Saturday, December 25, 2010

မြန်မာဗိုလ်ချုပ်များ ခုံရုံးတင် မခံနိုင်ကြောင်း အမေရိကန် လျှို့ဝှက် အစီရင်ခံစာ ပေါက်ကြား

ထိပ်ပိုင်း မြန်မာဗိုလ်ချုပ်တွေအားလုံး လိုချင်နေတာက မလွှဲမရှောင်သာလို့ ကိုယ့်သဘောနဲ့ကိုယ် ရာထူးကနေ ဆင်းပေးရမယ်ဆိုရင် သူတို့နဲ့ သူတို့မိသားစု အားလုံး ပိုင်ဆိုင်မှုတွေကို ဆက်လက်ထိန်းထားပြီး တရားစွဲ အရေးယူမခံရဘို့ ဆိုတဲ့ အာမခံချက်မျိုးပဲ ဖြစ်တယ်လို့ မကြာခင်က ပေါက်ကြားခဲ့တဲ့ ရန်ကုန်မြို့ အမေရိကန်သံရုံး လက်ရှိ သံရုံးယာယီတာဝန်ခံ လယ်ရီ-ဒင်ဂါး ရေးသားတဲ့ လျှို့ဝှက်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

(Photo: AFP)
နေပြည်တော်တွင် ကျင်းပသည့် လွတ်လပ်ရေးနေ့ အခမ်းအနားတခုတွင် တက်ရောက်သော ဗိုလ်ချုပ်ကြီးများကို တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
၂၀၀၉ ခု ဧပြီလဆန်းပိုင်းမှာ အမေရိကန်သံရုံး လက်ရှိ သံရုံးယာယီတာဝန်ခံ မစ္စတာ ဒင်ဂါးက အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကို ပေးပို့တဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း အင်ဒိုနီးရှားသမတ မစ္စတာ ယူဒိုယိုနို အပါအဝင် နိုင်ငံခြားဧည့်သည်တချို့နဲ့ တွေ့ဆုံ ဆွေးနွေး စကားပြောရာမှာ သူ့အနေနဲ့ နိုင်ငံတကာ ခုံရုံးမျိုး အရောက် မခံနိုင်ဘူးဆိုတာ ပြောပြခဲ့ဘူးတယ်လို့ ကြားသိရကြောင်း၊ လက်ရှိ မြန်မာဗိုလ်ချုပ်တွေဟာ အသက်အရွယ် ထောက်လာပြီ ဖြစ်ပေမဲ့၊ ပြည်သူတွေအပေါ် သူတို့ကျုးလွန်ခဲ့တယ်လို့ ပြင်ပကမ္ဘာ ယူဆထားတဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိတယ်လို့ သူတို့ မယူဆကြကြောင်း မစ္စတာ ဒင်ဂါးက ရေးသားထားပါတယ်။
မြန်မာခေါင်းဆောင်တွေအတွက် အနားယူတယ်ဆိုတာ ရွေးချယ်စရာလမ်းတခု မဟုတ်ကြောင်း၊ သမိုင်းကို ကြည့်ရင် မြန်မာဘုရင်တွေ၊ ဗိုလ်ချုပ်တွေ သူတို့နဲ့ နီးစပ်သူတွေ သွားရာလမ်းက ရာထူးရှိနေတုန်း သေသွားတာမျိုး၊ လုပ်ကြံခံရတာမျိုး၊ ဒါမှမဟုတ် ပြည်နှင်ဒဏ်ခံရ၊ ထောင်သွင်း အကျဉ်းချခံရတာမျိုးပဲ ရှိကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
သိပ်မဝေးတဲ့ အနာဂတ်မှာ အချက်အချာကျတဲ့ နိုင်ငံရေးကိစ္စတွေအတွက် သိသိသာသာ တိုးတက်မှုရမယ်လို့ မျှော်လင့်မထားသင့်ကြောင်း၊ စစ်အစိုးရအနေနဲ့ သူတို့ရေးဆွဲထားတဲ့ ဒီမိုကရေစီ Road Map ကို နောက်ကြောင်းပြန်လှည့်ဖို့ လမ်းမမြင်သလို ၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကိစ္စ ပြန်နွှေးတာမျိုး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် တရပ်ကို ပြန်လုပ်ဖို့ အလားအလာလည်း မရှိကြောင်း သံရုံး လျှို့ဝှက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

