ငွေဆောင်ကမ်းခြေအနီးတွင်တွေ့ရသောသစ်ထုတ်လုပ်ရေးမှ ဆင်တစ်ကောင်နှင့် ဦးစီးများ (ဓာတ်ပုံ - ၀င်းမြတ်)
ရှေ့က မီးပုံကို အဆက်မပြတ် မီးထည့်နေချိန်မှာ အမှောင်ထဲက တောတိုးသံနဲ့ အတူ နားရွက်ခတ်သံ ကြားလိုက်ရတာနဲ့ ကိုစိုးတင် (၄၁ နှစ်) က တုံးခေါက်ရင်း ပါးစပ်ကလည်း အော်ဟစ် ခြောက်လှန့်လိုက်တယ်။ ဒါပေမယ့် တဖြည်းဖြည်း ရွေ့လာနေတဲ့ မည်းမည်း အကောင်ကြီးတွေက ရပ် မသွားတာကြောင့် ကိုစိုးတင် ပြေးခဲ့ရတယ်။
`သေနတ်သမားတွေက သစ်ပင်ပေါ်မှာ။ ကိုယ်ကတော့ သူတို့နေခိုင်းတဲ့နေရာမှာနေရတာပဲ။ မင်းတို့ ဒီနေရာနေဆို နေရတာ။ ပြန်လည်း မပြောရဲပါဘူး´ လို့ ၂၀၀၈ ခုနှစ် မိုးနှောင်းချိန်တုန်းက ဆင်ဖြူ ဖမ်းဖို့ လုပ်အား ပေးခဲ့ရပုံကို ကိုစိုးတင်က ပြန်ပြောပြပါတယ်။
၂၀၀၈ ခုနှစ် မိုးရာသီအတွင်းက မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့အနောက်ဘက် ၁၂၄ မိုင်အကွာမှာတည်ရှိတဲ့ ငွေဆောင်ကမ်းခြေအနီး၊ အနောက်ရိုးမတောင်တန်းတွေပေါ်မှာ ဆင်ဖြူတစ်ကောင် တွေ့လိုက်တယ်လို့ သစ်ထုတ်လုပ်ရေးအဖွဲ့က ဆင်ဦးစီးတစ်ယောက်က ပြောတာကြောင့် စစ်တပ်၊ သစ်တောရေးရာ ၀န်ကြီးဌာနက ဆင်ဖမ်း အဖွဲ့နဲ့အတူ အနီးအနား ရွာတွေက ရွာသားတွေကပါ တစ်အိမ် တစ်ယောက် ထွက်ပြီး ဆင်ဖြူဖမ်းဖို့ တောင်တန်းတွေပေါ်မှာ ကင်းစခန်းတွေ ချခဲ့ပါတယ်။
ကိုယ့်ထမင်း ကိုယ်စားပြီး ဆင်ဖြူဖမ်းဖို့ ကိုတင်စိုး လုပ်အား သွားပေးနေတဲ့ အချိန်မှာ သူ့ရဲ့ ယာခင်းကိုတော့ ဆင်မည်းအုပ်ကြီးက ၀င်ရောက် မွှေနှောက်သွားတာကြောင့် ငှင်ပျောတစ်ခင်းလုံး ပျက်စီးသွားခဲ့တယ်။ အိမ်မှာကျန်ခဲ့တဲ့သမီးခြောက်ယောက်နဲ့မိန်းမလည်း ကြောက်လန့်ပြီး ဘေးလွတ်ရာကိုထွက်ပြေးခဲ့ရပါတယ်။
အဲသည့် အချိန်က စပြီး ငွေဆောင်ကမ်းခြေ အရှေ့ဘက် ရိုးမတောင်ကျောတွေ ပေါ်မှာ နေထိုင်သူတွေဟာ ဆင်ဖြူဖမ်း စီမံကိန်းကြောင့် ဘ၀ ရပ်တည်မှုနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ထိခိုက်လာပြီး အသက် အန္တရာယ်ပါစိုးရိမ်လာကြရတယ်လို့ဆိုပါတယ်။
