ်စစ် (၂) 

ဗိုလ်မှူးချုပ် သူရအေးမြင့် - အားကစား 
ဗိုလ်မှူးချုပ် ကျော်ဆန်း - ပြန်ကြားရေး
ဗိုလ်မှူးချုပ် သိန်းအောင် - သစ်တော

ဗိုလ်ချုပ် မောင်ဦး - ပြည်ထဲရေး၊ လူဝင်မှုကြီးကြပ်ရေး
ဗိုလ်မှူးချုပ် အုန်းမြင့် - သတ္တုတွင်း 
ဗိုလ်ချုပ် မောင်မောင်ဆွေ - လူမှုဝန်ထမ်း 

ဗိုလ်မှူးချုပ် မောင်မောင်သိန်း - မွေး/ရေ
ဗိုလ်ချုပ် လွန်းမောင် - စာရင်းစစ်ချုပ်
ဗိုလ်မှူးချုပ် အောင်သိန်းလင်း - ရန်ကုန်မြို့တော်ဝန်

ဗိုလ်မှူးချုပ် ဖုန်းဇော်ဟန် - မန္တလေး မြို့တော်ဝန်

ဒု-၀န်ကြီးများ

ဒုတိယဗိုလ်မှူးကြီး ခင်မောင်ကျော် - စက်မှု(၂) 
ဗိုလ်ချုပ် ကျော်စွာခိုင် - စက်မှု (၂) 
ဗိုလ်မှူးကြီး သူရိန်ဇော် - အမျိုးသားစီမံကိန်း

ဗိုလ်မှူးကြီး ဉာဏ်ထွန်းအောင် - ပို့ဆောင်ရေး 
ဗိုလ်မှူးချုပ် တင်ထွန်းအောင် - အလုပ်သမား 
ဗိုလ်မှူးချုပ် အောင်မျိုးမင်း - ပညာရေး 

ဗိုလ်မှူးချုပ် သန်းဌေး - စွမ်းအင် 
ဗိုလ်မှူးချုပ် အောင်ထွန်း - စီးပွား/ကူးသန်း 
ဗိုလ်မှူးချုပ် အေးမြင့်ကြူ - ဟိုတယ်/ခရီး

ဗိုလ်မှူကြီး လှသိန်းဆွေ - ဘဏ္ဍာ/အခွန် 
ဗိုလ်ချုပ် သိန်းထွန်း - ဆက်သွယ်ရေး
ဗိုလ်မှူးချုပ် သူရအောင်ကို - သာသနာရေး 

ဗိုလ်မှူးချုပ် မြင့်သိန်း - ဆောက်လုပ်ရေး 
ဗိုလ်မှူးချုပ် ၀င်းစိန်  - လူဝင်မှုကြီးကြပ်ရေး
ဗိုလ်မှူးကြီး တင်ငွေ - နယ်စပ်စည်ပင်  

ဗိုလ်မှူးချုပ် ၀င်းမြင့် - လျှပ်စစ် (၂ )
ဗိုလ်မှူးချုပ် ဘုန်းဆွေ - ပြည်ထဲရေး  
ဗိုလ်မှူးချုပ် ကျော်မြင့် - လူမှုဝန်ထမ်း  

