သိသိ မသိသိ မြင်ဖူးဖူး၊ မမြင်ဖူးဖူး၊ ကျနော်တို့အတွက် အရေးမကြီးပါဘူး၊ အားလုံး မြန်မာပြည်လွတ်မြောက်ရေး ကွန်ယက်ထဲမှာ သူငယ်ချင်းတွေလို့ ကျနော်ခံယူထားပါတယ်။
ကျနော်တို့ အားလုံး မြန်မာနိုင်ငံတော်ကို တိုးတက်စေချင်ကြတယ်။ အရှေ့တောင်အာရှ နိုင်ငံအလယ်မှာ ဒုက္ခပင်လယ်ဝေနေပြီး အများ နှာခေါင်းရှုံ့တဲ့ နိုင်ငံအဖြစ်က လွတ်မြောက်စေချင်ကြတယ်။ ဘေးအိမ်နီးချင်းတွေက ကျနော်တို့နိုင်ငံ သယံဇာတတွေ အတင်းနှိုက်ယူနေတာ မခံချိမခံသာနဲ့ တက်ခေါက်နေရတဲ့အဖြစ်က လွတ်မြောက်ချင်ကြတယ်။ အထူးသဖြင့် နိုင်ငံပျောက်၊ လူမျိုးပျောက်နေတဲ့ အဖြစ်တွေက လွတ်မြောက်ချင်ကြတယ်။ မြန်မာပြည်ကို တနည်းနည်းနဲ့ ကူညီချင်ကြတယ်၊ စိတ်သဘောထားတွေ အတူတူပါပဲ။
အဲတော့ဗျာ …
ကျနော်တို့အားလုံး မြန်မြန် ချိတ်ဆက်နိုင်ပြီး ပြည်တွင်းက လူငယ်တွေလည်း ၀င်ရောက် ရေးသားနိုင်မယ့် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက် ဖတ်နိုင်မယ့်၊ ပါတီကလူငယ်တွေလည်း တက်ရောက်ဖတ်နိုင်မယ့် post လေးတခုကို လုပ်ပေးစေချင်ပါတယ်။
နည်းပညာပိုင်းကျွမ်းကျင်သူ လူငယ်များ စကာင်္ပူမှာ အများဆုံးနေထိုင်နေတယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်နားထောင်တဲ့ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းထဲမှာ နည်းပညာနဲ့ ပတ်သက်ပြီး ရိုးသားစွာပြောသွားတဲ့ သူ့စကားလေးကို ကြိုက်ပါတယ်။
(ကင်မရာဖုန်းလေးကိုပြောတော့ ပါးစပ်ကို ဘယ်နေရာက ထားရမလဲ မသိဘူးတဲ့ …)
ကျနော်တို့လည်း ကိုယ့်အချင်းချင်း ထိန်ဝှက်စရာ မလိုပါဘူး၊ တတ်သိနားလည်သူက ကွန်ယက်လေးဖြစ်ဖို့၊ အထူးသဖြင့် ကျနော်တို့ နိုင်ငံတကာက ပြည်သူတွေရဲ့ အသံတွေ အထဲကို ပို့နိုင်ဖို့ အိုင်တီကျွမ်းကျင်သူများကို အကောင်းဆုံး ကြိုးစားပေးကြပါလို့ ကျနော် မေတ္တာရပ်ခံအပ်ပါတယ်။ ကျွမ်းကျင်နားလည်သူတွေက လုပ်ပေးနိုင်လိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်ဗျာ။
(ပြည်တွင်းကသူတွေ ကျော်ခွကြည့်ဖို့လည်း အိုင်တီဆရာလေးများပဲ တတ်ကျွမ်းမှာပါ)
ကျနော်တို့ အဲဒီကွန်ယက်လေးမှာ အချင်းချင်း အငြင်းပွားဖို့ မဟုတ်ဘူးနော်။ ပြည်သူ့အသံလေးတွေပို့ဖို့ပါ။
ဘာလို့လဲ ဆိုတော့ ဧရာဝတီဘလော့်လေးမှာ အထဲက သတင်းထောက်လူငယ်လေးတဦး ရင်ဖွင့်သွားတာ ကျနော်ကြိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းရံပေးနေတဲ့သူတွေက မောက်မာစွာ ဆက်ဆံတာကို ပြောပြသွားတာလေးပါ။ ကျနော်အမြင်ကတော့ သူတို့ဘက်ကလည်း ပူပန်မှုတွေ စိုးရိမ်မှုတွေ မယုံကြည်မှုလေးတွေ ရှိချင် ရှိနေမှာလေ။ ဒီပဲယင်းမှာ ကံကောင်းလို့  ဒေါ်စု မသေခဲ့တာ မဟုတ်လား။ တဘက်နဲ့ တဘက် နားလည်မှု မလွဲစေချင်ဘူး။
၈၈ တုန်းကလည်း မင်းမဲ့စရိုက်အသွင်ဖန်တီးပြီး အလေ့အကျင့် အတွေ့အကြုံမရှိတဲ့ ကျနော်တို့ပြည်သူတွေ ခံလိုက်ရတာကိုလည်း မမေ့စေချင်ဘူး။
အဲတော့ဗျာ …
မိုးမခထဲက ကိုပေါအသံ လို့ ကျနော်တို့ အားလုံး ရင်ဖွင့်လို့ရမယ့် နေရာလေးတခုတော့ လိုနေပြီဗျာ။ အပြင်ကလူတွေ (အင်တာနက်တွေ လျှောက်တက်လို့ ရလို့) အထဲကို သတိပေးလို့ ရတာလေးတွေ ပေးလို့ရတယ်ဗျာ။
ဥပမာ - ဒေါ်အောင်ဆန်းစုကြည် ရုံးကို လာတဲ့နေ့က ပြည်သူတွေ အရမ်းတိုးတာ ကြောက်စရာကောင်းတယ်။ ဂျင်ဂလိ (၈၈လက်နက်) နဲ့ ထိုးလိုက်လို့ ရတယ်။ ပြည်သူတွေထဲကပါ ထပ်ဆင့် ရံပေးသင့်တာမျိုးပေါ့။
ကျနော်တို့နိုင်ငံမှာ ပါတီမ၀င်လည်း VOLUNTEER လုပ်ပေးနိုင်တဲ့ဟာတွေ လူငယ်တွေ ၀ိုင်းရံပေးနိုင်တာမျိုးလေးတွေ ပြောပြပေးဖို့ အဲလိုမျိုးလေးပေါ့ဗျာ။
ကျနော့် စာရှည်သွားတယ်။ ခွင့်လွှတ်ပါ။ နားလည်ပေးနိုင်မယ် ထင်ပါတယ်။ ကျနော်တို့ ကြီးငယ်မဟူ မျိုးဆက်တွေ လက်ချင်းချိတ်ဖို့ပါ။
အနှစ်သာရပြည့်ဝတဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်သစ်ဆီသို့
အားလုံးကို လေးစားစွာဖြင့်
ဖိုးဇီဝ
Thursday, November 18, 2010
Subscribe to:
Posts (Atom)