၂၀၀၈ အောက်တိုဘာမှာ ဆင်ဖြူရှာဖွေရေးစီမံကိန်း စတင်တယ်။ သုံးလခန့် ရှာဖွေခဲ့ပေမယ့် ဆင်မည်းတွေ သာတွေ့ရပြီး ဆင်ဖြူ ရှာမတွေ့တာကြောင့် စီမံကိန်း ရပ်နားလိုက်တယ်။ ၂၀၁၀ ဇန်န၀ါရီလမှာ ဆင်ဖြူ ရှာဖွေရေး စီမံကိန်းကို ပြန်စပါတယ်။
ဆင်ဖြူတော်ဒဏ္ဍာရီ
မင်းကောင်းမင်းမြတ်တွေ အုပ်စိုးချိန်မှာသာ ဆင်ဖြူတော် ပေါ်ထွန်းလေ့ရှိပြီး ဆင်ဖြူတော် ပိုင်ဆိုင်ခြင်းအားဖြင့် နိုင်ငံ အေးချမ်း သာယာ ၀ပြောတယ်လို့ ရှေးမြန်မာဘုရင်များ လက်ထက် ကတည်းက ယုံကြည်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံကို လက်ရှိ အုပ်ချုပ်နေတဲ့ အာဏာသိမ်း စစ်အစိုးရဟာလည်း ဗေဒင်နဲ့ ရိုးရာ အယူအဆတွေကို အလွန်အမင်း ယုံကြည်သူများအဖြစ် ထင်ရှားပါတယ်။
၂၀၀၁ မှာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မေယုတောင်တန်းမှာ ဆင်ဖြူတစ်ကောင် ရရှိခဲ့ပြီး ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်က ရန်ကုန်မြို့မှာ အဆောင်အယောင်နဲ့ ထားရှိခဲ့ပါတယ်။
အဲဒီဆင်ဟာ အဖြူ ဆွတ်ဆွတ်မဟုတ်ဘဲ ပန်းရောင်သမ်းပြီး လှုပ်ရှားသွားလာပုံနဲ့ ကြန်အင် လက္ခဏာများဟာ တောင်ဝင် ဆင်ဖြူတော်များရဲ့ လက္ခဏာ ရှိတာကြောင့် ဆင်ဖြူတော်လို့ ခေါ်ရခြင်းဖြစ်တယ် လို့ နိုင်ငံပိုင် သတင်းစာတွေမှာဖော်ပြခဲ့ပါတယ်။
၂၀၁၀ နှစ်သစ်မှာ စတင် ထုတ်လုပ်ခဲ့တဲ့ မြန်မာ နိုင်ငံငွေကြေးရဲ့ တန်ဖိုး အများဆုံး ငွေစက္ကူ ငါးထောင်ကျပ်တန်ကို ဆင်ရုပ်နဲ့ ပုံဖော်ထားပါတယ်။
၂၀၀၅ ခုနှစ်မှာ မြို့တော်ဟောင်း ရန်ကုန်ကနေ မြောက်ဘက် (၂၅၀) မိုင်အကွာမှာ မြို့တော်သစ် တည်ထောင်ပြီး နေပြည်တော် လို့ အမည်ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံကို စစ်အစိုးရက ၁၉၆၂ ခုနှစ်က စတင်ပြီး အုပ်ချုပ်ခဲ့ပါတယ်။
