Friday, January 14, 2011

CPC ဂျာနယ်ကိုယ်စားပြု ကော်မတီမှ Eleven Media Group နုတ်ထွက်

Committee for Professional Conduct (CPC) ဂျာနယ်ကိုယ်စားပြု ကော်မတီမှ Eleven Media Group နုတ်ထွက်လိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။ 'မနေ့က အဲဒီ အစည်းအဝေး ပြီးပြီးချင်းပဲ ကျွန်တော်တို့ Eleven Media Group အနေနဲ့တိုင်ပင်ပြီး နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နုတ်ထွက်စာကို အဲဒီနေ့က ချက်ချင်းပဲ စာပေစိစစ်ရေးကို ပို့လိုက်ပါတယ်'ဟု ဇန်န၀ါရီလ ၁၃ ရက်နေ့က ပြုလုပ်ခဲ့သော အစည်းအဝေးသို့ တက်ရောက်ခဲ့သူ ဒေါက်တာသိန်းမြင့် (Managing Editor) က ပြောပါသည်။
'ကျွန်တော်တို့ Eleven Media Group တည်ထောင်တာ ၁၀ နှစ်ကျော်ပါပြီ။ ဘယ်ဂျာနယ်လစ် အဖွဲ့အစည်းမှာမှ မပါခဲ့ပါဘူး။ ကျွန်တော်တို့ မူဝါဒ၊ ရပ်တည်ချက်နဲ့ တူညီမှု ရှိမှသာ ပူးပေါင်း ဆောင်ရွက်ခဲ့တာပါ။ ဒီအဖွဲ့ ဖွဲ့စည်းမယ်ဆိုတုန်းက စာနယ်ဇင်း ကျင့်ဝတ်တွေထိန်းဖို့၊ စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ တာဝန်ကို အကာအကွယ်ပေးနိုင်တဲ့အဖွဲ့အစည်းဖြစ်ဖို့ စတုတ္ထမဏ္ဍိုင် ပီပြင်ဖို့ Independent Body ဖြစ်မယ်ဆိုလို့ ပါဝင်ခဲ့တာပါ။ အခု ဖွဲ့စည်းပုံအရ ဒီလိုမဖြစ်နိုင်တော့လို့ နုတ်ထွက်လိုက်တာပါ။ မနေ့က အစည်းအဝေးမှာ ကျွန်တော်တို့ Eleven Media Group က ဒီအဖွဲ့မှာ ပါတဲ့သူတွေ အနေနဲ့ အောက်ဖော်ပြပါ အချက်ခြောက်ချက်နဲ့ ညီဖို့ လိုပါတယ်။ မညီရင် ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် စဉ်းစားကြဖို့ တင်ပြခဲ့ပါတယ်။ နေရာရလာရင် ကပ်ပါးရပ်ပါးလုပ်ပြီး အခွင့်အရေးယူဖို့ပဲ ကြည့်နေတဲ့သူတွေ၊ စာနယ်ဇင်းကျင့်ဝတ်ကို ဖောက်ဖျက်ပြီး အကျင့်သိက္ခာဆိုးနဲ့ ကျော်ကြားတဲ့သူတွေ ဒီအဖွဲ့ထဲမှာ များနေရင် ဒီအဖွဲ့အပေါ် အစိုးရရော၊ ပြည်သူလူထုပါ ယုံကြည်လေးစားမှုရှိမှာ မဟုတ်သလို ဒီအဖွဲ့ရဲ့ ရည်မှန်းချက်တွေလည်း အောင်မြင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ Eleven Media Group ဟာ ဘာသားယိမ်းလိုက် ရောယိမ်းလိုက် လုပ်တဲ့ သတင်းမီဒီယာ မဟုတ်ပါဘူး။ ဒါကြောင့် ဖွဲ့စည်းပုံကို မပြင်ရင် ဒီအဖွဲ့မှာ ပါဝင်မှာ မဟုတ်သလို၊ ဒီအဖွဲ့နဲ့လည်း ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ပါဘူး'ဟု Eleven Medi Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောပါသည်။
