Tuesday, March 30, 2010

ကော်မရှင်ကြောင့် ပါတီမှတ်ပုံတင်မည့်သူများ ဒုက္ခရောက်

စစ်အစိုးရထုတ်ပြန်ထားသည့် ရွေးကောက်ပွဲ နည်းဥပဒေများနှင့် ပတ်သက်ပြီး မေးမြန်းမှုများကို ရွေးကောက်ပွဲကော်မရှင်က ပြန်လည်ရှင်းလင်းဖြေကြားခြင်း မရှိသဖြင့် ပါတီမှတ်ပုံတင်မည့်သူများ အခက်အခဲ ကြုံနေရကြောင်း စုံစမ်းသိရသည်။

ပြည်နယ်တခုကို အခြေခံကာ နိုင်ငံရေးပါတီဖွဲ့စည်းရန် ပြင်ဆင်နေသူတဦးက စစ်အစိုးရ ထုတ်ပြန်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေတို့တွင် ပါတီသစ်များအနေဖြင့် မည်သည့်နေ့ နောက်ဆုံးထား မှတ်ပုံတင်လျှောက်ထားရမည် ဆိုသည့်အချက် မပါရှိသည့်အတွက် မေးမြန်းရာတွင် ပြန်လည်ဖြေဆိုခြင်းမရှိကြောင်း ပြောဆိုသည်။

၎င်းက “တကယ်လို့ နည်းဥပဒေထုတ်ပြီး ရက်ပေါင်း (၃ဝ) အတွင်းဆိုရင် ဧပြီ (၁၇) နောက်ပိုင်း မှတ်ပုံတင်လို့ မရတော့ဘူး။ သင်္ကြန်အစိုးရ ရုံးပိတ်ရက်တွေနဲ့ တွက်ရင် နောက်ဆုံး ရုံးဖွင့်ရက်က ဧပြီလ (၉) ရက်ဆိုတော့ ဘာမှမကျန်တော့ဘူး။ မှတ်ပုံသွားတင်ရမှာက နေပြည်တော်မှာ။ တကယ်လို့ အချက်အလက် မပြည့်စုံဘူးဆို ကျနော်က နယ်ကို အခေါက်ခေါက်အခါခါ ပြန်လုပ်ရမှာ။ အဓိကက အစိုးရက ညစ်မှာလည်း ကြောက်တယ်။ ဒီကိစ္စ သေချာအောင် ရွေးကောက်ပွဲကော်မရှင်ကို ဖုန်းဆက်မေးတော့လည်း သူတို့ ဖြေကြားဖို့ အခွင့်အရေးမရှိပါဘူးလို့ ပြောကြတယ်။ ဆိုတော့ ကျနော်တို့ အတော်ဒုက္ခရောက်တယ်” ဟု ပြောသည်။

နအဖစစ်အစိုးရက ထုတ်ပြန်ထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများတွင် ပါတီသစ်များအနေဖြင့် မည်သည့်နေ့ နောက်ဆုံးထားပြီး မှတ်ပုံတင်ရမည်ဟု ဖော်ပြမထားပေ။

ပြည်တွင်းထုတ် ဂျာနယ်နှစ်စောင်တို့တွင်မူ တစောင်က နည်းဥပဒေ ထုတ်ပြန်သည့်နေ့ရက်မှ ရက်ပေါင်း (၃ဝ) အတွင်းဟု ရေးထားပြီး အခြားတစောင်တွင် ရွေးကောက်ပွဲဥပဒေ ထုတ်သည့် မတ်လ (၈) ရက်နေ့မှ ရက်ပေါင်း (၆ဝ) အတွင်းဟု ဖော်ပြရေးသားထားသဖြင့် မည်သည့်နေ့ကို အတည်ယူရမည်မသိဖြစ်နေကြောင်း အဆိုပါ နိုင်ငံရေးပါတီဖွဲ့စည်းရန် ပြင်ဆင်နေသူက ပြောသည်။

ပါတီမှတ်ပုံတင်လိုသူများအနေဖြင့် ပါတီအဖွဲ့ဝင် (၁၅) ဦးစာရင်း ပြုစုကာ ကိုယ်စားလှယ် (၁) ဦးကို နေပြည်တော်သို့ စေလွှတ်လျှောက်ထားရမည်ဖြစ်ပြီး အဆိုပါ လျှောက်ထားချက်ကို ကော်မရှင်က စိစစ်ခွင့်ပြုပါက ပြန်လည်အကြောင်းကြားမည် ဖြစ်ပြီး အကြောင်းကြားသည့်ရက်မှ ရက်ပေါင်း (၃ဝ) အတွင်း လိုအပ်သည့် အချက်အလက်များနှင့်တကွ မှတ်ပုံသွားတင်ရမည် ဖြစ်သည်။