ဆင်များမကြာခဏ ၀င်ရောက် ကျက်စားလေ့ရှိသည့်ငွေဆောင်ကမ်းခြေအနီးမှ စပါးစိုက် လယ်ကွင်းတစ်ခု (ဓာတ်ပုံ - ၀င်းမြတ်) ယခု တွေ့ရတဲ့ ဆင်ဖြူဟာ ငါးနှစ်သား ၀န်းကျင်ရှိပြီး အရပ် ငါးပေခန့်သာ ရှိသေးတယ်လို့ ဆင်ဖမ်း အဖွဲ့မှ တောအုပ်တစ်ဦးက ပြောပါတယ်။
`ဆင်ဖြူ ဆိုတာလေးက သေးသေးလေးလို့ ပြောတယ်။ အဖြူဆွတ်ဆွတ် မဟုတ်ဘဲ နို့နှစ်ရောင် သမ်းနေတယ်။ သူ့ကို စွယ်စုံဆင်ကြီးတွေက အကာအကွယ် ပေးထားတယ်လို့ တွေ့ဖူးတဲ့ ဆင်ဦးစီးက ပြောတယ်´ လို့ သူက ဆိုပါတယ်။
ဆင်ဖြူဖမ်းဖို့အတွက် သစ်ထုတ်လုပ်ရေးမှာသုံးတဲ့ ဆင်တွေနဲ့ အတူ ဆင်ဖမ်းအဖွဲ့တွေ ရောက်ရှိလာခဲ့တယ်။ အဲသည့်ဆင်တွေကို ညနေဖက် ရောက်တဲ့အခါ အစာစားဖို့နဲ့ ဆင်ဖြူတွေ့ရင် ခြောက်လှန့် ဖမ်းဆီးနိုင်ဖို့ ရိုးမတောထဲကို လွှတ်ပေးလေ့ရှိတယ်။
အဲသည့်ဆင်တွေဟာ တောင်ကျောပေါ်မှာ နေထိုင်သူတွေစိုက်ပျိုးထားတဲ့ ယာခင်းနဲ့ သီးနှံတွေကို ၀င်ရောက် ဖျက်ဆီး စားသောက်ကြပါတော့တယ်။ သစ်ထုတ်လုပ်ရေးက ပိုင်တဲ့ဆင်တွေကို အိမ်ဆင်လို့ ခေါ်လေ့ရှိပြီး ဆင်ရိုင်းတွေကိုတော့ တောဆင်လို့ ဒေသခံတွေက ခေါ်လေ့ရှိပါတယ်။
`တောဆင်နဲ့အိမ်ဆင်ဆိုရင် အိမ်ဆင်က ယာခင်းတွေကိုလာဖျက်ဆီးတာပိုများတယ်။ အိမ်ဆင်တွေ လေးငါးခါလောက်လာပြီးမှ တောဆင်ကတစ်ခါလောက်ဝင်တာ´ လို့ ငွေဆောင်ကမ်းခြေ အရှေ့ဘက် တောင်ကျောပေါ်မှာ ဆောက်လုပ်ထားတဲ့ ဘူးကွဲဆည် အနီးမှာ တောင်ယာလုပ်ငန်း လုပ်ကိုင်သူ ကိုဝင်းထွန်း (၃၂ နှစ်) က ပြောပါတယ်။
ကိုဝင်းထွန်း ဆင်ဖြူဖမ်းစီမံကိန်း လုပ်အားသွားပေးနေတဲ့ အချိန်မှာ စပါးတင်း ၈၀ ခန့်ထွက်တဲ့စပါးခင်းနဲ့ တစ်လ ငွေကျပ် သုံးသောင်း ၀န်းကျင် ရရှိနိုင်တဲ့ ငှက်ပျောခင်းကို ဆင်တွေ ၀င်ရောက် ဖျက်ဆီးခဲ့ပါတယ်။
ဆင်ဖြူဖမ်းဖို့ အတွက် ငွေဆောင်ကမ်းခြေ အနီးတစ်ဝိုက်က ရွာပေါင်း ၂၀ခန့် က ရွာသားတွေ လုပ်အားပေး လိုက်ခဲ့ရပါတယ်။ လုပ်အားပေးရွာသား နှစ်ယောက် သုံးယောက်နဲ့ လက်နက်ကိုင် စစ်သားတစ်ယောက် ပါဝင်တဲ့ ကင်းအဖွဲ့တွေကို တစ်ဖာလုံ အကွာစီ ခြားပြီး တောင်ကျောတွေပေါ်မှာ ချထားခဲ့တယ်လို့ လုပ်အားပေးခဲ့ရတဲ့ ရွာသားတွေက ပြောပါတယ်။