sources: : RFA

ပျံကျဈေးသည်များ မြို့တော်ဝန်ကို ဈေးနေရာတောင်း

သီရိမင်္ဂလာဈေးမှ ပျံကျဈေးသည်များက ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းကို ဈေးရောင်းစရာ နေရာ စီစဉ်ပေးရန် အသနားခံတောင်းဆိုခဲ့ကြသော်လည်း လျစ်လျူရှုခံလိုက်ရသည်။

thirimingala-opening-ceremony1
ရန်ကုန်မြို့ လှိုင်မြို့နယ် ပိတောက်ချောင်းအနီးရှိ သီရိမင်္ဂလာဈေးသစ် ဆိုင်းဘုတ်တင်ဖွင့်ပွဲအပြီး လုပ်သားနှစ်ဦးက သိမ်းဆည်းမှုများလုပ်နေကြသည်ကို သောကြာနေ့ ဒီဇင်ဘာ ၂၄ ရက်၊ ၂၀၁၀ ပြည့်နှစ်က တွေ့ရစဉ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေး အမတ်လည်းဖြစ်သော ဦးအောင်သိန်းလင်း ရန်ကုန် လှိုင်မြို့နယ် ပိတောက်ချောင်းရှိ သီရိမင်္ဂလာဈေးသစ်ဖွင့်ပွဲသို့ တက်လာရာ ပျံကျဈေးသည် ၇၀၀ ကျော်က ဈေးရောင်းစရာ နေရာစီစဉ်ပေးဖို့ အော်ဟစ်တောင်းဆိုခဲ့သည်။

မွန်းလွဲ ၃ နာရီခွဲခန့်တွင် ရောက်လာသော မြို့တော်ဝန်ကို ဈေးသည်များက ” ဈေးရောင်းမယ့်နေရာ လုပ်ပေးပါ” ဟု သံပြိုင်အော်ကြသည်။

မျှော်လင့်မထားသော တောင်းဆိုမှုအပြီး ဖွင့်ပွဲကို အတိုချုံးကာ ဖဲကြိုးဖြတ်ပြီးသည်နှင့် ပြန်ထွက်လာသော ဦးအောင်သိန်းလင်းကားရှေ့တွင် ဈေးသည်အမျိုးသမီးနှစ်ဦး ၀မ်းလျားမှောက်အိပ်ပြီး ဆိုင်ခန်းစီစဉ်ပေးရန် ငိုယိုအသနားခံကြပြန်သည်။ စည်ပင်ဝန်ထမ်းများက ထိုဈေးသည်နှစ်ဦးကို ဆွဲခေါ်ထုတ်သွားကြသည်။

သီရိမင်္ဂလာဈေးဟောင်းတွင် ရောင်းစရာ နေရာရခဲ့ကြသော်လည်း ယခုဈေးသစ်တွင် မရသည့်အတွက် တောင်းဆိုကြသည်ဟု ဈေးသည်များက ဆိုသည်။

မြို့တော်ဝန်အလာကို နေပူထဲက ဈေးသည်များ စောင့်နေခဲ့ကြပြီး အချို့ မနက်စောစောကတည်းကပင် ရောက်နေခဲ့ကြသည်။

ဈေးသစ်သို့ ပြောင်းလိုက်ပြီဖြစ်သော်လည်း အဆောက်အဦးဆောက်လုပ်မှုများ မပြီးပြတ်သေးပေ။

ဈေးသစ်မှာ တထပ်ဈေးဖြစ်ကာ ဆိုင်ခန်း ၂၀၉၃ ခန်းပါဝင်ပြီး ဈေးဟောင်းထက် ဆိုင်ခန်း ၁၀၃ ခန်း လျော့သည်။

