Tuesday, May 18, 2010

နိုင်ငံရေးပါတီနှင့် နိုင်ငံရေးလွတ်လပ်မှု



အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ်ကမ်ဘဲလ် မေ (၉) ရက်နေ့၌ နေပြည်တော်သို့ ရောက်ရှိသောအခါတွင် ဒီမိုကရေစီစနစ်ကျင့်သုံးရန် ဆောင်ရွက်နေပုံများကို နအဖပြန်ကြားရေးဝန်ကြီးက ရှင်းပြသည်။ နအဖပြဋ္ဌာန်းထားသည့် “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့် နည်းဥပဒေများသည် နိုင်ငံရေးပါတီများ လွတ်လပ်တရားမျှတစွာ၊ ပွင့်လင်းမြင်သာစွာ ဖွဲ့စည်းဆောင်ရွက်ခွင့်ရအောာင် အာမခံချက်ပေးထားကြောင်း” အသံကောင်းဟစ်လိုက်၏။ အသံသာရှိ၍ အဆန်မရှိသော သင်္ကြန်အမြောက်ကို နအဖပြန်ကြားရေးဝန်ကြီးက မစ္စတာကာ့တ်ကမ်ဘဲလ်ရှေ့တွင် ဖောက်ပြလိုက်ခြင်းဖြစ်၏။

နိုင်ငံရေးပါတီများကို လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်စေလိုပါက ပါတီမှတ်ပုံတင်ဥပဒေ ထုတ်နေစရာမလိုပါ။ မည်သို့ပင်ဖြစ်စေ နအဖကြီးစိုးသော တိုင်းပြည်တွင် နိုင်ငံရေးလုပ်မယ်ဆိုပါက နအဖဥပဒေကို လက်ခံရန်သာ ရှိတော့၏။ ယခုအချိန်အထိ နိုင်ငံရေးပါတီပေါင်း (၃၆) ပါတီ တည်ထောင်ခွင့် လျှောက်လွှာတင်သည့်အနက် (၃၁) ပါတီကို တည်ထောင်ခွင့် ပြုပြီးဖြစ်၏။ “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ” ကို မတ်လ (၈) ရက်က နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ထုတ်ပြန်ကြေညာပြီး “နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိုးက မတ်လ (၁၇) ရက်နေ့၌ ကြေညာ၏။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီအပေါ် လွှမ်းမိုးနိုင်ပုံကို ယင်းအမိန့်ဥပဒေ (၂) ခု၏ အထွေထွေကဏ္ဍ အခန်း (၅) ၌ ဖော်ပြ၏။

နိုင်ငံရေးပါတီတခုသည် ပါတီအခြေခံဥပဒေနှင့်အညီ မိမိ၏ ပါတီစည်းမျဉ်း (သို့မဟုတ်) နိုင်ငံရေးသဘောတရားကို ပြင်ဆင်သည်ဆိုပါက ယင်းပြင်ဆင်ချက်သည် ရွေးကောက်ပွဲကော်မရှင်၏ ခွင့်ပြုချက်ရမှသာ အတည်ဖြစ်သည်ဟု ဆို၏။ ဆိုလိုသည်မှာ ပါတီတခုသည် မိမိဘာသာ ပါတီ -platform ကို ပြောင်းပိုင်ခွင့်မရှိဘဲ ရွေးကောက်ပွဲကော်မရှင်၏ ခွင့်ပြုချက်ရမှသာ ပြောင်းနိုင်သည်။ နိုင်ငံရေးပါတီ၌ platform ရှိသည်။ ပါတီ၏ အခြေခံမူဝါဒ၊ ရည်ရွယ်ချက်နှင့် ရပ်တည်ချက်ကို ဖော်ပြသော ပါတီကြေညာစာတမ်းပင်ဖြစ်၏။ ပါတီကြေညာစာတမ်းတွင် ပါတီဝင်များ၏ ခံယူချက်လည်း ပါဝင်ပါသည်။ ပါတီဝင်များ၏ သဘောတူချက်မပါဘဲ အထက်ကချပေးသော ပါတီ platform သည် မခိုင်မြဲပါ။ ပြဿနာကို ဆုံးဖြတ်ရာတွင်လည်း သက်ဆိုင်ရာပါတီဝင်များ ပါဝင်ဆုံးဖြတ်ပိုင်ခွင့်ရှိရပါလိမ့်မည်။ အာဏာရပြီးမှ တည်ထောင်သောပါတီတွင် ပါတီ platform ကို အထက်က ချပေးသည့်အတွက် လက်တွေ့ဘ၀နှင့် သဟဇာတ မဖြစ်သည်ကများ၏။

‘မဆလ’ ဟု လူသိများသော ဗိုလ်နေ၀င်းတည်ထောင်သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသည် အာဏာရပြီးမှ တည်ထောင်သော ပါတီဖြစ်သည့်အတွက် ပြည်သူ့ဘ၀နှင့်ကင်းဝေးသော ပါတီအဖြစ် ဇာတ်သိမ်းသွားရသည်။ မဆလခြေရာကို လိုက်နင်းနေသူမှာ ကြံ့ဖွံ့ပါတီပင်ဖြစ်သည်။ ကွာခြားသည်မှာ ‘မဆလ’ သည် ပြိုင်ဘက်မရှိသော တပါတီစနစ်ဖြစ်၍ ကြံ့ဖွံ့သည် ပါတီစုံစနစ်ပြိုင်ဆိုင်ရမည်ဖြစ်သဖြင့် အခြားပါတီများကို မလှုပ်နိုင်အောင် ချုပ်ကိုင်နိုင်မှသာ ကြံ့ဖွံ့အနိုင်ရမည်ဖြစ်၏။ နိုင်ငံရေးပါတီခေါင်းဆောင်ပိုင်းကို ကော်မရှင်က အချိန်မရွေးခေါ်ယူ၍ ညွှန်ကြားနိုင်သည်ဟု ဆိုသည့်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများကို စီမံအုပ်ချုပ်သော ကြီးကြပ်ရေးအဖွဲ့ဖြစ်နေ၏။

ရွေးကောက်ပွဲကော်မရှင်ကို လုပ်ပိုင်ခွင့်အာဏာအပ်နှင်းသူသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဖြစ်၏။ ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်သည် အပြီးအပိုင်ဖြစ်စေရမည်၊ ရွေးကောက်ပွဲကော်မရှင်ကို တရားစွဲဆိုပိုင်ခွင့်မရှိ၊ ကော်မရှင်သည် ပါတီများကို ညွှန်ကြားနိုင်သည်၊ ကြီးကြပ်နိုင်သည်၊ (၃) နှစ်အထိ ယာယီရပ်ထားနိုင်ပြီး နောက်ဆုံး၌ ပါတီမှတ်ပုံတင်ကို ပယ်ဖျက်ပြီး ပါတီကိုပါ ဖျက်သိမ်းနိုင်ခွင့်ရှိသည်ဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အမိန့်ထုတ်ပြန်ထား၏။ ပါတီဥပဒေကို သုံး၍ ရွေးကောက်ပွဲ အနိုင်ယူမည့်သဘောဖြစ်၍ နိုင်ငံခြားမှ လေ့လာသူကို အလာမခံခြင်းဖြစ်၏။

အနည်းဆုံး မဲဆန္ဒနယ် (၃) နယ်၌ ၀င်ရောက်ယှဉ်ပြိုင်ခြင်းမပြုက နိုင်ငံရေးပါတီအဖြစ် ဆက်လက် ရပ်တည်ခွင့်မရှိဟု ဆိုသဖြင့် ရွေးကောက်ပွဲမ၀င်ပါက ပါတီအဖြစ် ရပ်တည်ပိုင်ခွင့်မရှိကြောင်း အတိအလင်း ဖော်ပြထားခြင်းဖြစ်သည်။ နအဖကျင်းပသော ရွေးကောက်ပွဲ၌ နိုင်ငံရေးပါတီများက အဖြည့်ခံအဖြစ် ပါဝင်နေရခြင်းဖြစ်သည်။ ရွေးကောက်ပွဲ မပေါ်မီကတည်းက နိုင်ငံရေးပါတီ ပေါ်လာသည်ကို သတိပြုသင့်သည်။ နိုင်ငံရေးပါတီဆိုသည်မှာ ယုံကြည်ချက်တူသူများစုဝေး၍ အမျိုးသားအကျိုးစီးပွားအတွက် ဆောင်ရွက်ရန် တည်ထောင်ထားသော အဖွဲ့အစည်းဖြစ်သည်ဟု (၁၈) ရာစု အင်္ဂလန်နိုင်ငံ၌ အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။ ဤအဓိပ္ပာယ်၏ အနှစ်သာရသည် ယနေ့အထိ ရှင်သန်နေဆဲဖြစ်၏။

ယခုခေတ်တွင် ရွေးကောက်ပွဲ၌ ယှဉ်ပြိုင်၍ အာဏာရရန် ကြိုးစားသော အဖွဲ့အစည်းကို နိုင်ငံရေးပါတီဟု ခေါ်ကြသည်။ ရွေးကောက်ပွဲ မ၀င်သောပါတီနှင့် ရွေးကောက်ပွဲမနိုင်သော ပါတီသည် ၎င်းတို့ကို ထောက်ခံသော ပြည်သူလူထုဘက်မှာ ထုတ်ဖော်ပြောဆို၍ အကျိုးဆောင်နိုင်ပါသည်။ အစိုးရသည် တာဝန်သိ/မသိ၊ ပြည်သူ့အကျိုးဆောင်/မဆောင် ဆိုသည်ကိုလည်း စောင့်ကြည့်နိုင်ပါသည်။ ရွေးကောက်ပွဲမ၀င်သော နိုင်ငံရေးပါတီ (သို့မဟုတ်) အဖွဲ့အစည်းသည်လည်း ပြည်သူ့အကျိုး ဆောင်ရွက်နိုင်ပါသည်။ ပြည်သူ့ဆန္ဒကို ပါတီကတဆင့် ထုတ်ဖော်နိုင်သည်။ ပါတီမရှိပါက ပြည်သူ့ဆန္ဒကို ထုတ်ဖော်ရန် မလွယ်ကူပါ။ ပါတီများလေလေ တိုင်းသူပြည်သားအတွက် ရွေးချယ်စရာ များလေလေဖြစ်သည့်အတွက် ကိုယ်ကြိုက်သော နိုင်ငံရေးအစီအစဉ်ကို ကိုယ်တိုင်ရွေးချယ်နိုင်ပေသည်။

နိုင်ငံရေးသဘောတရား အယူအဆတရပ် ပျံ့နှံ့ပြီး သြဇာညောင်းစေရန် ပါတီက လုပ်ဆောင်ပေးနိုင်သည်ကို မြန်မာ့နိုင်ငံရေးသမိုင်းတွင် အထင်အရှား တွေ့မြင်နိုင်ပေသည်။ ဆိုရှယ်လစ် အယူအဆ သဘောတရားများ မြန်မာပြည်တွင် ခေတ်စားခဲ့သည်မှာ ကွန်မြူနစ်ပါတီ၏ ဆောင်ရွက်ချက်ပင်ဖြစ်သည်။ ကွန်မြူနစ်ပါတီသည် နိုင်ငံရေးအာဏာမရသော်လည်း သဘောတရားရေးတွင် အနိုင်ရခဲ့သည်ဟု ပြောနိုင်သည်။ ကွန်မြူနစ်များနှင့် လက်ပွန်းတတီးရှိခဲ့သော ဗမာ့တပ်မတော်ပင်လျှင် ဆိုရှယ်လစ်အစာမကြေရောဂါကို (၂၅) နှစ်ကျော် ခံစားလိုက်ရသဖြင့် အဆင်းရဲဆုံးနိုင်ငံစာရင်းတွင် မြန်မာပြည် ပါဝင်သွားတော့၏။ နိုင်ငံရေးအယူအဆကို နိုင်ငံရေးပါတီကသာ ပြန့်ပွားအောင် လုပ်နိုင်ပေသည်။

နိုင်ငံရေးယုံကြည်ချက်အပေါ်၌ အခြေခံလေလေ ပါတီအားကောင်းလေလေဟု ဆိုရိုးရှိသည်။ နိုင်ငံရေးအယူအဆသည် လူပုဂ္ဂိုလ်ထက်ပိုပြီး ကြာရှည်ခံသဖြင့် ခေါင်းဆောင်ပြောင်းသော်လည်း နိုင်ငံရေးယုံကြည်ချက်ချင်းတူသူများသည် တစည်းတလုံးတည်း ဆက်လက်လှုပ်ရှားနိုင်ကြ၏။ လူပုဂ္ဂိုလ်၌ အခြေခံသောပါတီသည် ခေါင်းဆောင်အသက်ထင်ရှားရှိစဉ်သာ လှုပ်ရှားတက်ကြွကြ၏။ သို့သော်လည်း ပါတီတခု၏ စွမ်းဆောင်နိုင်မှုသည် ခေါင်းဆောင်ပိုင်း၏ အရည်အချင်း၊ ယုံကြည်ချက်နှင့် ပါတီအစဉ်အလာပေါ်၌ မူတည်သည်ဟုဆို၏။ သို့သော်လည်း မြန်မာနိုင်ငံတွင်မူ ပါတီ၏ လုပ်နိုင်မှုစွမ်းအားသည် ပါတီအပြင်က အခြေအနေ၌ မူတည်နေသည်။ ဥပမာ ရွေးကောက်ပွဲစနစ်နှင့် ဥပဒေစည်းမျဉ်းများသည် ပါတီ၏ လုပ်နိုင်မှုစွမ်းရည်ကို ကန့်သတ်ထားသည်။

အမြစ်သန်မှ သစ်ပင်ကြီးထွားနိုင်သကဲ့သို့ နိုင်ငံရးပါတီသည် အောက်ခြေမှ ပါတီဝင်များ အင်အားကောင်းမှသာ ရှင်သန်ကြီးထွားနိုင်သည်။ အောက်ခြေ၌ ပါတီတည်ဆောက်ရမည်ဆိုသည်ကို ပါတီခေါင်းဆောင်ပိုင်းက နားလည်သော်လည်း လက်တွေ့တွင် ကိုယ်ကျိုးကိုသာ ကြည့်တတ်သဖြင့် ပြိုင်ဆိုင်နိုင်မှုစွမ်းရည် ကျဆင်းသွားတတ်သည်။ ပါတီဝင်များ အရေးပါသည်ကို သတိမထားမိသော ခေါင်းဆောင်သည် အရေးပါအရာရောက်မည်မဟုတ်ပါ။ ပါတီ၏ နိုင်ငံရေးအာဏာပိုင်သည် ပါတီဝင်များသာဖြစ်၍ ရွေးကောက်ပွဲကော်မရှင် မဟုတ်သည်ကို ပါတီခေါင်းဆောင်များ မမေ့သင့်ပါ။

ဒီမိုကရေစီမြှင့်တင်ရန် ပြဋ္ဌာန်းသော နိုင်ငံရေးပါတီဥပဒေကို ဂျာမနီနိုင်ငံ၌လည်း တွေ့နိုင်၏။ ၁၉၆၇ ၌ ထုတ်ပြန်ကြေညာ၍ ၁၉၉၄ တွင် ပြင်ဆင်သော ဂျာမနီနိုင်ငံရေးပါတီများ ဥပဒေသည် နတ်သုဒ္ဓါဖြစ်၍ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ နိုင်ငံရေးပါတီသည် မစင်ဖြစ်နေ၏။ ပြည်သူ့ဆန္ဒကို ဖော်ပြရာနှင့် ပြည်သူကို ပညာပေးရာ၌ နိုင်ငံရေးပါတီများ အရေးကြီးပုံကို ဂျာမန်ပါတီဥပဒေ ပုဒ်မ (၁) ၌ ဖော်ပြသည်။ ရွေးကောက်ပွဲကို (၆) နှစ်တိတိ ၀င်ရောက်ယှဉ်ပြိုင်ခြင်းမပြုသော အဖွဲ့အစည်းသည်သာ နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့်ဆုံးရှုံးသည်ဟု ပုဒ်မ (၂) တွင် ဖော်ပြသည်။ နိုင်ငံရေးပါတီသည် တရားစွဲခွင့် ရှိသကဲ့သို့ တရားစွဲခံနိုင်ရမည်ဖြစ်သည်။ စုစုပေါင်း ပုဒ်မ (၄၁) ခုရှိသည်။ နာဇီပါတီကဲ့သို့ အနိုင်မကျင့်ဘဲ ဒီမိုကရေစီ သဘောတရားကို ကျင့်သုံးရန် ညွှန်ကြားထားသော ဥပဒေပင်ဖြစ်သည်။ နအဖပါတီဥပဒေထက် အဆပေါင်းများစွာ အသေးစိတ်ကျသော ဂျာမနီ၏ ပါတီဥပဒေသည် ပါတီစုံဒီမိုကရေစီစနစ်ကို အဟန့်အတားမပြုပါ။ အဘယ်ကြောင့်မူ ဂျာမနီ၏ ပါတီဥပဒေသည် စစ်မှန်၍ တာဝန်သိသော ဒီမိုကရေစီစနစ် တည်ထောင်ရေးနှင့် ရှင်သန်ရေးကို အဓိကထားသောကြောင့်ပင် ဖြစ်ပေသည်။

ရင်းမြစ်။ ။ခေတ်ပြိုင်

0 comments:

Post a Comment