Saturday, March 27, 2010

ရန်ကုန်သင်္ကြန်မဏ္ဍပ်နှင့် ပတ်သက်၍ စည်းကမ်းတင်းကျပ်

နယူးဒေလီ (မဇ္ဈိမ)။     ။ ရန်ကုန် သင်္ကြန်မဏ္ဍပ်များအား ယခုနှစ်တွင် စည်းကမ်း တင်းကျပ်မှုများ ပြုလုပ်နေကြောင်း ရေကစားမဏ္ဍပ် ဆောက်လုပ်သူများထံမှ သိရှိရသည်။ 

ရေကစားမဏ္ဍပ်တွင် မြန်မာ့ရိုးရာ အတာသင်္ကြန်ကို ပေါ်လွင်စေမည့် ဒီဇိုင်းများ ဖော်ပြခိုင်းခြင်း၊ မဏ္ဍပ်တခုစီတွင် ယိမ်းအကအဖွဲ့၊ အလှပြယာဉ်ဖြင့် မြို့တော်မဏ္ဍပ်သို့ သွားရောက်ကပြယှဉ်ပြိုင်ရမည်ဟု ဒေသအာဏာပိုင်များက စည်းကမ်းချက်များ ထုတ်ပြန်နေခြင်း ဖြစ်သည်။ 

“အရက်ကြော်ငြာ၊ ဘီယာကြော်ငြာ သုံးခွင့်ပိတ်တဲ့အပြင် မဏ္ဍပ်တွေမှာ  ယိမ်းအကနဲ့ အလှပြယာဉ် လုပ်ရမယ်။ ပြီးတော့ မြို့တော်ခန်းမမှာ ပိတ်ပွဲဖွင့်ပွဲတွေမှာ သွားပြိုင်ရမယ်လို့ ခရိုင် ခယက ရုံးမှာ မဏ္ဍပ်သွားလျှောက်တဲ့အခါ ပြောတယ်ဗျ။ အရင်တုန်းက လွတ်လွတ်လပ်လပ် လုပ်ခဲ့တော့ ဒီလိုမျိုး လုပ်ရမယ်ဆိုတော့ စိတ်ညစ်တယ်ဗျာ။ အရင်နှစ်တွေက ဒီလောက် စည်းကမ်းမများဘူး” ဟု မဏ္ဍပ်ဆောက်လုပ်ခွင့် လျှောက်ထားသည့် ရန်ကုန် လူငယ်တဦးက ပြောသည်။ 

မဏ္ဍပ်ဆောက်လုပ်ခွင့်နှင့် ပတ်သက်၍ ရန်ကုန်ရှိ ခရိုင်အုပ်ချုပ်ရေးရုံးတရုံးသို့ မေးမြန်းကြည့်ရာ တာဝန်ရှိသူ တဦးက “မဏ္ဍပ်ဆောက်ချင်ရင် အလျား ပေ ၄ဝ အထက်ကို ယိမ်းအကအဖွဲ့နဲ့ အလှပြယာဉ်တစီး လုပ်ပေးရမယ်။ မြို့တော်ခန်းမ ပိတ်ပွဲနဲ့ ဖွင့်ပွဲမှာ သွားပြိုင်ပေးရမယ်။ ပေ ၄ဝ အောက်ဆိုရင်တော့ မလိုပါဘူး” ဟု မဇ္ဈိမကို ပြောသည်။

မဏ္ဍပ်ဆောက်လုပ်ခွင့် လျှောက်လွှာနှင့်အတူ ပါရှိသော စည်းကမ်းချက်များတွင် အရက်ဘီယာကြော်ငြာများ မပြုလုပ်ရ၊ မြန်မာ့ယဉ်ကျေးမှုနှင့် ကိုက်ညီသော ကြော်ငြာများသာ ထားရှိရမည်၊ မဏ္ဍပ်အမည်သည် မြန်မာ့ယဉ်ကျေးမှုနှင့် ကိုက်ညီသော အမည်ဖြစ်ရမည်၊ အင်္ဂလိပ်အမည်များ မဖြစ်စေရ၊ သီချင်းဖွင့်ပါက DJ မဖွင့်ရ၊ DJ တီးဝိုင်း မရှိရ စသည့် အချက်များ ပါရှိသည်။

