Friday, August 27, 2010

ပထမဆုံး နိုင်ငံအဆင့် ၀က်ဘ်ပေါ်တယ် စစ်အစိုးရ တည်ဆောက်

စစ်အစိုးရ၏ ပထမဆုံး နိုင်ငံအဆင့် ၀က်ဘ်ပေါ်တယ် (Web Portal) ကို ရွေးကောက်ပွဲ မတိုင်မီ ၂ လ အလို စက်တင်ဘာ လထဲတွင် အများပြည်သူများ သုံးစွဲနိုင်ရန် စတင်ဖွင့်လှစ် သွားမည်ဟု ရတနာပုံ တယ်လီပို့ (YTP) နှင့် နီးစပ်သော အသိုင်းအ၀န်းက ပြောသည်။

Yatanarpon-Homepage“ရတနာပုံ သတင်း” ဟု အမည် ပေးထားသော ၀က်ဘ် ပေါ်တယ်၏ လိပ်စာမှာ www.yatanapon.com.mm ဖြစ်ပြီး ယခုအခါ တည်ဆောက်ပြီး၍ စမ်းသပ်ကာလ အဖြစ် သတ်မှတ်ထား သောကြောင့် အများပြည်သူများ ၀င်ရောက် ကြည့်ရှု၍ မရသေးကြောင်း သိရသည်။

အဆိုပါ ၀က်ဘ် ပေါ်တယ်လ်တွင် သတင်းအချက် အလက်များကို ရှာဖွေ၍ရသော Search Engine ပါဝင်ပြီး အသုံးပြုသူများ အနေဖြင့် သတင်း အချက်အလက် များကို ရတနာပုံ Data Base ဖြင့် လည်းကောင်း၊ တခြား အင်တာနက် Search Engine များတွင် လည်းကောင်း မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရှာဖွေနိုင်မည် ဖြစ်သည်။

စစ်အစိုးရသည် ရတနာပုံ ၀က်ဘ်ပေါ်တယ်ကို အခြေခံပြီး ပြည်တွင်း ပြည်ပမှ အင်တာနက်အသုံးပြုသူ မြန်မာများ ခေတ်မီ၍ ပြီးပြည့်စုံသည့် Online ၀န်ဆောင်မှုများ ပေးနိုင်ရန်၊ စီပွားရေးလုပ်ငန်းရှင်များ အတွက်လည်း Online မှ တဆင့် ထုတ်ကုန်များ ဈေးကွက်အတွင်းသို့ လျင်မြန်စွာ ပျံနှံ့ ရောက်ရှိစေရေးအတွက် ဆောင်ရွက်ပေးနိုင်ရန်နှင့် သတင်းကဏ္ဍ၊ ဖျော်ဖြေရေးကဏ္ဍ၊ ဗဟုသုတကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ စသည့် ကဏ္ဍပေါင်းစုံမှ အသိပညာ ဗဟုသုတများ၊ သတင်း အချက်အလက်များ စုစည်းရာ နိုင်ငံအဆင့် ၀က်ဘ်ပေါ်တယ် အဖြစ်တည်ထောင်သွားရန် ဟူ၍ ရည်ရွယ်ချက် ၃ ချက် ချမှတ် တည်ဆောက်ခြင်း ဖြစ်ကြောင်း ရတနာပုံ တယ်လီပို့မှ ဝန်ထမ်းတဦးက ပြောသည်။

“လောလောဆယ် အချက်အလက်တွေ ပံ့ပိုးပေးမယ့် ကမ္ဘာအရပ်ရပ်က တခြား Search Engine ၁၄ ခုလောက်က ရတနာပုံ တယ်လီပို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းထားပါတယ်။ ဒါပေမယ့် အဲဒီလူတွေက ဘယ်သူတွေလဲ ဆိုတာတော့ ကျနော်တို့ ထုတ်ပြောခွင့်မရှိပါဘူး” ဟု ရတနာပုံ ၀က်ဘ်ပေါ်တယ် စီမံကိန်းတွင် ပါဝင်ဆောင်ရွက်နေသူ တဦးက ဆိုသည်။

