နအဖက ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေရဲ့ အခန်း (၂) ပုဒ်မ (၆-ဂ) အရ နိုင်ငံရေးပါတီအဖြစ် လျှောက်ထားမယ့် ပါတီဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်မည် ဖြစ်ကြောင်း ၀န်ခံဖော်ပြရမှာဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီဥပဒေရဲ့ အခန်း (၃) မှာ အဆိုပါ ၀န်ခံချက်ကို လိုက်နာရန် ပျက်ကွက်ခဲ့ပါက နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့် မရှိစေရလို့လည်း အတိအလင်း ပြဋ္ဌာန်းထားပါတယ်။
ဒီပြဋ္ဌာန်းချက်တွေဟာ တရားဝင် တည်ရှိနေတဲ့ အန်အယ်လ်ဒီပါတီကို အဓိကဦးတည်ပြီး နိုင်ငံရေးထိုးစစ်ဆင်လိုက်ခြင်း ဖြစ်ပါတယ်။ ဒီပြဋ္ဌာန်းချက်တွေရဲ့ လက်တွေ့အဓိပ္ပာယ်က လက်ခံနိုင်သည်ဖြစ်စေ၊ လက်မခံနိုင်သည်ဖြစ်စေ အန်အယ်လ်ဒီပါတီအနေနဲ့ နအဖရဲ့ ၂၀၀၈ ဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမယ်လို့ နိုင်ငံရေးအရ ၀န်ခံဖြောင့်ချက်ပေးရမှာ ဖြစ်ပါတယ်။ ဒီလို နိုင်ငံရေးအရ ၀န်ခံချက်မပေးရင် အန်အယ်လ်ဒီဟာ တရားဝင်ပါတီအဖြစ်က ရပ်စဲခံရမယ်လို့ ခြိမ်းခြောက် စိန်ခေါ်လိုက်တာ ဖြစ်ပါတယ်။ တနည်းပြောရရင် ပါတီ တရားဝင်ရပ်တည်ခွင့် ရချင်ရင် ၂၀၀၈ အခြေခံဥပဒေ ရှေ့မှောက်မှာ နိုင်ငံရေးအရ ဒူးထောက် အညံ့ခံလိုက်ဖို့ နိုင်ငံရေးအရ ဖိအားပေး အကျပ်ကိုင်လိုက်တာဖြစ်ပါတယ်။
အမှန်တော့ အန်အယ်လ်ဒီပါတီဆိုတာ မိုးပေါ်က ကျလာတာမဟုတ်ပါဘူး။ မြန်မာပြည်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရရှိရေးအတွက် ရှစ်လေးလုံး လူထုအုံကြွမှုကြီးက မွေးထုတ်ပေးလိုက်တဲ့ ပါတီသာဖြစ်ပါတယ်။ ဒီလိုပါတီတရပ်အနေဖြင့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အာမခံချက် ဘာမှမရှိဘဲ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် အသွင်အမျိုးမျိုးနဲ့ ဆက်လက်လွှမ်းမိုးချုပ်ကိုင်နိုင်ဖို့ စီမံလုပ်ကြံထားတဲ့ ၂၀၀၈ အခြေခံဥပဒေဆိုတာကို ဘယ်လိုမှ အသိအမှတ်ပြု လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး။