သက်ရှိ၊ သစ်တောနှင့် ဂေဟစနစ်
၁၉၉၉ ခုနှစ်မှာ အိမ်ရာဆိုး၊ ကျောက်ကလပ်၊ ကျောက်ကြီး၊ ဘူးကွဲလေးနဲ့ ငစော်ရွာတွေ ဖယ်ရှားခံခဲ့ရပြီး အဲသည့် နေရာတွေမှာ ငွေဆောင်ကမ်းခြေ အပန်းဖြေစခန်း အဖြစ် ဟိုတယ်တွေ နေရာ ယူလာကြတယ်။
ဖျက်သိမ်း ခံလိုက်ရတဲ့ရွာတွေကို ငွေဆောင်ရွာအဖြစ် ကွက်သစ် ဖော်ထုတ်ပြီး ပေ ၄၀x ပေ၆၀ မြေကွက်တွေ ပြန်လည်ပေးခဲ့ပေမယ့် နေရာသစ်မှာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ လုပ်ကိုင်ဖို့ မလွယ်ကူတာကြောင့် အရင်းအနှီး မရှိတဲ့သူ အချို့ဟာ အလျော်ရထားတဲ့ မြေကွက်တွေကို ရောင်းချပြီး ရိုးမတောင်တန်းတွေပေါ်ကို တောင်ယာ လုပ်ကိုင်ဖို့နဲ့ မီးသွေးဖုတ်တဲ့ အလုပ်တွေ လုပ်ဖို့ တက်ရောက်သွားခဲ့ကြတယ်။
အပန်းဖြေ စခန်းကို လမ်းပေါက်သွာတဲ့အခါ အဲသည့် အနီးတစ်ဝိုက်က တောင်တန်းတွေပေါ်မှာ ရှိတဲ့ သစ်ကြီးဝါးကြီးတွေ အလျင်အမြန် ပြုန်းတီးစေဖို့ ဖြစ်လာတယ်။ ဟိုတယ် ဆောက်လုပ်ရေး လုပ်ငန်းတွေ ကလည်း သစ်ဖြုန်းတီးအားကောင်းတဲ့ လုပ်ငန်းတွေ ဖြစ်လာတယ်။
သစ်တောပြုန်းတီးမှုနဲ့ အတူ လူတွေပါ တောင်တန်းတွေပေါ် အထိ တိုးချဲ့နေရာ ယူလာတဲ့အခါ တောထဲမှာ နေထိုင်တဲ့ တောရိုင်းတိရိစ္ဆာန်တွေအတွက်နေစရာနဲ့ စားစရာ ရှားပါးလာတယ်။ လွန်ခဲ့တဲ့ ၄နှစ်ခန့်က စတင်ပြီး တောင်ပေါ်မှာ နေထိုင်တဲ့သူတွေရဲ့ ယာခင်းနဲ့ နေအိမ်တွေကို တောဆင်ရိုင်းတွေ ပိုမို ၀င်ရောက် ဖျက်ဆီးလာကြတယ်လို့ ဒေသခံတွေက ပြောကြတယ်။
ငွေဆောင်ဟိုတယ်တွေကို ရေပေးဝေဖို့ အတွက် အပန်းဖြေစခန်းနဲ့ အတူ ငွေဆောင်ဆည်(ဒေသအခေါ် ဘူးကွဲဆည်) ကိုပါ တည်ဆောက်ခဲ့ကြတယ်။ သည်ဆည်ဟာ ရေကြိုက်တဲ့သတ္တ၀ါမျိုး ဖြစ်တဲ့ ဆင်တွေ အတွက် လှည့်လည် ကျက်စားရာ နေရာ တစ်ခု ဖြစ်လာခဲ့ပါတယ်။
