Friday, January 14, 2011

Mc Will ဖုန်းလျှောက်လွှာတင်ပြီး နှစ်ပတ်ခန့်ကြာမှ သုံးစွဲခွင့်ရမည်


မြို့ကြီးသုံးမြို့တွင် သုံးစွဲခွင့်ပေးမည့် ကျပ်ငါးသိန်းတန် အင်တာနက်ဖုန်းအမျိုးအစား Mc Will ဖုန်းလျှောက်လွှာများအား ရတနာပုံအိုင်စီတီပြပွဲတွင် စတင်ရောင်းချပေးခဲ့သော်လည်းလျှောက်လွှာတင်ပြီး နှစ်ပတ်ခန့်အကြာမှ ဖုန်းလိုင်းများ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 ၂ဝဝ၈ ဘေဂျင်းအိုလံပစ်ပွဲတော် ကာလက တရုတ်နိုင်ငံတွင် သုံးစွဲခဲ့သော Mc Will(Multi Carrier Wireless Local Loop)Broad Band Data Auess System ဖုန်းကို မြန်မာနိုင်ငံတွင် နေပြည်တော် ကျောက်မျက်ရတနာ ပြပွဲသို့လာရောက်သည့် ကုန်သည်များအား စတင်ရောင်းချပေးခဲ့ ခြင်းဖြစ်သည်။ အဆိုပါ ဖုန်းများအား ရတနာပုံအိုင်စီတီ ပြပွဲတွင်သာမက ရန်ကုန်နှင့် မန္တလေးမြို့ရှိ ရတနာပုံတယ်လီပို့ရုံးခွဲများတွင် လျှောက်ထားနိုင်ပြီး၊ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့များတွင် ထိုဖုန်းများကို ရယူနိုင်ပြီဖြစ်ကြောင်း ရတနာပုံတယ်လီပို့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ “လောလောဆယ်တော့ သုံးလို့ရတဲ့မြို့တွေကို ရောင်းပေးနေပြီး  ဖုန်းလိုင်းတွေကိုတော့ မဖွင့်ပေးရသေးဘူး။ နောက်နှစ်ပတ်လောက် နေမှစပြီး ဖွင့်ပေးမယ်”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦး ကပြောသည်။ Mc Will  ဖုန်းများအား စတင်ရောင်းချသည့် နေ့မှာပင် ပြပွဲအတွင်း လျှောက်လွှာ ၃ဝဝ ခန့် ရောင်းချခဲ့ရသည်။
 အဆိုပါ   ဖုန်းလျှောက်ထားသူများမှာ ဖုန်းလျှောက်ပြီးသည်နှင့် သုံးစွဲရမည်ဟု  ထင်ကြသဖြင့် မန္တလေးမှ ဒေသခံစီးပွားရေးလုပ်ငန်းရှင် အများအပြား လာရောက်လျှောက် ထားခဲ့ကြသည်။“လျှောက်လွှာတင်ပြီးမှပဲ သိရတယ်။ကျွန်တော်တို့ ဒီမှာရောက်နေတဲ့ လူအကုန်လုံးက ဒီဖုန်းကို ချက်ချင်းသုံးရမယ်ပဲ မှတ်နေကြတာ။အခုက ဘယ်လောက်နေမှ သုံးရမယ်ဆိုတာ သေချာမသိ ရဘူး”ဟု လာရောက်လျှောက်ထားသူ မန္တလေးမြို့မှ တည်းခိုခန်း ပိုင်ရှင်တစ်ဦးက ဆိုသည်။ထိုလျှောက်ထားသူများမှာ လျှောက်လွှာစိစစ်ပြီး ငွေတောင်းခံလွှာ ရသည့်အချိန်တွင် မိမိနေထိုင်ရာမြို့ရှိ ရတနာပုံတယ်လီပို့ရုံးခွဲများတွင် စက်ပစ္စည်းထုတ်ယူနိုင်ပြီး ကနဦးတပ်ဆင်ခ ကျပ်ငါးသိန်းနှင့်  အင်တာနက်အသုံးပြုခအတွက် တစ်နှစ်လျှင် ခြောက်သောင်းကျပ် ပေးသွင်းရမည်ဖြစ်သည်။ အင်တာနက်ဖုန်း၏ (Data Speed) တစ်စက္ကန့်လျှင် အချက်အလက် စီးဆင်းနှုန်းမှာ  512 Kbps မှ 2 Mbp အထိ အသုံးပြုနိုင်သည်ဟု ဆိုသည်။
သို့သော်  ဖုန်းရရှိသော ဧရိယာအတွင်း သုံးစွဲသူ အနည်းအများပေါ်မူတည်၍ မြန်နှုန်း ရရှိမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင်Mc Will ကွန်ရက်မှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်သာမက ခန္တီး၊ ဟုမ္မလင်း၊ ဗန်းမော်၊ ပင်လယ်ဘူး၊ ကလေးဝ အစရှိသည့် မြို့များတွင်ပါ ဖြန့်ကြက်နိုင်ပြီ ဖြစ်သည်။ရတနာပုံတယ်လီပို့မှ ရောင်းချပေးသည့် Mc Will ဖုန်းကို (၉)ကြိမ်မြောက် အိုင်စီတီရက်သတ္တပတ်ပွဲတော်တွင် စတင်ရောင်းချပေးခဲ့ရာ ဝယ်ယူလိုသူအနေဖြင့် ကိုယ်တိုင် လျှောက်ထားရပြီး မှတ်ပုံတင်(သို့) သက်ဆိုင်သော ကတ်တစ်ခုခု၏ မိတ္တူပါ မှ ရောင်းချပေးသည်။
ပြပွဲတွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့များအတွက် Mc Will အသုံးပြုခွင့်လျှောက်လွှာများအား တစ်စောင်လျှင် တစ်ထောင်ကျပ်နှုန်းဖြင့် တစ်ထိုင်တည်း လျှောက်ထားနိုင်ရန် စီစဉ်ထားသည်။သို့သော်လည်း မှတ်ပုံတင်မိတ္တူ တောင်းသည့်အတွက် လာရောက်လျှောက်ထားသူများ အခက်အခဲကြုံတွေ့ရကြောင်း ဖုန်းလျှောက်ထားသူများက ပြောသည်။

sources: :7Day News Journal

0 comments:

Post a Comment