ဒါ့ကြောင့်လည်း အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေးရှုသောအားဖြင့် ဒီအခြေခံဥပဒေကို ပြန်လည်သုံးသပ်ဖို့ နအဖအဖွဲ့ထံ တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းပြည်အကျိုးရှိရာရှိကြောင်းအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တိုက်ရိုက်တွေ့ဆုံခွင့်ပေးဖို့ မေတ္တာရပ်ခံခဲ့တာကိုလည်း ကျောခိုင်းလျစ်လျူရှုထားခဲ့ပါတယ်။ ဒါဟာ နအဖအနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးညှိနှိုင်းလိုတဲ့ သဘောထား ဘာမှမရှိကြောင်းကို ဗြောင်ကျကျ ဖော်ပြလိုက်တာပါပဲ။
အခုပိုဆိုးတာက ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံရင် အန်အယ်လ်ဒီပါတီကို တရားဝင်ရပ်တည်ခွင့် မပေးဘူးလို့ နိုင်ငံရေးအရ စိန်ခေါ်လိုက်ခြင်းပါပဲ။ ဒီတော့ အန်အယ်လ်ဒီအနေဖြင့် ပါတီရပ်တည်ခွင့်ရရေးအတွက် ၂၀၀၈ အခြေခံဥပဒေကို ကြိတ်မှိတ် လက်ခံလိုက်မှာလား၊ ဒါမှမဟုတ် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အာမခံချက် မပေးနိုင်ရုံမက စစ်အာဏာရှင်စနစ်ကိုပါ အသက်ဆက်ပေးမယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ငြင်းဆန်လက်မခံဘဲ ပါတီကို ဖျက်သိမ်းခံမှာလားဆိုတဲ့ နိုင်ငံရေးအရ သေရေးရှင်ရေးတမျှ အရေးကြီးတဲ့ မေးခွန်းကြီး (၂) ခုကို ရင်ဆိုင်နေရပါတယ်။
တနည်းပြောရရင် ပါတီနဲ့ နိုင်ငံရေး ဘယ်ဟာရွေးမှာလဲဆိုတဲ့ မေးခွန်းပါပဲ။
- ပါတီရပ်တည်ခွင့်ကို အရယူရင် နိုင်ငံရေးသေမယ်၊
- နိုင်ငံရေးရပ်တည်မှုကို ဆုပ်ကိုင်ထားရင် ပါတီရပ်တည်ခွင့် ဆုံးရှုံးမယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
ဒီနေရာမှာ ပါတီနဲ့ နိုင်ငံရေး ဘယ်ရပ်တည်မှုက အရေးကြီးဆုံးလဲဆိုတဲ့ မေးခွန်းကို အဖြေပေးကြရပါလိမ့်မယ်။ ဒီမေးခွန်းကို မှန်ကန်စွာ အဖြေပေးနိုင်ဖို့ ပါတီနဲ့ နိုင်ငံရေးတို့ရဲ့ ဆက်ဆံရေးသဘောကို အသေအချာ နားလည်သဘောပေါက်ကြဖို့ အရေးကြီးပါတယ်။
မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းမှာ ပထမဆုံးပေါ်ပေါက်ခဲ့တဲ့ နိုင်ငံရေးပါတီဟာ ဂျီစီဘီအေအဖွဲ့ကြီးလို့ပဲ အသိအမှတ် ပြုကြရပါလိမ့်မယ်။ ဒီအဖွဲ့ကြီးကို နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားရေးစိတ်ဓာတ်ရှိတဲ့ ပုဂ္ဂိုလ်တွေက ဗြိတိသျှကိုလိုနီ အစိုးရဆန့်ကျင်ရေး၊ မြန်မာ့လွတ်လပ်ရေးအတွက် တောင်းဆိုတိုက်ပွဲဝင်ဖို့ ရည်ရွယ်ဖွဲ့စည်းခဲ့ကြတာဖြစ်ပါတယ်။ ဂျီစီဘီအေ အဖွဲ့ကြီးရှိလာလို့ ကိုလိုနီဆန့်ကျင်ရေး၊ အမျိုးသားလွတ်လပ်ရေး၊ နိုင်ငံရေးလုပ်ငန်းစဉ်နဲ့ လှုပ်ရှားမှုတွေ ရှိလာတာမဟုတ်ပါဘူး။ ဒါကြောင့်လည်း ဗြိတိသျှကိုလိုနီတွေနဲ့ ပူးပေါင်းရေး၊ ဒိုင်အာခီအုပ်ချုပ်ရေးစနစ် လက်ခံရေး စတဲ့ နိုင်ငံရေးသဘောထား ကွဲလွဲမှုတွေ ပေါ်ပေါက်လာချိန်မှာ ဂျီစီဘီအေအဖွဲ့ကြီးလည်း ပြိုကွဲသွားခဲ့ရတာဖြစ်ပါတယ်။
ဒီလိုပါပဲ ၁၉၄၆ ခုနှစ်မှာ သခင်စိုးခေါင်းဆောင်တဲ့ အလံနီပါတီဆိုတာ ပေါ်ပေါက်လာခဲ့ရတာကလည်း ဗမာပြည်ကွန်မြူနစ်ပါတီနှင့် နိုင်ငံရေးသဘောထား၊ နိုင်ငံရေးလုပ်ငန်းစဉ်တွေ မတူကွဲလွဲလာမှုကြောင့်သာ ဖြစ်ပါတယ်။ အလံနီပါတီဆိုတာ ပေါ်ပေါက်လာလို့ နိုင်ငံရေးသဘောထား ကွဲလွဲကြတာမဟုတ်ပါဘူး။ အဲဒီအချိန်က “သေရဲတာအလံနီ၊ တိုက်ရဲတာ အလံနီ” ဆိုတဲ့ ကြွေးကြော်သံနဲ့ ပထမဆုံး လက်နက်ကိုင်တော်လှန်ရေး စလုပ်ခဲ့တာလည်း အလံနီပါတီပါပဲ။ ၇၀ ခုနှစ် နောက်ပိုင်းမှာ “လက်နက်ကိုင် သူပုန်ထမိတာ မှားပါပြီ” ဆိုတဲ့ နိုင်ငံရေးသဘောထား ပြောင်းလဲလာမှုနဲ့အတူ စစ်အစိုးရဆီမှာ တပါတီလုံး လက်နက်ချလိုက်ကြတဲ့အခါ အလံနီပါတီဆိုတာလည်း ပျောက်ကွယ်သွားတော့တာပါပဲ။
ဒါကြောင့် နိုင်ငံရေးပါတီတွေရဲ့ ပေါ်ပေါက်လာမှု၊ ရှင်သန်ရပ်တည်မှုနဲ့ ပျောက်ကွယ်သွားမှုဆိုတဲ့ နိုင်ငံရေးသံသရာဆိုတာ ဒီပါတီတွေအပေါ်မှာ တည်မှီနေတာမဟုတ်ဘဲ ၎င်းတို့ရဲ့ နိုင်ငံရေးသဘောထား၊ လမ်းစဉ်လုပ်ငန်းစဉ်တွေအပေါ်မှာသာ အဓိက မူတည်နေတာဖြစ်ပါတယ်။ နိုင်ငံရေးဆိုတာ ပါတီရဲ့ အသက်ဝိညာဉ်ဖြစ်ပြီး၊ ပါတီဆိုတာ နိုင်ငံရေးရဲ့ ခန္ဓာအိမ်မျှသာဖြစ်ပါတယ်။ နိုင်ငံရေးဝိညာဉ်မရှိရင် ပါတီလည်း မရှင်သန်နိုင်ပါဘူး။ ပါတီမရှိပေမယ့် နိုင်ငံရေးဝိညာဉ်ကတော့ ဆက်လက်ရှင်သန်နိုင်စွမ်း ရှိပါတယ်။
