Friday, October 22, 2010

ဒေါ်စုအမှု ၂၉ ရက်နေ့ ဟိုက်ကုတ်မှာ လျှောက်လဲမည်

ချင်းမိုင်(မဇ္စျိမ) ။       ။ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နေထိုင်သူ ဒေါ်ခင်ခင်ဝင်း သားအမိတို့ အထူးအယူခံ လျှောက်ထားချက်ကို လာမည့် ၂၉ ရက်တွင် နေပြည်တော်ရှိ ဗဟိုတရားရုံးချုပ်၌ နှစ်ဖက်ရှေ့နေများ ကြားနာမည်ဖြစ်သည်။

ယခုလ ၁၈ ရက်က ဒေါ်အောင်ဆန်းစုကြည်၏ ပြစ်ဒဏ်ပြင်ဆင်ခွင့် အယူခံအား ရန်ကုန် ဗဟိုတရားရုံးချုပ်တွင် တရားသူကြီး ၃ ဦးထိုင် နှစ်ဖက်ရှေ့နေများ လျှောက်လဲချက် ကြားနာခဲ့ရာမှ မနေ့က လက်ခံခဲ့သည်။

assk
ဒေါ်အောင်ဆန်းစုကြည်တို့ အထူးအယူခံ လျှောက်ထားချက်ကို လာမည့် ၂၉ ရက်တွင် တရားရုံးချုပ် နှစ်ဘက်ရှေ့နေများ ကြားနာ
“မနေ့က နှစ်ဘက်လျှောက်လဲချက်ပေးဖို့ လက်ခံလိုက်တယ်။ ဒီလ ၂၉ ရက်မှာ  လျှောက်လဲမယ်။ အပြင် notice မှာ ရေးထားတယ်။  အရင်လျှောက်လဲချက်အပေါ် ထပ်ဖြည့်ပြီး ဒီရက်ပိုင်းမှာ လျှောက်လဲချက်တွေကို ပြင်ဆင်ရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးဖြစ်သူ ဒေါ်ခင်ဌေးကြွယ်က မဇ္ဈိမကို ပြောသည်။

“နေပြည်တော်မှာ လျှောက်လဲချက်ပေးပြီးရင် နောက်ဆုံး အမိန့်ချမှာကတော့ တချို့လဲ တပတ်အတွင်းချတယ်။ တချို့လဲ ၂ ပတ်အတွင်းချတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

နေပြည်တော် ဗဟိုတရားရုံးချုပ် တရားသူကြီး ၅ ဦးထိုင်ဖြင့် ကြားနာမည်ဟု ရှေ့နေ ဦးကြည်ဝင်းကလည်း ပြောသည်။
ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် နိုဝင်ဘာ ၇ ရက် ပြုလုပ်မည့် ရွေးကောက်ပွဲပြီးနောက် ၁၃ ရက်တွင် လွှတ်မြောက်ရမည်ဖြစ်သည်။ သို့သော် စစ်အစိုးရက မည်သို့မှ မပြောဆို၍ ရှေ့နေများက အယူခံ ဆက်တင်သွင်းခဲ့သည်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပိုဒ် ၃ တွင် ၁၉၈၈ ခုနှစ်က ဖြစ်ပေါ်မှု အခြေအနေများကြောင့်   ၁၉၇၄ အခြေခံ ဥပဒေ ရပ်ဆိုင်းသွားပြီဟု ကြေညာ ထားသဖြင့် ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသော  ကန့်သတ်ချက်များ ပျက်ပြယ်သွားပြီဟု ရှေ့နေများက ပြင်ဆင်ချက် တင်သွင်းခဲ့သည်။

အမေရိကန် နိုင်ငံသား ဂျွန်ဝီလျံ ယက်ထော သူ့အိမ်တွင်းကို မခေါ်ဘဲ ဝင်ခဲ့သဖြင့် သူ့ကို ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂ ဖြင့် ပြီးခဲ့သည့်နှစ် သြဂုတ် လ၁၁ ရက်နေ့တွင် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။

အတူနေ ဒေါ်ခင်ခင်ဝင်းနှင့် သမီးဖြစ်သူ မဝင်းမမတို့ကိုလည်း နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူကို ကူညီမှု ပုဒ်မ ၂၂/၁ဝ၉ ဖြင့် ပြစ်ဒဏ်တူ ချမှတ်ခဲ့သည်။ သို့သော် နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမိန့်ဖြင့် ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လသို့ လျှော့ချပေးခဲ့သည်။

ထိုပြစ်ဒဏ် အယူခံကို မနှစ် စက်တင်ဘာ ၄ ရက်က အင်းစိန်ခရိုင် တရားရုံးသို့ တင်သွင်းရာ အောက်တိုဘာ ၂ ရက်တွင် ပလပ်ခဲ့သည်။ ထို့နောက် အမှုပြင်ဆင်ချက်အား တရားရုံးချုပ်သို့ မနှစ် နိုဝင်ဘာက တင်သွင်းခဲ့ရာ ၃ လကျော်ကြာ ၂ဝ၁ဝ ဖေဖော်ဝါရီ ၂၆ ရက်တွင် ပယ်ချခဲ့သည်။

ပြီးခဲ့သည့် ၂၁ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရသည်မှာ ၁၅ နှစ်ခန့် ရှိပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည်နှင့် မျိုးဆက်သစ် လူငယ်များနှင့် ထိတွေ့နိုင်ရန် Twetter အင်တာနက် ကွန်ရက်ကို အသုံးပြုရန် ဆန္ဒရှိကြောင်း သူ့ ရှေ့နေ ဦးဉာဏ်ဝင်းမှတဆင့် ပြောဆိုခဲ့သည်။

သူ၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲသပိတ်မှောက်ရေးနှင့် မဲမထည့်၍လည်း ရနိုင်ကြောင်း လှုပ်ရှားမှုများကို ပြည်နယ်နှင့် တိုင်းများတွင် သွားရောက် ဟောပြောလျက် ရှိသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် NLD တရားဝင် ရပ်တည်မှုကို ပျက်ပြယ်စေမည့် အချက်ပါရှိသဖြင့် ဆက်လက် ရပ်တည်ခွင့်ရှိရေး ကြားနာမှု လျှောက်လဲချက်ကိုလည်း ယခုလ ၆ ရက်က ဗဟိုတရားရုံးချုပ်က လက်ခံခဲ့ပြီး ဖြစ်သည်။

0 comments:

Post a Comment