ဦးအောင်သိန်းလင်းသည် ရွေးကောက်ပွဲတွင် တောင်ဥက္ကလာပ မဲဆန္ဒနယ်မှ နိုင်ခဲ့သည်။ အတိုက်အခံများအပေါ် သဘောထားတင်းမာသူဟု နာမည်ဆိုးထွက်ပြီး အငြင်းပွားဖွယ် ကြိုတင်မဲများဖြင့် မဲနိုင်သွားသည်ဟု ပြိုင်ဘက်များက စွပ်စွဲခံရသူဖြစ်သည်။

မဇ္ဈိမသတင်းဌာန

ကရင်နီဒေသမှာ တရုတ်နိုင်ငံသားတချို့  အတိုက်ခိုက်ခံရ

မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်း သံလွင်မြစ်ပေါ်က ရေကာတာဆောက်လုပ်ရေး စီမံကိန်းတခုကို သွားရောက် တဲ့ ယာဉ်တန်းတခုကို ကရင်နီတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ကယားပြည်နယ် ဖရူးဆိုးမြို့နယ် အတွင်းမှာ မနေ့က ချုံခိုတိုက်ခိုက်ခဲ့ပါတယ်။ တရုတ်နိုင်ငံသား ဆောက်လုပ်ရေးလုပ်သားတွေ အပါအ၀င် အနည်းဆုံး ၃ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့တယ်လို့သိရပါတယ်။ ကရင်နီ လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ဘာကြောင့် အခုလိုတိုက်ခိုက်ခဲ့တာလဲဆိုတာကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြထားပါတယ်။ သံလွင်မြစ်ကြောင်းတလျှောက် ရေကာတာဆောက်လုပ်မှုတွေကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တွေ၊ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ဒေသခံတိုင်းရင်းသားအဖွဲ့တွေက ကန့်ကွက်ပြောဆိုနေကြချိန် အခု နောက်ဆုံး တရုတ်နိုင်ငံသား ဆောက်လုပ်ရေးလုပ်သားတွေ လိုက်ပါလာပြီး မြန်မာစစ်တပ် အစောင့် အကြပ်နဲ့ မောင်းနှင်လာတဲ့ ယာဉ်တန်းရှည်တခုကို ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ကရင်နီပြည် တိုးတက်ရေးပါတီ (KNPP) အဖွဲ့ကနေ သောကြာနေ့ နေ့လည်ပိုင်းက ကယားပြည်နယ်၊ ဖလူးဆို မြို့နယ် အတွင်းမှာ ချုံခို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ယာဉ်တန်းမှာလိုက်ပါလာတဲ့ တရုတ် နိုင်ငံသား ဆောက်လုပ်ရေးလုပ်သားတွေ အပါအ၀င် အနည်းဆုံး ၃ ဦး သေဆုံးခဲ့တယ်လို့ KNPP အတွင်း ရေးမှူး-၁ ခူးဦးရယ်က ဗွီအိုအေကို အခုလို အတည်ပြု ပြောကြားခဲ့ပါတယ်။
“ကျနော် ခန့်မှန်းချိန်ကတော့ နေ့လည် ၁၂ နာရီလောက် ဖြစ်ပါလိမ့်မယ်။ အဲ့ဒီမှာ နိုင်ငံခြားကုမ္ပဏီ တခုက ၀န်ထမ်းတွေနဲ့ အင်ဂျင်နီယာတွေပါတဲ့ အစီး ၂၀ လောက်ပါတဲ့ ယာဉ်တန်းကို ကျနော်တို့တပ်က ဖရူးဆိုးမြို့နယ်မြောက်ပိုင်း ၃ မိုင်လောက်အကွာပဲ ရှိပါလိမ့်မယ်။ အဲ့ဒီလောက်နေရာကနေပြီးတော့ ချုံခို ဖြတ်ပြီးတော့ တိုက်ခိုက်တာတော့ ဒါ အမှန်အကန်ပဲ ဖြစ်ပါတယ်။”