သင်္ကြန်ရေကစားမည့် လူငယ်တဦးက “ကျနော်တို့က မြူးတဲ့ သီချင်းတွေနဲ့  လွတ်လွတ်လပ်လပ် ကချင်တာ။ ဒိလိုမျိုး မြန်မာသီချင်းတွေပဲ ဖွင့်ရမယ်ဆိုတော့ဗျာ၊ ကသိကအောက် ဖြစ်တာပေါ့။ ဒါပေမဲ့ ရေကစားတာတော့ ပျက်မှာမဟုတ်ပါဘူး” ဟု ပြောသည်။ 

တင်းကျပ်သည့် စည်းကမ်းချက်များအပြင် စပွန်ဆာကြော်ငြာများ ကန့်သတ်ခြင်းနှင့် ကြော်ငြာ စပွန်ဆာများလည်း နေပြည်တော်သင်္ကြန်၌သာ စပွန်ဆာပေးလိုသဖြင့် ငွေကြေးအခက်အခဲ ဖြစ်ပေါ်လာရာ ယခင်နှစ်ထက် မဏ္ဍပ်များ လျော့နည်းသွားနိုင်ကြောင်း မဏ္ဍပ်ဆောက်လုပ်သူ လူငယ်များက ပြောဆိုကြသည်။

“ဒီနှစ် စပွန်ဆာရှာတော့ အတော်လေး ခက်တယ်ဗျာ။ သူတို့က နေပြည်တော်ကို ပေးချင်တယ်။ နေပြည်တော်ကို သိန်း ၁ဝဝ လောက် ပေးတယ်။ ကျနော်တို့က အရင်နှစ်က သိန်း ၅ဝ ရတယ်ဆိုပါတော့၊ ဒီနှစ်တော့ ၂ဝ ပဲ ရတော့တယ်။ မနှစ်ကတောင် သိန်းချီရှုံးတယ်။ ဒီနှစ်လည်း ရှုံးမှာပဲ။ နာမည်ရှိပြီးသား မဏ္ဍပ်ဆိုတော့ နာမည်ထိန်းတဲ့အနေနဲ့ လုပ်နေတာပါ။ စပပွန်ဆာနည်းတဲ့အပြင် အင်းယားလမ်းနဲ့ တက္ကသိုလ်ရိပ်သာလမ်းတို့ မရဘူး။ ပြီးတော့ ယိမ်းအဖွဲ့နဲ့ အလှပြယာဉ် လုပ်ပေးရမယ်ဆိုတော့ စရိတ်ပိုကုန်တယ်။ အလုပ်ရှုတ်လို့ တချို့က လုံးဝ လက်လျှော့လိုက်ကြတယ်” ဟု လူငယ်တဦးက ပြောသည်။ 

ထို့အပြင် ယခုနှစ် သင်္ကြန်တွင် အင်းယားလမ်းနှင့် တက္ကသိုလ် ရိပ်သာလမ်းတွင် မဏ္ဍပ်ဆောက်လုပ်ခွင့် မပြုဘဲ ပြည်လမ်း၊ ကမ္ဘာအေး ဘုရားလမ်း၊ ဆရာစံလမ်းနှင့် အခြားလမ်းမကြီးများတွင်သာ ဆောက်လုပ်ခွင့် ပြုသည်ဟု သိရသည်။

နှစ်စဉ်နှစ်တိုင်း အင်းယားလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်း၌သာ မဏ္ဍပ်များနှင့် ရေပက်ခံကားများ အစည်ကားဆုံး ဖြစ်သောကြောင့် ယခုကဲ့သို့ နေရာသတ်မှတ်တားမြစ်ခြင်းသည်  ရန်ကုန်သင်္ကြန်ထက် နေပြည်တော်သင်္ကြန် ပိုမိုစည်ကားစေရန် စည်းကမ်းတင်းကျပ်ခြင်း ဖြစ်နိုင်ကြောင်း ရန်ကုန်တွင် ထင်ကြေးပေး ပြောဆိုမှုများ ရှိသည်။ 

လူငယ်အမျိုးသမီးတဦးက “ညီမတို့က နှစ်တိုင်းမှာ အင်းယားလမ်းမှာ ထိုင်နေကျ။ အခုတော့ မဏ္ဍပ်မလုပ်ရ ဆိုတော့ တော်တော်လေးကို feel အောက်တယ်။ ဒါက သက်သက်မဲ့ ရန်ကုန်ကို မစည်အောင်၊ နေပြည်တော်ကို စည်အောင် လုပ်တာ။ အင်းယားမှာပဲ ရေပေါတာ။ ကျန်တဲ့ နေရာမှာ ရေမပေါဘူး။ ပြီးတော့ မဏ္ဍပ်တွေ အဝေးကြီးတွေ ဖြစ်သွားမှာ” ဟု မဇ္ဈိမကို ပြောသည်။ 

