Saturday, December 12, 2009

အပေး -အရ

မိုးလင်းရင်
အဖိုးရေ.....ဆိုပြီး နိုးတတ်တဲ့ကလေး
အခုတော့ ဟိုး အဝေးကြီးမှာ ထားခဲ့ရပြီ
ဒီခြောက်ဆယ်နား နီးနေတဲ့ အဖိုးက
ဒီခြောက်နှစ် မပြည့်သေးတဲ့ မြေးမလေးကို
ဘာတွေများ ပေးခဲ့ပါသလဲ
ဟောဒိ နိုင်ငံတော်ကြီးထဲမှာ
ပန်းသီးအနာအဆာတွေပေါတဲ့ ခေတ်ကြီးထဲမှာ
အပေါ်ယံ ထုတ်ပိုးမှုလှလှနဲ့ အဟာရမပါတဲ့ ရက်လွန်မုန့်ပဲသရေစာတွေကြားမှာ
ကြိမ်လုံးနဲ့ကျူရှင်ကြားက ရေဝပ်တဲ့ တန်းကျောင်းလေးမှာ
ကိုက်ရင်သေတတ်တဲ့ အကျားအကျားနဲ့ ခြင်ကျားကြီးတွေ တဝီဝီ
ပုလဲဆိပ်ကမ်း ဗုံးကြဲလေယာဉ်တွေ အုပ်ဖွဲ့ပျံလာသလို တဝီဝီ
ကျနော့်ရင်ငွေ့နဲ့ ဗုံးခိုကျင်းလေး တူးပေးခဲ့ပါတယ်
ကျနော့် ယပ်တောင်တဖျပ်ဖျပ်နဲ့ အေးကျင်း လေးထဲမှာ လုံခြုံစေခဲ့ပါတယ်
ကျနော်ပေးခဲ့ပါတယ်
စင်ဒရဲလားလေးနဲ့ ဖိနပ်လှလှလေး
မနီကလေးနဲ့ ထီးနီနီကလေး
ဒုက္ခရောက်နေတဲ့ ပုရွက်ဆိတ်လေးကို အတူတူကယ်ခဲ့တာလေး ပေးခဲ့ပါတယ်
သစ်စေ့လေးတွေကို အတူတူစိုက်ပြီး သီးပေး ပွင့်ပေး ခဲ့ပါတယ်
နေ့ နေ့ဆို တိမ်လေးတွေ
ည ညဆို ကြယ်လေးတွေ
ဟိုးမှာ ဓူဝံယ
ဟို့က ဖျောက်ဆိပ်ယ
ဟိုမှာ သောကြာ


သမီးနာမည်နဲ့ ကြယ်ကလေး တလုံးရှာကြည့်မလား
မေးခွန်းများလည်း ပေးခဲ့ပါတယ်
နောက် တော့
အယဥပဒေတွေ
မယဥပဒေတွေ မတရားလိုက်တော့
မကြီးမငယ်နဲ့ ကျနော်ပြေးရတော့
ဒီကလေး ရ လိုက်တာက
“အဖိုးကို ခေါ်လို့မရတော့ဘူး
ရေ နင်နေသလိုပဲ
သမီးလည်ပင်းထဲမှာ အဖိုး နင်နေတယ်”
(ကွယ်…. ကလေးငယ်မှာ ဘာအပြစ်ရှိလို့လဲ)
အဖိုးလည်ပင်းထဲမှာလဲ သမီး နင်နေတာပဲ ။ ။
နေနွယ်
၂၊ ဒီဇင်ဘာ၊၂၀၀၉
မူရင်း-့ www.kaungkin.com မှ ကူးယူဖော်ပြပါသည်။




ကြယ်ကြွေ သတို့သား (မင်းကိုနိုင်)

ကြယ်ကြွေ သတို့သား
မင်းကိုနိုင်
သူငယ်ချင်း
မင်းဟာ ယုံကြည်ရာကို
ရင်သွေးလိုလည်း မွေးခဲ့တယ်။

သူငယ်ချင်း
မင်းဟာ ဒဏ်ရာတွေကို
ဆီမီးလိုလည်း ထွန်းခဲ့တယ်။

သူငယ်ချင်း
မင်းဟာ ကိုယ့်အနာ
ကိုယ့်လျှာနဲ့ ပြန်သပ်
ရှင်တက်ခဲ့ပြီးပြီပဲ။

သူငယ်ချင်း
မင်းဟာ
ကိုယ့်အရေပြား ကိုယ်လွှာ
ကိုယ့်အရိုးကို အပ်လိုသွေး
ကိုယ့်ဝတ်စုံ ကိုယ်ချုပ်လို့
ကျကျနန လှခဲ့ပြီးပြီးပဲ။

သူငယ်ချင်း
သွားနှင့် သူငယ်ချင်း
ကြယ်အစင်းစင်းြေ<ွကတဲ့
ဟောဒီကမ္ဘာမြေရဲ့ အနာတရတွေကို
စွမ်းသမျှ ကုစားဖို့
ငါတို့ နေရစ်ခဲ့ဦးမယ်။