ဒါ့အပြင် အခု ကရင်နီလက်နက်ကိုင်အဖွဲ့ KNPP က တိုက်ခိုက်ခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်လို့ပဲ ကရင်နီဖွံ့ဖြိုးရေးသုတေသနအဖွဲ့ တာဝန်ခံ ကိုသော်ရာကလည်း အခုလို ပြောပြပါသေးတယ်။
“ဒေသက ဖရူးဆိုးမြို့နယ်ထဲက တီပေါဆို ရွာကို မရောက်ခင်လေးမှာဖြစ်တာ။ တရုတ် အလုပ်သမား တွေက ၇၀၊ ၈၀ ၀န်းကျင်မှာရှိမယ်။ တရုတ်အလုပ်သမားတွေ အဲ့လောက်အများကြီးနဲ့ ဆင်းလာတယ် ဆိုတာ ဒီတခေါက် ပထမဆုံးပဲဖြစ်တယ်။ ယာဉ်တန်းက တရုတ်ဆောက်လုပ်ရေး ၀န်ထမ်းတွေလည်း ပါတယ်ဆိုတာကို သူတို့ကြိုသိထားတဲ့ပုံနဲ့ သွားပြီးတော့မှ စောင့်တယ်လေ။ သူတို့ ဆင်းလာတဲ့အခါ ၀င်တိုက်တယ်လေ။ သူပစ် ကိုယ်ပစ်ဖြစ်မှာပေါ့။ စစ်သားတွေလည်း လုံခြုံရေးပါလာတယ် ယာဉ်တန်း ထဲမှာလေ။ သူတို့လည်း ပြန်ပစ်မှာပဲ။ သေချာတယ်။ အဲ့လို ပစ်တဲ့အထဲမှာ ကား ၁ စီးတော့ သေချာ တယ်။ မှောက်သွားတယ်။ ဒဏ်ရာတွေ သေတာတချို့ရှိတယ်လို့တော့ ကြားတယ်။ ဘယ်လောက် ဒဏ် ရာရတယ်။ ဘယ်လောက် သေဆုံးတယ်ဆိုတာတော့ အသေးစိတ် မသိရဘူး။”
KDRG ကရင်နီဖွံ့ဖြိုးရေးသုတေသနအဖွဲ့ တာဝန်ခံ ကိုသော်ရာ ပြောသွားတာပါ။ KNPP အတွင်းရေးမှူး - ၁ ခူးဦးရယ်ကတော့ တရုတ်နိုင်ငံသား ဆောက်လုပ်ရေး လုပ်သားတွေအပါအ၀င် အနည်းဆုံး ၃ ဦး သေဆုံးခဲ့ပြီး အခုလို တိုက်ခဲ့တာဟာ ကယားပြည်နယ်တွင်း သံလွင်မြစ်ပေါ်မှာ ရေကာတာဆောက်လုပ် မှုကို မကြိုက်လို့ ကန့်ကွက်တဲ့အနေနဲ့ လုပ်ဆောင်တာဖြစ်တယ်လို့ အခုလို ပြောခဲ့ပါတယ်။
“အနည်းဆုံးတော့ ဒီ ရေကာတာတည်ဆောက်မယ့် ကုမ္ပဏီက ၀န်ထမ်းတွေ လုပ်သားတွေ ၃ ယောက် လောက်တော့ သေဆုံးတယ်လို့တော့ ကျနော်တို့ သိရတယ်။ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေတော့ လောလောဆယ် ကျနော်တို့ မသိရသေးဘူး။ ကျနော်တို့ကတော့ သံလွင်တကျောမှာ ရေကာတာတည် ဆောက်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး လုံးဝ လက်မခံနိုင်တဲ့ အကြောင်းအရင်းကတော့ ကရင်နီမှာ တည်ဆောက်မယ်ဆိုရင် ရှမ်းပြည်မှာနေတဲ့လူထုရော၊ ကရင်ပြည်မှာနေထိုင်တဲ့ လူထုရောအပါအ၀င် ဒီရေကာတာရဲ့ အထက်နဲ့ အောက်မှာ နေထိုင်တဲ့ လူတွေအားလုံးကတော့ အနည်းနဲ့ အများကတော့ အတိဒုက္ခရောက်မယ့် အခြေအနေမှာရှိတယ်။