ဗိုလ်မှူးကြီး မောင်ပါ - ရန်ကုန် ဒုတိယ မြို့တော်ဝန်

ရင်းမြစ်။ ။ဧရာဝတီ

အံကြိတ် လက်သီးဆုပ် မျက်လုံးချင်း စေ့စေ့ဆိုင်ကြည့် မျက်တောင်မခတ်တမ်း

(၁)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၀၉ ခု ဧပြီ (၂၉) ရက်မှာ ရွှေဂုံတိုင်ကြေညာချက်ကို ထုတ်ပြန်ပြီး ရွေးကောက်ပွဲဝင်နိုင်ဖို့ အနိမ့်ဆုံး လိုအပ်ချက်တွေကို ပြတ်ပြတ်သားသား သတ်မှတ်ခဲ့ပါတယ်။ ဒီထဲမှာ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့၊ နာဂစ်အခြေခံဥပဒေကို ပြန်သုံးသပ်ဖို့၊ နိုင်ငံရေးပါတီအားလုံး လွတ်လပ်စွာ ဖွဲ့စည်းလှုပ်ရှားခွင့်ရှိဖို့၊ ၉၀ ရွေးကောက်ပွဲ ရလဒ်တွေကို တနည်းနည်းနဲ့ အသိအမှတ်ပြုဖို့၊ တွေ့ဆုံဆွေးနွေးကြဖို့ဆိုတဲ့ ရပ်တည်ချက်တွေကို ကြေညာထားပြီး ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း ခုနပြောတဲ့ အချက်တွေအပြင် နိုင်ငံတကာကြီးကြပ်မှုအောက်မှာ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးရင် ဝင်ဖို့ စဉ်းစားမယ်လို့ ရှင်းရှင်းလင်းလင်း သတ်မှတ်ခဲ့ပါတယ်။

နအဖစစ်အစိုးရဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောထားတွေကို ဂရုမစိုက်ဘဲ မတ်လ (၈) ရက်နေ့စွဲနဲ့ ရွေးကောက်ပွဲဥပဒေ၊ နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေတွေ ထုတ်ခဲ့ပါတယ်။ ဒီဥပဒေတွေထဲမှာ ၉၀ ရွေးကောက်ပွဲရလဒ် ပျက်ပြယ်ပြီလို့ ဇွတ်အတင်း ထည့်ထားသလို ရက် (၆၀) အတွင်း မှတ်ပုံပြန်မတင်ရင် အဖွဲ့ချုပ်ဟာ ပါတီအဖြစ်က ပျက်ပြယ်မယ်လို့လည်း ထည့်သွင်းခြိမ်းခြောက်ထားပါတယ်။

အဖွဲ့ချုပ်ဟာ မတ်လ (၂၉) ရက်မှာ ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးထိုင်ပြီး မှတ်ပုံမတင်ဖို့နဲ့ ရွေးကောက်ပွဲမဝင်ဖို့ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ ဒုတိယ မဲအများဆုံးရခဲ့တဲ့ လက်ရှိ တရားဝင် ရပ်တည်ခွင့်ရ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ၂၀၁၀ ရွေးကောက်ပွဲအတွက် မှတ်ပုံမတင်ဘူးလို့ မေ (၃) ရက်မှာ ဆုံးဖြတ်ကြေညာခဲ့ပါတယ်။

မှတ်ပုံပြန်တင်ဖို့ နအဖရဲ့သတ်မှတ်ရက်က မေ (၆) ရက်မှာ ပြည့်မှာဖြစ်ပါတယ်။

(၂)
၂၀၀၉ ခု မတ်လမှာ နအဖဟာ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို နယ်ခြားစောင့်တပ် သို့မဟုတ် အိမ်စောင့်တပ်အဖြစ် အသွင်ပြောင်းပြီး နအဖ ဦးဆောင်မှုကို အကြွင်းမဲ့ ခံယူဖို့နဲ့ မိမိတို့နယ်မြေ မိမိတို့ တိုင်းရင်းသားပြည်သူတွေကို နအဖလက်အောက် ထိုးအပ်၊ မိမိတို့ တိုင်းရင်းသားအဖွဲ့အစည်းတွေကို ဖျက်သိမ်းဖို့ အမိန့်ပေးလာပါတယ်။

ဒီလိုအသွင်ပြောင်းဖို့အတွက် ၂၀၀၉ မေလကုန်မှာ စာရင်းပေးပြီး စက်တင်ဘာလကုန်မှာ အပြီးပြောင်းလဲဖို့ နအဖက ရက်သတ်မှတ်ခဲ့ပါတယ်။ တပ်တွေကို အသွင်ပြောင်း၊ ခေါင်းဆောင်တွေက ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်၊ ဒီလိုမလုပ်ရင် မတရားသင်း ကြေညာပြီး တိုက်မယ်လို့ နအဖက ဖိအားပေး ခြိမ်းခြောက်တာတွေ လုပ်ခဲ့ပါတယ်။