CPC ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်)၊ အတွင်းရေးမှူးအဖြစ် ဦးမျိုးမြင့်မောင် (ညွှန်ကြားရေးမှူး၊ စာပေစိစစ်ရေး)တို့ ဖြစ်ပြီး ဦးမြတ်ခိုင် အပါအ၀င် စာပေစာနယ်ဇင်းမှ ငါးဦး၊ ပြည်တွင်းဂျာနယ် ကိုယ်စားလှယ်များ အဖြစ် ဦးဝင်းငြိမ်း (အလင်းတန်းဂျာနယ်)၊ ဦးအောင်စိုးသူ(The First Music ဂျာနယ်)၊ ဦးယဉ်ကျော် (မှုခင်းသတင်းဂျာနယ်)၊ ဦးဇင်ယော်နီ (မနောမယ ဂျာနယ်)၊ ဒေါက်တာဇော်သန်း (Health Care ဂျာနယ်)၊ ဦးခင်မောင်ညို(ဘောဂဗေဒ) (ကမ္ဘာ့စီးပွားရေးဂျာနယ်)၊ ဦးကျော်မင်းဆွေ (The Voice ဂျာနယ်)၊ ဦးသန်းစိုး (အခွင့်အလမ်းဂျာနယ်)၊ ဦးဝေသာ (တတိုင်းမွှေးဂျာနယ်)၊ ဦးမြင့်ဆွေမြင့် (အင်အား အားကစားဂျာနယ်)၊ ဦးထွန်းထွန်းဦး (အိုလံပစ် အားကစားဂျာနယ်)၊ ဒေါ်ငြိမ်းငြိမ်းနိုင် (7 Day ဂျာနယ်)၊ ဦးချစ်မောင် (News Watch ဂျာနယ်)၊ ဒေါက်တာတင်ထွန်းဦး (ပြည်မြန်မာသတင်းဂျာနယ်)၊ ဒေါက်တာသိန်းမြင့် (Eleven Media Group)တို့ ဖြစ်ပါသည်။ ထို့ပြင် Freelance များထဲမှ ဦးကျော်ရင်မြင့်နှင့် ဦးရဲနိုင်မိုးတို့လည်း ပါဝင်သည်။
၎င်းကော်မတီတွင် ပါဝင်ရမည့် သူများ၏ အရည်အချင်းနှင့် ပတ်သက်၍ Eleven Media Group မှ CPC ကော်မတီသို့ တင်ပြချက်(၆)ချက်မှာ  .  .  .
  • စာနယ်ဇင်းကျင့်ဝတ်ကို နားလည်ပြီး ၎င်းကျင့်ဝတ်ကို အမှန်တကယ် လိုက်နာကျင့်သုံးခဲ့သော သမိုင်းကြောင်းရှိသူ ဖြစ်ရမည်။
  • ဂုဏ်သိက္ခာပိုင်းဆိုင်ရာ နာမည်ပျက် မရှိသူ၊ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ဂုဏ်သတင်းရှိသူ ဖြစ်ရမည်။ ငွေကြေး အရှုပ်အရှင်း ကင်းသူ ဖြစ်ရမည်။
  • မိမိအလုပ်ပေါ် မိမိ မြတ်နိုးမှု ရှိပြီး မိမိတို့ စာနယ်ဇင်း လောကသားများ အပေါ် ကာကွယ်လိုစိတ် ရှိရမည်။
  • ညှိနှိုင်းမှုများ လုပ်ဆောင်ရာတွင် သဘောထား ပျော့ပျောင်းမှုများ ရှိသူ ဖြစ်ပြီး စာနယ်ဇင်းတို့၏ ရပိုင်ခွင့်၊ ကျင့်ဝတ် (Principle)ပေါ်၌ နားလည်ကာ အခိုင်အမာ ရပ်တည်နိုင်သူ ဖြစ်ရမည်။
  • ပုဂ္ဂိုလ်ရေးကို ရှေ့တန်းတင်၍ အုပ်စုဖွဲ့၊ ဂိုဏ်းဂဏဖွဲ့သူ မဖြစ်စေရ။
  • အစိုးရ၊ နိုင်ငံရေးပါတီများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ သံရုံး၊ NGOs မှ အမှီအခိုကင်းပြီး Sponsor အထောက်အပံ့ကို သွယ်ဝိုက် (သို့) တိုက်ရိုက်ရယူသူ မဖြစ်ရ။

0 comments:

Post a Comment