“ဒါ့အပြင် သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်လို့ကလည်း ပျက်ဆီးဆုံးရှုံးမယ့် အနေအထားတွေရှိသလိုပဲ တောရိုင်းတိရစ္ဆာန်တွေလည်း သေကျေပျက်ဆီးမယ့် အနေအထားတွေ အများကြီးရှိပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ရေကာတာ တည်ဆောက်မယ့်ကိစ္စ ဘယ်လိုအနေအထားမျိုးနဲ့ပဲ တည်ဆောက် ဆောက် ကျနော်တို့က လက်မခံဘူးဆိုတဲ့ အနေအထားပေါ်မှာ အခြေခံပြီးတော့ တောက်လျှောက် တိုက်သွားမယ်။ နိုင်ငံတကာသိအောင်လည်း ကျနော်တို့ ဖော်ထုတ်သွားမယ်ဆိုတဲ့ အခြေခံအောက်မှာ ကျနော်တို့ ဒီတိုက်ခိုက်မှုကို လုပ်ခဲ့ရတာဖြစ်ပါတယ်။”
KNPP အတွင်းရေးမှူး-၁ ခူးဦးရယ် ပြောသွားခဲ့တာဖြစ်ပါတယ်။ ဒီလို သံလွင်မြစ်ကြောင်းတလျှောက် ရေကာတာတည်ဆောက်ရေး စီမံကိန်းကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေ၊ လူ့အခွင့်အရေး အဖွဲ့တွေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းအသီးသီးက ကန့်ကွက်နေကြတာဖြစ်ပါတယ်။ အခုနောက်ဆုံး ဒီဇင်ဘာလ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ရှမ်းသဘာဝပတ်ဝန်းကျင်ရေးရာအဖွဲ့နဲ့ ရှမ်းအမျိုးသမီးရေးရာ အဖွဲ့တို့ရဲ့ ပူးတွဲအစီရင်ခံစာထဲမှာ ဒီရေကာတာစီမံကိန်းကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်းမှာနေထိုင်တဲ့ ဒေသခံ ၁ သိန်း ၆ သောင်းကျော်ဟာ ဒုက္ခတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။ ဒီမြစ်ကို မှီခို အားထားပြီး လုပ်ကိုင်စားသောက်နေကြတဲ့ ဒေသခံတွေဟာလည်း မြစ်ရေရဲ့ အတက်အကျ မတည်ငြိမ်မှု ကြောင့် လုပ်ကိုင်စားသောက်လို့ မရတော့ဘူးလို့ ရေးသားထားပါတယ်။
ဒါ့အပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေကလည်း ပတ်ဝန်းကျင်ပျက်ဆီးပြီး တောရိုင်း တိရစ္ဆာန်တွေ ပျက်ဆီးဆုံးရှုံးမှုနဲ့ ရင်ဆိုင်ရနိုင်တယ်ဆိုပြီး တောက်လျှောက် ကန့်ကွက်နေကြတာပါ။ ဒီလို အကြီးအကျယ်ကန့်ကွက်မှုတွေ ရှိနေတဲ့ကြားကပဲ အရှေ့တောင်အာရှမှာ အကြီးဆုံးဖြစ်လာမယ့် သန်းပေါင်း ၁ သောင်းတန် ရေအားလျှပ်စစ် စီမံကိန်းကို အကောင်အထည်ဖော်ဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာပဲ တရုတ်၊ မြန်မာနဲ့ ထိုင်း ၃ နိုင်ငံကနေ သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။