ဒီမိုကရေစီသစ်တပ်မတော် (ကချင်ပြည်နယ်)၊ ကချင်ကာကွယ်ရေးတပ်၊ ပအိုဝ်းအမျိုးသားအဖွဲ့၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး၊ တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်တို့က အသာတကြည် ခေါင်းညိတ်ခဲ့ပါတယ်။ ခေါင်းညိတ်ပေမယ့် ဒီမိုကရေစီသစ်တပ်မတော် (ကချင်ပြည်နယ်) က ၂၀၁၀ လွှတ်တော်မှာ နအဖစစ်တပ်အတွက်ထားတဲ့ (၂၅) ရာခိုင်နှုန်းထဲမှာ အပစ်ရပ်တပ်တွေကိုပါ ထည့်သွင်းဖို့ မရဲတရဲ တောင်းဆို သွေးတိုးစမ်းခဲ့ပါသေးတယ်။

ဒါပေမယ့် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ၊ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့၊ ရှမ်းအရှေ့ နိုင်ငံရေးနှင့် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ (ဝါ) အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (မိုင်းလားအထူးဒေသ-၄)၊ မွန်ပြည်သစ်ပါတီ၊ ရှမ်းပြည်တပ်မတော်၊ ကယန်းပြည်သစ်ပါတီ၊ မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီမဟာမိတ်အဖွဲ့ (ကိုးကန့်) တို့က နယ်ခြားစောင့်တပ်လုပ်ရေးကို ပယ်ချခဲ့ကြပါတယ်။ အဲဒီအခါ ၂၀၀၉ သြဂုတ်လမှာ နအဖဟာ မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီမဟာမိတ်အဖွဲ့ကို စမ်းသပ်တိုက်ကွက်ဖော် ချေမှုန်းပစ်ခဲ့ပါတယ်။

ဝပြည်သွေးစည်းညီညွတ်ရေးပါတီက နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးနဲ့ ပတ်သက်ပြီး တောင်းဆိုချက် (၉) ချက်ကို ၂၀၀၉ နိုဝင်ဘာ (၁၀) ရက်မှာ နအဖဆီ ပေးပို့ခဲ့ပေမယ့် နအဖက လုံးဝပယ်ချခဲ့ပါတယ်။ အထူးဒေသ-၄ မိုင်းလား ငြိမ်းချမ်းရေးအဖွဲ့က ဖေဖော်ဝါရီ (၂၈) ရက်မှာ အဆိုပြုချက် (၆) ချက်တင်ခဲ့တာကိုလည်း နအဖက ပယ်ချခဲ့ပါတယ်။

၂၀၁၀ မတ်လမှာ နအဖက အပစ်ရပ်အဖွဲ့တွေ နယ်ခြားစောင့်တပ်အဖြစ် ဧပြီလကုန် (၂၂) ရက် သို့မဟုတ် (၂၈) ရက်မှာ အပြီးပြောင်းဖို့ (၅) ကြိမ်မြောက် ရက်ချိန်းထပ်ပေးခဲ့ပြန်ပါတယ်။ ဒီရက်ချိန်းမရောက်ခင်မှာ ရှမ်းပြည်တပ်မတော်နဲ့ ကယန်းပြည်သစ်ပါတီတို့က အိမ်စောင့်တပ်အတွက် လူစာရင်းကို နအဖဆီ ပေးလိုက်ပါတယ်။ ဒါပေမယ့် ရှမ်းပြည်တပ်မတော် တပ်မဟာ (၁) ကတော့ ရှမ်းပြည်တပ်မတော် လူစာရင်းပေးတဲ့အထဲ မပါဝင်ဘဲ နေပါတယ်။

