Wednesday, March 31, 2010

အန်အယ်လ်ဒီ၏ မူလနိုင်ငံရေးမပျက် ဆက်လက်လုပ်ဆောင်မည်ဟု ဦးဝင်းတင် ပြောကြား


အဖွဲ့ချုပ် ဖျက်သိမ်းခံရလျှင် အဖွဲ့ချုပ်ပျက်စီးသည်ဟု မယူဆ၊ ပျက်စီးခြင်းမဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်၏ မှာကြားချက် အတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ချမှတ်ထားသည့် နိုင်ငံရေးဦးတည်ချက်များအရ နိုင်ငံရေး ဆက်လက်လုပ်ဆောင်သွားမည်ဟု ဦးဝင်းတင်က ပြောကြားသည်။

၂၀၁၀ ခုနှစ် နအဖကောင်စီက ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသည် တရားမျှတမှု လုံးဝမရှိသဖြင့် အန်အယ်လ်ဒီသည် ပါတီအဖြစ် ထပ်မံမှတ်ပုံတင်တော့မည်မဟုတ်ဟု မတ် (၂၉) ရက်တွင် ပြုလုပ်သည့် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက် ထွက်ပေါ်ခဲ့ပြီးနောက် အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ခေတ်ပြိုင်သို့ ပြောကြားခြင်းဖြစ်သည်။

၎င်းက “ဒေါ်အောင်ဆန်းစုကြည် ညွှန်းတဲ့အတိုင်းပဲ။ ကျနော်တို့ခေါင်းထဲမှာ၊ ကျနော်တို့အသည်းနှလုံးထဲမှာ နိုင်ငံရေးတွေရှိနေရင် အဲဒီနိုင်ငံရေးတွေကို ကျနော်တို့ ဒီမိုကရေစီအဖွဲ့အစည်းတခုအနေနဲ့ ရပ်တည်တဲ့အချိန်တုန်းက ရှိခဲ့တဲ့အတိုင်းပဲ ဆက်ပြီးတော့ ဒါတွေကို ထိန်းသိမ်းသွားရမယ်လို့ မြင်ပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် စစ်မှန်သည့် ဒီမိုကရေစီတည်ထောင်ရန်၊ လူ့အခွင့်အရေးများ အပြည့်အ၀ရရှိရန်၊ စစ်မှန်သည့် ပြည်ထောင်စုစနစ် ထွန်းကားရန်နှင့် အာဏာရှင်စနစ်မှန်သမျှ ဖယ်ရှားရန် ဆိုသည့်အချက်များသည် အန်အယ်လ်ဒီက ချမှတ်ထားသည့် နိုင်ငံရေးဦးတည်ချက်များဖြစ်ကြောင်း ဦးဝင်းတင်က ပြောကြားသည်။

သာမန်အားဖြင့် နဂိုရှိပြီးသား နိုင်ငံရေးရပ်တည်ချက်များကို ထိန်းသည့်သဘောဖြင့် ဆက်လက်လုပ်ဆောင်သွားရန် လိုအပ်ကြောင်း၊ တနိုင်ငံလုံးရှိ အန်အယ်လ်ဒီပါတီဝင်များနှင့် နဂိုရှိပြီးသား စည်းရုံးမှုကို ဆက်လက်တည်ဆောက်ပြီး တိုင်းရင်းသားအဖွဲ့အစည်းများ အပါအ၀င် ကျောင်းသားအဖွဲ့အစည်းများ စသည်တို့ဖြင့် ဆက်သွယ်လုပ်ဆောင်မှုများကို လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

“တိုင်းရင်းသားတွေ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ အစဉ်အလာကို မြင့်မားစွာဆက်လက်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျနော်တို့ဟာ တတ်နိုင်သမျှ ကျနော်တို့ရဲ့ နဂိုရှိနေတဲ့ ညီညွတ်ရေး လူထုထောက်ခံမှုတွေကို ကိုင်စွဲပြီး ရှေ့ဆက်သွားရမှာ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ ထောက်ခံမှုဟာ ကျနော်တို့ အန်အယ်လ်ဒီပေါ် ကြီးမားစွာပဲရှိတယ်လို့ ယုံတယ်။ ကျနော်တို့ဟာ ပြည်သူတွေရဲ့အရေးတွေကို စောင့်ရှောက်ရမယ်၊ ကြည့်ရမယ်၊ ကြားနာရမယ်၊ ပြည်သူတွေရဲ့ ထင်မြင်ယူဆချက်တွေကို တုံ့ပြန်ရမယ်ဆိုတဲ့ဟာ ရှိတဲ့အခါကျတော့ ပြည်သူလူထုရဲ့ခွင်ထဲမှာလည်း လှုပ်ရှားသွားမှာပဲ ဖြစ်ပါတယ်။ လူထုကို မျက်နှာမူတဲ့ နိုင်ငံရေး လုပ်ကြရမယ်” ဟု ဦးဝင်းတင်က ပြောကြားသည်။

အန်အယ်လ်ဒီအနေဖြင့် မှတ်ပုံတင်ခြင်း မတင်ခြင်းသည် အဓိကမဟုတ်ဘဲ နိုင်ငံရေးဦးတည်ချက်၊ နိုင်ငံရေးရည်မှန်းချက်များ၊ နိုင်ငံရေးပန်းတိုင်များက အဓိကဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“တွေ့ဆုံဆွေးနွေးပွဲဆိုတာ ကျနော်တို့ရဲ့ နိုင်ငံရေးပစ်မှတ်တခု ဖြစ်ပါတယ်။ ဒီဟာကို ကျနော်တို့ အစဉ်တစိုက်တောင်းဆိုနေတာ အန်အယ်လ်ဒီ စဖွဲ့တဲ့ ၁၉၈၈ ခုနှစ် အောက်တိုဘာလလောက်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် စာရေးပြီးတော့ န၀တထံ ပို့ထားတဲ့ စာကစခဲ့တာ။ နောက်ဆုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီ စာရေးတဲ့အထိလည်း ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးဖို့ကိစ္စကို ပြောနေတာပဲ” ဟု ဦးဝင်းတင်က ပြောသည်။

“ဒီနေ့ပါတီ မရှိပေမယ့်လို့ ဒေါ်အောင်ဆန်းစုကြည်ရှိတယ်၊ ပါတီမှတ်ပုံမတင်လို့ ပါတီအနေနဲ့ မရပ်တည်နိုင်ဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က မှတ်ပုံတင်မှ ဒေါ်အောင်ဆန်းစုကြည်ဖြစ်တာ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်က မှတ်ပုံမတင်လည်း လူထုခေါင်းဆောင်၊ အမျိုးသားခေါင်းဆောင်၊ ကမ္ဘာ့ခေါင်းဆောင်ဖြစ်နေတာ။ ဒီနေ့တိုင်းပြည်ရဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ ဘယ်လိုမှ ဖယ်ရှားလို့မရဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူက အသိအမှတ်ပြုထားတဲ့ ပြည်သူကနေ ယုံကြည်ကိုးစားနေတဲ့ နိုင်ငံရေး မိခင်ကြီးတယောက်လို ဖြစ်နေတယ်။ ရှေ့ဆက်ပြီး တွေ့ဆုံဆွေးနွေးပွဲကို တောင်းဆိုနေရမှာပဲ” ဟုလည်း ၎င်းက ပြောကြားသည်။

ရင်းမြစ်။ ။ခေတ်ပြိုင်

NLD သပိတ်မှောက်မှု စစ်အစိုးရကို အမေရိကန် အပြစ်တင်



အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ဒီနှစ်အတွင်း ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲကို မ၀င်ဘူးလို့ မနေ့က ဆုံးဖြတ်ချက် ချလိုက်တာနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုနဲ့ ကုလသမဂ္ဂတို့က ဘယ်လိုတုံ့ပြန်ချက်တွေ ပေးခဲ့ကြသလဲဆိုတာ ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။
NLD ပါတီက ရွေးကောက်ပွဲကို မ၀င်ဘူးလို့ ဆုံးဖြတ်လိုက်တာဟာ စစ်အစိုးရဘက်က နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒမရှိဘူး ဆိုတာကို ထင်ဟပ် ပြသလိုက်တာ ဖြစ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောလိုက်ပါတယ်။ မနေ့က ကျင်းပခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပီ.ဂျေ ခရော်လီ (P.J Crowley) က အခုလို ပြောခဲ့တာပါ။
“NLD ပါတီက အခုလို ဆုံးဖြတ်ချက် ချလိုက်တာဟာ မြန်မာနိုင်ငံမှာ ပွင့်လင်းတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ဖို့ မရှိမဖြစ် လိုအပ်တယ်လို့ ကျနော်တို့ လက်ခံ ယူဆထားတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အဓိက နိုင်ငံရေး အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ အလေးအနက် ဆွေးနွေးလိုတဲ့ဆန္ဒ မြန်မာစစ်အစိုးရမှာ မရှိဘူးဆိုတာ ထင်ဟပ် ပြသလိုက်တာပါပဲ။ NLD ဘက်က အခုလို ဆုံးဖြတ်ရတာကို ကျနော်တို့ နားလည်ပါတယ်။
“ရွေးကောက်ပွဲ ဥပဒေတွေဟာ စိတ်ပျက်ဖို့ ကောင်းတယ်ဆိုတဲ့ အကြောင်း ကျနော်တို့ဘက်က သဘောထားကို ထုတ်ဖော် ပြောဆိုထားပါတယ်။ ဒီလို ထုတ်ဖော်ပြီးတဲ့ နောက်ပိုင်းမှာ မြန်မာစစ်အစိုးရနဲ့ တိုက်ရိုက် ဆွေးနွေးမှုတွေတော့ မရှိသေးပါဘူး။ ရှေ့မှာ ရှိကောင်း ရှိလာနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာစစ်အစိုးရ ချမှတ်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေဟာ နည်းမှန်လမ်းမှန် ချမှတ်ထားတာ မဟုတ်ဘူး။” လို့ မစ္စတာ ခရော်လီက ပြောသွားခဲ့ပါတယ်။
အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာစစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံရေး မူဝါဒကို ဆက်လက် ကျင့်သုံးမှာဖြစ်ပြီး မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ပေါ်လာအောင် ဆက်လက် တွန်းအားပေးမှာ ဖြစ်တဲ့အကြောင်း၊ စစ်အစိုးရ ခေါင်းဆောင်တွေနဲ့ နှစ်ခါ သုံးခါ တွေ့ဆုံ ဆွေးနွေးရုံနဲ့ ပြဿနာတွေ အားလုံး ပြေလည်သွားမယ်လို့ မျှော်လင့်မထားတဲ့အကြောင်းနဲံ့  မြန်မာ စစ်အစိုးရဘက်က အပြောင်းအလဲတွေ အမှန်တကယ် ဖေါ်ဆောင်ချင်တယ်ဆိုတာ သက်သေပြနိုင်တဲ့ အခွင့်အလမ်းကောင်းတခုကို ဆုံးရှုံးသွားတဲ့ အကြောင်းလည်း မစ္စတာ ပီ.ဂျေ ခရော်လီက ထည့်သွင်း ပြောဆိုပါတယ်။
မနေ့က ကျင်းပတဲ့ နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်က ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာလည်း သတင်းထောက်တွေက NLD ပါတီရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ တုံ့ပြန်ချက်ကို မေးခဲ့ကြပါသေးတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မာတင် နီစာကီး (Martin Nesirky) ကတော့ ပြီးခဲ့တဲ့ အပတ်က ကုလသမဂ္ဂ မြန်မာ့မိတ်ဆွေ နိုင်ငံများနဲ့ မြန်မာပြည်ဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးခဲ့ကြတုန်း အတွင်းရေးမှူးချုပ် ပြောခဲ့တဲ့ သူ့ရဲ့ သဘောထားကိုပဲ ပြန်ပြောခဲ့ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဘက်က ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘယ်လိုဆုံးဖြတ်ချက်မျိုးပဲ ချခဲ့ချခဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက လေးစားဖို့ လိုလိမ့်မယ်လို့ အတွင်းရေးမှူးချုပ်က ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ နောက်ပြီး ရွေးကောက်ပွဲတွေဟာ ယုံကြည်စိတ်ချရဖို့ လိုတယ်၊ မျှမျှတတ ဖြစ်ဖို့လိုတယ်၊ တတ်နိုင်သမျှ နိုင်ငံရေးမှာ ပါဝင်သင့်တဲ့ အဖွဲ့အစည်းတွေ ပါနိုင်သမျှ ပါဖို့ လိုအပ်တယ်။” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) က ပြောဆိုခဲ့တာကို သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မာတင် နီစာကီးက ရှင်းပြခဲ့ပါတယ်။

ရင်းမြစ်။ ။http://www.voanews.com/burmese/2010-03-30-voa1.cfm

အုပ်ထိန်းမှုလွန်ကဲရင် လူရာမ၀င်ဖြစ်တတ်တယ်


အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်း တစ်ခု လုပ်ကိုင်နေတဲ့ ကျောင်းသားဟောင်းတစ်ယောက် တစ်မနက်ရောက်လာပြီး ''ဆရာ့ဆီ ကအကြံဉာဏ်လေး ဘာလေးများရမလား လို့လာတာပါ''လို့ပြောပါတယ်။ အပူပေးချင်မှ ရောက်လာတယ်ဆိုပြီး ထိပ်ခေါက်ချင်လည်း ခေါက်ပါလို့လည်း မျက်နှာချိုသွေးပါသေးတယ်။


တစ်ဦးတည်းသား


အကျိုးအကြောင်း မေးကြည့်လိုက် တော့ ၁၀ တန်းဖြေပြီးတဲ့သားက မြစ်ကြီး နားက ရန်ကုန်မှာ ကျောင်းလာတက်တဲ့ သူငယ်ချင်း အပြန်လိုက်လည်ချင်တယ်ဆိုပြီး နားပူနားဆာလုပ်နေတဲ့အတွက် ဘယ်လို ကိုင်တွယ်ရမှန်းမသိ ဖြစ်နေရတယ်လို့ ပြောပြတယ်။ ကလေးကမြစ်ဆုံကိုသွားကြည့်ချင်တာပါတဲ့။ မိဘကလည်း တစ်ယောက်တည်းရှိတဲ့ သားကလေးကို မိဘမပါဘဲဘယ် မှ မလွှတ်ဖူးတော့ စိတ်မချဖြစ်နေတယ်။ သားလေးကို ငယ်ငယ်ကတည်းက ငပလီ၊ ချောင်းသာ၊ ငွေဆောင်စတဲ့နေရာတွေကို အမြဲ လိုက်ပို့ပေးပါတယ်။ တစ်ယောက်တည်း တော့ တစ်ခါမှ မလွှတ်ဖူးပါဘူးတဲ့။ သားက နေ့တိုင်းတကျီကျီနဲ့ နားပူနားဆာလုပ်နေ တာကြောင့် စိတ်ညစ်နေရပါတယ်တဲ့။ သူ့သားတောင် ၁၀ တန်းဖြေတဲ့ အရွယ်ရောက်နေပြီကိုးလို့ တွေးရင်းကုန်လွန်သွားတဲ့အချိန် တွေကို ပြန်သတိရသွားပါတယ်။


ကိုယ်ချင်းစာကြည့်ပါ


တစ်ခါက ကျောင်းသားတွေနဲ့ ချောင်းသာကို သင်္ဘောနဲ့ သွားမယ်လုပ်ကြတော့ သူ့မိဘကသူ့ကို လိုက်ခွင့်မပြုပါဘူး။ အဲဒီ အချိန်မှာ သူက စီးပွားရေးတက္ကသိုလ် ဒုတိယ နှစ်ကျောင်းသားပါ။ သူနားပူနားဆာလုပ် လွန်းတာကြောင့် သူ့မိဘတွေဆီလိုက် သွားပြီး လိုက်ခွင့်ပြုဖို့ ပြောပေးရပါတယ်။ မိဘများကလည်း ဆရာကိုယ်တိုင်လိုက်လာတယ်ဆိုတော့ အားနာပြီးထည့်လိုက်ပါ တယ်။ အဲဒီအကြောင်း သူ့ကိုပြန်သတိပေး ပြီး၊ ကိုယ်ချင်းစာစိတ်နဲ့ စဉ်းစားကြည့်ဖို့ပြော လိုက်ပါတယ်။ လိုက်ခွင့်ပြုပါလို့တော့ မတိုက်တွန်းလိုက်ပါဘူး။ သူပြန်သွားပြီး ညဘက်ကျတော့ ဖုန်းဆက်ပါတယ်။ သူ့ဇနီးနဲ့ တိုင်ပင်ပြီး သားကိုလိုက်ခွင့်ပြုလိုက်ပါတယ် လို့ ပြောပါတယ်။


ပူညံပူညံဆူသံတွေ


ကျွန်တော်တို့ မြန်မာမိသားစုတွေအတွင်း ဖြစ်လေ့ဖြစ်ထရှိတဲ့ အိမ်တွင်းပြဿနာ က ဒါမျိုးချည့်ပါပဲ။ ဘယ်မိဘမဆို မိဘနေရာကပဲ စဉ်းစားပြီး သားသမီးနေရာက မစဉ်းစားပါဘူး။ သားသမီးကလည်း မိဘနေရာ ကနေပြီး စဉ်းစားကြည့်လေ့ မရှိပါဘူး။ အဲဒီတော့ သီချင်းနားထောင်တာနဲ့ တီဗီကြည့်တာကအစ၊ အ၀တ်အစား ၀တ်ပုံစားပုံအဆုံး ဘယ်နေရာမှ အကြိုက်ချင်းတူတယ်လို့ မရှိတော့ပါဘူး။ အကြိုက်မတူရာကနေပြီး ပူညံ ပူညံနဲ့ ဆူသံတွေ ပေါ်ထွက်လာကြပါတယ်။ လူငယ်တွေကတော့ ဒါကိုမျိုးဆက် ကွာဟ မှုကြောင့်လို့ လက်ညှိုးထိုးပြီး မိဘတွေကို ခေတ်နောက်ကျနေတဲ့ လူကြီးများအဖြစ် မြင်ကြတယ်။ ကွယ်ရာမှာ ခေါ်ကြတာကိုက ဘိုးတော်ကြီး၊ ဘွားတော်ကြီးတဲ့လေ။


ခေါင်းမအိုရင် လူမအို


အသက်ကြီးလာရင် အတွေးအခေါ်တွေ ပါခေတ်နောက်ကျန်ရစ်တာပဲလို့ လှေနံဓား ထစ်မှတ်ထားဖို့မသင့်ဘူး။ တလောကတီဗီ မှာ အဆိုတော်ချစ်ကောင်းနဲ့ သူ့သမီးအဆိုတော်မလေး အိမ့်ချစ်တို့ တွဲပြီးသီချင်းဆိုသွားတာ တွေ့လိုက်ရတယ်။ သမီးလေး အိမ့်ချစ် ထက်တောင် ချစ်ကောင်းက ပိုပြီး(ခေတ်စကားနဲ့ပြောရရင်) ဟော့ရှော့ဖြစ်နေသေး တယ်။ အဆိုတော် ဂျေမောင်မောင်လည်း အတူတူပါပဲ။ စင်ပေါ်မှာ သမီးသီရိဂျေမောင်မောင် ထက်တောင် ခုန်ပေါက်မြူးကြွနေသေး တာတွေ့ရပါတယ်။ အသက်ကြီးတိုင်း အတွေးအခေါ် ခေတ်နောက်ကျတာမဟုတ် ဘူး။ ခေါင်းမအိုရင် လူမအိုဘူးဆိုတာကို လူငယ်တွေလည်း နားလည်ထားဖို့လိုပါတယ်။


အာခံစိတ်ဖြစ်ရတဲ့အကြောင်း


မိဘတွေဘက်ကလည်း အရာရာကို မိဘနေရာကကြည့်ပြီး (စိုးရိမ်ပူပင်စိတ်နဲ့) တားဆီးပိတ်ပင်တာမျိုး အလွန်အမင်း မလုပ်သင့်ဘူး။ မိမိကိုယ်တိုင် သားသမီးများအရွယ် က ဘယ်လိုနေခဲ့ထိုင်ခဲ့ ၀တ်စားဆင်ယင်ခဲ့ သလဲ။ ဘာတွေကြိုက်ပြီး ဘာတွေလုပ်ခဲ့ သလဲဆိုတာ ပြန်စဉ်းစားပြီးမှ တားသင့် တာကိုတားပြီး ပိတ်သင့်တာကို ပိတ်သင့် တယ်။ ကိုယ်ငယ်ငယ်က သူငယ်ချင်းတွေနဲ့ ချောင်းသာတွေ၊ ငပလီတွေသွားခဲ့သလို၊ သား ကလေးလည်း သွားချင်ရှာမှာပဲလို့ စဉ်းစားသင့်တယ်။ ပူတာကတော့ ပူတာပေါ့။ သားသမီးအတွက်မပူတဲ့ မိဘဘယ်ရှိမှာလဲ။ ဒါပေမဲ့ သဘာဝထက်လွန်ကဲပြီး ပူတာမျိုး ကတော့မကောင်းဘူး။ မိဘလည်းစိတ်ဆင်း ရဲရပြီး သားသမီးလည်း မကျေနပ်မှုတွေဖြစ် ရတယ်။ မကျေမနပ်ဖြစ်ရတာတွေက အစိုင် အခဲကြီးဖြစ်သွားရင် အာခံစိတ်၊ တွန်းလှန် ပုန်ကန်ချင်စိတ်အထိ ရောက်သွားနိုင်တယ်။


ဗိုင်းကောင်းကျောက်ဖိလေးတွေ


တစ်ဦးတည်း သားသမီးများရဲ့ မိဘ တွေကပိုပြီး ပူတတ်ကြတယ်။ ဟိုဟာစိတ် မချ၊ ဒီဟာစိတ်မချနဲ့ကာကွယ် စောင့်ရှောက်မှု အလွန်အကျွံလုပ်လေ့ရှိတယ်။ အနှစ်နှစ် ဆယ်အစိတ် ကျောင်းဆရာလုပ်ခဲ့တဲ့သက် တမ်းတစ်လျောက်မှာ မိဘအအုပ်အထိန်း သိပ်ကောင်းတဲ့ ဗိုင်းကောင်းကျောက်ဖိ သား လိမ္မာ၊ သမီးလိမ္မာလေးတွေအများကြီး တွေ့ခဲ့ဖူးတယ်။ စာလည်း သိပ်တော်ကြတယ်။ ဒါပေမဲ့ အားမနာတမ်းမှန်တဲ့အတိုင်း ပြော ရရင် သူတို့အများစုဟာ လူ့အဖွဲ့အစည်း အတွင်း ၀င်ရောက်သွားရတဲ့အခါကျတော့ ဘယ်နေရာမှသုံးစားလို့မရတာကို တွေ့ရပါ တယ်။ မိဘရဲ့အုပ်ထိန်းမှုလွန်ကဲလေတော့ ဘယ်အရာကိုမှ ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ မလုပ်တတ်တော့ဘူး။ သူများကိုချည်းအား ကိုးနေကြရပါတော့တယ်။ အားကိုးရင်းအား ကိုးရင်းနဲ့အလုပ်တူလုပ်ကြတဲ့ အသက်ကြီး ကြီး အိမ်ထောင်သည်တွေနဲ့ညားသွားတဲ့ သားလိမ္မာ၊ သမီးလိမ္မာလေးတွေကိုလည်း ရင်နာစွာနဲ့ တွေ့ခဲ့ဖူးပါတယ်။


