Wednesday, February 10, 2010

အန်အယ်လ်ဒီ ရွေးကောက်ပွဲ ၀င် မ၀င် ဆုံးဖြတ်ရန် အချိန်မရောက်သေးဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

မြန်မာနိုင်ငံတွင် ယခုနှစ်ကျင်းပမည့် ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါဝင်ယှဉ်ပြိုင်ရန်၊ မယှဉ်ပြိုင်ရန် ဆိုသည်ကို ဆုံးဖြတ်ရန် အချိန်စောလွန်းသေးကြောင်း နေအိမ်အကျယ်ချုပ်ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်က ယမန်နေ့က ထုတ်ဖော်ပြောဆိုခဲ့ကြောင်း အန်အယ်လ်ဒီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောကြားသည်။

၎င်းက “ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်။ ရွေးကောက်ပွဲ ၀င်ရေးမ၀င်ရေးဆိုတာ ဒီအချိန်မှာ ဆုံးဖြတ်လို့ မရသေးဘူး။ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေဟာ အများကြီးသိဖို့လိုသေးတယ်။ ဒါတွေ သိပြီးမှသာ စဉ်းစားဆုံးဖြတ်နိုင်မယ်လို့ ပြောပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ထိုသို့ ဒေါ်အောင်ဆန်းစုကြည်၏ အန်အယ်လ်ဒီအနေဖြင့် ရွေးကောက်ပွဲဝင် မ၀င် ဆိုသည်ကို မဆုံးဖြတ်သေးကြောင်း ပြောကြားချက်သည် မှန်ကန်ကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တဦးဖြစ်သူ ဦးဝင်းတင်က ပြောကြားသည်။

၎င်းက “ရှင်းနေတာပဲဗျာ။ ရွေးကောက်ပွဲကိစ္စဆိုတာ အစိုးရက စပြောရမယ့်တာဝန်၊ ကျနော်တို့က ဘာမှပြောစရာမလိုဘူး။ ခပ်ရိုင်းရိုင်း ပြောလိုက်မယ်ဗျာ။ ကျနော်တို့က အမြီးနှံ့နေစရာ အချိန်မဟုတ်ဘူးဗျ။ သွားရည်ယိုနေစရာ အချိန်လည်းမဟုတ်ဘူး။ စောသေးတယ်။ ဒေါ်စုပြောတာမှန်တယ်။ အစိုးရက သူတို့ပြောရမယ့်တာဝန်ဗျာ။ ၂၀၁၀ အတွင်းမှာ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ သူတို့ ပြောထားတယ်။ ပြောထားတဲ့ကြားထဲက အခုထိ စကားတခွန်းမှ မဟဘဲနဲ့နေရင် ကျနော်တို့ဘက်က ရွေးကောက်ပွဲကို ပြောဖို့စောသေးတယ်ဆိုတဲ့ ဒေါ်စုရဲ့စကားဟာ မှန်တယ်လို့ထင်ပါတယ်” ဟု ပြောသည်။

“နောက်တချက်က ဒေါ်စုက ဒီလိုပြောတာဟာ တိုင်းသူပြည်သားတွေကိုလည်း ပြောတာလို့ထင်တယ်။ နောက်တခုက ကျနော်တို့ အန်အယ်လ်ဒီတွေ ဒါမှမဟုတ် တခြားသော နိုင်ငံရေးအဖွဲ့အစည်းများကို ပြောတယ်လို့ထင်တယ်။ ဒီလိုပြောမှသာလျှင် ပါတီအဖွဲ့အစည်းများအကြား ပြည်သူများအကြားမှာ ရှုပ်ထွေးတဲ့အမြင်တွေ၊ ဆန္ဒစောတဲ့အမြင်တွေ၊ နောက် မစားရ ၀ခမန်း ဘယ်အချိန်မှ စားရမယ်မှန်းမသိဘဲနဲ့ လျှောက်ပြောနေသူတွေရဲ့ အဆိုအပြောတွေကို နားမယောင်ဖို့ အခြေအနေတွေကို ပေါ်စေမယ်လို့ ကျနော်ထင်တယ်ဗျ” ဟု ဦးဝင်းတင်က ဆက်လက်ပြောဆိုသည်။

စစ်အစိုးရက ယခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပမည်ဟု တရားဝင် ထုတ်ဖော်ပြောဆိုထားသော်လည်း ယခုအချိန်အထိ ရွေးကောက်ပွဲကျင်းပမည့် ရက်အတိအကျကို ကြေညာခြင်းမရှိသည့်အပြင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ ပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ စည်းမျဉ်းဥပဒေများကို ထုတ်ပြန်ခြင်းမရှိသေးပေ။

ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းကမူ စစ်အစိုးရက ကျင်းပမည့်ရွေးကောက်ပွဲသည် သက်ဆိုင်သူများအားလုံး ပါဝင်ပြီး တရားမျှတ လွတ်လပ်သည့်ရွေးကောက်အဖြစ် အသိအမှတ်ပြုခံရရေးနှင့် ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေး အကျဉ်းသားများအားလုံး ပြန်လွှတ်ပေးရေးတို့ကို တောင်းဆိုထားသည်။

မူရင်း ။ ။ NEJ/ ၁၀ ဖေဖော်ဝါရီ ၂ဝ၁ဝ

0 comments:

Post a Comment