ဧပြီ (၃) ရက်မှာ ဝ က ထိုင်းနယ်စပ်က (၁၇၁) စစ်ဒေသကို ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသထဲထည့်ဖို့ တောင်းဆိုချက်ကို (တရုတ်နိုင်ငံ အကြံပေးတဲ့အတိုင်း) စွန့်လွှတ်တာ၊ တပ်ရင်းအဆင့်မှာ နအဖစစ်သား (၆) ယောက်ထည့်တာ အပါအဝင် အဆိုပြုချက်သစ် (၈) ချက်တင်တာကို နအဖက (၉) ရက်နေ့မှာ ပယ်ချခဲ့ပါတယ်။ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့က ဧပြီ (၁၈) ရက်မှာ၊ မွန်ပြည်သစ်ပါတီက ဧပြီ (၂၂) မှာ နယ်ခြားစောင့်တပ် သို့မဟုတ် အိမ်စောင့်တပ် အသွင်ပြောင်းရေးကို အပြီးအပြတ် ငြင်းပယ်ခဲ့ပါတယ်။ ကေအန်ယူက ခွဲထွက်ပြီး နအဖနဲ့ စေ့စပ်သွားခဲ့တဲ့ တပ်မဟာ (၇) မှူးဟောင်း ဗိုလ်ဌေးမောင်ရဲ့ ကေအန်ယူငြိမ်းချမ်းရေးကောင်စီကလည်း ဧပြီ (၂၁) ရက်မှာ နယ်ခြားစောင့်တပ် မလုပ်နိုင်ကြောင်း ပြတ်ပြတ်သားသား အကြောင်းပြန်လိုက်ပါတယ်။ တိုးတက်သော ကရင်ဗုဒ္ဓဘာသာအဖွဲ့ထဲမှာလည်း နယ်ခြားစောင့်တပ်လုပ်ဖို့ ငြင်းဆန်သူတွေ ပေါ်လာနေပါတယ်။

နအဖတပ်ထဲမှာလည်း နယ်ခြားစောင့်တပ်ထဲသွား တာဝန်မယူချင်တာတွေ ဖြစ်နေသလို တိုင်းအဆင့် ဗျူဟာအဆင့်က သန်းရွှေ-မောင်အေး ကျေနပ်အောင် နယ်ခြားစောင့်တပ်လုပ်မယ့် လူအင်အားစာရင်းတွေ လိမ်တင်တာလည်း ဖြစ်နေပါတယ်။ နယ်ခြားစောင့်တပ်ကို သွားခိုင်းဖို့ကလည်း ကလေးစစ်သားတွေ အများစု ဖြစ်နေပါတယ်။

နအဖက သာစည်၊ တောင်ကြီး၊ သီပေါ၊ လားရှိုး၊ ဗန်းမော်၊ မြစ်ကြီးနား၊ မော်လမြိုင်တို့ကို ဖြတ်ပြီး စစ်ကားတွေ၊ တင့်ကားတွေ၊ အမြောက်တွေ သယ်ယူပို့ဆောင်ပြခဲ့ပါတယ်။ အမ်အိုင်ဂျီ (၂၉) လေယာဉ်တွေ ဓာတ်ဆီအကုန်ခံ ပျံပြတာလည်း လုပ်ခဲ့ပါတယ်။ တပ်မဘယ်နှခု၊ တပ်ရင်းဘယ်နှရင်း ဘယ်နယ်စပ်ဒေသတွေကို ပို့ထားပြီဆိုတဲ့ သတင်းတွေလည်း လွှင့်ခဲ့ပါတယ်။ ဒါပေမယ့် ဧပြီ (၂၂) ရက်၊ (၂၈) ရက်တွေ ကျော်သွားခဲ့ပါပြီ။ အပစ်ရပ်အဖွဲ့တွေက ကြံ့ကြံ့ခိုင် ရင်ဆိုင်ဆဲဖြစ်ပါတယ်။

(၃)
၁၉၆၂ ခု အောက်တိုဘာ (၁၄) ရက်မှာ အမေရိကန်သူလျှိုလေယာဉ်က အမေရိကန်နိုင်ငံနဲ့ မိုင် (၉၀) ဝေးတဲ့ ကျူးဘားနိုင်ငံမှာ ရုရှဒုံးပျံစခန်းတွေ ဆောက်နေတာကို ထောက်လှမ်းတွေ့ရှိခဲ့ပါတယ်။ ဒီဒုံးပျံတွေဟာ မိုင် (၂,၄၀၀) အဝေးကို ပစ်နိုင်ပြီး အဏုမြူထိပ်ဖူးတွေ တပ်ထားပါတယ်။