စိတ်သဘာဝသိဖို့လို


သားသမီးပြုစုပျိုးထောင်တဲ့အခါမှာ အသက်အရွယ်အပိုင်းအခြားအလိုက် ပြောင်း လဲသွားတဲ့ကလေးများရဲ့ စိတ်သဘာဝနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြုစုပျိုးထောင် တတ်ဖို့လိုပါတယ်။ ကလေးဟာအမိဝမ်း တွင်းကထွက်လာကတည်းက အမေဆိုတာ အားကိုးအားထားပြုစရာ ဧရာမတန်ခိုးရှင် ကြီးလို့ မှတ်ယူထားပြီး အမေ့နားကမခွာဘဲ တကပ်ကပ် လုပ်နေလေ့ရှိတယ်။ ကျောင်း စနေရတော့လည်း စာသင်ခန်းအပြင်က အမေစောင့်နေမှကျေနပ်တယ်။ နေ့စဉ်နေ့တိုင်းအမေပို့မှ၊ ကြိုမှကြိုက်တယ်။ အမေခွံ့ကျွေးမှစားတယ်။ အမေသိပ်မှ အိပ်တယ်။ ၁၁ နှစ်၊ ၁၂ နှစ်အရွယ်ခြောက်တန်း၊ ခုနစ် တန်းရောက်တော့ အမေလာမကြိုစေချင် တော့ဘူး။ သူငယ်ချင်းတွေနဲ့ပဲသွားချင်ပြန် ချင်တယ်။ ဒါမှမဟုတ် ဒရိုင်ဘာလာကြိုစေ ချင်တယ်။ သူအရွယ်ရောက်လာပြီ။ သူ့ကိုယ် သူထိန်းနိုင်ပြီဆိုတာ ဖော်ပြချင်လာတယ်။


သူ့ခြေထောက်နဲ့ သူလမ်းလျောက်


ဒါသဘာဝတရားရဲ့ ပြောင်းလဲမှုဖြစ် တယ်။ ဘယ်သူမှတားလို့မရဘူး။ ဒီအချက် ကို မိဘက နားလည်ပြီး သူအရွယ်ရောက် လာပြီ၊ သူ့ကိုယ်သူစောင့်ရှောက်နိုင်ပြီဆိုတာ အသိအမှတ်ပြုကြောင်း ထုတ်ဖော်ပြသဖို့ လို တယ်။ အရွယ်ရောက်လာပြီဖြစ်တဲ့အတွက် ဘယ်ကိစ္စမဆို မိဘကိုအားမကိုးဘဲ ကိုယ့် အားကိုယ်ကိုးနိုင်ဖို့ ကြိုးစားရမယ့်အကြောင်း၊ ဒီလိုကိုယ့်အားကိုယ်ကိုးဖို့အတွက် အရာရာ ကို ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားဝေဖန်သုံးသပ် ပြီး လုပ်ရမယ့်အကြောင်း၊ သားသမီးနား လည်အောင် ရှင်းပြပြီးစဉ်းစားတဲ့ အကျင့်ရ အောင်လုပ်ပေးရပါမယ်။ အကျိုးအကြောင်း ဆက်စပ် စဉ်းစားတတ်တဲ့ အကျင့် ရသွားတဲ့ကလေးဟာ သူ့ ဘ၀ တစ်လျောက်လုံး ဘယ်သူ့မှ အားမကိုးဘဲ သူ့ခြေထောက်နဲ့သူ ကောင်းကောင်းလမ်းလျောက်သွား နိုင်မှာသေချာပါတယ်။


အုပ်ထိန်းမှုလွန်ကဲလို့


အနောက်နိုင်ငံတွေမှာဆိုရင် မူလတန်း ကျောင်းသူကျောင်းသား လေးတွေကို ဆရာ၊ ဆရာမတွေက ဦးဆောင်ပြီးတစ်ညအိပ်၊ နှစ်ည အိပ် တောစခန်းထွက်တဲ့ အလေ့အကျင့် လုပ်ပေးလေ့ရှိတယ်။ ကလေးဘ၀ ကတည်းက ကိုယ်ရောစိတ်ပါကြံ့ခိုင်အောင် လေ့ကျင့်ပေးတဲ့ သဘောဖြစ် တယ်။ ဒါကြောင့်သူတို့ဆီက ၁၂ နှစ်၊ ၁၃နှစ်အရွယ် မိန်းကလေးတွေတောင် မိဘမပါဘဲနဲ့ ကျောပိုးအိတ်ကလေး တစ်လုံးနဲ့ ကမ္ဘာပတ်ဝံ့တဲ့ သတ္တိရှိနေ ကြတာဖြစ်တယ်။ မြန်မာပြည်မှာကတော့ အအုပ်အထိန်းလွန်ကဲလွန်းတော့ ဆရာဝန်မလေး၊ ကျူတာမလေးဖြစ်နေတာတောင် မိဘဒါမှမဟုတ်အဖော် တစ်ယောက်ယောက်မပါဘဲ ရန်ကုန် -မန္တလေး ခရီးလောက်ကို မသွားရဲ ကြတာတွေ အများကြီးရှိတယ်။   အုပ်ထိန်းမှုလွန်ကဲခြင်းကတရားခံပဲ။


ပင်ပန်းရှာကြတယ်


ဒီခေတ် ကျောင်းသူ၊ကျောင်းသား အရွယ်ကလေးတွေဟာ ရှေးခေတ်နဲ့ မတူ အင်မတန်ပင်ပန်းရှာကြတယ်။ သုံးနှစ်သားအရွယ်ကစပြီး ၁၀တန်း ကျောင်းသားအရွယ်ထိ ကျောင်းနဲ့ ကျူရှင်နဲ့ 'ဂိုက်' နဲ့မိုးလင်းက မိုးချုပ် လုံးချာလိုက်နေကြတယ်။ ကလေး သဘာဝ အမေ့နားကပ်ချွဲချိန်၊ ဆော့ ချိန်၊ကစားချိန်ရယ်လို့ ဟုတ်တိပတ်တိ ရှိ ကြတာမဟုတ်ဘူး။ တစာစာနဲ့ စာတွေနဲ့ ပိပြီးနုနယ်တဲ့ကလေးဦးနှောက် ကလေးတွေ ထုံထိုင်းသွားမှတောင် စိုးရိမ်မိတယ်။ ကလေးဆိုတာ သွက် သွက်လက်လက်၊ လန်းလန်း ဆန်းဆန်းနဲ့ ကြီးပြင်းလာရမှ ထူးချွန်တဲ့ လူငယ်လေးတွေဖြစ်လာနိုင်မှာပါ။


ပူတူးတူးလေးလို


၁၀တန်းစာမေးပွဲကြီး ဖြေပြီးတဲ့ အချိန်မျိုးမှာတော့ ကလေးတွေ လွတ်လပ်ပေါ့ပါးစွာ သူတို့စိတ် ကြိုက်နေခွင့်ပေးသင့်တယ်။ အဲဒီ အသက်အရွယ်ဟာ ကလေးဘ၀ ကနေ လူကြီးဘ၀ပြောင်းလဲဖို့ စတင် ခြေလှမ်း လိုက်ချိန်ဖြစ်တယ်။ အစစ အရာရာကိုယ်ပိုင်အသိနဲ့ ဆင်ခြင် စဉ်းစားဆုံးဖြတ်တတ်အောင်မိဘ များက ညွှန်ပြဖို့လိုပါတယ်။ သူတို့ အရွယ်ဟာကလေး မဟုတ်တော့ဘူး ဆိုတာသူတို့ ကိုယ်တိုင်သိလာအောင် လုပ်ပေးပါ။ မိဘများကလည်း အဲဒီ အရွယ်တွေကို 'ပူတူးတူးလေး'လို သဘောထားပြီး ထမင်းခွံ့ကျွေး မနေပါနဲ့တော့။ ဒါမှသူတို့လေးတွေ ရင့်ကျက်လာမှာဖြစ်ပါတယ်။

လူထုစိန်ဝင်း 

လင်းယုန်ငှက်၏ အချိန်ကိုက် ထိုးသုတ်မှုနှင့်တူသော ဆုံးဖြတ်ချက်

စစ်အစိုးရက တတိုင်းပြည်လုံးကို စစ်ကျွန်အဖြစ် ထာဝရသွတ်သွင်းဖို့၊ အာဏာသိမ်း တရားမဝင် စစ်အစိုးရဘဝက တရားဝင် စစ်အစိုးရဘဝကို အရေခွံလဲဖို့ အဆုံးသတ် ကြိုးစားတဲ့အချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တတိုင်းပြည်လုံး ပြည်သူတရပ်လုံးကိုယ်စား အဆုံးအဖြတ်ပေးခဲ့ရတာ ဖြစ်ပါတယ်။ တဖက်မှာ ပါတီရဲ့ တရားဝင် ရပ်တည်ရေးကို ထည့်သွင်းစဉ်းစားရသလို တဖက်မှာလည်း ပြည်သူလူထုက ယုံကြည်အပ်နှံလွှဲအပ်ထားတဲ့ တိုင်းပြည်ကို လူ့အခွင့်အရေး ဒီမိုကရေစီရေး ငြိမ်းချမ်းရေး ပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံတခုအဖြစ် တည်ဆောက်ပေးဖို့ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့နိုင်ငံရေး လောကထဲကို စတင်ဝင်ရောက်လာခဲ့တဲ့ အချိန်ကတည်းက ခင်ပွန်းသည်၊ သားသမီးနဲ့ မိသားစုဘဝ ဆိုတဲ့ ပုဂ္ဂိုလ်ရေး အကျိုးစီးပွားတွေကို စွန့်လွှတ်စတေးပြီး အမှန်တရား၊ တရားမျှတမှုနဲ့ တိုင်းပြည်ရဲ့ ပြည်သူလူထုမျက်နှာကိုပဲ ကြည့်လာခဲ့တယ် ဆိုတာကတော့ အထူးပြောနေစရာ လိုမယ်မဟုတ်ပါဘူး။ တိုင်းပြည်အာဏာကို မတရား သိမ်းယူထားတဲ့ စစ်အစိုးရကို အံတုရင်ဆိုင်ရတဲ့ အခါတိုင်းလည်း တိုင်းပြည်နဲ့ ပြည်သူလူထု အကျိုးစီးပွားကို အဓိက အလေးထားပြီး လူကြီးလူကောင်းဆန်ခဲ့သလို သဘောထား ပျော့ပျောင်းခဲ့ပါတယ်။

ဒါပေမဲ့ ပျော့ပျောင်းသလိုပဲ မာကျောခဲ့ပါတယ်။ ဆန့်ကျင်ဘက်အားဖြင့် စစ်အာဏာသိမ်း အစိုးရကတော့ ဘယ်တုန်းကမှ လူကြီးလူကောင်း မဆံခဲ့သလို၊  ပျော့ပျောင်းနူးညံ့တယ် ဆိုတာလည်း မရှိခဲ့တာ မြန်မာတင်မက ကမ္ဘာအထိ သိကြပြီး ဖြစ်ပါတယ်။ အရက်စက်ဆုံး၊ အမိုက်ရိုင်းဆုံး၊ အယုတ်မာဆုံး၊ အကောက်ကျစ်ဆုံး၊ လူမဆန်ဆုံး ဆိုတဲ့ နည်းလမ်းတွေကိုပဲ သုံးပြီး ရဟန်းရှင်လူ ပြည်သူလူထုအားလုံးကို ဖိနှိပ်ညှဉ်းဆဲ သေနတ်မိုး အုပ်ချုပ်လာခဲ့တာပါ။

အခုအချိန်ကတော့ တကယ့်အရေးကြီးတဲ့ အချိန်ဖြစ်ပါတယ်။ ဒီမိုကရေစီ ဘက်တော်သားတွေ၊ အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုကြီး တရပ်လုံးက စစ်အစိုးရက ခေါ်ယူလိုက်တဲ့ လမ်းကြောင်းအတိုင်း၊ လျှောက်စေချင်တဲ့ လမ်းအတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရပ်တည်ရေး တခုတည်း ဦးစားပေးပြီး လိုက်သွားမလား၊ ပြည်သူလူထုကြီး တရပ်လုံးရဲ့ တကယ့်စိတ်ဆန္ဒနဲ့ လိုလားချက်တွေကို မျက်နှာလွှဲခဲပစ် လုပ်လိုက်မလားဆိုပြီး ရင်တမမနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ကို စောင့်နေကြတာပါ။

ဂန္ဒီခန်းမကိုပါ ထည့်တွက်မယ်ဆိုရင် အခုတကြိမ်ဟာ ၄ ကြိမ်မြောက် ဖြစ်လိမ့်မယ် ထင်ပါတယ်။ ဂန္ဒီခန်းမကလွဲရင် ကျန်တဲ့ အကြိမ်တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ခဲ့ပါတယ်။ အခု ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံခြေခံဥပဒေနဲ့ ကျင်းပမယ့် ရွေးကောက်ပွဲကို လက်မခံနိုင်ဘူး၊ ရွေးကောက်ပွဲဥပဒေတွေကို လက်မခံနိုင်ဘူး၊ ပါတီမှတ်ပုံမတင်တော့ဘူးလို့ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက် အပါအဝင် ဖြစ်ပါတယ်။

ဒီတကြိမ် အဆုံးအဖြတ်ကတော့ ပါတီထိပ်ပိုင်း ဗဟိုအလုပ်အမှုဆောင်တွေကပဲ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ အကျဉ်းကျခံနေတဲ့ ဗဟိုကော်မတီဝင်တွေကလွဲရင် ကျန်တဲ့ တိုးချဲ့ဗဟိုကော်မတီဝင်တွေအထိပါ ပါတယ်။

တကယ်ပဲ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုထောက်ခံပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခင်ဗျား .. ကျေးဇူးလည်း တင်ပါတယ်၊ လူထုတောင့်တနေတဲ့ တိုက်ပွဲကို ခေါ်ယူလိုက်တာပါပဲ။

တပြိုင်နက်တည်းမှာပဲ ဒီဆုံးဖြတ်ချက်ရဲ့နောက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားပြီး ဒီမိုကရေစီ ပြည်ထောင်စုတခုကို ခိုင်ခိုင်မတ်မတ် တည်ဆောက်နိုင်ဖို့ စစ်အာဏာရှင်တွေရဲ့ ဖိစီးနှိပ်ကွပ်မှု၊ ရက်စက်ကြမ်းတမ်း ကောက်ကျစ်မှုတွေကို ခုခံတန်ပြန်တိုက်ခိုက်ဖို့ မှန်ကန်တဲ့ မဟာဗျူဟာ၊ နည်းဗျူဟာတွေ အခိုင်အမာ ချမှတ်ထားဖို့ အဲဒီမဟာဗျူဟာ၊ နည်းဗျူဟာတွေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်အောင် လူထုကို ရှေ့ဆောင်လမ်းပြ လုပ်နိုင်ဖို့ ကိုယ်ကျိုးစွန့် အနစ်နာခံမယ့်သူတွေ အများကြီး ရှိဖို့ လိုအပ်ပါလိမ့်မယ်။ ဒါကိုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပြင်ဆင်ထားပြီး ဖြစ်ပါလိမ့်မယ်။

ပြည်ပက အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေအနေနဲ့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဦးဆောင်မှုနဲ့ အလံတော်အောက်ကနေပြီး စစ်အာဏာရှင်စနစ်ကို အသုံးပြုလို့ ရနိုင်သမျှ တော်လှန်ရေးနည်းနာတွေ အားလုံးကို အသုံးပြုပြီး ဆန့်ကျင်တိုက်ခိုက်သွားကြဖို့ လိုအပ်ပါလိမ့်မယ်။

ပြည်တွင်းက ပြည်သူလူထုတွေအနေနဲ့လည်း မိမိတို့ လိုလားတောင့်တနေသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရဲရဲရင့်ရင့်၊ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် ချမှတ်ထားခဲ့ပြီးဖြစ်လို့ ပါတီရဲ့ ဦးဆောင်လမ်းညွှန်မှုအတိုင်း ဖော်ဆောင်ပေးလာမယ့် တိုက်ပွဲပုံစံအတိုင်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ အရေးတကြီး လိုအပ်နေပါပြီ။ ကိုယ်နဲ့မဆိုင်ဘူး၊ အန္တရယ်များတယ်၊ ကိုယ့်စီးပွား ကိုယ်ရှာနေတာပဲ ကောင်းပါတယ် စတဲ့ အချောင်သမား စိတ်ဓာတ်တွေကို မမွေးမြူသင့်ကြပါဘူး။ ကိုယ်စီကိုယ်စီက မတရားမှု၊ မတရားတဲ့ အမိန့်အာဏာတွေကို အာခံဆန့်ကျင်ဖို့ သတ္တိမွေးကြရပါလိမ့်မယ်။ ”တယောက်အားဖြင့် ယူသော်မရ၊ တသောင်းအားဖြင့် ယူသော်ရ၏” ဆိုတဲ့ စကားအတိုင်း ပေါင်းစည်းလို့ ရနိုင်သမျှ အင်အားတွေကို ပေါင်းစည်းဖို့ ကြိုးစားကြရပါလိမ့်မယ်။

ကျနော်တို့ဘက်မှာ ပြည်သူလူထု သန်းပေါင်း ၅ဝ ကျော် ရှိပါတယ်။ စစ်အစိုးရရဲ့ဘက်မှာ ၄ သိန်းကျော်ပဲ ရှိပါတယ်။ အဲဒီအထဲမှာ ပြည်သူလူထုရဲ့ သားသမီးတွေဖြစ်တဲ့အတိုင်း ပြည်သူလူထုဘက်ကို ကူးပြောင်းပူးပေါင်းလာနိုင်မယ့် သူတွေလည်း ရှိနေကြပါသေးတယ်။ သူတို့တွေကိုလည်း အမှားကအမှန် အမှောင်က အလင်းဘက်ကို ကူးပြောင်းလာကြဖို့ စည်းရုံးသိမ်းသွင်းကြရပါလိမ့်မယ်။ သူတို့ကိုယ်တိုင်လည်း အသေအချာ စဉ်းစားရမယ့်အချိန် ဖြစ်ပါတယ်။ အမှန်တရားနဲ့ ပြည်သူလူထုကြီး တရပ်လုံးဘက်က ရပ်မလား၊ မတရားတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်ဆိုသူတွေဘက်က ရပ်တည်မလားဆိုတာပါပဲ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့ ပြည်သူလူထုကြီးရဲ့ တခဲနက် ပါဝင်ဆောင်ရွက်မှုကို ရယူပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်ပါလိမ့်မယ်။ ပြည်ပနိုင်ငံ အသီးသီးက ဒီမိုကရေစီအင်အားစုတွေ၊ လက်နက်ကိုင် အင်အားစုတွေအနေနဲ့လည်း တပြိုင်နက်တည်းမှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်ကြဖို့ အပြောမဟုတ်ဘဲ၊ အလုပ်နဲ့ တကယ်တမ်း ကြိုးစားကြရပါလိမ့်မယ်။

စိုးနေလင်း 
ရင်းမြစ်။ ။http://burmese.mizzimamedia.com/index.php?option=com_content&view=article&id=5038:2010-03-31-10-54-40&catid=3&Itemid=4

သတင်း စီးဆင်းမှု ထိန်းချုပ်ရေး ကက-ကွန် ပြင်ဆင်နေ

ပြည်တွင်း သတင်း အချက် အလက်များ ပြည်ပ မီဒီယာများသို့ စီးဆင်းမှုအား အဆင့်မြင့် နည်းပညာသုံး၍ ပိုမိုထိန်းချုပ်နိုင်ရန်  တပ်မတော် ကွန်ပျူတာ ကွန်ရက်များ ညွန်ကြားရေးမှူးရုံး (ကက-ကွန်) က တိုးမြှင့် စီစဉ်နေကြောင်း နီးစပ်သူများထံမှ သိရ သည်။

ရန်ကုန်မြို့ရှိ အင်တာနက် ကဖီးဆိုင်တဆိုင်တွင် အင်တာနက် အသုံးပြုနေသူများကို တွေ့ရစဉ်
သတင်း အချက် အလက်များ ခြေရာခံသည့် နည်းပညာများ သင်ယူရန် နိုင်ငံခြားသို့ သင်တန်း သားများ စေလွှတ်ခြင်း၊ ခေတ်မီ ဆက်သွယ်ရေး ကိရိယာများ ၀ယ်ယူရန်စီစဉ် နေခြင်းများကို ပြုလုပ်လျက် ရှိသည်ဟု ကက-ကွန် မှ အရာရှိ တဦးက ပြောဆို သည်။

“အဓိကက ပြည်ပ သတင်း မီဒီယာ တွေဆီ သတင်းတွေ ပေါက်ကြား တာကို လုံးဝ မလိုချင်တာလေ၊ ဒါကြောင့်လည်း ဆိုက်ဘာ စီးတီးကနေ ကွန်နက်ရှင်ကို နှေးအောင် လုပ်လိုက်၊ လိုင်းတွေ ဖြတ်လိုက် လုပ်နေတာ၊ အခုကတော့ ပိုအဆင့်မြင့်တဲ့ နည်းပညာတွေနဲ့ တားဆီးဖို့ သင်တန်း သားတွေ စေလွှတ်ခဲ့တာ”ဟု ၎င်းက ဆိုသည်။

ကက-ကွန် သည် ရတနာပုံ ဆိုက်ဘာစီးတီးတွင် အခြေပြု၍ သတင်းအချက်အလက်များအားလုံး စိစစ်ကြည့်ရှုနေကြောင်း သိရသည်။ 

“ရုရှား ၊အိန္ဒိယနဲ့ စင်ကာပူ နိုင်ငံတွေကို ကက-ကွန် မှာ တာဝန်ပေးဖို့ ဆိုပြီး သင်တန်းသား အယောက် ၁၅၀ လွှတ်ခဲ့တယ်''ဟု ကက-ကွန် ၀န်ထမ်းရေးရာဋ္ဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