sources : : VOA

ရုရှားသံအမတ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လာရောက် တွေ့ဆုံခဲ့ပါတယ်။ အဲဒီလို တွေ့ဆုံစဉ်မှာ ဆွေးနွေးတဲ့အကြောင်းအရာ တွေကို အတိအကျ မသိရသေးပေမဲ့လည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ  စစ်အစိုးရဘက်ကနေ အမြဲတမ်း အကာအကွယ်ပေးနေတဲ့ ရုရှားနိုင်ငံက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အခုလို လာတွေ့တာက ထူးခြားနေပါတယ်။ အဲဒီလိုတွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး ကိုရန်နိုင်က ဆက်သွယ်မေးမြန်တဲ့အခါမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က အခုလို ပြောပါတယ်။ “ဗုဒ္ဓဟူးနေ့မနက်ပေါ့ဗျာ။ ၂ နာရီက မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးက သံအဖွဲ့ဝင်တဦးနဲ့အတူ ဒေါ်အောင်ဆန်းစုကြည် အိမ်ကိုလာပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးပါတယ်။ ဆွေးနွေးတဲ့အကြောင်းအရာကို နှစ်ဖက်စလုံးက ထုတ်ပြန်ကြေညာခြင်း မပြုပါဘူး။”
အရင်တုန်းက ရုရှားက ဒီလိုမျိုးလာပြီးတွေ့တာတွေ သိပ်မရှိတော့ အခုလာတွေ့တဲ့အပေါ်မှာ အဲန်ကယ်လ်တို့ ဘယ်လိုမြင်မိလဲခင်ဗျ။ -
“ဟုတ်ပါတယ်။ ခင်ဗျားပြောတဲ့အတိုင်းပါပဲ။ ရုရှားဟာ ကျနော်တို့ အရင် အဖွဲ့ချုပ်က နိုင်ငံရေး အခမ်းအနားတွေ လုပ်တဲ့အခါမှာဖိတ်ပါတယ်။ ပထမတုန်းက မလာတာများပါတယ်။ လာလေ့မရှိပါဘူး။ လုံးဝ မလာဘူးလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ အခု ဒီတခါ လွတ်လာပြီးမှာတော့ လွတ်တဲ့နောက် တရက်နှစ်ရက်မှာ လာပြီးတော့ နုတ်ဆက်ပါတယ်။ ၀မ်းမြောက်ကြောင်း ပြောပါတယ်။ အခုကိုယ်တိုင်လာပြီးတော့ ချိန်းဆိုပြီးတော့ တွေ့တာဖြစ်ပါတယ်။ အဲဒီတော့ သံတမန် protocol အခြေအနေကို ကြည့်ရရင်တော့ နည်းနည်းတော့ ရွေ့လာတဲ့ သဘောပေါ့ဗျာ။ ပြောင်းလာတဲ့သဘောလို့ ပြောလို့ရပါတယ်။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ပြန်ကြားရေးတာဝန်ခံတဦးဖြစ်တဲ့ ဦးအုန်းကြိုင် ပြောသွားတာပါ။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးတို့ အခုတကြိမ်တွေ့ဆုံတာဟာ (၃) ကြိမ်မြောက် တွေ့ဆုံမှု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ် သြဂုတ်လတုန်းက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချမှတ်ထားတဲ့ စည်းကမ်းတွေကို ချိုးဖောက်တယ်ဆိုပြီး အင်းစိန်ထောင်တွင်း တရားရုံးမှာ ရုံးတင်တရားစစ်ဆေးတုန်းက ပထမအကြိမ် တွေ့ဆုံခဲ့ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ ပြန်လည် လွတ်မြောက်လာပြီးတဲ့နောက်မှာ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ဒုတိယအကြိမ် သွားရောက်တွေ့ဆုံခဲ့ပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့တင်ပြတဲ့အခါတိုင်းမှာ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၅ နိုင်ငံထဲက ရုရှားနဲ့ တရုတ်နိုင်ငံတို့က ဗီတိုအာဏာသုံးပြီး အမြဲတမ်း ကန့်ကွက်ပယ်ချလေ့ရှိပါတယ်။

sources : : VOA