အောက်တိုဘာ (၁၆) ရက်မှာ သမ္မတကနေဒီ တက်ရောက်တဲ့ အမျိုးသားလုံခြုံရေးကောင်စီအစည်းအဝေးက နည်းလမ်း (၅) ခု စဉ်းစားခဲ့ပါတယ်။ ဒီအတိုင်း လွှတ်ထားဖို့၊ သံတမန်ဖိအား သုံးပြီး ဒုံးပျံတွေ ရုပ်သိမ်းစေဖို့၊ ဒုံးပျံစခန်းတွေကို လေကြောင်းက တိုက်ခိုက်ဖို့၊ ကျူးဘားနိုင်ငံကို တင်းပြည့်ကျပ်ပြည့် စစ်အင်အားသုံး ကျူးကျော်သိမ်းပိုက်ဖို့၊ ကျူးဘားနိုင်ငံကို ရေတပ်အင်အားသုံး ပိတ်ဆို့ထားဖို့ ဆိုတဲ့ နည်းလမ်းတွေဖြစ်ပါတယ်။ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ကတော့ တင်းပြည့်ကျပ်ပြည့် ကျူးကျော်တိုက်ခိုက်ဖို့ နည်းလမ်းကို ရွေးချယ်အဆိုပြုခဲ့တယ်။

နောက်ပိုင်းမှာ ဗီယက်နမ်စစ် လက်သည်လို့ နာမည်ကြီးခဲ့တဲ့ ကာကွယ်ရေးဝန်ကြီး မက္ကနာမားရားကတော့ ဒီဒုံးပျံ အစင်း (၄၀) လောက်ဟာ ဘာမှမပြောပလောက်ဘူး၊ အရေးလုပ်စရာ မဟုတ်ဘူးလို့ သဘောထားပေးခဲ့ပါတယ်။ (အဲဒီတုန်းက အမေရိကန်မှာ ဒုံးပျံ အစင်း (၅,၀၀၀) လောက်ရှိနေပြီး ရုရှမှာတော့ (၃၀၀) ကျော်ပဲရှိလို့တဲ့။) စစ်ရေးအရ အရေးမထားလောက်ပေမယ့် နိုင်ငံရေးအရတော့ အမေရိကန် အကြီးအကျယ် သိက္ခာကျစရာ ဖြစ်မယ်လို့တော့ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီက တညီတညွတ်တည်း သဘောတူကြပါတယ်။ ဒါနဲ့ နည်းလမ်း (၅) ခုမှာ ရေတပ်နဲ့ ပိတ်ဆို့ရေးကို ဆုံးဖြတ်လိုက်ပါတယ်။

အောက်တိုဘာ (၂၂) ရက်မှာ ကျူးဘားမှာ ဒုံးပျံတွေ ရောက်နေတဲ့ကိစ္စကို အမေရိကန်က တကမ္ဘာလုံးကို အသိပေးလိုက်ပြီး ရေတပ်နဲ့ ပိတ်ဆို့မယ်လို့ ကြေညာလိုက်ပါတယ်။

အောက်တိုဘာ (၂၄) ရက်မှာ အမေရိကန်ရေတပ်က ကျူးဘားနိုင်ငံကို မိုင် (၈၀၀) အကွာကနေ စတင်ပိတ်ဆို့လိုက်ပါတယ်။ တကမ္ဘာလုံးမှာရှိတဲ့ အမေရိကန်တပ်တွေကိုလည်း အဆင့် (၂) တပ်လှန့်အခြေအနေ လုပ်ထားလိုက်ပါတယ်။ ဒါဟာ ငြိမ်းချမ်းနေတဲ့ကာလမှာ အမြင့်ဆုံး တပ်လှန့်အခြေအနေဖြစ်ပါတယ်။ တပ်လှန့်ကြေးနန်းစာကိုလည်း ဝှက်စာမသွင်းဘဲ ဗြောင်ပို့ခဲ့တယ်။ ကျူးဘားကို သွားတဲ့ သင်္ဘောအားလုံးကို ရပ်ခိုင်းပြီး တက်ရှာတာ လုပ်တယ်။ မသွားစေချင်တဲ့ သင်္ဘောတွေကို ပြန်လှည့်ခိုင်းတယ်။ မရပ်တဲ့ သင်္ဘောတွေကို ပစ်ခတ်ရပ်တန့်ပစ်ဖို့ အမိန့်အပြတ်ပေးထားတယ်။ စစ်လက်နက်မပါတဲ့ သင်္ဘောတွေကိုတော့ ဖြတ်သွားခွင့်ပေးပါတယ်။