ဧရာဝတီမှ နမူနာ လက်ခံရရှိခဲ့သော ရတနာပုံသတင်း ၀က်ဘ်ဆိုဒ်၏ အင်တာနက် စာမျက်နှာအရ အဓိကပါဝင်သော ကဏ္ဍများမှာ သတင်း၊ အားကစား၊ ဖျော်ဖြေရေး၊ နည်းပညာ၊ စီးပွားရေး၊ နေထိုင်လှုပ်ရှားမှုဘ၀ပုံစံ၊ နိုင်ငံရေး တို့ ပါဝင်ပါသည်။

ထို့အပြင် ရတနာပုံ သတင်း ၀က်ဘ်ပေါ်တယ်တွင် Yahooကဲ့သို့ အခမဲ့ အီးမေးလ်နှင့် မက်ဆင်ဂျာ ပါရှိပြီး ဘလော့ဂ်၊ ဖိုရမ် ကဲ့သို့သော လူမှုရေးကွန်ယက် ကဏ္ဍလည်း ထည့်သွင်းထားသည်။

အွန်လိုင်းမှ ဈေးဝယ်ခြင်း၊ ဘဏ်လုပ်ငန်းလုပ်ကိုင်ခြင်း စသည့် ၀န်ဆောင်မှုများလည်း ပေးသွားရန် စီစဉ်ထားကြောင်း ရတနာပုံ တယ်လီပို့ ၀န်ထမ်းက ဆိုသည်။

သို့ရာတွင် အီးမေးလ် လုံခြုံမှုနှင့်ပတ်သက်၍မူ ရတနာပုံဝက်ဘ်ပေါ်တယ် အနေနှင့် တာဝန်ယူမှု မရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။

“အီးမေးလ်လုံခြုံမှုနဲ့ ပတ်သက်ပြီး တာဝန်ယူဖို့ အခုထိ ကျနော်တို့မှာ ၀န်ထမ်းခန့်ထားတာ မရှိသေးပါဘူး။ ရှိတဲ့ဝန်ထမ်းတွေကိုလည်း သင်တန်းပေးထားတာမျိုး မရှိသေးပါဘူး။ အခမဲ့ အီးမေးလ်ကိုလည်း ဘယ်လောက် ဂစ်ဂါ ဘိုက် ပေးမယ်ဆိုတာ စဉ်းစားတုန်းပါပဲ” ဟု သူက ဆိုသည်။

စစ်အစိုးရ ကြောထောက်နောက်ခံ ပေးထားသော ၀က်ဘ်ပေါ်တယ် အနေနှင့် GoogleYahooMSN စသည်တို့က ပေးထားသော အခမဲ့ အီးမေးလ်များ၊ ဘလော့ဂ်များနှင့် ဖိုရမ်များကဲ့သို့သော ပြည်ပ အင်တာနက် ၀န်ဆောင်မှုများကို ပြည်သူလူထုက အားကိုးနေခြင်းကို လျှော့ချပြီး အစိုးရ၏ အင်ထရာနက် ကွန်ယက်ထဲတွင်သာ သုံးစွဲကြရန် ဆွဲဆောင်သွားခြင်း ဖြစ်နိုင်သည်ဟု ပြည်ပအခြေစိုက် ၀က်ဘ်မာစတာ တဦးက ထောက်ပြဝေဖန်သည်။

အဆိုပါ ၀က်ဘ်မာစတာက “အစိုးရရဲ့ အထောက်အပံ့ရတော့ ဒီဝက်ဘ်ပေါ်တယ်က မြန်မာပြည်မှာ အကြီးဆုံးဖြစ်လာနိုင် စရာရှိပါတယ်။ ဒါပေမယ့် လူသိများတဲ့ www.planet.com.mm တို့လို ဆိုက်မျိုးကို ကျော်တက်နိုင်မလား ဆိုတာတော့ စောင့်ကြည့်ရမှာပေါ့” ဟု ဆိုသည်။

စစ်အစိုးရသည် တခြားသော ကမ္ဘာ့သတင်း ၀က်ဘ်ဆိုက်များကို ပြည်သူလူထု မကြည့်ရှုနိုင်စေရန် ပိတ်ပင်ထားစဉ် ရတနာပုံ သတင်း ၀က်ဘ်ဆိုက်ကို လွှင့်တင်မည် ဖြစ်သည်။ လေ့လာသူများက ရတနာပုံ သတင်း ၀က်ဘ်ပေါ်တယ်ကို ဖွင့်လှစ်ပြီး နောက်ပိုင်းတွင် ပိတ်ထားသော တခြားဝက်ဘ်ဆိုက်များကို ပြန်လည်ဖွင့်ပေးရန် ဖြစ်နိုင်ခြေ အလွန်နည်းသည်ဟု သုံးသပ်ကြသည်။