အန်အယ်လ်ဒီပါတီ အပါအဝင် ယခင်တရားဝင်တည်ရှိနေသည့် ပါတီဟောင်း (၁ဝ) ခုမှာမူ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေထုတ်ပြန်သည့် မတ်လ (၈) ရက်နေ့မှ မေလ (၈) ရက်နေ့အထိ ရက်ပေါင်း (၆ဝ) အတွင်း ပါတီကို ပြန်လည် မှတ်ပုံတင်ရမည်ဖြစ်ပြီး ပြန်လည်မှတ်ပုံတင်ခြင်း မရှိပါက တရားဝင်ပါတီအဖြစ်မှ အလိုလျောက် ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ဥပဒေ၊ နည်းဥပဒေတို့တွင် ဖော်ပြထားသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနှင့်ပတ်သက်ပြီး မတ် (၂၅) ရက်နေ့ထုတ် ဆဲဗင်းဒေးဂျာနယ် စာမျက်နှာ (၂၇) တွင် “နိုင်ငံရေးပါတီသစ်များ အားလုံးသည် ပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေထွက်ရှိပြီး ရက် (၃ဝ) အတွင်း နေပြည်တော်ရှိ ရုံးနံပါတ် (၂၂) ၊ ရွေးကောက်ပွဲကော်မရှင်ရုံးသို့ ပါတီ၏ ဥက္ကဋ္ဌနှင့် ဒု-ဥက္ကဋ္ဌတို့ကိုယ်တိုင် သွားရောက်လျှောက်ထားရမည်” ဟု ရေးထားသည်။

မတ်လ (၂၉) ရက်နေ့ထုတ် The Voice မျက်နှာဖုံးတွင် “၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ တည်ထောင်ခွင့်ကို အစိုးရက မတ်လ (၁၇) ရက် နေ့စွဲဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများ ထုတ်ပြန်ကြေညာလိုက်ရာ၊ နည်းဥပဒေ ထုတ်ပြန်ကြေညာသည့် နေ့ရက်မှ ရက်ပေါင်း (၃ဝ) အတွင်း ပါတီမှတ်ပုံတင်ရန် လျှောက်ထားရမည်ဖြစ်ပြီး” ဟု ပါရှိသည်။

မတ်လ (၂၆) ရက်နေ့ထုတ် မြန်မာတိုင်းမ်ဂျာနယ် စာမျက်နှာ (၂) တွင်မူ “အဆိုပါ နည်းဥပဒေများအရ နိုင်ငံရေးပါတီ တည်ထောင်ကာ ရွေးကောက်ပွဲဝင်လိုသော နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲဥပဒေ ထွက်ရှိပြီးသည့် မတ်လ (၈) ရက်နေ့မှ စတင်ကာ ရက်ပေါင်း (၆ဝ) အတွင်း မှတ်ပုံတင်ရန် လိုအပ်ကြောင်းနှင့် အဖွဲ့ဝင် အနည်းဆုံး (၁၅) ဦးရှိရန် လိုအပ်ကြောင်း သိရသည်” ဟု ရေးသားထားသည်။

အဆိုပါကိစ္စ နိုင်ငံရေးပါတီတခုမှ ရှေ့နေတဦးက “ဒီလို တကယ့်အရေးကြီးတဲ့ ဥပဒေဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီ ထောင်မယ့်သူတွေကလည်း သဲသဲကွဲကွဲ မသိ၊ ဂျာနယ်တွေကလည်း တယောက်တမျိုးရေး၊ ကော်မရှင်ကလည်း မဖြေရှင်းပေးဘူး ဆိုတာမျိုးကတော့ မကောင်းပါဘူး။ တကယ်ဆို ဒီလို မေးခွန်းတွေ ရှိလာရင် ကော်မရှင်ဟာ ရှင်းလင်းပြောဆိုပေးဖို့ တာဝန်ရှိပါတယ်” ဟု ပြောသည်။

စစ်အစိုးရ ရွေးကောက်ပွဲကော်မရှင်၏ မတ်လ (၂၅) ရက် ထုတ်ပြန်ချက်အရ မတ်လ (၂၂) ရက်နေ့အထိ ပါတီ (၂) ခုသာ လာရောက်မှတ်ပုံတင်ပြီးဖြစ်ကြောင်း သိရသည်။

ရင်းမြစ်။ ။ခေတ်ပြိုင်

0 comments:

Post a Comment