ရုရှကလည်း ပင်လယ်ပြင်မှာ ပင်လယ်ဓားပြအလုပ်မျိုးကို လက်မခံနိုင်ဘူး၊ လိုအပ်သလို အင်အားသုံး တုံ့ပြန်မယ်လို့ အကြောင်းပြန်ခဲ့တယ်။ ဒီအချိန်မှာ အဏုမြူဒုံးပျံတွေ တင်ထားတဲ့ ရုရှသင်္ဘောတွေဟာ ကျူးဘားကို ဦးတည်လာနေပါတယ်။

(၂၅) ရက်မှာတော့ အမေရိကန်က အဏုမြူဗုံးတွေကို ဗုံးကြဲလေယာဉ်တွေပေါ် စ,တင်ခဲ့ပါတယ်။

(၂၆) ရက်မှာ ရုရှဝန်ကြီးချုပ်က ဒုံးပျံတွေ ရုပ်သိမ်းပေးမယ်၊ အမေရိကန်ကလည်း ကျူးဘားကို မကျူးကျော်ဘူးဆိုတာ ကတိပေးရမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ (၂၇) ရက်မှာ တူရကီမှာရှိတဲ့ အမေရိကန်ဒုံးပျံတွေ ရုပ်ပေးဖို့လည်း ရုရှက တောင်းဆိုခဲ့ပါတယ်။ (၂၇) ရက်မှာပဲ ကျူးဘားမှာရှိတဲ့ ရုရှအဏုမြူဒုံးပျံတွေကို ပစ်ခတ်ဖို့ အသင့်အနေအထား လုပ်ခဲ့တယ်။ ကျူးဘားသမ္မတ ကက်စထရိုကလည်း အမေရိကန်လေယာဉ်တွေကို တွေ့သမျှ ပစ်ချဖို့ အမိန့်ပေးခဲ့တယ်။ ရုရှကနေ အမေရိကန်ကို စတိုက်ဖို့လည်း ရုရှဝန်ကြီးချုပ်ကို တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။ အမေရိကန် သူလျှိုလေယာဉ်တစီးကိုလည်း ကျူးဘားက ပစ်ချခဲ့ပါတယ်။ တခြားစစ်လေယာဉ်တွေကိုလည်း ပစ်ပေမယ့် ထိခိုက်မှု မရှိခဲ့ပါဘူး။ အဏုမြူတော်ပီဒိုတွေ တပ်ဆင်ထားတဲ့ ရုရှရေငုပ်သင်္ဘောတွေကို တားဆီးဖို့ ရေမြှုပ်ဗုံးတွေကိုလည်း အမေရိကန်ရေတပ်က ချခဲ့ပါတယ်။

အောက်တိုဘာ (၂၈) ရက်မှာတော့ ရုရှစစ်သင်္ဘောတွေဟာ နောက်ပြန်လှည့်သွားပါတော့တယ်။ အဲဒီနေ့မှာပဲ ရုရှတွေက ဒုံးပျံတွေ ရုပ်သိမ်းပေးမယ်၊ အမေရိကန်က ကျူးဘားကို မကျူးကျော်ဖို့ အာမခံမယ်ဆိုပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်ရှေ့မှာ နှစ်ဘက်သဘောတူ လက်မှတ်ထိုးခဲ့ကြပါတယ်။ ရုရှနိုင်ငံနဲ့ ကပ်နေတဲ့ တူရကီနိုင်ငံမှာရှိတဲ့ အမေရိကန် အဏုမြူဒုံးပျံတွေကိုတော့ နောက် (၆) လအကြာမှာ အမေရိကန်က ရုပ်သိမ်းပေးလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဒင်းရပ်စ်က “ကျုပ်တို့ တယောက်ကိုတယောက် မျက်လုံးချင်း စေ့စေ့ဆိုင်ကြည့်နေခဲ့ကြတာ ဟိုဘက်ကကောင်က မျက်တောင်ခတ်သွားတယ်” We've been eyeball to eyeball and the other fellow just blinked. လို့ သမိုင်းဝင်မှတ်ချက်စကား ပြောခဲ့ပါတော့တယ်။