ဆင်ဖြူဖမ်းဖို့ အတွက် ဆင်ဖမ်း အဖွဲ့တွေနဲ့ အတူ သစ်ထုတ်လုပ်ရေးဆင် ၁၂ ကောင်ထက် မနည်း ရောက်ရှိလာတဲ့ အခါ ၄င်းဒေသမှာ လှည့်လည်ကျက်စားသွားလာတဲ့ဆင်ကောင်ရေ ပိုများလာခဲ့ပြီး လူတွေ စိုက်ပျိုးထားတဲ့ တောင်ယာတွေကို ၀င်ရောက် ဖျက်ဆီးမှု အကြိမ်ရေလည်း ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆင်ဦးစီးတစ်ယောက် အပါအ၀င် လူငါးယောက်ကို နင်းသတ်ထားတဲ့ သစ်ထုတ်လုပ်ရေးပိုင် သောင်းချိုကြီးဟာ အဲသည့် ဒေသမှာ လူသတ်ဆင်ကြီးအဖြစ် နာမည်ကြီးလှပါတယ်။
မြန်မာနိုင်ငံအတွင်းဆင်ကောင်ရေ ၅,၀၀၀ ခန့်ရှိမယ်လို့ TRAFFIC သားရိုင်းတိရိစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့ ရဲ့မကြာသေးမီက ထုတ်ပြန်ခဲ့တဲ့ အစီအရင်ခံစာတွေအရသိရတယ်။ ၄င်းတို့ထဲက ၂,၈၀၀ ခန့်ဟာ သစ်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ အသုံးပြုထားတယ်လို့ ဆိုပါတယ်။
ဆင်ဖြူတော်မှီပြီး သစ်ခုတ်
ဆင်ဖြူဖမ်းဖို့ရောက်ရှိလာတဲ့ ထုတ်လုပ်ရေးအဖွဲ့တွေဟာ ဆင်ဖြူဖမ်းမမိသေးတဲ့ အချိန်မှာ အဲသည့် ဒေသ တစ်ဝိုက် သစ်ခုတ်ခွင့် အထူးအာဏာ ရထားတဲ့အဖွဲ့တွေ ဖြစ်လာပါတယ်။
`သာယာဝတီက ဆင်ဖမ်းအဖွဲ့တွေ ဆင်သုံးကောင်နဲ့ ရောက်လာတယ်။ ဆင်ဖြူ မတွေ့တော့ သစ်တိုက်ရော။ သူတို့မှ ပိုက်ဆံကို သဲ့ပြီး ယူတာ။ ပိန္နဲဖို၊ ကညင်၊ တောင်သရက်။ ပျဉ်းကတိုးတွေအရင်ကပေါတယ်။ အခု မရှိတော့ဘူး။ ကုန်ပြီ။ သင်္ကန်းသားတွေဆိုတာ မနှစ်ကမှ ကုန်သွားတာ´ လို့ကိုစိုးတင်က ပြောပြတယ်။
သူကဆက်ပြီး `တစ်ခါတုန်းက စစ်တပ်က တပ်ကြပ်ကြီး တစ်ယောက်က သစ်လှဲခိုင်းလို့ လှဲပေးလိုက်ရတယ်။ ပြီးတော့ ထုတ်လုပ်ရေးက ဆင်နဲ့ လာဆွဲသွားတယ်။ ပိုက်ဆံ မပေးဘူး။ အလကား ခုတ်ပေးလိုက်ရတာ´ လို့ ကိုစိုးတင်က သူ့အတွေ့အကြုံကို ပြောပြတယ်။
လက်နက် ကိရိယာကောင်းကောင်း မရှိတာကြောင့် သစ်တစ်ပင်ကို တစ်ရက် အချိန်ယူပြီး ခုတ်ရပါတယ်။ အဲသည့်နေ့မှာ သူ့မိသားစုအတွက် ၀င်ငွေ ရှာမပေးနိုင်တော့ပါဘူး။