ယင်းသင်တန်းသားများပြန်လည်ရောက်ရှိနေပြီဖြစ်၍ အသုံးပြုရန် ခေတ်မီ ပစ္စည်းကိရိယာများ လိုအပ်နေသောကြောင့် ထပ်မံ မှာယူရန်ပြင်ဆင်နေကြောင်းလည်း ၎င်းက ဆိုသည်။

ကက-ကွန် ကဲ့သို့  မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ရုံးလက်အောက်တွင်လည်း (Cyber Crime ) ဆိုက်ဘာ မူခင်းများ ဌာန ဖွဲ့စည်း ထားကြောင်း ယင်းဋ္ဌာနမှ ဒုရဲအုပ် တဦးက ပြောပြသည်။

“အဓိက လုပ်ငန်းတွေက ဆိုက်ဘာအသုံးပြုပြီးဖြစ်လာမယ့် မှုခင်းအန္တရာယ်တားဆီးရေးလို့ ဆိုပြီး ပြောထားပေမယ့် တကယ့် အလုပ်ကတော့  ဆိုက်ဘာအသုံးပြုသူတွေဘာတွေ သုံးသွားတယ်၊ ဘယ်သူတွေနဲ့ဆက်သွယ်တယ်ဆိုတာတွေ စိစစ်တာ၊ အင်တာနက် သုံးတဲ့သူတွေအတွက်ကတော့ လုံခြုံစိတ်ချမှုမရှိတာအမှန်ပဲ''ဟု အထက်ပါ ဒုရဲအုပ်က ပြောသည်။ 

အင်အား ၁၅၀ ခန့်ဖြင့် ဖွဲ့စည်းထားပြီး ရုရှား ၊ အိန္ဒိယ နှင့်စင်ကာပူ နိုင်ငံများတွင်  သင်တန်းတက်ရောက်ထားကြကြောင်း၊
ယင်း ဌာန၏ အကြီးအကဲမှာ နိုင်ငံဖြတ်ကျော်မှုခင်းများဌာန အကြီးအကဲ ရဲမှူးကြီး စစ်အေး ဖြစ်ကြောင်းသိရသည်။

ပြင်သစ် အခြေစိုက် Alcatel Shanghai Bell ကုမ္ပဏီသည် ပြင်ဦးလွင် ရှိ ရတနာပုံ တယ်လီပို့ တွင် ဆောဖ့်ဝဲ ထုတ်လုပ်မှု လုပ်ငန်းအတွက် စစ်အစိုးရ နှင့် အကျိုးတူပူးပေါင်း လုပ်ကိုင်လျက်ရှိရာ ပြီးခဲ့သည့်နှစ်အတွင်း ဆက်သွယ်ရေး ပစ္စည်း အမေရိကန် ဒေါ်လာ သိန်း ၆၀ ကျော်ဖိုး ရောင်းချခဲ့ပြီးကြောင်း မြန်မာ့ဆက်သွယ်ရေးဝန်ကြီးဌာနက ပြောသည်။

Alcatel Shanghai ကုမ္ပဏီ၏ ရန်ကုန် ဌာနခွဲ ကို ကမ္ဘာအေး ဘုရားလမ်းရှိ ဆီဒိုနားဟိုတယ် ငါးထပ်မြောက်တွင် ဖွင့်လှစ်ထားပြီး  စစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်တချို့နှင့် နီးစပ်သည့် ကုမ္ပဏီတခုဖြစ်ကြောင်း သိရသည်။

နရီလင်းလက် 
ရင်းမြစ်။ ။ဧရာဝတီ 

မြန်မာနိုင်ငံကို ဖိအားပေးဖို့ အမေရိကန် အမတ်များ တိုက်တွန်း



အမေရိကန် နိုင်ငံရေးလောကမှာ အရှိန်အ၀ါ ကြီးမားတဲ့ အထက်လွှတ်တော်အမတ် ၉ ဦးတို့က မြန်မာစစ်အစိုးရကို ပိုပြီး တင်းတင်းကျပ်ကျပ် ဖိအားပေးနိုင်အောင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်နဲ့ မူဝါဒ ညှိနှိုင်းရေးမှူး ခန့်ထားဖို့နဲ့ စစ်အစိုးရရဲ့ လက်ဝေခံ စီးပွားရေးသမားတွေကို ပိုမိုဖော်ထုတ် ဒဏ်ခတ်ဖို့အတွက် သမ္မတ အိုဘားမား (Obama) ဆီကို စာတစောင် ရေးသား တောင်းဆိုလိုက်ကြပါတယ်။
ရီပတ်ဘလီကန် အမတ်တွေ ဖြစ်ကြတဲ့ အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် မစ်ခ်ျ မက်ကောနယ် (Mitch McConnell) နဲ့ သမ္မတ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခဲ့သူ ဂျွန် မက်ကိန်း (John McCain) တို့နဲ့အတူ ထင်ရှားတဲ့ ဒီမိုကရက်အမတ် ဘောက်ဆာ (Boxer) လည်း ပါဝင်ပြီး လက်မှတ်ရေးထိုးပါတယ်။ ဒီတောင်းဆိုချက်နဲ့ ပတ်သက်ပြီး ဘယ်လောက် အရေးပါသလဲဆိုတာ ဦးကျော်ဇံသာက တင်ပြပေးထားပါတယ်။
တကယ်တော့ ဒီ ဆီနိတ်တာ (Senator) တွေရဲ့ တောင်းဆိုချက်ဟာ သမ္မတဘုရှ် (Bush) လက်ထက် ၂၀၀၈ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ Jade Act လို့ခေါ်တဲ့ ကျောက်စိမ်းဥပဒေမှာ ပြဋ္ဌာန်းထားပေမဲ့ အကောင်အထည် မဖော်ရသေးတဲ့ အချက်တွေ ဖြစ်ပါတယ်။ သမ္မတ အိုဘားမား တက်လာတော့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒကို ပြန်လည်သုံးသပ်ပြီး ဒီမိုကရေစီရေး ရှေးရှုတဲ့ လုပ်ရပ်တွေကို စစ်အစိုးရဘက်က တကယ်လုပ်ရင် ဆက်ဆံရေး တိုးမြှင့်မယ်ဆိုတဲ့ မူအရ ဒါတွေကို ဆက်မလုပ်ဘဲ ရပ်ထားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ အခုအခါမှာ မမျှတတဲ့ ရွေးကောက်ပွဲ ဥပဒေ၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေး အကျဉ်းသားတွေကို NLD ပါတီနဲ့ သက်ဆိုင်ရာပါတီက ဖယ်ထုတ်ရမယ်လို့ အတင်းအကျပ် လုပ်ထားတဲ့ ဥပဒေတွေကြောင့် ဒီကျောက်စိမ်းဥပဒေ အတိုင်း အတိအကျ အကောင်အထည်ဖော်ဖို့ အချိန်ကျရောက်လာပြီ ဆိုပြီး သမ္မတ အိုဘားမားကို ဆီနိတ်တာတွေက တောင်းဆိုကြတာ ဖြစ်ပါတယ်။
သူတို့တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး USCB ခေါ် အမေရိကန် ပြည်ထောင်စု မြန်မာ့အရေး လှုပ်ရှားတဲ့အဖွဲ့က ကိုအောင်ဒင်က အခုလို ရှင်းပြပါတယ်။
“သူတို့အားလုံး တောင်းဆိုတာက ၂၀၀၈ ခုနှစ်ထဲက ချထားတဲ့ Tom Lantos Block Burma Jade Act ဆိုတာ ရှိတယ်။ အဲဒီမှာပါတဲ့ အချက်တွေကို ဖြည့်ဆည်းပေးဖို့ တောင်းဆိုတာပါ။ နံပါတ်တစ်အချက် မြန်မာနိုင်ငံဆိုင်ရာ Special Coordinator အထူးကိုယ်စားလှယ်နဲ့ Policy Coordinator ခန့်ဖို့ဆိုတာ ၂၀၀၈ ခုနှစ်ကတည်းက ဥပဒေ ပြဋ္ဌာန်းပြီးသား ဖြစ်တယ်။ အခု ၂၀၁၀ ရောက်ပြီ၊ သမ္မတ အိုဘားမားက တယောက်မှ အမည်စာရင်း တင်သွင်းတာတောင် မလုပ်ရသေးဘူး။
“အခုချိန်မှာ မြန်မာပြည် အရေးကိစ္စကို အမေရိကန် အစိုးရက လေးလေးနက်နက် ဆောင်ရွက်တယ် ဆိုတာကို ထင်ထင်ရှားရှား ပြချင်တယ်ဆိုရင် ဒီရာထူးကို အမြန်ဆုံးခန့်ဖို့ လိုအပ်တယ်။ အဲဒီလို ခန့်မှလည်း အမေရိကန် အစိုးရရဲ့ လက်ရှိ မူဝါဒတွေကို သတ်သတ်မှတ်မှတ် တာဝန်ပေးတဲ့ ပုဂ္ဂိုလ်က ပိုပြီးတော့ ထိထိရောက်ရောက် ကိုင်တွယ်နိုင်မှာပါ။ ဆိုတော့ အခုလို တောင်းဆိုတာ ဖြစ်ပါတယ်။
“ဒုတိယအချက်လည်း အတူတူပဲ၊ သမ္မတဘုရှ် လက်ထက်ကတည်းက မြန်မာစစ်အစိုးရရဲ့ အလိုတော်ရိ စီးပွားရေးသမားတွေ အပေါ်မှာ ပစ်မှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှု လုပ်ခဲ့တာ ရှိတယ်။ အဲဒါကို သမ္မတဘုရှ် လက်ထက်ကတည်းက ချမှတ်ခဲ့တဲ့ ဥပဒေအရ ဆက်ပြီးတော့ အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာနက နအဖအလိုကျ စီးပွားရေး သမားတွေကို ရှာဖွေ ဖော်ထုတ်ပြီးတော့ စီးပွားရေးအရ အရေးယူ ဒဏ်ခတ်ရမှာ။ ဒါပေမဲ့ အဲဒါကိုလည်း မလုပ်ဖြစ်တာ ၂ နှစ်လောက် ရှိသွားပြီ။”
စစ်အစိုးရရဲ့ အလိုတော်ရိ စီးပွားရေးသမားတွေကို ဒဏ်ခတ် အရေးယူရေးဆိုတဲ့ ကိစ္စမှာ ဦးတေဇ၊ စတီဗင်လောနဲ့ ဦးပိုင်လီမိတက် စတဲ့ စီးပွားရေး လုပ်ငန်းရှင်တချို့၊ စီးပွားရေးလုပ်ငန်း တချို့ကို အရေးယူခဲ့တာ ရှိပေမဲ့ သမ္မတ အိုဘားမား တက်လာပြီးနောက် ထပ်ပြီး အလားတူ စီးပွားရေး လုပ်ငန်းတွေကို ရှာဖွေ ဖော်ထုတ် ဒဏ်ခတ်တာမျိုးကို ရပ်ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။
ဒီဟာ ဘယ်လောက် အရေးပါသလဲဆိုတော့ အချက် ၂ ချက် တွေ့ရပါမယ်။ ပထမတချက်က ဒီစာကို ရေးသား တောင်းဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ အမေရိကန် နိုင်ငံရေးမှာ အင်မတန် သြဇာတိက္ကမ ကြီးမားတဲ့ ၀ါရင့် အထက်လွှတ်တော် အမတ်ကြီးတွေ ဖြစ်ပါတယ်။ အာဏာရပါတီရော အတိုက်အခံ ပါတီကပါ ပါဝင်ပြီး လက်မှတ်ရေးထိုးထားကြတာ ဖြစ်ပါတယ်။ နောက်တချက်က အိုဘားမားရဲ့ မူဝါဒသစ်အရ လုပ်ဆောင်နေတဲ့ စစ်အစိုးရနဲ့ ဆွေးနွေးမှုတွေဟာ အလားအလာ မရှိတော့ဘူးဆိုတာ ပြသလိုက်တဲ့ အချက်ပဲ ဖြစ်ပါတယ်ဆိုပြီး ကိုအောင်ဒင်က ရှင်းပြပါတယ်။
“အဓိကတော့ အမေရိကန် အစိုးရနဲ့ မြန်မာစစ်အစိုးရအကြား လုပ်နေတဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ မအောင်မြင်ဘူး ဆိုတာကို အထင်အရှား ပြတာပဲလေ။ အဲဒီလို မအောင်မြင်တဲ့ အတွက်ကြောင့် အမေရိကန် အစိုးရနဲ့ တကမ္ဘာလုံးက တောင်းဆိုနေတဲ့ကြားက နအဖက တဖက်သတ် လုပ်ရပ်တွေ လုပ်နေတဲ့အခါမှာ အမေရိကန် အစိုးရက နအဖလုပ်တဲ့ လှုပ်ရှားမှုနဲ့ တန်းတူတဲ့ တုံ့ပြန်မှုပေါ့ဗျာ။ အမှန်တော့ ကောင်းတာလုပ်ရင် ကောင်းတဲ့အလျောက် တုံ့ပြန်ဖို့ အစီအစဉ် ရှိပြီးသား။ ကောင်းတာမလုပ်တဲ့ အတွက်ကြောင့် ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ပြန်လုပ်ဖို့။
“အဲဒါနဲ့ ပတ်သက်လို့ မြန်မာစစ်အစိုးရ အပေါ်မှာ အကျိုးသက်ရောက်မှု ဘယ်လောက်ရှိမယ်ဆိုတာ ကျနော်တို့ ပြောလို့မရနိုင်ဘူး။ ရှိတာကတော့ မြန်မာစစ်အစိုးရနဲ့ ပူးပေါင်းပြီး တိုင်းပြည်ကို ဆင်းရဲတွင်းထဲ ပို့နေတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ အတွက်တော့ ပြဿနာ ရှိနိုင်တယ်။ နောက် မြန်မာစစ်အစိုးရ ရွေးကောက်ပွဲကို ထောက်ခံဖို့ အာသီသ ပြင်းပြနေတဲ့ တချို့ နိုင်ငံတကာ အစိုးရတွေ အတွက်လည်း အမေရိကန် အစိုးရရဲ့ မကျေနပ်မှုနဲ့ အသိအမှတ် မပြုမှုက ဒီအတွက် အဟန့်အတား ဖြစ်စေနိုင်တယ်။”
အမေရိကန် အထက်လွှတ်တော်မှာ ဂျင်မ်ဝက်ဘ် (Jim Webb) လို စစ်အစိုးရနဲ့ သင့်မြတ်လိုတဲ့ သဘောထားရှိသူတွေ ရှိတယ်ဆိုပေမဲ့ သူတို့ရဲ့ အရှိန်အ၀ါဟာ အခု လက်မှတ်ရေးထိုးကြတဲ့ ပုဂ္ဂိုလ်တွေရဲ့ အရှိန်အ၀ါကို ထိုးဖောက်နိုင်လိမ့်မယ် မဟုတ်ဘူးလို့လည်း ကိုအောင်ဒင်က သုံးသပ်သွားပါတယ်။

ရင်းမြစ်။ ။http://www.voanews.com/burmese/2010-03-31-voa1.cfm?rss=topstories

မှတ်ပုံတင်ရန်နှင့်ရွေးကောက်ပွဲကာလ အသုံးစရိတ် အတွက် နိုင်ငံရေး ပါတီ သစ်များ ရန်ပုံငွေ ရှာ



၂၀၁၀ ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် နိုင်ငံရေး ပါတီသစ်များ မှတ်ပုံ တင်ရန် နှင့် ရွေးကောက်ပွဲ ကာလ အသုံး စရိတ်များ အတွက် ပါတီ ရန်ပုံငွေများ ရှာဖွေ နေကြပြီဟု နိုင်ငံရေး ပါတီ အချို့၏ ဦးဆောင်သူ များက ပြောသည်။ ၎င်းတို့ အနေဖြင့် ထိုကဲ့သို့ ပါတီ ရန်ပုံငွေ ကောက်ခံ ရာတွင် ပါတီ၏ မူဝါဒ စာအုပ်ကို အလှူရှင်များအား ဖတ်ကြည့် စေပြီး အလှူရှင်များက ၎င်းတို့ပါ တီ၏ မူဝါဒ သဘောထားကို နှစ်သက် လက်ခံ မှသာ အလှူငွေ ထည့်ဝင် နိုင်သည်။ ထိုသို့ အလှူခံ ရာတွင် လည်း မူဝါဒ၊ စာရင်း ဇယား များကို တိတိ ကျကျ ပြုလုပ် ထားသည်ဟု မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေး ပါတီမှ ဦးတင်မောင်အေးက ပြောသည်။ နိုင်ငံရေး ပါတီများ မှတ်ပုံ တင်ခြင်း ဆိုင်ရာ ဥပဒေများ အရ ပါတီ မှတ်ပုံ တင်ကြေး အဖြစ် ငွေကျပ် သုံးသိန်း၊ ကိုယ်စားလှယ် မှတ်ပုံတင်ကြေး အဖြစ် ကိုယ်စားလှယ်လောင်း တစ်ဦးလျှင် ငွေကျပ် ငါးသိန်း ပေးသွင်း ရမည် ဖြစ်သည်။

မကြာမီ ရွေးကောက်ပွဲ ကော်မရှင်သို့ ပါတီ တည်ထောင်ခွင့် လျှောက်လွှာ သွားရောက် တင်ခဲ့သည့် ပါတီ တည်ထောင်လိုသူ အဖွဲ့ဝင် ၂၇ ဦးပါ ၈၈ မျိုးဆက် ကျောင်းသား လူငယ်များ ( ပြည်ထောင်စုမြန် မာနိုင်ငံ) ပါတီ ကလည်း တည်ထောင် လိုသူ တစ်ဦးလျှင် ကျပ် တစ်သိန်း ကျစီ မတည်ကာ ပါတီ ကို ဖွဲ့စည်း ခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ အဖွဲ့၏ ဥက္ကဋ္ဌ ဦးရဲထွန်းက ပြောသည်။ လက်ရှိတွင် ၎င်းတို့ ပါတီ အနေဖြင့် ပါတီ အမှုဆောင် များထဲမှ တတ်နိုင် သူများ၏ တစ်လလျှင် ကျပ်တစ်သိန်း ထည့်ဝင်ငွေဖြင့် လည်းကောင်း၊ အပတ်စဉ် အစည်း အဝေး လုပ်ရာတွင် အလုပ် အမှုဆောင် များ ၏ ထည့်ဝင်ငွေ ကျပ် တစ်ထောင် နှင့် တခြား ကိုယ်ပိုင် ငွေများဖြင့် လည်းကောင်း ပါတီ သည် ရပ်တည် နေရ သည်ဟု ဦးသုဝေက ပြောသည်။

မန္တလေး အခြေစိုက် ဝံသာနု NLD ( ပြည်ထောင်စု မြန်မာနိုင်ငံ) က ပါတီ ရန်ပုံငွေ ကောက်ခံခြင်း နှင့် ပတ်သက်၍ ပါတီ အတွင်း စည်းမျဉ်း စည်းကမ်းများ ရေးဆွဲ နေတုန်းပင် ရှိသေးပြီး ထည့်ဝင် လာသည့် ရန်ပုံငွေ များကိုလည်း စိစစ် လက်ခံ သွားမည်ဟု ပါတီ၏ အလှည့်ကျ ဥက္ကဋ္ဌ ဒေါ်နန်းရွှေကြာက ပြောသည်။ ရွေးကောက်ပွဲ ကာလ အတွင်း အသုံးစရိတ် ကျပ်သိန်း တစ်ရာထက် ပို သုံးနိုင် သူများ ရှိနိုင်ပြီး ထိုသူများ နှင့် ကွာခြားချက် မကြီးနိုင်ရန် နိုင်ငံတော်က ရွေးကောက်ပွဲ အသုံး စရိတ်ကျပ် သိန်း တစ်ရာထက် မကျော် လွန်အောင် ကန့်သတ် ထားသည်ကို ၎င်းတို့ အနေဖြင့် ကြိုဆိုသည်ဟု ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ၏ ဥက္ကဋ္ဌ ဦးရဲထွန်းက ဆိုသည်။

နိုင်ငံရေး ပါတီ တစ်ခု အနေဖြင့် နိုင်ငံခြား တိုင်းပြည် တစ်ခုခု၏ အစိုးရ သို့မဟုတ် ဘာသာရေး အဖွဲ့ အစည်း သို့မဟုတ် အခြား အဖွဲ့ အစည်း တစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ် တစ်ဦးဦး ထံမှ ငွေကြေး၊ ပစ္စည်း၊ အခြား အထောက် အပံ့မှ ငွေကြေး၊ ပစ္စည်း၊ အခြား အထောက် အပံ့တို့ကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ရယူ သုံးစွဲခြင်း၊ သို့မဟုတ် ယင်းတို့၏ သြဇာခံ ယူခြင်း ပြုသည့် အဖွဲ့အစည်း ဖြစ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တွေ့ရှိလျှင် ပါတီ မှတ်ပုံတင် ခွင့်ပြု ခဲ့ခြင်းကို ပယ်ဖျက် ခံရမည် ဖြစ်ကြောင်း နိုင်ငံရေး ပါတီများ မှတ်ပုံ တင်ခြင်း နည်းဥပဒေ များ၊ အခန်း(၃) မှတ်ပုံ တင်ခွင့် ပြုခြင်း မှတ်ပုံတင် ပယ်ဖြတ်ခြင်း တွင် ဖော်ပြ ထားကြောင်း ၂၀၁၀ ခုနှစ် မတ်လ ၃၀ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြ ထားသည်။

၂၉ . ၃ . ၂၀၁၀
(မှတ်ချက်။ ။ အထက်ပါ သတင်းတွင် ပါဝင်သော ဓာတ်ပုံ များကို အံ့ဘုန်းမြတ် ၀ပ်ဆိုဒ်မှ ကူးယူ ဖော်ပြသည်။)

စစ်ရာဇ၀တ်မှုဆိုတာ ဘာလဲ

 သဟိတ်ဂ်မြို့မှာ ဘော့စနီးယားဆာ့ဘ်ခေါင်းဆောင်ဟောင်း ရာဒိုဗန်ကရာဇစ်ကို ရုံးတင်စစ်ဆေးကြားနာနေမှုက စစ်ရာဇ၀တ်မှုဆိုင်ရာ တရားရုံးတင် စစ်ဆေးကြားနာမှုအပေါ် အာရုံစူးစိုက်မှုအသစ်တခု ပေါ်ထွက်လာစေခဲ့ပါတယ်။ ဒါပေမယ့် စစ်ရာဇ၀တ်မှုနဲ့ ပတ်သက်တဲ့ တိကျတဲ့ ဖွင့်ဆိုချက်တွေက ဘာတွေလဲ။ အဲဒီရာဇ၀တ်မှုတွေကို ဘာဥပဒေတွေနဲ့ စစ်ဆေးမှာလဲ။ အဲဒီလိုရာဇ၀တ်မှုမျိုး ကျူးလွန်တယ်လို့ သံသယရှိသူတဦးကို ရုံးတင်တရားစွဲဆိုဖို့ ဘယ်သူ့မှာ အခွင့်အရေးရှိသလဲ။

စစ်ရာဇ၀တ်မှုဆိုတဲ့ အယူအဆ ပေါ်လာတာ သိပ်မကြာသေးပါဘူး။ ဒုတိယကမ္ဘာစစ်မတိုင်မီက စစ်ရဲ့ ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းတဲ့ ကိစ္စတွေဟာ စစ်ပွဲတွေမှာ ပေါ်ပေါက်လေ့ရှိတဲ့ သဘာဝကျတဲ့ ကိစ္စတွေပဲလို့ ယေဘုယျလက်ခံခဲ့ကြပါတယ်။ ဒါပေမယ့် ဒုတိယကမ္ဘာစစ်အတွင်း နာဇီတပ်ဦးက အဓိကအားဖြင့် ဂျူးတွေဖြစ်ကြတဲ့ လူသန်းပေါင်းများစွာတို့ကို သတ်ဖြတ်ခဲ့မှု၊ ဂျပန်က စစ်သုံ့ပန်းတွေနဲ့ အရပ်သားတွေအပေါ် မတော်မတရား ပြုမူမှုတွေက အဲဒီလိုမျိုးရာဇ၀တ်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ သူတို့ယုံကြည်တဲ့ လူတွေကို ရုံးတင်တရားစွဲဆိုစေဖို့ မဟာမိတ်နိုင်ငံခေါင်းဆောင်တွေကို လှုံ့ဆော်ခဲ့ပါတယ်။

၁၉၄၅ နဲ့ ၁၉၄၆ မှာ ပေါ်ပေါက်လာခဲ့တဲ့ နုရင်ဘတ်ခုံရုံး စစ်ဆေးကြားနာမှုတွေက နာဇီခေါင်းဆောင် (၁၂) ဦးကို ကွပ်မျက်စီရင်တဲ့အထိ ဦးတည်သွားစေခဲ့ပါတယ်။ အလားတူ စစ်ဆေးကြားနာမှုတခု ၁၉၄၈ ခုနှစ်က တိုကျိုမှာ ပေါ်ထွက်လာခဲ့ ပါတယ်။ မဟာမိတ်ခေါင်းဆောင်တွေက ဂျပန်ဘုရင် ဟီရိုဟီတိုကို ချန်ထားခဲ့ပေမယ့် ဂျပန်စစ်ခေါင်းဆောင် (၇) ဦးကိုတော့ ကြိုးပေးကွပ်မျက်ခဲ့ကြပါတယ်။

အဲဒီကြားနာမှုတွေဟာ ဒီကနေ့ သဟိတ်ဂ်မြို့ ခုံရုံးက ကြားနာစစ်ဆေးနေတဲ့ အမှုတွေအတွက် အနှစ်သာရအားဖြင့် နမူနာတွေ ဖြစ်ကြပါတယ်။ ဒါ့အပြင် တရားမျှတမှုမရှိဘူးလို့ ခံစားနေကြရတဲ့ နိုင်ငံအစိုးရတွေက သူတို့နည်း သူတို့ဟန်နဲ့ ဦးဆောင်လုပ်ကိုင်ခဲ့ကြတာတွေ ရှိပါတယ်။

“စစ်ရာဇ၀တ်မှုသဘောတရားရဲ့ အချက်အချာ အယူအဆဆိုတာ နိုင်ငံတခု ဒါမှမဟုတ် အဲဒီနိုင်ငံက လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေရဲ့ လုပ်ရပ်တွေအတွက် လူတယောက်ကို တာဝန်ရှိသူအဖြစ် သဘောထားနိုင်တယ်ဆိုတဲ့ အယူအဆဖြစ်ပါတယ်”

အဲဒီအယူအဆနဲ့ ပတ်သက်ပြီး အထင်ရှားဆုံး အဖြစ်အပျက်က ၁၉၆၀ မှာ ဖြစ်ပျက်ခဲ့ပါတယ်။ နာဇီတွေရဲ့ သေမင်းတမန် အကျဉ်းစခန်းတွေ ထူထောင်မှုနဲ့ ဟော်လိုကော့စ် ငရဲခန်းတွေ ဖန်တီးတဲ့ မူဝါဒတွေမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ခဲ့တဲ့ နာမည်ကြီး နာဇီအရာရှိတဦးဖြစ်တဲ့ အဒေါ့အိုက်ခမန်းကို အစ္စရေး လျှို့ဝှက်ထောက်လှမ်းရေးတွေက အဲဒီနှစ်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ သူ့ကို တွေ့ရှိခဲ့ရာ အာဂျင်တီးနားနိုင်ငံထဲက ခိုးထုတ်ပြီး အစ္စရေးနိုင်ငံကို ခေါ်ဆောင်သွားကာ အဲဒီမှာ ရုံးတင်စစ်ဆေးကြားနာပါတယ်။ နောက်ဆုံးမှာ သူကို့ ကြိုးပေးစီရင်လိုက်ပါတယ်။

အဲဒီထက်ပိုပြီး နောက်ကျတဲ့ နောက်ထပ်ဥပမာတခုကတော့ ပြင်သစ်ကို နာဇီတွေ သိမ်းပိုက်ထားတဲ့ ကာလအတွင်းက ထိပ်တန်း နာဇီခေါင်းဆောင်တဦးဖြစ်ခဲ့သူ ကလော့စ်ဘာဘီကို ၁၉၈၇ ခုနှစ်မှာ ရုံးတင်စစ်ဆေးကြားနာခဲ့မှုဖြစ်ပါတယ်။ သူ့ကို တရားရုံးက ထောင်ဒဏ်တသက်တကျွန်း ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

စစ်ရာဇ၀တ်မှုဆိုင်ရာ ဥပဒေစု

နိုင်ငံတခု ဒါမှမဟုတ် အဲဒီနိုင်ငံက လက်နက်ကိုင်တပ်ပွဲဝင်တွေရဲ့ လုပ်ရပ်တွေအတွက် လူပုဂ္ဂိုလ် တဦးတယောက်ကို တာဝန်ရှိသူအဖြစ် သတ်မှတ်နိုင်တယ်ဆိုတဲ့ အယူအဆဟာ စစ်ရာဇ၀တ်မှု သဘောတရားရဲ့ ပင်မအချက်အခြာ အယူအဆပါ။

လူမျိုးတုံးသုတ်သင်မှု၊ လူသားဖြစ်မှုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု၊ စစ်အတွင်း အရပ်သားတွေ ဒါမှမဟုတ် ရန်သူစစ်သားတွေအပေါ် မတော်မတရား ပြုမူဆက်ဆံမှု အဲဒါတွေအားလုံးဟာ စစ်ရာဇ၀တ်မှုဆိုတဲ့ စကားရပ်ထဲမှာ အကျုံးဝင်ပါတယ်။ အဲဒီရာဇ၀တ်မှုတွေထဲမှာ အဆိုးဆုံးက လူမျိုးတုံးသုတ်သင်မှုပါ။

စစ်ရာဇ၀တ်မှုတခုအဖြစ် အဓိပ္ပာယ်သတ်မှတ်ဖွင့်ဆိုတဲ့ ဥပဒေစုတွေကတော့ “စစ်မက်ရေးရာ ဥပဒေနဲ့ ဓလေ့ထုံးတမ်းတွေ” အဖြစ် ရည်ညွှန်းလေ့ရှိတဲ့၊ ပိုမိုကျယ်ပြန့်ပြီး ပိုမိုသက်တမ်းရင့်တဲ့ ဥပဒေတွေဖြစ်တဲ့ “ဂျီနီဗာ သဘောတူညီချက်များ” နဲ့ ယူဂိုစလားဗီးယားနိုင်ငံဟောင်းအမှုကို ကိုင်တွယ်တဲ့ သဟိတ်ဂ်မြို့က “နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICTY)” အတွက် သတ်မှတ်ပြဋ္ဌာန်းထားတဲ့ ဥပဒေ၊ နည်းဥပဒေတွေပဲဖြစ်ပါတယ်။

စတုတ္ထမြောက် ဂျီနီဗာသဘောတူညီချက်ရဲ့ ပုဒ်မ (၁၄၇) က စစ်ရာဇ၀တ်မှုများကို ဟောသလို ဖွင့်ဆိုထားပါတယ်။

“လူတယောက်အား ဒုက္ခကြီးစွာ ခံစားရစေရန် တမင်ရည်ရွယ်၍ ပြုလုပ်ခြင်း သို့မဟုတ် လူတယောက်၏ ခန္ဓာကိုယ် သို့မဟုတ် ကျန်းမာရေးအပေါ် ပြင်းထန်သော ဒဏ်ရာအနာတရ ဖြစ်စေရန် တမင်ရည်ရွယ်ပြုလုပ်ခြင်းတို့အပါအ၀င် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း သို့မဟုတ် လူမဆန်စွာ ပြုမူခြင်း၊ တရားဥပဒေနှင့် မညီသော နှင်ထုတ်မှု သို့မဟုတ် လွှဲပြောင်းပေးအပ်မှု သို့မဟုတ် ကာကွယ်စောင့်ရှောက်မှုပေးရမည့် သူတဦးအား တရားဥပဒေနှင့် မလျော်ညီစွာ ကန့်သတ်တားမြစ်ထားခြင်း၊ ကာကွယ်စောင့်ရှောက်မှု ပေးထားသူတဦးအား ရန်သူစစ်တပ်ဖွဲ့များတွင် အတင်းအကျပ် တာဝန်ထမ်းဆောင်စေခြင်း သို့မဟုတ် ကာကွယ်စောင့်ရှောက်မှုပေးရမည့် သူတဦး၏ တရားသဖြင့် ရထိုက်သော အခွင့်အရေးများနှင့် ပုံမှန်တရားရင်ဆိုင်မှုကို ငြင်းပယ်ခြင်း” တို့ ဖြစ်ပါတယ်။

စစ်ရေးလိုအပ်ချက်ကြောင့် မဟုတ်ဘဲ ဓားစာခံဖမ်းဆီးခြင်း၊ သူတပါးပိုင် ပစ္စည်းများကို အလွန်အကျွံ ဖျက်ဆီးခြင်းနှင့် သိမ်းယူခြင်း၊ ယင်းလုပ်ရပ်များကို တရားဥပဒေနှင့် အညီမဟုတ်ဘဲ အကြောင်းမဲ့သက်သက်ပြုလုပ်ခြင်း။

အထက်ပါလုပ်ရပ်များသည် အခြေခံအားဖြင့် စစ်ရာဇ၀တ်မှုမြောက်သော လုပ်ရပ်များဖြစ်သည်ဟု နိုင်ငံတကာရှေ့နေများက ပြောဆိုကြသည်။

၁၉၉၂ မှစ၍ ယူဂိုစလားဗီးယားနိုင်ငံဟောင်းတွင် “စစ်မက်ရေးရာ ဥပဒေသများ သို့မဟုတ် ဓလေ့ထုံးတမ်းများ” ကို ချိုးဖောက်ခဲ့သည်ဟု စွပ်စွဲခံထားရသူများအဖြစ် သံသယရှိသူများအား ရုံးတင်တရားစွဲဆို စစ်ဆေးကြားနာရန် မိမိတို့တွင် အခွင့်အရေးရှိသည်ဟု သဟိတ်ဂ်မြို့ အခြေစိုက် နိုင်ငံတကာတရားရုံးက ပြောဆိုသည်။ ဤသို့သော စစ်ဥပဒေချိုးဖောက်မှုမျိုးများအတွက် ပုဒ်မ (၃) တွင် ဥပမာများပေးထားသည်။

ပုဒ်မ (၃)

- စစ်ရေးလိုအပ်ချက်အရ မြို့ရွာများကို ဖျက်ဆီးချေမှုန်းခြင်း။

- မည်သည့်အကြောင်းပြချက်ဖြင့်ဖြစ်စေ အကာအကွယ်မဲ့နေသော မြို့၊ ရွာ၊ အိုးအိမ်အဆောက်အဦများအား တိုက်ခိုက်ခြင်း၊ ဗုံးကြဲခြင်း။

- ဘာသာရေး၊ ပရဟိတ၊ ကျန်းမာရေး၊ အနုပညာနှင့် သိပ္ပံဆိုင်ရာ အဆောက်အဦများ၊ သမိုင်းဝင်အထိမ်းအမှတ် အဆောက်အဦများနှင့် အနုပညာလက်ရာပစ္စည်းများကို သိမ်းပိုက်ခြင်း သို့မဟုတ် တမင်သက်သက် ဖျက်ဆီးခြင်း။

- ပြည်သူပိုင် သို့မဟုတ် ပုဂ္ဂလိကပိုင် ပစ္စည်းများကို လုယူခြင်း။

စစ်ပွဲအတွင်းဖြစ်သော်လည်း အရပ်သားများအား ပစ်မှတ်ထား ကျူးလွန်ကြသော ရာဇ၀တ်မှုများကို လူသားထုအပေါ် ကျူးလွန်သော ရာဇ၀တ်မှုများအဖြစ် ခုံရုံးက အဓိပ္ပာယ်ဖွင့်ဆိုသတ်မှတ်သည်။ ယင်းနှင့် ပတ်သက်သော ဥပမာများကို ပုဒ်မ (၅) တွင် အောက်ပါအတိုင်း ထပ်မံဖော်ပြထားသည်။

- လူသတ်မှု၊ မျိုးဖြုတ်မှု၊ ကျွန်ပြုမှု၊ နှင်ထုတ်မှု၊ အကျဉ်းချမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ အဓမ္မကျင့်မှု၊ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေးအကြောင်းအပေါ် မူတည်၍ သတ်ဖြတ်မှု။

- နိုင်ငံသားတစု၊ မျိုးနွယ်စုတစု၊ လူမျိုးစုတစု သို့မဟုတ် ဘာသာဝင်တစုအား ယင်းတို့ အားလုံးကိုဖြစ်စေ၊ တစိတ်တပိုင်းကိုဖြစ်စေ ဖျက်ဆီးရန် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်သော လုပ်ရပ်များအား လူမျိုးတုံးသုတ်သင်မှုအဖြစ် ခုံရုံးက ဖွင့်ဆိုသတ်မှတ်သည်။

သို့သော် စစ်ရာဇ၀တ်မှုဆိုင်ရာ ဥပဒေမှာ အဆက်မပြတ် ဖြစ်ပေါ်တိုးတက်နေသည်။ ၂၀၀၁ ဖေဖော်ဝါရီတွင် သဟိတ်ဂ်မြို့ ခုံရုံးက အမျိုးသမီးများအား အစုလိုက်အပြုံလိုက် စနစ်တကျ အဓမ္မပြုကျင့်မှုနှင့် စစ်ဖြစ်နေစဉ် အမျိုးသမီးများအား လိင်ကျွန်ပြုခြင်းတို့သည် စစ်ရာဇ၀တ်မှုမြောက်သည်ဟု ဆုံးဖြတ်ခဲ့သည်။

ထိုအချိန်မှစ၍ အမျိုးသမီးများအား အစုလိုက်အပြုံလိုက် အဓမ္မပြုကျင့်ခြင်းနှင့် အဓမ္မပြုကျင့်ခြင်းအား စစ်လက်နက်တခုအဖြစ် အသုံးပြုခြင်းတို့သည် စစ်၏ ဓလေ့ထုံးတမ်းများကို ချိုးဖောက်မှုတခုအဖြစ်မှ လူမျိုးတုံးသုတ်သင်မှုပြီးလျှင် ဒုတိယအကြီးဖြစ်သော စစ်ရာဇ၀တ်မှုတခုအဖြစ်သို့ ရောက်ရှိခဲ့သည်။

စစ်ရာဇ၀တ်မှုတခုကိုရှာဖွေခြင်း

စစ်ရာဇ၀တ်တခုကို ရှာဖွေရန်မှာ အမြဲတမ်းလွယ်ကူသော အလုပ်တခုမဟုတ်ပေ။

စစ်တပ်တခုက မိမိရန်သူဘက်မှ အရပ်သားများအား အတင်းအကျပ် နေရာရွှေ့ပြောင်းစေခြင်းမှာ အမြဲတမ်းတော့ စစ်ရာဇ၀တ်မှုတခုမဟုတ်ပေ။ အရပ်သားများအား ကာကွယ်စောင့်ရှောက်မှုပေးရန် ရွှေ့ပြောင်းခိုင်းခြင်းဖြစ်သည်ဟု စောဒကတက်နိုင်သည်။ ယင်းလုပ်ရပ်သည် လူမျိုးစုအလိုက် သုတ်သင်ရှင်းလင်းမှုတည်းဟူသော စစ်ဆင်ရေးကြီး၏ အစိတ်အပိုင်းတခုဖြစ်ကြောင်း သို့တည်းမဟုတ် အရပ်သားများ အစုလိုက်အပြုံလိုက် အပြစ်ပေးအရေးယူရန် ရည်ရွယ်ကြောင်း သက်သေပြနိုင်မှသာ ယင်းလုပ်ရပ်သည် စစ်ရာဇ၀တ်မှုတခုဖြစ်လာမည် ဖြစ်သည်။

အလားတူပင် မိမိအား ဆန့်ကျင်ဝါဒဖြန့်ချိနေသော ရန်သူ၏ ရုပ်မြင်သံကြားအသံလွှင့်ရုံတခုအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းကို စစ်ရာဇ၀တ်မှုတခုဟု အဓိပ္ပာယ်သတ်မှတ်မည်လား။

ဂျီနီဗာကွန်ဗင်းရှင်းအရ ယင်းသည် စစ်ရာဇ၀တ်မှုတခုမဟုတ်ပေ။ အကယ်၍ ရန်သူက ၎င်းတို့အား စစ်ရေးရည်မှန်းချက်အရ အသုံးပြုနေသည်ဆိုလျှင် ရန်သူနိုင်ငံမှ လမ်း၊ တံတား၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ စက်ရုံများအား ပစ်မှတ်ထား တိုက်ခိုက်ခြင်းမှာ စစ်ရာဇ၀တ်မှုမမြောက်ပေ။ တိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်လာသော ရန်သူအရပ်သားများ ထိခိုက်ပျက်စီးမှုများသည် တိုက်ခိုက်သူက ရရှိသော စစ်ရေးအကျိုးအမြတ်နှင့် နှိုင်းယှဉ်လျှင် လွန်လွန်ကဲကဲ မမျှမတဖြစ်လောက်သည့် အတိုင်းအတာအအထိ ရောက်ရှိခဲ့မှသာလျှင် ယခင်တိုက်ခိုက်မှုများအား စစ်ရာဇ၀တ်မှုများအဖြစ် သတ်မှတ်နိုင်မည်ဖြစ်သည်။

လူသားထုအပေါ် ကျူးလွန်သည့် စစ်ရာဇ၀တ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် တညီတညွတ်တည်းဖြစ်သော ကမ္ဘာလုံးဆိုင်ရာ တရားဥပဒေစနစ်တခု ပေါ်ထွက်လာရေးကို နိုင်ငံတကာလူ့အခွင့်အရေး အုပ်စုများက တောင်းဆိုနေကြသည်မှာ ကြာပြီဖြစ်သည်။

ယူဂိုစလားဗီးယားနိုင်ငံဟောင်းတွင် ကျူးလွန်ခဲ့သော စစ်ရာဇ၀တ်မှုများကို ကြားနာစစ်ဆေးစီရင်ရန် ၁၉၉၃ မေတွင် နယ်သာလန်နိုင်ငံ သဟိတ်ဂ်မြို့၌ တည်ထောင်ဖွင့်လှစ်ခဲ့သည်။ “ယူဂိုစလားဗီးယားနိုင်ငံဟောင်းဆိုင်ရာ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးအပြင် ရ၀မ်ဒါနိုင်ငံတွင် ပေါ်ပေါက်ခဲ့သော လူမျိုးတုံးသန့်စင်မည့် ရာဇ၀တ်မှုများကို ကြားနာစစ်ဆေးရန် တန်ဇန်နီးယာနိုင်ငံ အရူရှာမြို့တွင်လည်း နိုင်ငံတကာခုံရုံးတခုကို ၁၉၉၄ ခုနှစ်တွင် တည်ထောင်ဖွင့်လှစ်ခဲ့သည်။ ထို့ပြင် အိမ်နီးချင်း ဆီရာလီယွန်နိုင်ငံ ပြည်တွင်းစစ်အတွင်း ကျူးလွန်ခဲ့သော စစ်ရာဇ၀တ်မှုများအတွက် လိုက်ဘေးရီးယား သမ္မတဟောင်း ချာစ်တေလာကိုလည်း ခုံရုံးတခုဖွဲ့ စစ်ဆေးနေသည်။

ဤဖြစ်ရပ်များက စစ်ရာဇ၀တ်မှု ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသူများအား တရားဥပဒေရှေ့မှောက် အရောက်ပို့ရန် ကြိုးပမ်းရာတွင် ထူးခြားအရေးပါသော နောက်ထပ်ခြေလှမ်းဖြစ်သော်လည်း ထိုကိစ္စများသည် နုရင်ဘတ်နှင့် တိုကျိုစစ်ခုံရုံး စစ်ဆေးကြားနာမှုများကဲ့သို့ပင် စစ်ပွဲဟုခေါ်ဆိုနိုင်သော ပဋိပက္ခအတွင်း ကျူးလွန်ခဲ့သော စစ်ရာဇ၀တ်မှုများအား ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်းသော ဖြစ်ရပ်များသာဖြစ်သည်။

လူသားထုအပေါ် ကျူးလွန်သော ရာဇ၀တ်မှုများအတွက် လူပုဂ္ဂိုလ်များအား ရုံးတင်တရားစွဲဆိုမည့် အမြဲတမ်းခုံရုံးတခုအဖြစ် ၂၀၀၂ တွင် ထူထောင်ခဲ့သော နိုင်ငံတကာရာဇ၀တ်ခုံရုံး (ICC) သို့ ၂၀၀၈ ဇူလိုင်လတွင် ဆူရီနမ်နိုင်ငံက (၁၀၇) နိုင်ငံမြောက် နိုင်ငံအဖြစ် ၀င်ရောက်ပူးပေါင်းပါဝင်လာခဲ့သည်။

အမေရိကန်ပြည်ထောင်စုက ထိုတရားရုံးသည် နိုင်ငံရေးသဘောပါသော ရုံးတင်တရားစွဲမှုများ ပြုလုပ်လာနိုင်သည်ဟု အကြောင်းပြပြီး ခုံရုံးနှင့် ပါဝင်ပတ်သက်ရန် ငြင်းဆိုခဲ့သည်။ ရုရှား၊ တရုတ်နှင့် အိန္ဒိယတို့ကလည်း အလားတူငြင်းဆိုခဲ့ကြသည်။ ယူဂိုစလားဗီးယားသမ္မတဟောင်း မီလိုဘိုဒန်မီလိုစီးဗစ် ကဲ့သို့သော တရားခံများ စောဒကတက်ခဲ့ကြသကဲ့သို့ ထိုသို့သော တရားရုံးမျိုးများသည် နိုင်ငံရေးနှင့် ပတ်သက်ဆက်နွှယ်နေသလောဆိုသည့် မေးခွန်းမှာ အားလုံးသော တရားဥပဒေဆိုင်ရာ အဖွဲ့အစည်းများတ၀ိုက်တွင် ရစ်ဝဲနေသော မေးခွန်းဖြစ်သည်။

ထိုတရားရုံးများ လုပ်ငန်းမစတင်ခင် ၎င်းတို့ကို ထူထောင်ရန်နှင့် ၎င်းတို့အား ရန်ပုံငွေထောက်ပံ့ရန်မှာ နိုင်ငံတကာ၏ နိုင်ငံရေးဆန္ဒဖြစ်သောကြောင့် ထိုရှုထောင့်တခုတည်းမှ ကြည့်လျှင် ထိုတရားရုံးများမှာ နိုင်ငံရေးသဘောပါသည်ဟု ပြောနိုင်သည်။

မည်သည့်နိုင်ငံက ကျူးလွန်သည်ဖြစ်စေ စစ်ရာဇ၀တ်မှုအားလုံးတို့အား တခုတည်းသော နိုင်ငံတကာခုံရုံး၏ တရားဥပဒေရှေ့မှောက်သို့ အရောက်ပို့နိုင်မှသာလျှင် တရားစီရင်ရေးသည် စစ်မှန်သော တရားဝင်မှုရှိလိမ့်မည်ဟု နိုင်ငံတကာတရားရုံးများအား ဝေဖန်နေသူများက ပြောဆိုနေကြသည်။ ။

မှတ်ချက်။ ။အထက်ဖော်ပြပါဆောင်းပါးသည် ၂၀၀၉ ခုနှစ် အောက်တိုဘာလ (၂၁) ရက်တွင် ဘီဘီစီ သတင်းဝက်ဘ်ဆိုဒ်၌ ဖော်ပြထားသည့် What is a war crime? ခေါင်းစဉ်ဖြင့် Tarik Kafala ရေးသားသော ဆောင်းပါးကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။

ဖိုးဇော်
ရင်းမြစ်။ ။ခေတ်ပြိုင်

Tuesday, March 30, 2010

ဖြိုခွင်းမှုအသစ်များ လုပ်လာနိုင်ကြောင်း ဦးဝင်းတင် သတိပေး

ချင်းမိုင် (မဇ္ဈိမ) ။      ။ ရွေးကောက်ပွဲအတွက် မှတ်ပုံမတင်ရန် ဆုံးဖြတ်လိုက်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အပေါ် စစ်အစိုးရက ဖြိုခွင်းမှုအသစ်များ ပြုလုပ်လာနိုင်ကြောင်း ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က သတိပေးလိုက်သည်။

“ကျနော်တို့မှာ ပါတီမရှိဘူးဆိုရင် ကျနော်တို့ရဲ့ လှုပ်ရှားမှုတွေဟာ အများကြီး Limited ကန့်သတ်ထားပြီးသား ဖြစ်သွားပါလိမ့်မယ်။ ကျနော်တို့က ဒီထက်ပိုပြီးတော့ လှုပ်လှုပ်ရှားရှား ရှိလာမယ်ဆိုရင်၊ ရပ်တည်လာမယ်ဆိုရင် ကျနော်တို့ကို မတရားအသင်းအဖြစ် ကြေညာလာနိုင်တယ်ဗျ” ဟု ဦးဝင်းတင်က ပြောသည်။

အဓိက အတိုက်အခံပါတီကြီး၏ ဗဟိုအလုပ်မှုဆောင်များနှင့် ပြည်နယ်နှင့်တိုင်း ဗဟိုဦးစီးအဖွဲ့ဝင်များက စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေက တရားမျှတမှု မရှိဟုဆိုကာ ပါတီမှတ်ပုံပြန်မတင်ရန် ယမန်နေ့က တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြသည်။

ဥပဒေအရ ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများသည် ရက်ပေါင်း ၆ဝ အတွင်း ပြန်လည်၍ မှတ်ပုံတင်ရမည်ဖြစ်ရာ မေလ ၆ ရက်နေ့တွင် ပြည့်မည်ဖြစ်သည်။

နိုင်ငံရေးယုံကြည်ချက်ကြောင့် ၁၉ နှစ်ခန့် ထောင်ကျခဲ့ပြီး ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသူ ဦးဝင်းတင်သည်လည်း ပါတီမှတ်ပုံမတင်ရေးကို အစောပိုင်းကပင် အခိုင်အမာ ပြောကြားခဲ့သည်။

”သူများထက် ခြေတလှမ်းစောတဲ့သူ၊ သူများထက် လုပ်နိုင်ကိုင်နိုင်တဲ့ သူတွေဆိုရင် ထောင်ထဲ ဆွဲထည့်မှာပဲဗျ။ ဒါတွေကတော့ ကျနော်တို့ ကြုံရမှာပဲ” ဟု အသက် ၈ဝ နှစ်အရွယ်ရှိ ဦးဝင်းတင်က ပြောသည်။

”ကျနော်တို့က မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲနိုင်ရေး၊ အာဏာရရေးလောက်ပဲ လုပ်နေတာ မဟုတ်ဘူး။ ဒီစစ်အာဏာရှင်စနစ် တခုလုံးကို ဖြိုချဖို့ လုပ်နေတာဆိုတော့ သူတို့ဘက်က ပြင်းပြင်းထန်ထန် တုံ့ပြန်မှုတွေ ရှိမှာပဲ” ဟု သူက ပြောသည်။

အလားတူပင် ပါတီဖျက်သိမ်းခြင်း မခံရစေရေးအတွက် ရွေးကောက်ပွဲဝင်သင့်သည်ဟု အစောပိုင်းက သဘောထား ဖော်ထုတ်ခဲ့သော ဧရာဝတီတိုင်း ဘိုကလေးမြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ဦးချစ်ဝမ်းကလည်း  “ရက်ပေါင်း ၆ဝ အတွင်းမှာ ပါတီအဖြစ် မှတ်ပုံမတင်ရင် တရားမဝင် အဖွဲ့အစည်းအဖြစ် ကြေညာမယ်၊ ပြီးတော့မှ လူစုတာတို့၊ လှုပ်ရှားတာတို့ လုပ်မယ်ဆိုရင် သူတို့က ကျိန်းသေဖြိုခွဲမှာပဲလေ။ ဒါကတော့ သူတို့ပြောပြီးသား” ဟု ဆိုသည်။

ပါတီအနေဖြင့် ရပ်တည်ခွင့် မရနိုင်တော့မည့် NLD အနေဖြင့် မြေအောက်အဖွဲ့အစည်းအဖြစ် ပြောင်းလဲရန် မလိုအပ်ဟု ရွေးကောက်ပွဲကို ဆန့်ကျင်သူတဦးဖြစ်သော ဇိုမီးအမျိုးသားကွန်ကရက် ZNC ဥက္ကဋ္ဌ ပူးကျင့်ရှင်းထန်က ပြောသည်။

“နိုင်ငံရေးဆိုတာကတော့ ဆိုင်းဘုတ်မရှိလည်း စိတ်ထဲမှာရှိရင် လုပ်လို့ရပါတယ်။ ကျနော်တို့ရဲ့ ZNC ဆိုတာက ၉၃ ခုနှစ်ကတည်းက ဖျက်သိမ်းတာ။ ကျနော်တို့ ဆိုင်းဘုတ်မထောင်နိုင်ဘူး၊ စာတွေ မဝေနိုင်ဘူး။ ဒါပေမဲ့ ကျနော်တို့ လုပ်တာပဲ” ဟု သူက ပြောသည်။

NLD ၏ ဆုံးဖြတ်ချက်ကို  ဝမ်းသာအားရကြိုဆိုကြောင်း ကဗျာဆရာ ကိုလေး (အင်းဝဂုဏ်ရည်) က မဇ္ဈိမကို တယ်လီဖုန်းမှတဆင့် ပြောကြားသည်။

“ဒီနေရာမှာတော့ NLD ကို ကျနော် တော်တော်အားရတယ်။ ကျနော်က ဘယ်ပါတီဝင်မှတော့ မဟုတ်ဘူး။ လွတ်လပ်တဲ့ ကလောင်တချောင်းကို ကိုင်ပြီးတော့ တိုက်ပွဲဝင်နေတယ်။ သို့သော် NLD ကို ကျနော်တို့ ထောက်ခံတယ်၊ ဝန်းရံမယ်” ဟု သူက ဆက်ပြောသည်။

ယခု ဆုံးဖြတ်ချက်ကြောင့် နအဖအစိုးရသည် နောက်ထပ် အခက်အခဲတမျိုးနှင့် ရင်ဆိုင်လိုက်ရသည်ဟု သူက ဆိုသည်။

သူက “Border Guard ကိစ္စတွေ၊ NLD ကိစ္စတွေ၊ နောက်တခါ သူတို့ ခွဲတမ်းချရမယ့် ကိစ္စတွေ၊ ဆိုတော့ ကျနော်တို့ပဲ ခက်တာမဟုတ်ဘူး၊ သူတို့တွေက ကျနော်တို့ထက်တောင် ပိုခက်သေးတယ်။ ကျနော်ကတော့ ဟောဒီ ရွေးကောက်ပွဲ မဖြစ်ဘူးလို့တောင် ထင်တယ်” ဟု ပြောသည်။

ပြည်ပအခြေစိုက် အတိုက်အခံအဖွဲ့ Forum for Democracy in Burma မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာနိုင်အောင်ကလည်း NLD သည် ပြည်သူများ မျှော်လင့်နေသော တာဝန်အား ကျေပွန်စွာ  ဦးဆောင်မှုကို ဆက်လက်ပြသသွားခြင်း ဖြစ်သည်ဟု သူ့အမြင်ကို ပြောသွားသည်။

သို့သော်လည်း ရွေးကောက်ပွဲအတွက် မှတ်ပုံတင်သင့်သည်ဟု ယူဆထားသော ပါတီဝင်များ ကစဥ့်ကလျားဖြစ်မည်နှင့်  ပါတီဝင်များ၏ ရှေ့ရေးကို စိုးရိမ်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင် ဒေါက်တာ သန်းငြိမ်းက ပြောသည်။

နေအိမ်အကျယ်ချုပ်ကျခံနေရသော ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်၏ ယောက်ဖတော်သူ ဒေါက်တာသန်းငြိမ်းမှာလည်း ပါတီတွင်းလှုပ်ရှားမှုကြောင့် ထောင် ၈ နှစ် ကျခံခဲ့ရသူဖြစ်သည်။

NLD ရွေးကောက်ပွဲမဝင်ရန် ဆုံးဖြတ်ချက်ကို လေးစားကြောင်း အမေရိကန် ပြည်ထောင်စုက ကြေညာသည်။

“မြန်မာပြည် နိုင်ငံရေးဖြစ်စဉ်မှာ လိုအပ်တယ်လို့ ကျနော်တို့ ယူဆထားတဲ့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးတွေ၊ တခြားအဖွဲ့တွေ၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ အလေးအနက်ထားပြီး ဆွေးနွေးဖို့ မြန်မာအစိုးရက ဆန္ဒမရှိတဲ့ အတွက်ကြောင့် NLD က ဒီလို ဆုံးဖြတ်လိုက်တာပဲလို့ ကျနော်တို့ နားလည်မိပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပီဂျေခရော်လေက ပြောသည်။

မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့အရေးယူမှုနှင့် ထိတွေ့ဆက်ဆံရေး တပြိုင်တည်း ကျင့်သုံးနေသော အမေရိကန်အစိုးရ၏ မူဝါဒအောက်တွင် တွေ့ဆုံဆွေးနွေးမှုကို ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း ပြောသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကတ်ဆုယာ အိုကာဒါကမူ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော ရွေးကောက်ပွဲတွင် ပါဝင်သင့်သူများ မပါလျှင် မြန်မာနိုင်ငံကို နောက်ထပ် အကူအညီငွေများ ထပ်မပေးတော့ဟု မကြာသေးခင်ကပင် ပြောထားသည်။

ကုလသမဂ္ဂကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ၏ ဆုံးဖြတ်ချက်ကို နိုင်ငံတကာ အသိုင်းအဝိုင်းက လေးစားရန် လိုအပ်သည်ဟု ပြောသည်။

NLD ပါတီ၏ ဆုံးဖြတ်ချက် အပေါ် တုံ့ပြန်ချက်များ

သမိုင်းဝင် အစည်းအဝေး ပြုလုပ်စဉ် NLD ရုံးအနီး စုဝေးနေကြသော NLD အဖွဲ့ဝင်တချို့(ဓာတ်ပုံ - မိုးမခ)

NLD က ဆုံးဖြတ်လိုက်သည့် ပါတီ မှတ်ပုံ မတင်ရေး ဆုံးဖြတ်ချက် အပေါ် နိုင်ငံရေး စိတ်ဝင်စားသူ အများစုက ထောက်ခံပြီး အချို့သော သူများကမူ နအဖ ကြိုးဆွဲပါတီများကို ဆန့်ကျင်ရာတွင် အတိုက်အခံ ဘက်မှ ၀င်ရွေးမည့်သူ မရှိမည့် အဖြစ်ကို စိုးရိမ်ကာ ဆန့်ကျင်သည့် အမြင် ရှိသည်ကို ကြားသိရသည်။
ဆုံးဖြတ်ချက် ချမှတ်လိုက်သည့် ယမန်နေ့ ညနေပိုင်းတွင် NLD ရွေးကောက်ပွဲ ၀င်မည် မ၀င်မည်၊ ပါတီ မှတ်ပုံတင်မည် မတင်မည်ကို ပြည်ပ အခြေစိုက် ရေဒီယိုများမှ လည်းကောင်း၊ အချို့က အင်တာနက် သတင်းများကို ၀င်ရောက် ဖတ်ရှုခြင်းဖြင့် လည်းကောင်း စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြ သည်ကို တွေ့ရှိရသည်။ အသက် ၄၀ အရွယ်ရှိ ၀န်ထမ်းဟောင်း တဦးက ``ကျွန်တော်က ၃နာရီ ကျော်ကျော် ကတည်းက အင်တာနက်မှာ ကြည့်ပြီး သိတာ။ အခုလို လုပ်တာ မှန်တယ်၊ ကျွန်တော်တော့ ထောက်ခံတယ်၊ ၈၈ မျိုးဆက် ကျောင်းသားတွေတောင် ပါတီ မရှိဘဲ နိုင်ငံရေး အရ ရပ်တည်နိုင်သေးတာပဲ၊ NLD လည်း အဲလို ရပ်တည်နိုင်ရမှာပေါ့။ အခုလိုမ၀င်မှ နိုင်ငံတကာက အသိအမှတ် မပြုတဲ့ ရွေးကောက်ပွဲ ဖြစ်သွားမှာပေါ့၊ ဘာပဲပြောပြော NLD က သူ့သမိုင်းကို ဒီလိုရေးတာ ကောင်းတယ်´´ဟု ပြောသည်။
ကိုယ်ပိုင် ကျွမ်းကျင်မှုဖြင့် အသက်မွေးသူ တဦးကလည်း ``အရင် ရက်တွေက နယ်မြို့ NLD ပါတီ ခေါင်းဆောင်တွေရဲ့ အမြင်တွေကို ရေဒီယိုမှာ ကြားနေရတော့ အဖြေက အခုလိုပဲ ဖြစ်မယ် လို့တော့ ထင်မိတယ်။ အခုတော့ NLD ပါတီအပေါ် အစိုးရက ဘယ်လို တုံ့ပြန်မလဲ ဆိုတာ စောင့်ကြည့်ရမှာပဲ´´ဟု လာမည့် အကျိုးဆက်ကို စိတ်ဝင်စားစွာဖြင့် သူ့အမြင်ကို ပြောဆိုသည်။
မွန်ပြည်နယ်တွင် နေထိုင်ပြီး ယခင် ၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဦးနု၏ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အဖွဲ့ကိုယ်စားပြု အမတ်လောင်း အဖြစ် သထုံမြို့နယ်မှ ၀င်ရောက် ယှဉ်ပြိုင်ခဲ့သူက ``ကျွန်တော့်အမြင်တော့ NLD အနေနဲ့ ၀င်သင့်တယ် လို့ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည် အပြင်မှာ ရှိရင်တော့ သူ့အနေနဲ့ လူထုကိုစည်းရုံးပြီး နအဖ အခြေခံဥပဒေကိုရော ရွေးကောက်ပွဲကိုပါ ဆန့်ကျင်ဖို့ လူထုကို ခေါင်းဆောင်နိုင်မယ်၊ အဲလိုမှ မဟုတ်ရင်တော့ ကျန်တဲ့ NLD ခေါင်းဆောင်တွေ အနေနဲ့ ဥပဒေ လမ်းကြောင်းထဲကပဲ စစ်အစိုးရကို ပြောင်းလဲလာဖို့ ကြိုးစားရမယ့် သဘောပဲ ရှိတယ်လို့ မြင်တယ်။ NLD အနေနဲ့ အခုလို ဆုံးဖြတ်တာ မှားတယ်လို့ ကျွန်တော့် အနေနဲ့ မြင်တယ်၊ မြန်မာပြည် နိုင်ငံရေး အတွက် ရှေ့ကိုမရောက်နိုင်ပဲ ဖြစ်သွားတဲ့ သဘော´´ဟု သူ့သုံးသပ်ချက်ကို မိုးမခသို့ ပြောဆိုသည်။
နယ်မြို့ကြီး တမြို့မှ အသက် ၃၈ နှစ်အရွယ် ကိုတိုး ကလည်း ``ကျွန်တော်တို့ ရပ်ကွက်က နိုင်ငံရေး စိတ်ဝင်စားတဲ့ သူတွေထဲမှာတော့ လာမယ့် ရွေးကောက်ပွဲမှာ အတိုက်အခံ ဘက်က မဲပုံး ထောင်ထားနိုင်မယ့် အနေအထားမျိုးကို ရှိစေချင်တယ်။ ဘာလို့ဆို ကြံ့ဖွံ့ရဲ့ ပါတီတွေကို ဆန့်ကျင်မဲ ပေးဖို့အတွက် NLD က ၀င်ရွေးနိုင်မှ မဲပေးလို့ရမှာ၊ အဲလိုမှ မဟုတ်ရင် သူတို့ ပါတီကိုပဲ ပေးလိုက်ရမယ့် အဖြစ်မျိုး ဖြစ်မှာ စိုးလို့၊ လူတွေရဲ့ ရင်ထဲမှာ အန်အယ်လ်ဒီကို ထောက်ခံတဲ့ ဆန္ဒ၊ စစ်တပ်ရဲ့ လွှမ်းမိုးမှုကို ဆန့်ကျင်တဲ့ ဆန္ဒက အခုချိန်ထိ ရှိနေဆဲပဲ ဟိုလွန်ခဲ့တဲ့ ၉၀ ရွေးကောက်ပွဲတုန်းက ကျွန်တော်က ပီဒီပီ (ဗိုလ်ချုပ်အစ်ကို ဦးအောင်သန်းနှင့် သခင်လွင်တို့ တည်ထောင်သည့် ပါတီ) ပါတီဝင်ပါ၊ ဒါပေမယ့် NLD ကိုလည်း အားပေးတယ်။ ထောက်ခံခဲ့တယ်။ အခု ကျွန်တော့် အနေနဲ့ နိုင်ငံရေး ဘာမှ မလုပ်နိုင်ပေမယ့် ရွေးကောက်ပွဲ ဖြစ်လာရင်တော့ ကိုယ်တတ်နိုင်တဲ့ ကဏ္ဍကနေ လုပ်နိုင်တာလေးကို လုပ်ပေးချင်တာပါပဲ´´ဟု ပြောသည်။
ရန်ကုန်မြို့မှ NLD လူငယ်အဖွဲ့ဝင် တဦးက ယခုလို ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး ``ကျွန်တော်တို့ လိုချင်တာ ဒါပဲလေ၊ စစ်အစိုးရကို ပြတ်ပြတ် သားသား ဆန့်ကျင်မယ်၊ ဖြစ်လာတာကို ရင်ဆိုင်မယ်၊ မကြာခင် ဖြစ်လာမယ့် အကျိုးဆက်တွေ အတွက် ပြင်ထားပြီးသား အဖမ်းအဆီး ရှိလာမယ် ဆိုလည်း အထုပ် ပြင်ထားရုံပဲ´´ ဟု ပြောဆိုသည်။
မလေးရှားနိုင်ငံတွင် အလုပ် လုပ်ကိုင်နေရသည့် လူငယ်တဦးက ``အခုလိုဆုံးဖြတ်တာ မှန်တယ်။ ၉၀ ခုနှစ်မှာ အနိုင်ရခဲ့တဲ့ သိက္ခာကို ထိန်းရမယ်လေ၊ ကျွန်တော်တို့လို လူငယ်တွေ သူများနိုင်ငံမှာ အလုပ် လုပ်ကိုင်နေကြရတာ စစ်အစိုးရ မကောင်းလို့၊ ကိုယ့်အဖေ ဆုံးတာတောင် မပြန်နိုင်ဘူး။ အလုပ်ရှင်က လူလို ဆက်ဆံတာ မခံရလည်း ဘယ်သူ့ကိုမှ အားကိုးစရာမရှိဘူး၊ ကိုယ့်အစိုးရကမှ မကောင်းပဲ´´ဟု သူ့ အမြင်ကို ပြောဆိုသည်။
NLD ပါတီ၏ ဆုံးဖြတ်ချက်ကို စိတ်ဝင်စားစွာ ဖြင့်စောင့်စား နားထောင်သူများ ရှိသကဲ့သို့ နယ်မြို့တွင် နေထိုင်သည့် အချို့သောသူများ အနေဖြင့် ဂရုမထားမိသူများလည်း ရှိသည်ကို မေးမြန်းချက်များအရ သိရှိရသည်။

