Saturday, December 25, 2010

ရုရှားသံအမတ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လာရောက် တွေ့ဆုံခဲ့ပါတယ်။ အဲဒီလို တွေ့ဆုံစဉ်မှာ ဆွေးနွေးတဲ့အကြောင်းအရာ တွေကို အတိအကျ မသိရသေးပေမဲ့လည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ  စစ်အစိုးရဘက်ကနေ အမြဲတမ်း အကာအကွယ်ပေးနေတဲ့ ရုရှားနိုင်ငံက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အခုလို လာတွေ့တာက ထူးခြားနေပါတယ်။ အဲဒီလိုတွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး ကိုရန်နိုင်က ဆက်သွယ်မေးမြန်တဲ့အခါမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က အခုလို ပြောပါတယ်။ “ဗုဒ္ဓဟူးနေ့မနက်ပေါ့ဗျာ။ ၂ နာရီက မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးက သံအဖွဲ့ဝင်တဦးနဲ့အတူ ဒေါ်အောင်ဆန်းစုကြည် အိမ်ကိုလာပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးပါတယ်။ ဆွေးနွေးတဲ့အကြောင်းအရာကို နှစ်ဖက်စလုံးက ထုတ်ပြန်ကြေညာခြင်း မပြုပါဘူး။”
အရင်တုန်းက ရုရှားက ဒီလိုမျိုးလာပြီးတွေ့တာတွေ သိပ်မရှိတော့ အခုလာတွေ့တဲ့အပေါ်မှာ အဲန်ကယ်လ်တို့ ဘယ်လိုမြင်မိလဲခင်ဗျ။ -
“ဟုတ်ပါတယ်။ ခင်ဗျားပြောတဲ့အတိုင်းပါပဲ။ ရုရှားဟာ ကျနော်တို့ အရင် အဖွဲ့ချုပ်က နိုင်ငံရေး အခမ်းအနားတွေ လုပ်တဲ့အခါမှာဖိတ်ပါတယ်။ ပထမတုန်းက မလာတာများပါတယ်။ လာလေ့မရှိပါဘူး။ လုံးဝ မလာဘူးလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ အခု ဒီတခါ လွတ်လာပြီးမှာတော့ လွတ်တဲ့နောက် တရက်နှစ်ရက်မှာ လာပြီးတော့ နုတ်ဆက်ပါတယ်။ ၀မ်းမြောက်ကြောင်း ပြောပါတယ်။ အခုကိုယ်တိုင်လာပြီးတော့ ချိန်းဆိုပြီးတော့ တွေ့တာဖြစ်ပါတယ်။ အဲဒီတော့ သံတမန် protocol အခြေအနေကို ကြည့်ရရင်တော့ နည်းနည်းတော့ ရွေ့လာတဲ့ သဘောပေါ့ဗျာ။ ပြောင်းလာတဲ့သဘောလို့ ပြောလို့ရပါတယ်။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ပြန်ကြားရေးတာဝန်ခံတဦးဖြစ်တဲ့ ဦးအုန်းကြိုင် ပြောသွားတာပါ။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးတို့ အခုတကြိမ်တွေ့ဆုံတာဟာ (၃) ကြိမ်မြောက် တွေ့ဆုံမှု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ် သြဂုတ်လတုန်းက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချမှတ်ထားတဲ့ စည်းကမ်းတွေကို ချိုးဖောက်တယ်ဆိုပြီး အင်းစိန်ထောင်တွင်း တရားရုံးမှာ ရုံးတင်တရားစစ်ဆေးတုန်းက ပထမအကြိမ် တွေ့ဆုံခဲ့ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ ပြန်လည် လွတ်မြောက်လာပြီးတဲ့နောက်မှာ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ဒုတိယအကြိမ် သွားရောက်တွေ့ဆုံခဲ့ပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့တင်ပြတဲ့အခါတိုင်းမှာ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၅ နိုင်ငံထဲက ရုရှားနဲ့ တရုတ်နိုင်ငံတို့က ဗီတိုအာဏာသုံးပြီး အမြဲတမ်း ကန့်ကွက်ပယ်ချလေ့ရှိပါတယ်။

sources : : VOA

0 comments:

Post a Comment