အမေရိကန်သမ္မတ အိုင်စင်ဟောင်ဝါကို “ခင်ဗျားမြေးတွေ လက်ထက်ကျရင် အမေရိကန်နိုင်ငံဟာ ကွန်မြူနစ်စနစ်အောက် ရောက်နေလိမ့်မယ်” လို့ ခြိမ်းခြောက်ခဲ့ဖူးတဲ့ ရုရှဝန်ကြီးချုပ်ဟာ ၁၉၆၂ ခု ကျူးဘားအရေးအခင်းမှာ နိုင်ငံရေးအရ သိက္ခာကျ ရှုံးနိမ့်သွားခဲ့တာဟာ နောက်နှစ်ပေါင်း (၃၀) အကြာမှာ ဆိုဗီယက်ရုရှနိုင်ငံ ပြိုကွဲတဲ့အထိ ဦးတည်သွားခဲ့ပါတော့တယ်။ ဒါပေမယ့် ဒီကြားထဲမှာ ၁၉၆၈ ခု ချက်ကိုစလိုဗေးကီးယားကို ကျူးကျော်တာ၊ ၁၉၇၉ ခု အာဖဂန်နစ္စတန်ကို ကျူးကျော်တာတွေတော့ ထလုပ်ခဲ့ပါသေးတယ်။ နောက်ဆုံးတော့ ကွဲသွားတာပါပဲ။

(၄)
နအဖနဲ့ အန်အယ်လ်ဒီ၊ နအဖနဲ့ အပစ်ရပ်အဖွဲ့တွေ တယောက်ကိုတယောက် မျက်လုံးချင်း စေ့စေ့ဆိုင်ကြည့်နေကြပါတယ်။ စိတ်ဓာတ်ချင်းပြိုင်ရာမှာ ဘယ်သူက မျက်တောင် အရင်စ,ခတ်မလဲ။ ။

ဂါမဏိ
ရင်းမြစ်။ ။ခေတ်ပြိုင်
     

ထိုင်းနိုင်ငံသို့ တရားမ၀င် ၀င်ရောက်သော မြန်မာ (၁၀၃) ဦး ဖမ်းမိ

ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ကိုင်ခွင့်လက်မှတ်အသစ် ထုတ်ပေးတော့မည်မဟုတ်ဟု ထိုင်းအစိုးရဘက်မှ ပြောဆိုနေသော်လည်း ထိုင်းနိုင်ငံအတွင်းသို့ မြန်မာနိုင်ငံသားများ တရားမ၀င် ဝင်ရောက်နေဆဲဖြစ်ပြီး ယခုလ (၃) ရက်တွင် မြန်မာပြည်သား (၁၀၃) ဦးအား ထိုင်းဒေသဆိုင်ရာ စစ်တပ်နှင့်နယ်ခြားစောင့်တပ်တို့က ဖမ်းဆီးရမိသည်။

မေ (၃) ရက် ညနေ (၄) နာရီနှင့် (၇) နာရီအချိန်တွင် ဘုရားသုံးဆူနယ်စပ်မှ ထိုင်းနိုင်ငံအတွင်းသို့ တရားမ၀င် ဝင်ရောက်လာသော မြန်မာပြည်သား (၁၀၃) ဦးအား ကန်ချနဘူရီခရိုင်၊ စံခရဘူရီမြို့နယ်အတွင်းရှိ ဘူရားသုံးဆူလမ်းခွဲအနီး ထိုင်းကရင်လူမျိုးများနေထိုင်ရာ စနီဖောင်းကျေးရွာအ၀င်တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခြင်းဖြစ်သည်။ အဖမ်းခံရသူများသည် အသက် (၁၅) နှစ်မှ (၄၅) နှစ်အရွယ် အလုပ်လုပ်ကိုင်နိုင်သော အရွယ်များဖြစ်ကြသည်။

“လူအုပ်တွေ့တယ်ဆိုတဲ့ သတင်းရလို့ အာဏာပိုင်တွေက သွားရောက်ဖမ်းဆီးတာမှာ မေလ (၃) ရက် ညနေ (၄) နာရီမှာ ကျား (၉) ယောက် မ (၁၄) ယောက်၊ ပေါင်း (၂၃) ယောက်နဲ့ ညနေ (၇) နာရီမှာ ကျား (၃၁) မ (၄၉) ယောက်၊ ပေါင်း (၈၀) အားလုံးစုစုပေါင်း (၁၀၃) ယောက်ကို ဖမ်းမိတယ်” ဟု ထိုင်းအာဏာပိုင်သတင်းရပ်ကွက်နှင့် နီးစပ်သူတဦးက အတည်ပြု ပြောကြားသည်။