မိုးမခ အထောက်တော်၊ ရန်ကုန်

ဒေါ်စု ဗဟိုကော်မတီထံ ပေးပို့သည့် အချက် ၆ ချက် NLD သံတမန်တွေကို ရှင်းပြ



မြန်မာစစ်အစိုးရ ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်ဖို့ မဖြစ်နိုင်တာမို့ ဒီရွေးကောက်ပွဲဟာ တရားမျှတမှု ရှိမှာမဟုတ်ဘူးလို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး စတီဖင် စမစ်သ် (Stephen Smith) က ဒီနေ့ ABC အသံလွှင့်ဌာနကို ပြောကြားလိုက်တာနဲ့ တချိန်တည်းမှာပဲ NLD ရုံးချုပ်ကို ဒီနေ့ သြစတြေးလျ သံအမတ်ကြီး မစ်ရှဲလ်ချမ်းနဲ့ အမေရိကန်သံရုံး နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ တာဝန်ခံ ဂျနီဖာ ဟာဟိုက်တို့ သွားရောက် တွေ့ဆုံခဲ့ကြပါတယ်။ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို ဒေါ်ခင်မျိုးသက်က ဆက်သွယ် မေးမြန်းတဲ့အခါ ဦးဉာဏ်ဝင်းက အခုလို စပြောပြပါတယ်။
“သြစတြေးလျ သံအမတ်ကြီး မစ်ရှဲလ်ချမ်း၊ US Embassy က ဂျနီဖာ၊ သူတို့ ၂ ယောက်က မနက်ကတည်းက Appointment တောင်းပြီး ၂ နာရီမှာ လာတွေ့ပါတယ်။ NLD ကတော့ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးရယ်၊ ဦးညွန့်ဝေရယ်၊ ဦးဝင်းတင်ရယ် လက်ခံ တွေ့ဆုံပါတယ်။ မနေ့က ဆုံးဖြတ်ချက်အကြောင်း လာမေးတယ်။ နောက်ပြီးတော့ NLD ရဲ့ နိုင်ငံရေး ဆောင်ရွက်မယ့် ရည်မှန်းချက်တွေကို မေးတယ်လို့ ကျနော် သိရပါတယ်။ ကျနော်က ဒုတိယပိုင်းလောက်ကျမှ ၀င်တယ်လေ။ မနေ့က ဒေါ်အောင်ဆန်းစုကြည်က CC ကော်မတီကို ပေးပို့တဲ့ အမှာစကားကို မေးလို့ ကျနော် သူတို့ကို ပြောပြပါတယ်။ အဲဒါပါပဲ။”
အန်တီစုနဲ့ နောက်ထပ် ထပ်တွေ့ပါသေးလား။
“ကျနော်တို့ ထပ်မတွေ့ပါဘူး။ ၂၃ ရက်နေ့ တွေ့ကတည်းက ပေးလိုက်ပါတယ်။ ဒါပေမဲ့ သူက ၂၉ ရက်နေ့ အစည်းအဝေးမှာ ကိုယ်တိုင် ဖတ်ကြားပြဖို့ ကျနော့်ကို မှာကြားလိုက်ပါတယ်။ အဲဒီအတိုင်း ဆောင်ရွက်ခဲ့တာပါ။”
CC ကော်မတီကို ပေးပို့တဲ့ အမှာစာဆိုတာ ဘာပါလဲ အန်ကယ်။
“အချက် ၆ ချက်ပါ။ နံပါတ် ၁- ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လုံးဝ လက်မခံနိုင်၊ အဖွဲ့ချုပ်၏ ရွှေဂုံတိုင် ကြေညာချက်ကို ကိုင်စွဲထားရမည်။ နံပါတ် ၂- တရားမျှတမှု မရှိ၊ တဖက်သတ် ရေးဆွဲထားသည့် ဥပဒေအရ မှတ်ပုံတင်ခြင်းကို လုံးဝ လက်မခံနိုင်ပါ၊ ဥပဒေပါ စည်းကမ်းချက်များမှာ ဒီမိုကရေစီနည်း မကျပါ။ နံပါတ် ၃- အဖွဲ့ချုပ်သည် ကျမ၏ ကိုယ်ပိုင်ပစ္စည်းမဟုတ်၊ မည်သူတဦးတယောက်၏ ကိုယ်ပိုင်ပစ္စည်းလည်း မဟုတ်ပါ။ နံပါတ် ၄- အဖွဲ့ချုပ်အတွင်း လူမွေးသည့်အလုပ်၊ လူမွေးသည်ဟု ယူဆနိုင်သည့် အလုပ်များ လုံးဝမကြိုက်၊ လက်မခံပါ။ နံပါတ် ၅- ပြည်သူလူထုကို ပြောကြားလိုတာက မိမိတတ်နိုင်သလောက် ဒီမိုကရေစီ ရရှိရေး ကြိုးပမ်းမှုကို ဆက်လက် ဆောင်ရွက်သွားမည်။ နံပါတ် ၆- အဖွဲ့ချုပ် ဖျက်သိမ်းခံရလျှင် အဖွဲ့ချုပ် ပျက်စီးသည်ဟု မယူဆ၊ ပျက်စီးခြင်းမဟုတ်။”
ဒီအချက် ၆ ချက်၊ ဒေါ်အောင်ဆန်းစုကြည်က CC ကော်မတီကိုပေးတဲ့ အမှာစာကို သြစတြေးလျနဲ့ အမေရိကန်က သံအမတ်တွေကို ပြောတော့ သူတို့ဘက်က တုံ့ပြန်မှု ဘာရှိပါလဲ အန်ကယ်။
“သူတို့က တုံ့ပြန်မှု မရှိပါဘူး။ ဒီအချက်ထဲမှာ သူတို့ မရှင်းလင်းတာကိုပဲ မေးတာပါ။ ဘယ်တုန်းက ရတာလဲ၊ အဲဒီနေ့ ရတာလားပေါ့ဗျာ။ အဲဒါတွေကို မေးပါတယ်။”
ဝေဖန်ချက် တစုံတရာများ ပေးသွားပါသေးလား။
“မပေးပါဘူး။”
မနေ့တုန်းက ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ဒီနေ့ ကြေညာချက် ထုတ်တယ်လို့ သိရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး နည်းနည်းပြောပြပေးပါ။
“ဒီနေ့ ကြေညာချက်ကတော့ မနေ့က ဆွေးနွေးပွဲမှာ ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက် ၂ ခုကို ဖော်ပြပြီး အဲဒါကို ကြေညာချက်အဖြစ် ထုတ်တာပါ။ ပထမတချက်ကတော့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ မှတ်ပုံမတင်ဘို့ ဆုံးဖြတ်တယ်ဆိုတဲ့ အချက်ရယ်၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံး အမြန်ဆုံး လွှတ်ပေးပါဆိုတဲ့ တောင်းဆိုကြောင်း ဆုံးဖြတ်ချက်ရယ်၊ အဲဒီဆုံးဖြတ်ချက် ၂ ခုကို ကြေညာချက် ထုတ်တာပါပဲ။”

ရင်းမြစ်။ ။http://www.voanews.com/burmese/2010-03-30-voa3.cfm?rss=topstories

ဦးဝင်းတင်ကို မဖမ်းပါ

ချင်းမိုင်။     ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်ကို ရဲများက နေအိမ်မှနေ၍ ခေါ်ဆောင်သွားသည်ဆိုသော သတင်းမှာ မဟုတ်မှန်ကြောင်း သိရသည်။

“မဟုတ်ပါဘူး။ ကျနော်တို့က မနက် ၄ နာရီကတည်းကနေ ဖြေနေရတယ်။ သတင်းတွေက ဖြစ်နေတယ်။ မနက် မီဒီယာတွေက လာမေးတယ်။ ဘယ်သူက ဖွလိုက်လည်း မသိဘူး။ အခုလေးပဲ ရုံးချုပ်ကို သွားလိုက်ပြီ” ဟု ဦးဝင်းတင်၏ လုပ်ဖော်ကိုင်ဘက်ဖြစ်သူ ဦးမောင်မောင်ခင်က ပြောသည်။

ယမန်နေ့က NLD မှတ်ပုံတင်ရေး၊ မတင်ရေးနှင့် ပတ်သက်၍ ပါတီရုံးချုပ်၌ ဗဟိုအလုပ်အမှုဆောင် ကော်မတီနှင့် ပြည်နယ်/တိုင်း ဗဟိုဦးစီးအဖွဲ့ဝင်များ၏ တွေ့ဆုံဆွေးနွေးမှုအပြီး ပါတီခေါင်းဆောင်များက ရွေးကောက်ပွဲဝင်မည် မဟုတ်ကြောင်း အတည်ပြုခဲ့ပြီးနောက် အဆိုပါ သတင်း ရန်ကုန်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။
မဇ္ဈိမသတင်းဌာန 

NLD ဆုံးဖြတ်ချက်ကို အမေရိကန်နှင့် ကုလ အလေးထား

ဧရာဝတီ Tuesday, March 30, 2010

ရွေးကောက်ပွဲတွင် ပါဝင်ခြင်း မပြုရန် ဆုံးဖြတ် လိုက်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ဆုံးဖြတ်ချက်ကို လေးစားကြောင်း အမေရိကန် အစိုးရနှင့် ကုလသမဂ္ဂတို့က တနင်္လာ နေ့တွင် ပြောကြား လိုက်ကြသည်။

(ဓာတ်ပုံ - ရိုက်တာ)
ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်း စုကြည်နှင့် သူ့ပါတီ၏ မည်သည့် ဆုံးဖြတ် ချက်ကို မဆို နိုင်ငံတကာ အသိုင်းအ၀န်းက လေးစားကြရန် လိုအပ်သည်ဟု ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ ပြောခွင့် ရပုဂ္ဂိုလ် မစ္စတာ မာတင်နီ ဆာကီက နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်တွင် ပြောကြား လိုက်သည်။ ပြီးခဲ့သည့် အပတ်က ထုတ်ပြန်ခဲ့သည့် မစ္စတာ ဘန်ကီမွန်း၏ ကြေညာချက်ကို ရည်ညွှန်းပြီး သတင်း ထောက်များကို ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။

“သူ (မစ္စတာ ဘန်ကီမွန်း) ပြောခဲ့သလိုပါပဲ ဒီရွေးကောက်ပွဲက မျှတပြီး ယုံကြည်စိတ်ချရတယ်လို့ ယူဆနိုင်တယ်ဆိုရင် အများရဲ့ ပါဝင်နိုင်မှု ရှိနိုင်သမျှ ရှိဖို့ လိုအပ်ပါတယ်” ဟု ပြောခွင့်ရပုဂ္ဂိုလ်က ရှင်းပြသည်။

မစ္စတာ ဘန်ကီမွန်းက သူ၏ မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့နှင့် ပြီးခဲ့သည့် အပတ်က တွေ့ဆုံရာတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့သည်ဟု သိရသည်။

အမေရိကန် အစိုးရကလည်း NLD ၏ ဆုံးဖြတ်ချက်ကို လေးစားသည်ဟု အမေရိကန် နိုင်ငံခြားရေးဌာန၏ ပြည်သူ့ရေးရာဌာန အကြီးအကဲ မစ္စတာ ပီဂျေခရော်လေ က ပြောသည်။

“မြန်မာပြည် နိုင်ငံရေး ဖြစ်စဉ်မှာ လိုအပ်တယ်လို့ ကျနော်တို့ ယူဆထားတဲ့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးတွေ၊ တခြား အဖွဲ့တွေ၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ အလေးအနက်ထားပြီး ဆွေးနွေးဖို့ မြန်မာအစိုးရက ဆန္ဒမရှိတဲ့အတွက်ကြောင့် NLD က ဒီလို ဆုံးဖြတ်လိုက်တာပဲ လို့ ကျနော်တို့ နားလည်မိပါတယ်” ဟု မစ္စတာ ပီဂျေခရော်လေ က ပြောသည်။

ပြီးခဲ့သည့်နှစ်ကစပြီး အမေရိကန်အစိုးရသည် မြန်မာစစ်အစိုးရနှင့် ဆက်ဆံရာတွင် ထိတွေ့ဆက်ဆံရေး၊ ဒဏ်ခတ်ပိတ်ဆို့ရေး နည်းလမ်းနှစ်သွယ်ကို တပြိုင်နက် ကျင့်သုံးခဲ့သည်။

“ရွေးကောက်ပွဲဥပဒေတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ အမြင်ကို ပြောပြီးပါပြီ။ စိတ်ပျက်စရာ ဥပဒေတွေလို့ ကျနော်တို့ ထင်ပါတယ်။ ဒီလို ပြောပြီး နောက်ပိုင်းမှာတော့ မြန်မာအစိုးရနဲ့ တိုက်ရိုက် ဆွေးနွေးတာ မရှိသေးပါဘူး။  အနာဂတ်မှာ မရှိဘူးလို့တော့ မပြောနိုင်ပါဘူး။ သို့သော်လည်းပဲ မြန်မာပြည်မှာ ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲဥပဒေတွေက နည်းမှန် လမ်းမှန် မဟုတ်ပါဘူး” ဟု  မစ္စတာ ပီဂျေခရော်လေ က ရှင်းပြသည်။

ဤအတောအတွင်း ၀ါရှင်တန်အခြေစိုက် US Campaign for Burma ခေါ် မြန်မာ့အရေး လှုပ်ရှားသည့် အဖွဲ့က NLD ၏ ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း ယမန်နေ့က ကြေညာချက် ထုတ်လိုက်သည်။

“NLD ခေါင်းဆောင်တွေက သတ္တိရှိရှိ ဆုံးဖြတ်လိုက်တာပါပဲ။ ဒီအတွက် ကျနော်တို့ အင်မတန် ဂုဏ်ယူပါတယ်” ဟု ထိုအဖွဲ့၏ ညွှန်ကြားရေးမှူး ကိုအောင်ဒင်က ပြောသည်။

“စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံတဲ့ နည်းနဲ့ သူတို့အားလုံးက ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေးအကျဉ်းသားတွေ၊ ပြီးတော့ ပြည်သူတွေ နဲ့အတူ ဆက်လက် ရပ်တည်ဖို့ ဆုံးဖြတ်လိုက်ကြတာပါပဲ” ဟု ကိုအောင်ဒင်က ဆိုသည်။

NLD ရှေ့ရေး ထင်ကြေး အမျိုးမျိုးပေး

ပါတီမှတ်ပုံ မတင်ရန် ဆုံးဖြတ် ထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် မေလ ၇ ရက်နေ့ မတိုင်မီ ရွေးကောက်ပွဲ ကော်မရှင် ထံတွင် မှတ်ပုံတင်ခြင်း မပြုပါက တရားဝင်ပါတီ အဖြစ်မှ ဖျက်သိမ်း ခံရမည် ဖြစ်သောကြောင့် ပါတီ၏ ရှေ့ရေးနှင့် ပတ်သက်၍ လေ့လာ သူများက ထင်ကြေး အမျိုးမျိုး ပေးလျက် ရှိသည်။

မတ်လ ၂၉ ရက်နေ့ သမိုင်းဝင် ဆွေးနွေးပွဲတွင် တွေ့ရသော NLD ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ (ဓာတ်ပုံ - အေပီ)
ဒေါ်အောင်ဆန်းစုကြည်က တရားမျှတမှု မရှိသည့် ရွေးကောက်ပွဲ ဥပဒေ အောက်တွင် ပါတီ မှတ်ပုံတင်ရေး အတွက် စဉ်းစားခဲ့ခြင်း လုံးဝ မရှိကြောင်း ပြောကြားခဲ့ပြီး ၆ ရက် အကြာတွင် NLD ခေါင်းဆောင်များနှင့် နိုင်ငံတ၀န်းရှိ ဗဟိုဦးစီး အဖွဲ့ဝင် ၁၁၃ ဦးတို့က  တနင်္လာ နေ့တွင် ကျင်းပသော ဆွေးနွေးပွဲ၌ ပါတီ ပြန်လည် မှတ်ပုံ တင်ခြင်း မပြုလုပ်ရန်၊ ရွေးကောက်ပွဲ မ၀င်ရန် ဆုံးဖြတ် လိုက်ကြခြင်း ဖြစ်သည်။

ထိုဆုံးဖြတ်ချက်ကို တိုင်းရင်းသား ခေါင်းဆောင်များ၊ ပြည်ပရောက် နိုင်ငံရေး အင်အားစုများ၊ နိုင်ငံတကာနှင့် NLD အဖွဲ့ဝင်များက ကြိုဆို ခဲ့ကြသည်။

အစိုးရက ပါတီကို ဖျက်သိမ်းလျှင်လည်း လူထုထောက်ခံမှုဖြင့် နိုင်ငံရေး အရ ရပ်တည်နိုင်မည်ဖြစ်ကြောင်း NLD ခေါင်းဆောင်များက ယုံကြည်လျက် ရှိသည်။

NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက “ကျနော့် အမြင်ကတော့ ပါတီ သေချင်သေသွားမယ်၊ နိုင်ငံရေး မသေဘူး” ဟု ပြောသည်။

NLD ခေါင်းဆောင် ဦးဝင်းတင်ကလည်း “၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို မေ့ထားပြီး စစ်အစိုးရက ကျင်းပပေးတဲ့ ရွေးကောက်ပွဲကို ၀င်ဖို့ ကြိုးစားတာဟာ ပါတီမှာ သိက္ခာ မရှိဘူး ဆိုတာကို ပြတာပါပဲ၊ အခု NLDရဲ့ အနေအထားက ပိုတက်ကြွလာမှာပါ” ဟု ဆိုသည်။

ရန်ကုန် အခြေစိုက် ၀ါရင့် နိုင်ငံရေးသမား တဦးဖြစ်သူ သခင် ချန်ထွန်းက ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ အမှားအမှန်ကို သမိုင်းက ဆုံးဖြတ် သွားမည် ဖြစ်သည်ဟု ဆိုသည်။

“တနင်္လာနေ့က ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီးတော့ သူတို့မှာ လျှို့ဝှက် ဆောင်ရွက်မယ့် နည်းတော့ ရှိမှာပေါ့”ဟု သခင်ချန်ထွန်းက ပြောသည်။

မြန်မာပြည်အရေး လေ့လာနေသော နယူးယောက် အခြေစိုက် လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်ရေးအဖွဲ့ (HRW) မှ ဒေးဗစ် မက်သီဆင်က အာဆီယံ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀န်းက စစ်အစိုးရ၏ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ပြင်းပြင်း ထန်ထန် ဝေဖန်သင့်သည်ဟု ဆိုသည်။

ရှမ်းတိုင်းရင်းသား ၀ါရင့် နိုင်ငံရေးသမား ဦးရွှေအုန်းက “ကျနော်ကတော့ ကျရာအခန်းက ဆက်ပြီး လုပ်စေချင်တာပဲလေ၊ သူတို့က မလုပ်ချင်ဘူး ဆိုတော့လည်း ပြောလို့တော့ မရဘူးလေ၊ NLD အခန်းကဏ္ဍက တဖြည်းဖြည်းနဲ့ မှေးမှိန်လာပြီ”ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှု၏ ခေါင်းဆောင်တဦး ဖြစ်သည်နှင့် အညီ NLDသည် မြန်မာ့နိုင်ငံရေး၏  အဓိက ကျသည့် အခန်းကဏ္ဍတွင် ပါဝင်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်း တဦး ဖြစ်သူ ကိုဖြိုးမင်းသိန်းက ဆိုသည်။

ကိုဖြိုးမင်းသိန်းက “ရွေးကောက်ပွဲမှာ မ၀င်တော့ဘူး၊ ပါတီမထောင်တော့ဘူးဆိုတော့ ရှေ့ဆက် ဖြစ် လာမယ့် အလားအလာက မြန်မာပြည် အတွက် မကောင်းနိုင်ဘူး၊ ဒီပါတီ ရှိနေဖို့ လိုအပ်တယ် ဆိုတဲ့ အပေါ်မှာ ကျနော်တို့ စဉ်းစားတာ၊ ခိုင်မာတဲ့ အားတခု ပြိုလဲ သွားမှာကို စိုးရိမ်တယ်၊ NLD မရှိဘူးဆိုရင် နောက်ထပ် ပြင်ဆင်ရမယ့် အခြေအနေက ဒီထက် ပိုပြီး ရှုပ်ထွေးလာနိုင်တယ်၊ ကွဲပြားမှုတွေလည်း အများကြီး ဖြစ်လာနိုင်တယ်”ဟု ပြောသည်။

မျှတမှု မရှိသည့် ဥပဒေ အောက်တွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခြင်း မရှိသကဲ့သို့ မူဝါဒများကို အညံ့ခံပြီး ရွေးကောက်ပွဲ ၀င်ပါက  တိုင်းပြည်အကျိုး၊ တိုင်းရင်းသား အကျိုးကို လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း၊ ယခုကဲ့သို့ ရပ်တည်ခြင်းဖြင့် NLDသည် ဆက်လက် လုပ်ဆောင်သွားနိုင်ကြောင်း ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးအေးသာအောင်က ဧရာဝတီကို ပြောသည်။

“ပါတီမှတ်ပုံတင် ဥပဒေတွေ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ ထွက်လာတော့ ပိုပြီးတော့ ပါတီတွေကို ရွေးကောက်ပွဲ ကော်မရှင်က စိုးမိုး ခြယ်လှယ်ထားတဲ့ ပုဒ်မတွေ ပါတဲ့ အတွက် နိုင်ငံရေး ပါတီ တရပ် အနေနဲ့ ဒီကော်မရှင် အောက်မှာ ရပ်တည်ပြီးတော့ နိုင်ငံရေး လုပ်ဆောင်ဖို့ ဆိုတာ မဖြစ်သင့်ဘူး” ဟု ရန်ကုန်တွင် နေထိုင်သည့် ဦးအေးသာအောင်က ပြောသည်။

လူထု ထောက်ခံသည့် NLDသာ ပါဝင် ယှဉ်ပြိုင်ခြင်း မရှိပါက ကျင်းပမည့် ရွေးကောက်ပွဲသည် ပြည့်စုံသော ရွေးကောက်ပွဲ ဖြစ်မည် မဟုတ်ကြောင်း အစိုးရနှင့် အပစ် အခတ် ရပ်စဲခြင်း မရှိသေးသည့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA -S) မှ ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းလောင်ဆိုင်းက ဆိုသည်။

အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် စစ်မှန်သော ဒီမိုကရေစီ ရရှိရေး အတွက် အထောက်အကူဖြစ်သော NLD၏ ဆုံးဖြတ်ချက်ကို  ပလောင် တိုင်းရင်းသားများ၏ ကိုယ်စား လှိုက်လှဲစွာ ကြိုဆိုကြောင်း ပြည်ပအခြေစိုက် ပလောင် ပြည်နယ် အမျိုးသား လွတ်မြောက်ရေး တပ်ဦး အတွင်းရေးမှူး မိုင်အိုက်ဖုန်းက ပြောသည်။

ရင်းမြစ်။ ။ဧရာဝတီ

အန်အယ်လ်ဒီပါတီ မှတ်ပုံမတင်သည့်အပေါ် ပြည်တွင်းပြည်ပမှ အတိုက်အခံအဖွဲ့အစည်းများ၏ သဘောထားများ