ရန်ကုန်ရှိ အင်ပါယာ အပါအဝင် တီးဝိုင်းများနှင့် နာမည်ကြီး အဆိုတော်များကို နေပြည်တော် ဌာနဆိုင်ရာ မဏ္ဍပ်များသို့ ဖိတ်ကြားထားသကဲ့သို့၊ MAX Myanmar ကဲ့သို့ နာမည်ကြီး ကုမ္ပဏီအချို့မှာလည်း နေပြည်တော်၌ မဏ္ဍပ်များ ဆောက်လုပ်နေပြီဖြစ်သည်။ 

ရန်ကုန်ရှိ လူငယ်အချို့ကို မဇ္ဈိမက ဆက်သွယ်မေမြန်းမှုများ ပြုလုပ်ကြည့်ရာ အများစုမှာ တရားစခန်း ဝင်လိုပြီး၊ အချို့မှာ ရွှေစက်တော်ကဲ့သို့ ဘုရားဖူးနေရာများသို့ သွားရောက်လိုကာ နေပြည်တော် သင်္ကြန်ကို စိတ်ဝင်စားမှု မရှိလှကြောင်း ဖြေကြားကြသည်။

“ကျနော်တို့ သူငယ်ချင်းတွေတော့ မသွားဘူး။ အဆိုတော်တွေ ဒီမှာမရှိလည်း ရတယ်။ သင်္ကြန်မှာ ဘယ်နေရာမဆို ပျော်ပါတယ်။ ဟိုသွားရင်လည်း ဒီမှာထက် ပိုက်ဆံကုန်ဦးမှာ။ ဟိုမှာက နေလည်း အရမ်းပူမှာ” ဟု လှိုင်မြို့နယ်တွင် နေထိုင်သည့် လူငယ်တဦးက ပြောသည်။

နေပြည်တော်သင်္ကြန် စည်ကားစေရန်အတွက် ဝန်ကြီးဌာနလက်အောက်ရှိ သက်ဆိုင်ရာ ဌာနမှူးများက အသက် ၃၅ နှစ်အောက်  ဝန်ထမ်းများကို နေရပ်သို့ ပြန်ခွင့်မပြုကြောင်း  သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ ဌာနမှူးတဦး၏ ညီတော်စပ်သူက “ကျနော့်အကိုတော့ ပြန်ရတယ်။ ၃၅ နှစ်အောက် လူငယ်တွေ မပြန်ခိုင်းဘူးလို့ အကိုက ပြောတယ်” ဟု ပြောသည်။ 

နေပြည်တော်တွင် နေထိုင်သည့် တည်းခိုခန်းပိုင်ရှင် တဦးကလည်း “ဟုတ်တယ်၊ လူငယ်ဝန်ထမ်းတွေကို မပြန်ခိုင်းတာ။ ရန်ကုန်မှာနေတဲ့ ကျနော့်ညီမတောင် မပြန်ရဘူး။ သူတို့က စွမ်းအင်ကလေ။ ယိမ်းကရမယ်တဲ့” ဟု ပြောသည်။ 

နေပြည်တော်ရှိ အမျိုးသမီးတဦးက “ကျနော်တို့က နေပြည်တော်မှာ သင်္ကြန်မကျဖြစ်ဘူး။ ရန်ကုန်သွားမယ်။ ဒီမှာက အရမ်းပူတယ်။ ပြီးတော့ မြို့တော်ကြီးဆိုပေမယ့် သိပ်ကဲလို့ မကောင်းဘူး။ ဒီက လူငယ်အချို့ကတော့  အဆိုတော်တွေ လာမယ်ဆိုလို့ စိတ်ဝင်းစားနေကြတယ်။ နေပြည်တော်တို့၊ လယ်ဝေးတို့ကပေါ့” ဟု ပြောသည်။ 

ရန်ကုန်တွင် မဏ္ဍပ်ဆောက်လုပ်မှု အရိပ်အယောင် မတွေ့ရသေးသော်လည်း နေပြည်တော်ရှိ ဟိုတယ်ဇုန်နှင့် Junction တို့တွင် မဏ္ဍပ်ကြီးများ ဆောက်လုပ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

0 comments:

Post a Comment