ယင်းသို့ဖမ်းမိရာတွင် ထိုသူများကို ခေါ်ဆောင်လာသော ပွဲစားကို မသိရဘဲ အဆိုပါပွဲစားသည် လူအုပ်အတွင်း ရောနှောသွားဖွယ် ရှိသည်ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံအတွင်း ပွဲစားနှင့်ဝင်ရောက်လာသူတို့သည် အဖမ်းခံရပါက (၃) ကြိမ်တိုင်တိုင် ပြန်လည်ပို့ဆောင်ပေးမည်ဟု အာမခံချက်ရှိသဖြင့် ပွဲစားအား ငွေထပ်မံပေးရခြင်း မရှိပေ။

အဖမ်းခံရသူများသည် မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်မရော မြို့နယ်တို့မှ ထိုင်းနိုင်ငံအတွင်းသို့ အလုပ်လုပ်ကိုင်ရန် လာရောက်ကြခြင်းဖြစ်ပြီး ထိုသို့လာရောက်ရန်အတွက် တဦးလျှင် မြန်မာငွေ ကျပ် (၅) သိန်းစီ ပွဲစားအား ပေးအပ်ခဲ့ရကြောင်း၊ ၎င်းတို့အား လာရောက်ခေါ်ဆောင်မည့် ကားအလာကို စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း၊ ယမန်နေ့ နံနက်တွင် အဖမ်းခံရသူများအား ဘုရားသုံးဆူနယ်စပ်သို့ ပြန်လည်လွှတ်ပေးလိုက်ကြောင်း အဆိုပါ ထိုင်းအာဏာပိုင်နှင့် နီးစပ်သူက ပြောသည်။

မြန်မာနိုင်ငံအတွင်း စားဝတ်နေရေး ကျပ်တည်းကာ အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် အရွယ်ကောင်းပြီး အလုပ်လုပ်ကိုင်နိုင်သော မြန်မာပြည်သားများသည် ထိုင်း၊ မလေးရှား စသောနိုင်ငံများသို့ အလုပ်လုပ်ကိုင်ရန် နည်းလမ်းပေါင်းစုံဖြင့် နယ်စပ်ဒေသအသီးသီးမှ ၀င်ရောက်လျက်ရှိသည်။

ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ထားသော မြန်မာရွှေ့ ပြောင်း အလုပ်သမား (၁,၀၇၉,၉၉၁) ဦးရှိပြီး၊ တရားဝင်နှင့် တရားမ၀င် စုစုပေါင်း (၂) သန်းခန့်ရှိမည်ဟု အလုပ်သမားအရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများက ခန့်မှန်းသည်။

ထိုင်းအစိုးရအနေဖြင့် ထပ်မံ၍ အလုပ်လုပ်ကိုင်ခွင့် လက်မှတ်အသစ် ထုတ်ပေးတော့မည့် အစီအစဉ်မရှိကြောင်း ဧပြီလအတွင်းက အလုပ်အကိုင် ခန့်ထားရေးဌာန ညွှန်ကြားရေးမှူးက အခိုင်အမာ ပြောဆိုခဲ့ပြီးဖြစ်သည်။

သို့သော် ထိုင်းနိုင်ငံတွင်းသို့ တရားမ၀င် ၀င်ရောက်မှုများ ရှိနေဆဲဖြစ်ပြီး ပြီးခဲ့သည့်လများအတွင်း ထိုင်း-မြန်မာနယ်စပ် တောင်ဘက်စွန်း ကော့သောင်း၊ ရနောင်းဒေသဘက်တွင် တရားမ၀င် ၀င်ရောက်လာသည့် မြန်မာနိုင်ငံသားများအား ဖမ်းဆီးပြန်လည်ပို့ဆောင်မှုများ ရှိခဲ့သည်။

 ရင်းမြစ်။ ။ခေတ်ပြိုင်