သွားနှင့် သူငယ်ချင်း
နေအစင်းစင်းပူတဲ့
ကမ္ဘာမြေရဲ့ ဒဏ်ရာတွေကို
လက်ဖဝါးတွေနဲ့ ကာကွယ်ဖို့
ငါတို့ နေရစ်ခဲ့ဦးမယ်။

သွားနှင့် သူငယ်ချင်း
ကမ္ဘာမြေရဲ့ ကြေကွဲခြင်းဓာတ်ပြားထဲ
မင်းရဲ့ ကဗျာတွေ
မာတိကာစီဖို့
ငါတို့နေရစ်ခဲ့ဦးမယ်။

သွားနှင့် သူငယ်ချင်း
ကျောင်းနံရံတဝိုက်
ဒေါင်းအလံ ပြန်စိုက်တဲ့တနေ့
ငါတို့ --- --- ---။ ။
(၂ဝဝ၇ သြဂုတ်လ ၁၇ တာရာမင်းဝေဈာပန တွင်
ကို့မင်းကိုနိုင် ရွတ်ဆိုသောကဗျာ)

ဥဒါန်း

ဥဒါန်း
ရွှေဘုန်းလူ
ပြာဝင်းဝိုးဝါးတဲ့
ဆောင်းနှင်းများကသာ
သမိုင်းရဲ့ ဘာသာစကားဖြစ်မယ်ဆိုရင်
တလိမ့်လိမ့် ခယွင်းတဲ့
သွေးနှင်းစက်တွေ
တို့မြေမှာ မှိုင်းမှိုင်းဝေရော့မယ်။

သေသူရဲ့ အရိုးတွေက
ရှင်သူကို ဘာလုပ်ရမယ်လို့
အံ့ချီးဖွဖွ ရည်ညွန်းကြတာ
သမိုင်းလို့ဆိုရမယ်။

ရာဇဝင်ဆိုးရဲ့
အရိုးတွန်သံ
ဘယ်သူ့ထံပါး
သယ်ဆောင်သွားမလဲ နှင်းတို့ရယ်။

ဒီဘက် ကမ္ဘာခေတ်ရဲ့
ရဲရင့်တဲ့သမိုင်းကြောင်းဟာ
တို့ပြည်က ကျောင်းသားအလောင်းတွေဆီမှာရှိတယ်။

သားပျောက်ရှာနေတဲ့ အမေကို
သူ့အောက်က မြေက
'မေမေ' လို့ တိုးတိုးလေး ခေါ်နေတယ်
မေမေရယ် မေမေရယ် မေမေရယ်။

ဇာဘုရင်ရဲ့ စနစ်ဆိုးကြောင့်
ပြည့်တန်ဆာဖြစ်ရတဲ့
ရုရှားမလေးဟာ
အိပ်ရာထဲမှာ ငိုနေတယ်။

နေဝင်းရဲ့ စနစ်ကြောင့်
သူပုန်ဖြစ်ရတဲ့ ကျောင်းသားတွေ
လမ်းမပေါ်မှာတိုက်ပွဲဝင်နေတယ်။

ဒီနေ့ပွဲဟာ
ရှုံးရှုံး နိုင်နိုင်
ယှဉ်ပြိုင်ခြင်းသာ အဓိက ဆိုတဲ့ပွဲမဟုတ်ဘူး
သူသေကိုယ်သေ အပြိုင်နွှဲ
ဝိညာဉ်ချင်း ရိုက်ခွဲတဲ့ပွဲ ဖြစ်တယ်။

'ဟေ့--- ကြိုးစင်'
ငါရင်ကော့ပြီး လာခဲ့မယ်။

တာရာမင်းဝေ ကဗျာများ

မျှော်
(ရွှေဘုန်းလူ)
ဲမြန်မာပြည် ငြိမ်းချမ်းပါစေ
သွေးစတွေစိုလူး
အလံဦးမှာ ကိုယ့်အမည်ချိတ်လို့
ကျနော်တို့တိုက်ပွဲဝင်နေပါတယ် ..။
ပိတ်မထားရသေးတဲ့
သားကြီးတို့ရဲ့ ကျောင်စာအုပ်မှာ
ဒေါင်းရုပ်လေးတွေ သားငယ်ဆွဲတော့
မေမေ မျက်ရည်ဝဲရော့မယ်..။
ရှစ်ဆယ့်ရှစ်ခုနှစ်ရဲ့
လက်နက်နဲ့ လွယ်အိတ်တိုက်ပွဲများ
မှုန်ဝါးပြာဝေ
ကမ္ဘာမကျေဘူး
ဘီလူးတစ်ခေတ် ဒေါင်းတစ်ခေတ်..။
တနေ့နေ့လေ
မသေသေးရင် ပြန်လာချင်တယ်
ရင်မှာထွေးလို့ကြိုပါ မေမေ..။
ဲမြန်မာပြည် ငြိမ်းချမ်းပါစေ
သွေးစတွေစိုလူး
အလံဦးမှာ ကိုယ့်အမည်ချိတ်လို့
ကျနော်တို့တိုက်ပွဲဝင်နေပါတယ် ..။
(တာရာမင်းဝေ အမှတ်တရ စာအုပ်မှ ကူးယူဖော်ပြပါသည်။)