နှစ်စဉ် ဇန်န၀ါရီလနဲ့ ဖေဖေါ်ဝါရီလတွေမှာ တံမြက်စည်း လုပ်ရာမှာသုံးတဲ့ ကိုင်းပင်(ဒေသအခေါ် ထမဆိုင်း) ပင်တွေ နှုတ်ရတဲ့ ရာသီဖြစ်ပါတယ်။ ထမဆိုင်းပင် အနုနဲ့ အဖူးတွေကို ဆင်တွေကလည်း ကြိုက်နှစ်သက်တဲ့ အတွက် ဆင်နဲ့ တံမြက်စည်းကိုင်းပင် နှုတ်သူတွေ မကြာခဏ ဆိုသလို ရင်ဆိုင်တွေ့ရပါတယ်။
ထမဆိုင်းနှုတ်ရာသီ ကျော်သွားတဲ့အခါ မီးသွေးထမ်းခြင်း၊ တောင်ယာစိုက်ပျိုးခြင်းနဲ့ အသက်မွေးတဲ့ မိသားစုဝင် ကိုးယောက်ရှိ ကိုတင်စိုး မိသားစုဟာ တစ်လ ပျမ်းမျှဝင်ငွေ ငါးသောင်းကျပ်နဲ့ ရပ်တည်နေကြတာ ဖြစ်ပြီး အခုလို ဆင်ဖြူဖမ်းစီမံကိန်းကြောင့် ဆင်တွေရဲ့ရန်ပြု နှောက်ယှက်ခြင်း ခံရတဲ့အခါ မိသားစု ရပ်တည်မှုအတွက် အခက်အခဲ ဖြစ်လာရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်န၀ါရီ တတိယပတ်အတွင်းက ဆင်ဖမ်းအဖွဲ့က ဆင်တွေ ယာခင်းထဲကို ၀င်လာတဲ့အခါ အော်ဟစ် မောင်းနှင်ခြင်းနဲ့ ခြောက်လှန့် မောင်းထုတ်ခြင်း မပြုဖို့ အမိန့် ထုတ်ပြန်လိုက်ပါတယ်။ ခြောက်လှန့် မောင်းထုတ်ခြင်းကြောင့် ဆင်တွေက ပြန်လည်ရန်ပြုလို့ အသက် အန္တရာယ် ဖြစ်ခဲ့ရင် သစ်တောဌာနက တာဝန်ယူမှာ မဟုတ်ဘူးဆိုပြီး အမိန့်မှာ ပါရှိတယ်လို့ ဆိုပါတယ်။
ဆင်ဖြူတွေ့တယ်လို့ သတင်းကြားတဲ့ တောင်ကျောတစ်ဝိုက်ကို လူတွေ ပေးမနေဘဲ ဆင်ဖြူဖမ်း စီမံချက်နယ်မြေ အဖြစ် သတ်မှတ်ပြီး ပိုက်စိတ်တိုက် ရှာဖွေမယ် ဆိုတာကြောင့် ကိုယ်နေထိုင်တဲ့ တောင်ကျောမှာ ဆင်ဖြူမတွေ့ပါစေနဲ့လို့ ကိုတင်စိုးက ဆုတောင်းမိတယ်လို့ ဆိုပါတယ်။
စစ်အစိုးရရဲ့ ဆင်ဖြူတော်ဖမ်း စီမံကိန်းဟာလည်း မရေရာ မသေချာ သလို ဒေသခံတွေရဲ့ နေထိုင်မှုနဲ့ အသက် မွေးဝမ်းကျောင်းမှုဟာလည်း ဆင်ဖြူ တစ်ကောင်ကြောင့် မရေရာ မသေချာဖြစ်နေတဲ့ အကြောင်းကို ကိုစိုးတင်က အခုလိုပြောပါတယ်။
`ဖမ်းသာ ဖမ်းနေတာ ဆင်ဖြူဆိုတာ ဘယ်နားနေမှန်း မသိပါဘူး။ ဆင်ဖြူ တစ်ကယ် ရှိတယ် ဆိုရင် မြန်မြန် မိစေချင်ပါတယ်။ တောင်ပေါ်မှ နေခွင့်မပေးရင် ကျွန်တော်တို့မှာ နေစရာ မရှိတော့ဘူး´
ဝင်းမြတ်
ရင်းမြစ်။ ။မိုးမခ