တကယ်တော့ အန်အယ်လ်ဒီပါတီဆိုတာလည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး၊ နိုင်ငံရေး သဘောထားတွေနဲ့ ရှစ်လေးလုံးပြည်သူ့လှုပ်ရှားမှုကြီးက မွေးထုတ်ပေးလိုက်တဲ့ ပါတီတရပ်ပါ။ ဒါကြောင့်လည်း န၀တ၊ နအဖ စစ်အာဏာရှင် အဆက်ဆက်က အန်အယ်လ်ဒီပါတီကို ဖြိုခွဲဖို့၊ ချေမှုန်းပစ်ဖို့ တလျှောက်လုံး ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ ပါတီဝင်တွေကို ဖမ်းဆီး၊ ထောင်ချ၊ သတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့တာ ဒီနေ့အထိပါပဲ။ ပါတီဝင်တချို့ကို ခြိမ်းခြောက်မှုမျိုးစုံသုံးပြီး ထွက်အောင် ဖိအားပေးတာ၊ မက်လုံးအမျိုးမျိုးပေးပြီး ဖြိုခွဲဖို့ ကြိုးပမ်းခဲ့တာလည်း အကြိမ်ကြိမ်ပါပဲ။ ပါတီအဖွဲ့အစည်း အဆင့်ဆင့်ရဲ့ ဆိုင်းဘုတ်တွေဖြုတ်၊ ရုံးတွေပိတ်၊ လှုပ်ရှားမှုတွေကို ကန့်သတ်ချုပ်ချယ် ခဲ့ကြတာလည်း နေရာအနှံ့ပါပဲ။
တကယ်တမ်းပြောကြမယ်ဆိုရင် အန်အယ်လ်ဒီပါတီဟာ နိုင်ငံရေးစိတ်ဓာတ်အရသာ ရှင်သန်တည်ရှိနေပြီး ပါတီတရပ်အဖြစ် ဖွဲ့စည်းရပ်တည်ခွင့် မရတော့တာ ဆယ်စုနှစ်တခုတောင် ကျော်ခဲ့ပါပြီ။ ၂၀၁၀ ခုနှစ်ထဲမှာ ဗဟိုကော်မတီ၊ တိုင်းစည်း၊ မြို့နယ်စည်းတွေ ပြန်လည်ဖွဲ့စည်းခွင့် ရတယ်ဆိုတာ လပိုင်းလောက်ပဲ ရှိပါသေးတယ်။ ဒီလို ပါတီဖွဲ့စည်းရပ်တည်မှုဆိုတာမျိုးက နအဖရဲ့ တချက်လွှတ်ဥပဒေအမိန့်အောက်မှာ အချိန်မရွေး ပြိုပျက်သွားနိုင်ပါတယ်။ ဒါပေမယ့် နအဖအဖွဲ့အနေနဲ့ ဘယ်လိုမှ ဖြိုခွဲဖျက်ဆီးလို့မရတာ အန်အယ်လ်ဒီပါတီဝင်တွေရဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး၊ နိုင်ငံရေး စိတ်ဓာတ်တွေပါပဲ။
အခုလည်း နအဖက ရွေးကောက်ပွဲဥပဒေဆိုတာတွေနဲ့ အန်အယ်လ်ဒီပါတီကို ဖြိုခွဲဖျက်ဆီးဖို့ အကျပ်ကိုင်ကြိုးပမ်းနေပြန်ပါပြီ။ ဒီဥပဒေ ပြဋ္ဌာန်းချက်တွေနဲ့ အန်အယ်လ်ဒီဟာ နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့်ရယူမလား၊ ဒါမှမဟုတ် အဖျက်သိမ်းခံမလား ဆိုတာကို အရွေးချယ်ခိုင်းလိုက်တာပါပဲ။ နိုင်ငံရေးနဲ့ ပါတီ ဘယ်ဟာကိုရွေးပြီး ဘယ်ဟာကို စတေးမယ်လို့ မေးခွန်းထုတ်လိုက်တာ ဖြစ်ပါတယ်။ တနည်းပြောရရင် ပါတီရပ်တည်ခွင့်အတွက် နိုင်ငံရေးအရ လက်နက်ချဖို့ ကမ်းလှမ်းလိုက်ခြင်းပါပဲ။ တကယ်လို့ အန်အယ်လ်ဒီအနေနဲ့ သူ့ရဲ့ နိုင်ငံရေးကို စတေးလိုက်ရင် ပါတီဆိုတာလည်း ၀ိညာဉ်အနုတ်ခံလိုက်ရလို့ ဇီဝိန်ချုပ်သွားမှာ အသေအချာပါပဲ။ ဒီနေ့ တည်ရှိဆဲ တစညတို့လို ပါတီဆိုတာသာရှိပြီး နိုင်ငံရေးဝိညာဉ် ချုပ်ငြိမ်းနေတဲ့ ပါတီသေတွေနဲ့ တတန်းစားထဲ ဖြစ်သွားနိုင်ပါတယ်။ တမူးသားပဲရရ၊ တမတ်သားပဲရရ၊ စင်ထိုးပေးရင် တက်ကချင်နေတဲ့ နိုင်ငံရေးဇာတ်ပျက်တွေထက်တောင် အန်အယ်လ်ဒီပါတီက ပိုမိုအောက်တန်းကျ သွားနိုင်ပါတယ်။
ဒီလိုအနေအထားရောက်သွားပြီဆိုရင်တော့ အန်အယ်လ်ဒီပါတီကို ထောင်ထဲက ရဲဘော်တွေက သစ္စာဖောက်ပါတီအဖြစ် စွဲချက်တင်ပါလိမ့်မယ်။ ရှစ်လေးလုံးအရေးအခင်းမှာ ကျဆုံးခဲ့တဲ့ ရဲဘော်တွေရဲ့ ၀ိညာဉ်တွေက ကျိန်စာတိုက်ကြပါလိမ့်မယ်။ ပြည်သူတွေကလည်း တံတွေးနဲ့ ထွေးကာ ကျောခိုင်းသွားကြပါလိ့်မ်မယ်။
ခြုံပြောရရင် နအဖရဲ့ ရွေးကောက်ပွဲဥပဒေဆိုတာ အန်အယ်လ်ဒီပါတီကို အသေသတ်ပစ်ဖို့ ထောင်ချောက်အမျိုးမျိုးဆင်၊ ကျော့ကွင်းအမြောက်အမြား ဆင်ထားတဲ့ နိုင်ငံရေးသတ်ကွင်းပါ။ အန်အယ်လ်ဒီပါတီအတွက် သေရေးရှင်ရေးတမျှ အရေးကြီးလှတဲ့ နိုင်ငံရေး စမ်းသပ်ကွက်ကြီးလည်း ဖြစ်ပါတယ်။ အကြောင်းကတော့ နအဖရဲ့ နိုင်ငံရေးသတ်ကွင်းထဲမှာ အရှင်ထွက်နှင့် အသေထွက် (၂) ချက်ပဲရှိလို့ပါ။ ပါတီရှင်ရင် နိုင်ငံရေးသေမယ်၊ နိုင်ငံရေးရှင်ရင် ပါတီသေမယ်။ တခြားရွေးချယ်စရာ မရှိတော့ပါဘူး။
ဒီတော့ နိုင်ငံရေးအရ အမြော်အမြင်ရှိစွာ အမြင်ကျယ်စွာ ရွေးချယ်ကြမယ်ဆိုရင် …
ပါတီရှင်သန်ခွင့်ရပြီး နိုင်ငံရေးအသေခံရမှာထက်စာရင် နိုင်ငံရေးရှင်သန်ခွင့်အတွက် ပါတီအစတေးခံရတာက ပိုမိုသင့်မြတ် မှန်ကန်ပါလိမ့်မယ်။ နိုင်ငံရေးရှိနေသမျှ ပါတီဝင်တွေ ရှိနေပါလိမ့်မယ်။ ပါတီဝင်တွေ ရှိနေသမျှ ပါတီဆိုတာလည်း ရှိနေမှာ အသေအချာပါပဲ။ ။
ကျော်ဗလ
ရင်းမြစ်။ ။ခေတ်ပြိုင်
Thursday, April 1, 2010
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment