Monday, March 29, 2010

“၂ဝ၁ဝ ရွေးကောက်ပွဲ (သို့) စစ်အာဏာရှင်စနစ်ရဲ့ နောက်ဆုံးမိုက်တွင်းဖြစ်စေ”

ဒီအချိန်မှာ စစ်အစိုးရက တဘက်သတ်စိတ်ကြိုက်ရေးဆွဲခဲ့ပြီး အတင်း ကသောကမျော အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ဘယ်လိုဘာညာ စတာတွေ ရှည်ရှည်ဝေးဝေးထပ်ပြီး ဝေ ဖန်သုံးသပ်ပြောဆို နေစရာအကြောင်း မရှိတော့ဘူးလို့ ထင်ပါတယ်။ မြန်မာစာနယ်ဇင်းသမားတွေ ဝေဖန်သုံးသပ်သူတွေသာမက နိုင်ငံရပ် ခြားက ဖွဲ့စည်းပုံဥပဒေဆိုင်ရာ ကျွမ်းကျင်သူပညာရှင်တွေ ဝေဖန်သုံး သပ်သူတွေကလည်း ရေးသားဖေါ်ပြခဲ့ပြီးဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း အစိုးရဲ့ပြင်ဆင်မှုတွေနဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာကို စစ်အစိုးရက တုန့်ပြန်ပြသပြောကြားခဲ့တဲ့ အပြောအပြတွေ အားလုံးကိုလည်း မြန်မာ့ အရေးစိတ်ဝင်စားသူတွေအားလုံး သိရှိခဲ့ကြပြီး ဖြစ်ပါတယ်။ သေချာ တာတခုက စစ်အစိုးရဟာ စစ်အာဏာရှင်စနစ်နဲ့ မြန်မာနိုင်ငံကို ထာ ဝရအုပ်ချုပ် ချယ်လှယ်ဖို့ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအတိုင်းဖြစ်အောင် လုပ်ဖို့ ဆေးမြီးတို ဆေးမြီးရှည် ရေတိုရေရှည် နည်းနာတွေ အားလုံး ကိုအသုံးပြုပြီး ပြင်ဆင်နေခဲ့တာပါ။ ကုလသမဂ္ဂ အပါအဝင် ဘယ်နိုင် ငံက ဘာပြောပြော ဘယ်လိုဝေဖန်ဝေဖန် နကမ္ပတိ ပါပဲ။

ဟောအခုတချို့တချို့သောသူတွေ စောင့်စားမျှော်လင့်နေကြတဲ့ ရွေးကောက်ပွဲဥပဒေ ပြည်သူ့လွှတ်တော်ဥပဒေ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ စတဲ့ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ ဥပဒေတွေကိုထုတ်ပြန်ပေးလိုက်ပါပြီ။ ရွေးကောက်ပွဲမှာ သူတို့အပါမခံချင်တဲ့ သူတွေကို ဖယ်ရှားရှင်းလင်းပစ်လိုက်သလို သူတို့ကမပါစေချင် မရှိစေချင်တဲ့ နိုင်ငံရေးပါတီတွေကိုလည်း အကျဉ်းအကျပ်ဖြစ်အောင် ချောင်ပိတ်ပစ်လိုက်ပါတယ်။ သူတို့ထုတ်ပြန်ကြေငြာလိုက်တဲ့ ရွေးကောက်ပွဲဥပဒေဟာ ဘာဆိုတာလည်း ခုချိန်မှာ ရှင်းရှင်းလင်းလင်း သိပြီးလောက်ကြပါပြီ။ နိုင်ငံတကာက မြန်မာ့အရေးးစိတ်ဝင်စားကြ၊ ရွေးကောက်ပွဲကို ဘယ်လိုနည်းနဲ့ ကျင်းပမှာလဲလို့ စောင့်ကြည့်လို ကြတဲ့ နိုင်ငံခြားသားလေ့လာသူတွေ အတွက်ကတော့ ရွေးကောက်ပွဲဥပဒေကို အင်္ဂလိပ်မူ မထုတ်ဘဲ မြန်မာဘာသာ တခုတည်းနဲ့ ထုတ်ဝေလိုက်တဲ့အတွက် သူတို့ကတော့ သိပ်မရှင်းလှဘဲ ရှုပ်ထွေးနေကြရှာပါတယ်။

ဒီအချိန်မှာ စစ်အစိုးရက ခုလို ၂ဝ၁ဝ ခုရွေးကောက်ပွဲလုပ်ပေးတာဟာ စစ်အစိုးရက နောက်တလှမ်းဆုတ်ပေးလိုက်တာပဲလို့ အံ့သြစ ရာကောင်းလောက်အောင် ယုံကြည်နေကြတဲ့(ဒါမှမဟုတ် ယုံကြည်ချင်ယောင်ဆောင်တာ ဖြစ်ပါလိမ့်မယ်) နိုင်ငံရေးသမားကြီးတွေ၊ နိုင်ငံ ရေးမှုပ်ရှားသူတွေနဲ့ အနည်းဆုံးအမတ်တော့ ဖြစ်နိုင်သေးတာပဲဆိုပြီး ရွေးကောက်ပွဲဝင်လိုကြသူတွေကတော့ စစ်ရွေးကောက်ပွဲ ဥပဒေပါ စည်းမျဉ်းဥပဒေတွေနဲ့အညီ မှတ်ပုံတင်ဖို့ မဲဆွယ်စည်းရုံးဖို့ ပြင်ဆင်နေကြပါပြီ။

နိုင်ငံတကာကတော့ စစ်အစိုးရရဲ့ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေဟာ ဒီမိုကရေစီ နည်းလမ်းမကျဘူး၊ အလုံးစုံသဘောမဆောင်သလို လွတ်လပ်တရားမျှတ နိုင်ခြေမရှိဘူးလို့ ကန့်ကွက်ပြောဆိုနေကြပြီး ခုဆိုဒီကိစ္စကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့အထိ လက်ခံလိုက်ကြပါပြီ။ ဒါပေမယ့် ကျွမ်းကျင်သူတွေကတော့ ဆွေးနွေးမှာဖြစ်ပေမယ့် ဆွေးနွေးပွဲအပြီးမှာ တစုံတရာ ဆုံးဖြတ်ချက်ချနိုင် စရာ မမြင်ဘူးလို့ပြောထားပါတယ်။ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးသံတမန် မစ္စတာကွင်တာနာ ကတော့ မ ကြာခင်က သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်အပြီးမှာ ၂ဝ၁ဝ ခုရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတစရာ အလားအလာမရှိဘူးလို့ ထုတ် ဖော်ပြောကြားထားပြီး ဖြစ်ပါတယ်။ သူက မြန်မာစစ်အစိုးရဟာ ဆိုးဝါးတဲ့ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်ကို ဆန့်ကျင်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်နေဆဲဖြစ်သလို လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း ကျူးလွန်မြဲကျူးလွန်နေဆဲဖြစ်တဲ့ အ တွက် မြန်မာစစ်အစိုးရကို နိုင်ငံတကာရာဇဝတ်ခုံရုံးတင် တရားစွဲဆိုနိုင်ရေးအတွက် ကုလသမဂ္ဂက စုံစမ်းရေးကော်မရှင် တခုဖွဲ့စည်းစေ လွှတ်စုံစမ်းစေသင့်ကြောင်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။

လူထုဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ စစ်အစိုးရထုတ်ပြန်ကြေငြာခဲ့တဲ့ ရွေးကောက်ပွဲဥပဒေဟာ တဦးတ ယောက်တည်းကို ရည်ရွယ်ရေးဆွဲထားခဲ့တာ ပေါ်လွင်ထင်ရှားနေတဲ့အတွက် အလွန်ရှက်စရာကောင်းကြောင်း အဲဒီဥပဒေအတိုင်း လက်ခံလိုက်နာစရာအကြောင်းမရှိတဲ့အတွက် ဆန့်ကျင်ကန့်ကွက်ရန်သာရှိကြောင်း သူ့ပါတီနဲ့ ပြည်သူလူထုက ထုတ်ဖော်ပြောကြား ထားပြီးဖြစ်ပါတယ်။ ကြီးမားတဲ့စိန်ခေါ်မှုဖြစ်တဲ့အတွက် အဖက်ဖက်က ပြင်ဆင်အားယူရင်ဆိုင်ဆန့်ကျင်ကြဖို့လည်း တိုက်တွန်းအား ပေးလိုက်ပါတယ်။ ခုမကြာခင်လေးကမှ ကြားခဲ့ရတဲ့ သတင်းအရ ဒေါ်အောင်ဆန်းစုကြည်က သူမကိုသွားရောက်တွေ့ဆုံကြတဲ့ ပါတီ တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ သူ့ပါတီရဲ့ဗဟိုအမျိုးသမီးအဖွဲ့ကို သူ့ခြံထွက်ဗူးသီးကြီးတလုံး လက်ဆောင်ပေးလိုက်တယ်။ အဲဒါကိုလည်း ပါတီ ဗဟိုအမျိုးသမီးအဖွဲ့က သူတို့ကို ဒေါ်အောင်ဆန်းစုကြည်က သူမရဲ့သဘောထားကို နိမိတ်ပုံသင်္ကေတပြု ပြသလိုက်တာ ဖြစ်တယ်လို့ ယူဆ သဘောထားကြတယ်လို့သိရပါတယ်။ အဲဒီသတင်းဟာ အမှန်ပဲဆိုရင်တော့ ကျနော်တို့ရဲ့ လူထုဒီမိုကရေစီခေါင်းဆောင်ဟာ နိုင်ငံရေးသာအားကောင်းတာမဟုတ်ဘဲ အနုပညာအားလည်းရှိတယ်ဆိုတာ ပြသလိုက်တာပါပဲ။

လူ့အခွင့်အရေး ဒီမိုကရေစီရေး ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးကြသူ ပြည်တွင်းပြည်ပက မြန်မာနိုင်ငံသားတွေအနေနဲ့ ဒီတပွဲမှာ အဆုံးအ ဖြတ်မမှားကြဖို့ အရေးကြီးပါတယ်။ အဆုံးအဖြတ်မှန်ကန်ရဲရင့်ဖို့ လိုအပ်သလို မိမိတို့ဆုံးဖြတ်လိုက်တဲ့အတိုင်း အကောင်အထည်ဖော် လုပ်ဆောင်မှုပ်ရှားကြဖို့၊ ဖြစ်လာနိုင်တဲ့အန္တရယ်တွေကို ကြိုတင်စဉ်းစားပြီး ရင်ဆိုင်တုန့်ပြန်နိုင်အောင် ပြင်ဆင်ထားကြဖို့လည်း လိုအပ် ပါလိမ့်မယ်။ ခြိမ်းခြောက်တိုင်းမကြောက်ကြဖို့၊ ဖိနှိပ်တိုင်းပိပြား ပျပ်ဝပ်မသွားကြဖို့ အားမာန်သတ္တိတွေ မွေးမြူကြရပါလိမ့်မယ်။

ဒီနေရာမှာ ကမ္ဘာကျော် တရုတ်တော်လှန်ရေး ကဗျာဆရာ စာရေးဆရာကြီးဖြစ်တဲ့ လူရွှန်း ပြောခဲ့တဲ့ စကားတခုကို ကိုယ်းကားဖော်ပြ ချင်ပါတယ်။ လူရွှန်းက “ဒီကမ္ဘာလောကကြီးအတွင်းမှာ ဆက်လက်အသက်ရှင်နေတဲ့ ဆန္ဒတကယ်ရှိနေတဲ့လူတွေ ရှိနေသေးတယ်ဆို ရင် သူတို့တတွေဟာ ပထမဦးဆုံးပြောရဲရမယ်၊ ရယ်ရဲရမယ်၊ ငိုရဲရမယ်၊ ဒီကြိမ်ဆဲခံနေရသလို ဆိုးဝါးလှတဲ့ခေတ်ကြီးကို ဒေါသထွက် ရဲရမယ်၊ ရှုံ့ချရဲရမယ်၊ တိုက်ခိုက်ရဲရမယ်၊ ခြေမှုန်းနိုင်ရဲရမယ်” လို့ အဖိနှိပ်ခံပြည်သူလူထုကို အားပေးပြောကြားသွားခဲ့ဖူးပါတယ်။

အမှန်တရားဟာ ပြည်သူလူထုနဲ့အတူ ရှိနေပါတယ်။ အဲဒီအမှန်တရားနဲ့ ပြည်သူလူထုကိုဘယ်လို အာဏာရှင်မျိုးကမှ ထာဝရအနိုင်ယူ ထားနိုင်ခဲ့တာမျိုး ကမ္ဘာ့သမိုင်းစာမျက်နှာတွေပေါ်မှာ လုံးဝမရှိခဲ့ပါဘူး။ ကျနော်တို့ တညီတညွတ်တည်း စစ်အာဏာရှင်စနစ်ကို တွန်း လှန်ဖြိုဖျက်ပစ်လိုက်ကြရအောင်ပါ။ ။

စိုးနေလင်း

Photo by: http://sittnyeinaye.blogspot.com
ရင်းမြစ်။ ။နေ့သစ်

0 comments:

Post a Comment