 
၂၀၁၀ ခုနှစ် နအဖကောင်စီက ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသည် တရားမျှတမှု လုံးဝမရှိသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) သည် ပါတီအဖြစ် ထပ်မံ မှတ်ပုံတင်တော့မည်မဟုတ်ကြောင်း မတ် (၂၉) ရက်၊ အန်အယ်လ်ဒီရုံးချုပ်တွင် ပြုလုပ်သည့် ဗဟိုဦးစီးအဖွဲ့ဝင်များ၏အစည်းအဝေးမှ ကန့်ကွက်သူမရှိ အများသဘောတူ ဆုံးဖြတ်ခဲ့သည်။
ထိုသို့ စစ်အစိုးရ ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီသည် ပါတီအဖြစ် မှတ်ပုံတင်ခြင်းမရှိသည့်အပေါ် ပြင်တွင်းပြည်ပမှ အတိုက်အခံအဖွဲ့အစည်းများ၏ သဘောထားအမြင်များကို ခေတ်ပြိုင်က ဆက်သွယ်မေးမြန်း တင်ပြလိုက်ပါသည်။

ဦးစိန်ဝင်း (၀န်ကြီးချုပ်)
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (အန်စီဂျီယူဘီ)
အန်အယ်လ်ဒီရဲ့ ဆုံးဖြတ်ချက်ကို ကျနော်တို့အပြည့်အ၀ ထောက်ခံတယ်။ ဒါဟာ လုပ်သင့်လုပ်ထိုက်တာကို လုပ်တာပဲလို့ ကျနော်တို့မြင်ပါတယ်။ တရားဝင်မှုထက်စာရင် ပြည်သူလူထုရဲ့ ထောက်ခံမှုက ပိုအရေးကြီးတယ်လို့ မြင်ပါတယ်။ အန်အယ်လ်ဒီရဲ့အသံဆိုတာ မတိတ်ပါဘူး။ ဖိနှိပ်မှုတွေ အများကြီးရှိတာ၊ မတရားဥပဒေတွေ အများကြီးရှိတာ၊ မတရားလုပ်ငန်းစဉ်တွေ လုပ်နေတာ၊ ပြည်သူလူထုကို လုံးဝအရေးမထားဘဲနဲ့ အမျိုးမျိုး ဒုက္ခဝေအောင် လုပ်နေတာတွေ ရှိနေသမျှ တော်လှန်တဲ့အသံတွေကလည်း ထွက်နေမှာပါပဲ။ ရှေ့ဆက်ပြီး နိုင်ငံရေးလှုပ်ရှားဖို့ဆိုတာ ပြည်သူလူထုက လက်ခံရင် လုပ်လို့ရပါတယ်။
ဦးမောင်မောင် (အထွေထွေအတွင်းရေးမှူး)
ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ (အန်စီယူဘီ)
ကျနော်တို့အနေနဲ့ အန်အယ်လ်ဒီရဲ့ ဆုံးဖြတ်ချက်ကို အများကြီး ကြိုဆိုထောက်ခံတယ်။ ဆက်လက်ထောက်ခံသွားဖို့လည်း နည်းမျိုးစုံနဲ့ ကြိုးစားသွားမယ်။ ဒီဆုံးဖြတ်ချက်ရဖို့ တက်ညီလက်ညီလှုပ်ရှားခဲ့တဲ့ မြို့နယ်အဆင့် တိုင်းအဆင့်အဖွဲ့ဝင်တွေ အမှုဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့သတ္တိဆုံးဖြတ်ချက် ပြတ်ပြတ်သားသားကို မြင်ရတဲ့အတွက် တော်တော်ကြီးကို ၀မ်းသာပါတယ်။ မြန်မာပြည်ရဲ့ သမိုင်းမှာ အများပြောသလို အန်အယ်လ်ဒီဟာ သူ့ကိုပေးထားတဲ့တာဝန်ကို သူထမ်းဆောင်ဖို့ အဆင်သင့် ရှိတယ်ဆိုတာကို ပြလိုက်တာဖြစ်တယ်။ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက ပြည်သူက ရွေးချယ်ခဲ့တာ ဖြစ်တယ်။ ပြည်သူရွေးချယ်ခဲ့တဲ့ ရွေးကောက်ပွဲကို ပုံမဖော်ဘဲနဲ့ နောက်ထပ်ရွေးကောက်ပွဲတခုကို လုပ်လို့မရဘူးဆိုတာကို အန်အယ်လ်ဒီက တိတိလင်းလင်း ပြလိုက်တာဖြစ်တယ်။
ကျနော်တို့အနေနဲ့ နိုင်ငံတကာမှာရှိတဲ့ အစိုးရနဲ့ အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀ိုင်းအားလုံးကိုရော အန်အယ်လ်ဒီနဲ့ ရွေးကောက်ပွဲအနိုင်ရ ပုဂ္ဂိုလ်တွေရဲ့ လှုပ်ရှားမှုကိုရော ၀ိုင်းဝန်းပြီးတော့ နည်းမျိုးစုံနဲ့ ထောက်ခံအားပေးသွားဖို့ ကြိုးစားနေပါတယ်။
ဦးဘိုလှတင့် (နိုင်ငံခြားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး)
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (အန်စီဂျီယူဘီ)
ဒီကိစ္စနဲ့ပတ်သက်ပြီး အန်အယ်လ်ဒီဟာ အင်မတန်မှ ရဲရင့်ပြတ်သားပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချတယ်၊ အင်မတန်မှ သိက္ခာရှိတဲ့ ဆုံးဖြတ်ချက်ကို ချလိုက်တဲ့အတွက် ကျနော်တို့က လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။
အန်အယ်လ်ဒီဟာ မြန်မာနိုင်ငံမှာ ဒိထက်ပိုပြီးတော့ ဖိနှိပ်ခံရဖို့ အကြောင်းရှိတယ်၊ ချုပ်ချယ်ခံရဖို့အကြောင်းရှိတယ်၊ ခေါင်းဆောင်တွေလည်း ဖမ်းဆီးထိန်းသိမ်းတာ ပိုပြီးခံရဖို့ အကြောင်းရှိတာကို သိလျက်နဲ့ တကယ်ကို မှန်ကန်တဲ့ဆုံးဖြတ်ချက် ချခဲ့တဲ့အတွက် သူတို့ဟာ ဘယ်လိုအခြေအနေမျိုးကိုမဆို ရင်ဆိုင်ဖို့ အသင့်ဖြစ်တယ်လို့ ကျနော်တို့က မြင်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာမိသားစုကဖြစ်စေ၊ ပြည်တွင်းက တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုကဖြစ်စေ၊ တကယ်တမ်း အန်အယ်လ်ဒီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံထောက်ခံအားပေးကြမယ်ဆိုရင်တော့ နအဖ လုပ်ချင်တိုင်း လုပ်လို့မရဘူးလို့ မြင်ပါတယ်။
တကယ်တမ်းပြောရမယ်ဆိုရင် နိုင်ငံရေးပါတီ ပေါ်ပေါက်လာတာဟာ လှုပ်ရှားမှုကြောင့် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ နိုင်ငံရေးပါတီ ရှိနေလို့ လှုပ်ရှားမှုကြီး ပေါ်ပေါက်တာမဟုတ်ပါဘူး။ အားလုံးသိတဲ့အတိုင်း ကျောင်းသားလူငယ်တွေက စပြီးတော့ ၈၈ ခုနှစ် လူထုလှုပ်ရှားမှုရဲ့ အကျိုးဆက်အဖြစ် ၁၉၉၀ ရွေးကောက်ပွဲဆိုတာ ပေါ်လာတာဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုနဲ့ တကယ့်ဒီမိုကရေစီလှုပ်ရှားမှု ရှိတဲ့အတွက်ကြောင့်မို့သာလျှင် နိုင်ငံရေးပါတီဆိုတာ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ နိုင်ငံရေးပါတီ ထောင်ပြီးတော့မှ နိုင်ငံရေးတို့၊ ဒီမိုကရေစီရေးတို့ လှုပ်ရှားနိုင်တာမဟုတ်ပါဘူးလို့ ကျနော်တို့မြင်ပါတယ်။
ဦအောင်မိုးဇော် (ဥက္ကဋ္ဌ)
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဒီပီအန်အက်စ်)
မနေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဆုံးဖြတ်ချက်ကို ကြိုဆိုပါတယ်။ ပြည်သူလူထုတရပ်လုံးရဲ့ သဘောထားကို ထင်ဟပ်စေတယ်။ ဒီနေ့လို အခြေအနေကာလမျိုးမှာ တိုင်းသူပြည်သားအားလုံး၊ ဒီမိုကရေစီအင်အားစုတွေ၊ နိုင်ငံရေးအင်အားစုတွေ အားလုံး အန်အယ်လ်ဒီနဲ့ တစိတ်တ၀မ်းတည်းရှိဖို့လိုပြီး ၀ိုင်းရံပံ့ပိုးကြဖို့ အထူးလိုအပ်တဲ့အချိန် ဖြစ်တယ်။ အဖွဲ့ချုပ်ကို နအဖက ဖျက်သည်ဖြစ်စေ၊ မဖျက်သည်ဖြစ်စေ အမျိုးသားဒီမိုကရေဒီအဖွဲ့ မပျက်ဘူးဆိုတာ ယုံကြည်တယ်။ အကယ်၍ နအဖက ဖျက်လိုက်ခြင်းအားဖြင့် တတိုင်းပြည်လုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ ဖြစ်သွားဖို့လိုတယ်။ ဖြစ်သွားလိမ့်မယ်လို့လည်း ယုံကြည်တယ်။ စစ်အုပ်စုနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြည်သူလူထုအားနဲ့ တိုက်မှ ရမယ်ဆိုတာ အားလုံးလက်ခံပြီးသားဖြစ်တယ်။ ပြည်သူတွေ ရဲဘော်ရဲဘက်တွေအနေနဲ့ အဖွဲ့ချုပ်နဲ့ တစိတ်တ၀မ်းတည်း ရှိပြီးတော့ ကျားကုတ်ကျားခဲ ဆက်လက်ဆောင်ရွက်သွားဖို့ တိုက်တွန်းလိုတယ်။
မိုင်းဘုန်းကျော် (အထွေထွေအတွင်းရေးမှူး)
အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (အန်ဒီအက်ဖ်)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီမှတ်ပုံတင်မယ့်ကိစ္စကို ကန့်ကွက်သူမရှိ ဆုံးဖြတ်တာ မြန်မာပြည်သူတွေဘက်ကို ပြတ်ပြတ်သားသား ရပ်တည်တဲ့ သမိုင်းဝင် ဆုံးဖြတ်ချက်ဖြစ်တယ်။ ဒီဆုံးဖြတ်ချက်ကို လှိုက်လှိုက်လှဲလှဲကြိုဆိုတယ်။ အဖွဲ့ချုပ်က ဆက်လက်လှုပ်ရှားမယ့် လှုပ်ရှားမှုတွေအကုန်လုံးကို ၀ိုင်းရံပံ့ပိုးသွားမယ်။ တိုင်းရင်းသား ပြည်သူလူထု တရပ်လုံးကလည်း ၀ိုင်းရံပံ့ပိုးပေးဖို့ ကျနော်တို့ တိုက်တွန်းချင်ပါတယ်။ နအဖဟာ အဖွဲ့ချုပ်စတင်ဖွဲ့စည်းတဲ့ ၁၉၉၀ ကတည်းက တောက်လျှောက် ပြဿနာရှာနေတာပါ။ ဘယ်လိုပဲ ပြဿနာရှာရှာ အဖွဲ့ချုပ်ဟာ ပြည်သူထောက်ခံမှုနဲ့အတူ ကနေ့အထိ ရပ်တည်နေတာ ဖြစ်တယ်။ နအဖက ပြင်းထန်တဲ့ဖိနှိပ်မှုတွေ ဘယ်လိုပဲလုပ်လုပ် လူထုဝန်းရံမှုနဲ့အတူ အဖွဲ့ချုပ်ဟာ ဆက်လက်ရှင်သန်နေမယ်။ ကျနော်တို့လည်း အဖွဲ့ချုပ်နဲ့အတူ လှုပ်ရှားမှုတွေကို ဟန်ချက်ညီ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ပြောချင်ပါတယ်။
သခင်ချန်ထွန်း (၀ါရင့်နိုင်ငံရေးသမားကြီး)
ဒါက ရွေးကောက်ပွဲဥပဒေမှာ လက်မခံနိုင်တဲ့ အချက်တွေပါနေတော့ ဒီဟာတွေကို တောင်းဆိုပြီးတော့ အန်အယ်လ်ဒီက ရွေးကောက်ပွဲမ၀င်ဘူးလို့ ဒီလိုပဲမြင်ပါတယ်။ သူတို့က သေသေချာချာလေ့လာပြီးတော့မှ အဲဒီအခြေအနေပေါ်မှီပြီး ဆုံးဖြတ်တာဆိုတော့ သူတို့အယူအဆ သူတို့အတွေးအခေါ်နဲ့ ဆုံးဖြတ်တာဖြစ်တော့ ဒီရွေးကောက်ပွဲဝင်တဲ့အတွက် ပြဿနာတွေကို ကမ္ဘာက အသိအမှတ်ပြုမလား၊ မပြုဘူးလား ဆိုတဲ့ကိစ္စတွေ ပေါ်လာမှာပါ။ ဘာလို့လဲဆိုတော့ ကမ္ဘာကအသိအမှတ်ပြုထားတဲ့ မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ထောင်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ရွေးကောက်ပွဲမ၀င်ရဘူးဆိုတာတွေကို တချို့က ထင်ထင်မြင်မြင် ကန့်ကွက်နေကြတာတွေလည်း ကြားနေရတယ်။ အမှန်ကတော့ ဒီရွေးကောက်ပွဲကြီးဟာ အောင်မြင်မယ်လို့ လုပ်တဲ့သူတွေက ထင်မြင်ကြပေမယ့် ကမ္ဘာ့နိုင်ငံတွေ အထူးသဖြင့် ဥရောပ၊ အမေရိကန် အစရှိတဲ့နိုင်ငံတွေက ဒီရွေးကောက်ပွဲကို အသိအမှတ်ပြုကြလိမ့်မယ် မထင်ဘူး။
ဦးဝင်းတင် (ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အညွှန်းအရဆို ဘယ်လိုပဲဖျက်ဖျက် ပါတီမပျက်ဘူး။ ကျနော်တို့နိုင်ငံရေးမပျက်ပါဘူး။ နိုင်ငံရေးဆိုတာ ဒီမိုကရေစီနိုင်ငံရေးပဲ။ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီတည်ထောင်ဖို့၊ လူ့အခွင့်အရေးတွေ ပြည့်ဝဖို့၊ စစ်မှန်တဲ့ ပြည်ထောင်စုစနစ် ထွန်းကားဖို့ အာဏာရှင်စနစ်မှန်သမျှ ဖယ်ရှားဖို့ဆိုတဲ့ ကျနော်တို့ရဲ့ မူလနိုင်ငံရေးတွေက မပျက်ပါဘူး။ ကျနော်တို့ရဲ့ အသည်းနှလုံးထဲ၊ ခေါင်းထဲမှာ ဒီနိုင်ငံရေးတွေရှိနေရင် အဲဒီနိုင်ငံရေးတွေကို ကျနော်တို့က ဒီမိုကရေစီအဖွဲ့အစည်းတခုအဖြစ် ရပ်တည်ချိန်တုန်းက ရှိခဲ့တဲ့အတိုင်းပဲ ဒါတွေကို ဆက်လက် ထိန်းသိမ်းသွားရပါမယ်။ ပါတီတို့ဘာတို့ဆိုတာ ပုံသဏ္ဌာန်ပဲဗျာ။
ဦးအေးသာအောင် (အတွင်းရေးမှူး)
ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အေအယ်လ်ဒီ)
အန်အယ်လ်ဒီဟာ စီအာပီပီအဖွဲ့ဝင်ပါတီတခုဖြစ်ပါတယ်။ အထူးသဖြင့် ဒီလို ပါတီမှတ်ပုံမတင်ဘူး၊ ရွေးကောက်ပွဲကို မ၀င်ဘူးဆိုတာဟာ တိုင်းရင်းသားအဖွဲ့တွေရဲ့ ဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်ချက်နဲ့လည်းကိုက်ညီတယ်၊ စီအာပီပီရဲ့မူနဲ့လည်း ကိုက်ညီတဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့ ဒါကို ကြိုဆိုပါတယ်။ အခုလို ဆုံးဖြတ်လိုက်တာဟာလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အန်အယ်လ်ဒီက လက်မခံဘူးလို့ ထုတ်ပြန်ပြီးဖြစ်သလို အခု ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ၊ နည်းဥပဒေတွေဟာ တနည်းအားဖြင့် မမျှော်လင့်တဲ့ မထင်မှတ်တဲ့ နိုင်ငံရေးပါတီတွေကို ကန့်သတ်တားဆီး ချုပ်ချယ်မယ့် ဥပဒေတွေ ဖြစ်နေတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဥပဒေအောက်မှာ လှုပ်ရှားရမယ့် နိုင်ငံရေးပါတီတရပ်အနေနဲ့ မှတ်ပုံမတင်တာဘဲ ကောင်းတယ်လို့ မြင်ပါတယ်။
အန်အယ်လ်ဒီဟာ မှတ်ပုံတင်ပြီးသားဖြစ်တယ်။ နောက်ထပ်မှတ်ပုံတင်စရာမလိုဘူး၊ ဆက်လက်ပြီးတော့ တိုင်းပြည်အတွက် နိုင်ငံရေးအရ လှုပ်ရှားသွားမယ်ဆိုတာ ပေါ်လွင်ပါတယ်။ ကျနော်တို့ တိုင်းရင်းသားပါတီများနဲ့လည်း လက်တွဲဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဦးဉာဏ်ဝင်း (ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)
အန်အယ်လ်ဒီ မှတ်ပုံတင်လိုက်ရင် နိုင်ငံရေးအပြောင်းအလဲက ပိုပြီးတော့ ဆိုးသွားမယ်။ မှတ်ပုံမတင်တာကမှ တော်တယ်ဆိုပြီး ဒီလိုယူဆတာပါ။ တလုံးတစည်းတည်း စစ်အာဏာရှင် ကျွန်ခံရမယ့်အလုပ်ကို ကျနော်တို့မလုပ်ဘူး။ နိုင်ငံရေးက ပါတီဆိုင်းဘုတ်ရှိမှ မဟုတ်ပါဘူး။ ကျနော်တို့ နိုင်ငံရေး ဆက်လုပ်သွားကြမယ်။

ကော်မရှင်ကြောင့် ပါတီမှတ်ပုံတင်မည့်သူများ ဒုက္ခရောက်

စစ်အစိုးရထုတ်ပြန်ထားသည့် ရွေးကောက်ပွဲ နည်းဥပဒေများနှင့် ပတ်သက်ပြီး မေးမြန်းမှုများကို ရွေးကောက်ပွဲကော်မရှင်က ပြန်လည်ရှင်းလင်းဖြေကြားခြင်း မရှိသဖြင့် ပါတီမှတ်ပုံတင်မည့်သူများ အခက်အခဲ ကြုံနေရကြောင်း စုံစမ်းသိရသည်။

ပြည်နယ်တခုကို အခြေခံကာ နိုင်ငံရေးပါတီဖွဲ့စည်းရန် ပြင်ဆင်နေသူတဦးက စစ်အစိုးရ ထုတ်ပြန်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေတို့တွင် ပါတီသစ်များအနေဖြင့် မည်သည့်နေ့ နောက်ဆုံးထား မှတ်ပုံတင်လျှောက်ထားရမည် ဆိုသည့်အချက် မပါရှိသည့်အတွက် မေးမြန်းရာတွင် ပြန်လည်ဖြေဆိုခြင်းမရှိကြောင်း ပြောဆိုသည်။

၎င်းက “တကယ်လို့ နည်းဥပဒေထုတ်ပြီး ရက်ပေါင်း (၃ဝ) အတွင်းဆိုရင် ဧပြီ (၁၇) နောက်ပိုင်း မှတ်ပုံတင်လို့ မရတော့ဘူး။ သင်္ကြန်အစိုးရ ရုံးပိတ်ရက်တွေနဲ့ တွက်ရင် နောက်ဆုံး ရုံးဖွင့်ရက်က ဧပြီလ (၉) ရက်ဆိုတော့ ဘာမှမကျန်တော့ဘူး။ မှတ်ပုံသွားတင်ရမှာက နေပြည်တော်မှာ။ တကယ်လို့ အချက်အလက် မပြည့်စုံဘူးဆို ကျနော်က နယ်ကို အခေါက်ခေါက်အခါခါ ပြန်လုပ်ရမှာ။ အဓိကက အစိုးရက ညစ်မှာလည်း ကြောက်တယ်။ ဒီကိစ္စ သေချာအောင် ရွေးကောက်ပွဲကော်မရှင်ကို ဖုန်းဆက်မေးတော့လည်း သူတို့ ဖြေကြားဖို့ အခွင့်အရေးမရှိပါဘူးလို့ ပြောကြတယ်။ ဆိုတော့ ကျနော်တို့ အတော်ဒုက္ခရောက်တယ်” ဟု ပြောသည်။

နအဖစစ်အစိုးရက ထုတ်ပြန်ထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများတွင် ပါတီသစ်များအနေဖြင့် မည်သည့်နေ့ နောက်ဆုံးထားပြီး မှတ်ပုံတင်ရမည်ဟု ဖော်ပြမထားပေ။

ပြည်တွင်းထုတ် ဂျာနယ်နှစ်စောင်တို့တွင်မူ တစောင်က နည်းဥပဒေ ထုတ်ပြန်သည့်နေ့ရက်မှ ရက်ပေါင်း (၃ဝ) အတွင်းဟု ရေးထားပြီး အခြားတစောင်တွင် ရွေးကောက်ပွဲဥပဒေ ထုတ်သည့် မတ်လ (၈) ရက်နေ့မှ ရက်ပေါင်း (၆ဝ) အတွင်းဟု ဖော်ပြရေးသားထားသဖြင့် မည်သည့်နေ့ကို အတည်ယူရမည်မသိဖြစ်နေကြောင်း အဆိုပါ နိုင်ငံရေးပါတီဖွဲ့စည်းရန် ပြင်ဆင်နေသူက ပြောသည်။

ပါတီမှတ်ပုံတင်လိုသူများအနေဖြင့် ပါတီအဖွဲ့ဝင် (၁၅) ဦးစာရင်း ပြုစုကာ ကိုယ်စားလှယ် (၁) ဦးကို နေပြည်တော်သို့ စေလွှတ်လျှောက်ထားရမည်ဖြစ်ပြီး အဆိုပါ လျှောက်ထားချက်ကို ကော်မရှင်က စိစစ်ခွင့်ပြုပါက ပြန်လည်အကြောင်းကြားမည် ဖြစ်ပြီး အကြောင်းကြားသည့်ရက်မှ ရက်ပေါင်း (၃ဝ) အတွင်း လိုအပ်သည့် အချက်အလက်များနှင့်တကွ မှတ်ပုံသွားတင်ရမည် ဖြစ်သည်။

