Tuesday, April 6, 2010

ရွေးကောက်ပွဲ နှောက်ယှက်ခံရမည်ကို ဗိုလ်ချုပ်ကြီးတို့ စိုးရိမ်

မိုးမခ အထောက်တော် အမှတ် ၀၀၁



ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး (ဓာတ်ပုံများ -spdc)
၂၀၁၀ ရွေးကောက်ပွဲကို နှောက်ယှက်သူများ ပေါ်ပေါက်လာဖွယ် ရှိသည်ဟု စစ်အစိုးရ၏ နံပါတ် ၂ ခေါင်းဆောင် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးက ရှမ်းပြည်နယ်၊ ဗထူးမြို့တွင် ယမန်နေ့က ပြုလုပ်သည့် ဗိုလ်သင်တန်းဆင်းပွဲတွင် ပြောလိုက်သည်။
မည်သူတို့က မည်သို့ နှောက်ယှက်မည် ဆိုသည်ကို သူက ပြောဆိုခြင်း မရှိပေ။
ဒီနှစ် ကျင်းပမယ့် ရွေးကောက်ပွဲတွေကိုလည်း ပြည်သူ၊ အစိုးရနဲ့ တပ်မတော်တို့ လက်တွဲညီညီနဲ့ အောင်မြင်အောင် ဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက် ပြည်ပ အကူအညီနဲ့ ဝင်လာနိုင်တဲ့ ဖျက်လိုဖျက်ဆီး အန္တရာယ်တွေကို သတိရှိကြဖို့ မှာကြားလိုတယ်” ဟု သူက ဆိုသည်။
၂၀၀၈ ခုနှစ် ဆန္ဒခံယူပွဲတွင်လည်း ကန့်ကွက်မှုများနှင့် ကြုံခဲ့ရသည်ဟု သူက ဆိုသည်။
အခြေခံဥပဒေမူကြမ်းကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပစဉ်က ဆန္ဒခံယူပွဲမှာ ပြည်သူတွေက မဲမပေးအောင် ဒါမှမဟုတ် မဲပေးရင် ကန့်ကွက်မဲပေးအောင် စသဖြင့် ပျက်စီးရာပျက်စီး ကြောင်းကို ပြည်တွင်းပြည်ပ တစ်ကျိတ်တည်း တစ်ဉာဏ်တည်း ကြိုးပမ်း ခဲ့ကြတာတွေ ရှိတယ်” ဟု သူက ပြောသည်။
သို့သော်လည်း “ပြည်သူ၊ အစိုးရနဲ့ တပ်မတော်ရဲ့စည်းလုံးမှုအင်အားကြောင့်” ဆန္ဒခံယူပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်ဟူသော သူ၏ ပြောကြားချက်ကို ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် အကျယ်တ၀င့် ဖော်ပြထားသည်။

ရင်းမြစ်။ ။မိုးမခ

0 comments:

Post a Comment