YTP ၀န်ထမ်းက “YTP အပေါ် ယုံကြည်မှု မလျော့နည်းရအောင် ကျနော်တို့ လူကြီးတွေကို တင်ပြနေပါတယ်။ ဒီ  ၀က်ဘ်ပေါ်တယ်ရဲ့ အဓိက ရည်ရွယ်ချက်က အဲဒါတွေ လျော့နည်းသွားအောင်လို့ပါ။ ဥပမာ အင်တာနက် မြန်နှုန်းကိစ္စလည်း ပါပါတယ်” ဟု ပြောသည်။

ကမ္ဘာ့သတင်းဌာနကြီးများဖြစ်သည့် အေပီ၊ အေအက်ဖ်ပီနှင့် အေဘီစီ စသည့် သတင်းဌာနများမှ နိုင်ငံတကာသတင်းများကို ရတနာပုံ သတင်းစာမျက်နှာပေါ်တွင် တင်ရေးအတွက် ကမ္ဘာ့သတင်းဌာနများနှင့် သဘောတူညီမှုယူရန် အစီအစဉ်ရှိ မရှိ မေးမြန်းကြည့်ရာ “နိုင်ငံတကာသတင်းတွေ တင်ဖို့ရှိပါတယ်။ ဒါပေမယ့် အဲဒီလို သဘောတူညီမှုမျိုးတော့ စစချင်းမှာ ရှိဦးမှာ မဟုတ်ဘူး” ဟု YTP ဝန်ထမ်းက ဖြေပါသည်။

ရတနာပုံ သတင်း ၀က်ဘ်ပေါ်တယ်အကြောင်းကို ရန်ကုန်မြို့ တပ်မတော်ပြခန်းတွင် သြဂုတ်လ ၂၀ ရက်မှ ၂၃ ရက်အထိ ကျင်းပသော “Lifestyle & Car Expo 2010” ပြပွဲတွင် အများပြည်သူကို စတင် မိတ်ဆက်ပေးခဲ့သည်။

အဆိုပါ နိုင်ငံအဆင့် ၀က်ဘ်ပေါ်တယ်ကို ယခုလောလောဆယ်တွင် မြန်မာ့ဆက်သွယ်ရေး ၀န်ကြီးဌာနက ထိန်းချုပ်ထားပြီး နောက်ပိုင်းတွင် ရတနာပုံ တယ်လီပို့ကို လွဲပြောင်းပေးမည်ဟုလည်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးဝန်ကြီးဌာနသည် ရတနာပုံ ဆိုက်ဒ်ဘာ စီးတီးရှိ လုပ်ငန်းအားလုံး၏ ၄၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီး ကျန် ၆၀ ရာခိုင်နှုန်းကို ပုဂ္ဂလိက ကုမ္ပဏီများက ပိုင်ဆိုင်သည်။

အဓိကရင်းနှီးမြုပ်နှံထားသော ပုဂ္ဂလိကကုမ္ပဏီများထဲတွင် ထိပ်သီး စီးပွားရေးသမား ဦတေဇပိုင် E-lite Tech လည်း ပါဝင်သည်။

ရတနာပုံ တယ်လီပို့သည် ပြည်တွင်းရှိ ကွန်ပျူတာနှင့် နည်းပညာ တက္ကသိုလ် ကောလိပ်များမှ ကျောင်းဆင်းလာသူများကို ၀န်ထမ်းအဖြစ် စုဆောင်းခဲ့ပြီး ၎င်းတို့သည် တယ်လီပို့ရှိ အဆောက်အအုံ ၇ လုံးတွင် အလုပ်လုပ်ကိုင်နေကြပါသည်။

ရတနာပုံတယ်လီပို့ကို စစ်အစိုးရက မလေးရှားနိုင်ငံမှ နည်းပညာကုမ္ပဏီတခု၏ အကူအညီဖြင့် တည်ဆောက်ခဲ့သည်ဟု သိရသည်။

ရင်းမြစ်။ ။ဧရာဝတီ

0 comments:

Post a Comment