အန်အယ်လ်ဒီပါတီ အပါအဝင် ယခင်တရားဝင်တည်ရှိနေသည့် ပါတီဟောင်း (၁ဝ) ခုမှာမူ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေထုတ်ပြန်သည့် မတ်လ (၈) ရက်နေ့မှ မေလ (၈) ရက်နေ့အထိ ရက်ပေါင်း (၆ဝ) အတွင်း ပါတီကို ပြန်လည် မှတ်ပုံတင်ရမည်ဖြစ်ပြီး ပြန်လည်မှတ်ပုံတင်ခြင်း မရှိပါက တရားဝင်ပါတီအဖြစ်မှ အလိုလျောက် ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ဥပဒေ၊ နည်းဥပဒေတို့တွင် ဖော်ပြထားသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနှင့်ပတ်သက်ပြီး မတ် (၂၅) ရက်နေ့ထုတ် ဆဲဗင်းဒေးဂျာနယ် စာမျက်နှာ (၂၇) တွင် “နိုင်ငံရေးပါတီသစ်များ အားလုံးသည် ပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေထွက်ရှိပြီး ရက် (၃ဝ) အတွင်း နေပြည်တော်ရှိ ရုံးနံပါတ် (၂၂) ၊ ရွေးကောက်ပွဲကော်မရှင်ရုံးသို့ ပါတီ၏ ဥက္ကဋ္ဌနှင့် ဒု-ဥက္ကဋ္ဌတို့ကိုယ်တိုင် သွားရောက်လျှောက်ထားရမည်” ဟု ရေးထားသည်။

မတ်လ (၂၉) ရက်နေ့ထုတ် The Voice မျက်နှာဖုံးတွင် “၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ တည်ထောင်ခွင့်ကို အစိုးရက မတ်လ (၁၇) ရက် နေ့စွဲဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများ ထုတ်ပြန်ကြေညာလိုက်ရာ၊ နည်းဥပဒေ ထုတ်ပြန်ကြေညာသည့် နေ့ရက်မှ ရက်ပေါင်း (၃ဝ) အတွင်း ပါတီမှတ်ပုံတင်ရန် လျှောက်ထားရမည်ဖြစ်ပြီး” ဟု ပါရှိသည်။

မတ်လ (၂၆) ရက်နေ့ထုတ် မြန်မာတိုင်းမ်ဂျာနယ် စာမျက်နှာ (၂) တွင်မူ “အဆိုပါ နည်းဥပဒေများအရ နိုင်ငံရေးပါတီ တည်ထောင်ကာ ရွေးကောက်ပွဲဝင်လိုသော နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲဥပဒေ ထွက်ရှိပြီးသည့် မတ်လ (၈) ရက်နေ့မှ စတင်ကာ ရက်ပေါင်း (၆ဝ) အတွင်း မှတ်ပုံတင်ရန် လိုအပ်ကြောင်းနှင့် အဖွဲ့ဝင် အနည်းဆုံး (၁၅) ဦးရှိရန် လိုအပ်ကြောင်း သိရသည်” ဟု ရေးသားထားသည်။

အဆိုပါကိစ္စ နိုင်ငံရေးပါတီတခုမှ ရှေ့နေတဦးက “ဒီလို တကယ့်အရေးကြီးတဲ့ ဥပဒေဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီ ထောင်မယ့်သူတွေကလည်း သဲသဲကွဲကွဲ မသိ၊ ဂျာနယ်တွေကလည်း တယောက်တမျိုးရေး၊ ကော်မရှင်ကလည်း မဖြေရှင်းပေးဘူး ဆိုတာမျိုးကတော့ မကောင်းပါဘူး။ တကယ်ဆို ဒီလို မေးခွန်းတွေ ရှိလာရင် ကော်မရှင်ဟာ ရှင်းလင်းပြောဆိုပေးဖို့ တာဝန်ရှိပါတယ်” ဟု ပြောသည်။

စစ်အစိုးရ ရွေးကောက်ပွဲကော်မရှင်၏ မတ်လ (၂၅) ရက် ထုတ်ပြန်ချက်အရ မတ်လ (၂၂) ရက်နေ့အထိ ပါတီ (၂) ခုသာ လာရောက်မှတ်ပုံတင်ပြီးဖြစ်ကြောင်း သိရသည်။

ရင်းမြစ်။ ။ခေတ်ပြိုင်

ကြံ့ဖွံ့အသင်းမှ ကြံ့ဖွံ့ပါတီအဖြစ် ပြောင်းလဲ

ချင်းမိုင် (မဇ္ဈိမ) ။     ။ စစ်အစိုးရ ဖွဲ့စည်းထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (ကြံ့ဖွံ့) က နာမည်တူဖြင့်ပင် ပါတီအဖြစ် အသွင်ပြောင်းကာ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း အသင်းမှ ထိပ်တန်းခေါင်းဆောင်တဦးက ပြောသည်။

ကြံ့ဖွံ့အသင်းကို ကြံ့ဖွံ့ပါတီဟု အမည်ပြောင်းလိုက်ပြီး အသက် ၂၅ နှစ်အောက် လူငယ်၊ ကျောင်းသားများနှင့် အစိုးရဝန်ထမ်းများကို ထုတ်ပယ်လိုက်ကာ ပါတီဝင်ကဒ်များ လွန်ခဲ့သည့် သီတင်းပတ်မှစတင်ကာ ထုတ်ပေးလျက်ရှိသည်ဟု အဆိုပါ ထိပ်တန်းခေါင်းဆောင်က ဆိုသည်။

“ရွေးကောက်ပွဲဝင်ဖို့အတွက် ကျနော်တို့ကတော့ ကြိုတင်လုပ်နေပြီ။ အသင်းနေရာမှာ ပါတီဖြစ်သွားမယ်။  လက်ရှိမှာ တိုင်း၊ ခရိုင်အလိုက် ဖွဲ့စည်းပြီးသွားပြီပေါ့နော်။ ပိုင်ဆိုင်မှုတွေလည်း အားလုံး ပြောင်းလဲပြီးသွားပါပြီ။ နိုင်ငံတော်ပိုင် မဖြစ်တော့ပါဘူး” ဟု သူက မဇ္ဈိမကို ပြောသည်။

ကြံ့ဖွံ့ပါတီကို မှတ်ပုံမတင်ရသေးသော်လည်း ယခုနှစ် ရွေးကောက်ပွဲတွင် တနိုင်ငံလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ပြင်ဆင်ထားသည်ဟု သိရသည်။

စစ်အစိုးရက ၎င်း၏ ခြေလှမ်းနှင့်ပတ်သက်၍ သတင်းမထွက်အောင် ကြိုးစားနေစဉ်တွင် မဇ္ဈိမက မေးမြန်းထားသော ကြံ့ဖွံ့အဖွဲ့ဝင် အားလုံးက တညီတညွတ်တည်းပင် ကြံ့ဖွံ့ပါတီအဖြစ် ပြောင်းလဲခြင်းကို အတည်ပြုကြသည်။

ကြံ့ဖွံ့အနေဖြင့် ရွေးကောက်ပွဲ စည်းရုံးရေးအပိုင်းတွင် လမ်း-တံတား တည်ဆောက်ခြင်းတို့ကို ပုံမှန်လုပ်ကိုင်နေသဖြင့် ထူးခြားစွာ လှုံ့ဆော်စည်းရုံးမှုမျိုး ပြုလုပ်မည် မဟုတ်ကြောင်း ပါတီသတင်းရပ်ကွက်က ပြောသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို ၁၉၈၈ ခုနှစ်တွင် အာဏာသိမ်း နဝတ စစ်ကောင်စီက ၁၉၉၃ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအဝင် ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့်  ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်ကြီးစသည့် နအဖ ထိပ်ဆုံး စစ်ခေါင်းဆောင် ၅ ဦးက အသင်း၏ နာယကများ ဖြစ်ကြသည်။

လယ်ယာနှင့် စိုက်ပျိုးရေးဝန်ကြီး ဗိုလ်ချုပ်ဋ္ဌေးဦးက အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူထားသော ကြံ့ဖွံ့အဖွဲ့တွင် ပြည်နယ်/တိုင်း ၁၇ ဖွဲ့၊ ခရိုင်အဖွဲ့ ၆၆ ဖွဲ့၊ မြို့နယ်အဖွဲ့ ၃၂ဝ ဖွဲ့တို့နှင့် ဖွဲ့စည်းထားပြီး အဖွဲ့ဝင်ပေါင်း ၂၄ သန်းကျော် ရှိသည်ဟု ၂ဝဝ၇ ခုနှစ်က ထုတ်ပြန်ထားသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ အသက် ၂၅ နှစ်အောက်နှင့် အစိုးရဝန်ထမ်းများကို နိုင်ငံရေးပါတီဝင် မဖြစ်ရဟု ကန့်သတ်ထားရာ နုတ်ပယ်လိုက်ပြီးသည့် ကြံ့ဖွံ့ပါတီတွင် ပါတီဝင် မည်မျှရှိသည်ကို မသိရသေးပါ။

စစ်ဗိုလ်ချုပ်များနှင့် လက်ရှိ စစ်အစိုးရဝန်ကြီးများအနေဖြင့် ထိုအသင်းကို ကိုယ်စားပြုကာ ရွေးကောက်ပွဲ ဝင်ကြမည်ဟု ပြည်ပအတိုက်အခံ တပ်ပေါင်းစုတခုဖြစ်သော မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု FDB မှ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်က ပြောသည်။

“နအဖ တပ်ထဲကလူတွေ ရွေးကောက်ပွဲဝင်မယ်လေ။ သူတို့က ဒီကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကိုပဲ အခြေခံမှာပေါ့။ လူကြီးတော်တော်များများက စစ်တပ်က ထွက်ပြီး အဲဒီထဲမှာ ဝင်မယ်လို့ ကျနော်တို့ နားလည်ထားပါတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

စစ်အစိုးရ၏ ဒေါက်တိုင် ကြံ့ဖွံ့ပါတီ၏ လှုပ်ရှားမှုနှင့်ပတ်သက်၍ သတင်းမထွက်စေရန် နေပြည်တော်က ညွှန်ကြားထားသည်။ ယခင်က ကြံ့ဖွံ့ကို နာမည်သီးသန့်ပြောင်းကာ ရွေးကောက်ပွဲဝင်မည်ဟု မြန်မာ့အရေး လေ့လာသူများအကြား တွက်ဆထားမှုရှိသလို တပါတီထက်ပိုပြီး ဖွဲ့စည်းဖွယ်ရှိသည်ဟုလည်း ခန့်မှန်းထားကြသည်။

လမ်းပြင်၊ သောက်သုံးရေပေးဝေမှု စသော လုပ်ငန်းများ လုပ်ကိုင်နေသလို ရွေးကောက်ပွဲဝင်မည့် ရာထူးလက်ရှိ စစ်ဘက် အရပ်ဘက်များက စည်းရုံးနေခဲ့သော်လည်း ၂ဝဝ၃ ခုနှစ် ဒီပဲယင်း အရေးအခင်းအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များကို လုပ်ကြံသတ်ဖြတ်ရာတွင် ပါဝင်မှုနှင့် ၂ဝဝ၇ ခုနှစ် ဆန္ဒပြသူများကို ဖြိုခွင်းရာတွင် ပါဝင်ခဲ့မှုများကြောင့် ကြံ့ဖွံ့မှာ နာမည်ပျက်ထွက်သည်။

နေပြည်တော်ရှိ သတင်းရပ်ကွက်တခုက မဇ္ဈိမကို ပြောကြားရာတွင် မကြာမီ ရက်အနည်းငယ်အတွင်း ရွေးကောက်ပွဲဝင်မည့် လက်ရှိဝန်ကြီးများနှင့် စစ်ဘက်အရာရှိများကို ရာထူးမှနုတ်ထွက်ကြောင်း ကြေညာလိမ့်မည်ဟုဆိုသည်။

ဒီပဲယင်းတိုက်ခိုက်မှုမှ လွတ်မြောက်လာခဲ့သူ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ NLD ကတော့ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ခြင်း မပြုလုပ်ရန် ယနေ့ ဆုံးဖြတ်လိုက်ကြသည်။

ကြံ့ဖွံ့ခေါင်းဆောင်များကလည်း NLD ၏ အစည်းအဝေးကို လေ့လာစောင့်ကြည့်ခဲ့ကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

ကျော်ခ  

NLD နိုင်လျှင် အမေရိကန် လွှမ်းမိုးမည်ဟု ရန်ကုန်မြို့တော်ဝန် ပြော

ရန်ကုန် (မဇ္ဈိမ)။      ။  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သာ ရွေးကောက်ပွဲအနိုင်ရသွားလျှင် မြန်မာပြည်ကို အမေရိကန် လွှမ်းမိုးသွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲဝင်အရွေးခံမည်ဟု နာမည်ကြီးနေသော ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းက ပြောသည်။

ရန်ကုန်မြို့တော်ခန်းမ၌ ယခုလလည်ပိုင်းတွင် စည်ပင်သာယာဝန်ထမ်းများကို တွေ့ဆုံရာတွင် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ရွေးကောက်ပွဲတွင် ခြင်္သေ့ကို မဲထည့်မှသာလျှင် ဝန်ထမ်းများ၏ မိသားစုများ ကောင်းစားမည်ဖြစ်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ နိုင်သွားလျှင် မြန်မာနိုင်ငံကို အမေရိကန်များ ရောက်လာမည်ဟု သူက ပြောဆိုခဲ့သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၏ အထိမ်းအမှတ် ခြင်္သေ့တံဆိပ်ကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်သော်လည်း ကြံ့ဖွံ့အနေဖြင့် မည်သည့်ပါတီအဖြစ် အသွင်ပြောင်းကာ ရွေးကောက်ပွဲဝင်မည်ကို ထည့်သွင်းပြောဆိုသွားခြင်း မရှိပေ။

”သူပြောတဲ့သဘောကဗျာ၊ ခြသေ့င်္ကို မဲမထည့်လို့ ဒေါ်စုသာ နိုင်သွားရင် မြန်မာကို အမေရိကန်တွေ ရောက်လာမယ်။ ပြီးရင် ကျနော်တို့ရဲ့ မိန်းမ၊ သားသမီးတွေကို စော်ကားမှာလိုလို ပြောတယ်ဗျာ။ သူပြောတာက တကယ့် ရိုင်းစိုင်းကြမ်းကြုတ်တဲ့ စကားတွေနဲ့ ပြောတာဗျ” ဟု စည်ပင်သာယာ စီမံရေးဌာန အရာထမ်းတဦးက မဇ္ဈိမကို ပြောသည်။

သို့သော် NLD မှာမူ ပါတီမှတ်ပုံတင်ရေး၊ မတင်ရေးကိုပင် ယနေ့တွင် ပြုလုပ်မည့် ဗဟိုကော်မတီ အစည်းအဝေးမှသာ ဆုံးဖြတ်မည်ဖြစ်သည်။

”အဲဒီရွေးကောက်ပွဲလုပ်ရင် မဲပေးရမှာက ခြင်္သေ့ကိုပဲ ပေးရမယ်ဆိုတာကို ထပ်တလဲလဲ ပြောတယ်။ ဝန်ထမ်းတွေကတော့ အားလုံး ငြိမ်ပြီးတော့ နေကြတယ်။ ဘယ်သူကမှ ဘာမှ ဝင်မပြောကြဘူး” ဟု သူက ပြောသည်။

အစည်းအဝေးသို့ ဌာနဆိုင်ရာအားလုံးမှ ဌာနမှူးများ၊ ဒုတိယဌာနမှူးများ အပါအဝင် ဌာနခွဲမှူးများနှင့် အခြားအဆင့်ဝန်ထမ်းများ စုစုပေါင်း ဦးရေ ၁ဝဝ ခန့် တက်ရောက်ခဲ့ကြသည်။ ရွေးကောက်ပွဲအတွက် သီးသန့်ပြုလုပ်သော အစည်းအဝေးတခုလည်း ဖြစ်သည်။

ဒီမိုကရေစီလိုလားသော အတိုက်အခံပါတီအပေါ် မြို့တော်ဝန်၏ ပုတ်ခတ်ပြောစကားမှာ နအဖ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ရွေးကောက်ပွဲဝင်ပြိုင်မည့်သူများကို သတိပေးခြင်း မတိုင်မီ ကြိုတင်ထွက်ရှိလာခဲ့ခြင်း ဖြစ်သည်။

စနေနေ့က နေပြည်တော်တွင် ပြုလုပ်သော ၆၅ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ”ကိုယ့်ပါတီ အနိုင်ရရင် ပြီးစတမ်း သဘောမျိုးနဲ့ ပုဂ္ဂိုလ်အချင်းချင်း၊ ပါတီအချင်းချင်း ပုတ်ခတ်မှုတွေ၊ လူမျိုးရေးနဲ့ ဘာသာရေး သွေးကွဲစေမယ့် အပြုအမူတွေ စတဲ့ မပြုသင့် မပြုထိုက်တဲ့ မလျော်မကန် မဲဆွယ်မှုမျိုးတွေကိုလည်း ရှောင်ရှားကြရမှာ ဖြစ်ပါတယ်” ဟု ပြောကြားသွားခဲ့သည်။

ထို့အပြင် အကူးအပြောင်းကာလတွင် အခြားနိုင်ငံများ၏ ဘေးအန္တရာယ်ရှိသည်ဟု သူက ထည်းသွင်းပြောကြားသွားသည်။

”စနစ်တခုကနေ စနစ်တခုကို စနစ်တကျ တဆင့်ပြီးတဆင့် ကူးပြောင်းနိုင်မှု မရှိရင် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အတွက် ဘေးအန္တရာယ် ကျရောက်နိုင်တယ်။ မိမိနဲ့ ယဉ်ပါးခြင်း မရှိသေးတဲ့ စနစ်ကို ကူးပြောင်းနေစဉ်မှာ အတွေ့အကြုံ ရင့်ကျက်ပြီးသား နိုင်ငံတွေက သူတို့အကျိုးစီးပွားအတွက် ဝင်ရောက်စွက်ဖက် အမြတ်ထုတ်စမြဲ ဖြစ်တယ်။ ဒါကြောင့် ပြည်ပအားကိုးခြင်းကို မပြုမိကြဖို့ အထူးလိုအပ်တယ်” ဟု သူက ပြောသည်။

၂ဝဝ၃ ခုနှစ်မှ စတင်ကာ ဥက္ကလာပမြို့နယ်သား ဗိုလ်မှူးချုပ် အောင်သိန်းလင်းသည်  ရန်ကုန်တိုင်း ကြံ့ဖွံ့၏ ဗဟိုအလုပ်အမှုဆောင် (ရန်ကုန်တိုင်း တာဝန်ခံ) တဦးဖြစ်ကာ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် အမတ်လောင်းအဖြစ် ဝင်အရွေးခံရန် စီစဉ်နေသည်။

သူသည် ၂ဝဝ၇ ခုနှစ်မှ စတင်၍ ရန်ကုန်ပြည်သူတို့နှင့် ကျောင်းသားများပါမကျန် ကြံ့ဖွံ့အသင်းသားများ ဖြစ်ရေးကို စည်းရုံးနေသူဖြစ်ပြီး၊ စည်ပင်သာယာ ဥက္ကဋ္ဌရာထူးဖြင့် ကြံ့ဖွံ့နာမည်သုံးကာ လမ်းခင်းခြင်း၊ ပညာဒါန ဖွင့်လှစ်ခြင်း၊ ဆေးခန်းများ ဖွင့်လှစ်ခြင်း စသည်တို့ကို ပြုလုပ်ခဲ့သူ ဖြစ်သည်။

ထို့အပြင် စည်ပင်အရာရှိများမှတဆင့် ဝန်ထမ်းများကိုလည်း မဲဆွယ်မှုများ ဌာနတွင်း ပြုလုပ်လျက်ရှိသော်လည်း စည်ပင်ဝန်ထမ်းအများစုမှာ မြို့တော်ဝန်ကို နှစ်သက်မှု မရှိကြောင်း လုပ်သက် ၁ဝ နှစ်ကျော် ရှိပြီဖြစ်သော စည်ပင်ဝန်ထမ်းတဦးက ပြောသည်။

ရန်ကုန်စည်ပင်တွင် ဌာနကြီး ၂၁ ခု ရှိကာ ဝန်ထမ်းပေါင်း ၂၅ဝဝ ကျော် ရှိသည်။

မင်းသက်  

Monday, March 29, 2010

အင်န်အယ်ဒီပါတီ ၂၉ အစည်းအဝေးက ရွေးကောက်ပွဲ မ၀င်ဟု ဆုံးဖြတ်


ယနေ့ အင်န်အယ်ဒီပါတီ ခေါင်းဆောင် ၁၀၀ ကျော်နှင့် ပါတီဝင်များ၊ လူငယ်များ၏ အရေးကြီးသော ပါတီရပ်တည်ရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲ သဘောထားကို ဆုံးဖြတ် ထုတ်ပြန်ရာတွင် အားလုံး၏ ဆန္ဒဖြင့် ပါတီကို ၂၀၁၀ ရွေးကောက်ပွဲဥပဒေတွင် မှတ်ပုံမတင်ရန် ဆုံးဖြတ်သည်ဟု ဆိုသည်။

ထို့ကြောင့် စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း အင်န်အယ်ဒီပါတီက ၀င်ရောက်မည်မဟုတ်ဟူသော သဘောထားဖြစ်သည်။ ယနေ့ အင်န်အယ်ဒီင်္၏ ရပ်တည်ချက်မှာ - “လူထုရှိလျင် ပါတီ ရှိသည်” ဟူသော သဘောဖြစ်ကြောင်း မျက်မြင်တဦးက ပြောကြားသည်။ 
နောက်တရက်တွင် အင်န်အယ်ဒီပါတီ၏ ထုတ်ပြန်ချက်သဘောထားများ တရားဝင်ပြန်ကြားမည်ဟု သိရပြီး ရန်ကုန်တမြို့လုံး လက်နက်ကိုင်လုံခြုံရေးများ၊ ထောက်လှမ်းရေးများအပြင် စွမ်းအားရှင်များကိုပါ တိုးမြှင့်ချထား အင်အားပြလျက်ရှိသည် ဆိုသည်။

(ဓာတ်ပုံများ - ၂၉ အစည်းအဝေး မြင်ကွင်း)
 
မိုးမခအထောက်တော် ၀၀၃