မြန်မာပြည် တ၀ှမ်းလုံးတွင် လျှပ်စစ်ဓာတ်အားများ အကြီးအကျယ်ပြတ်တောက်နေသည့်အပြင် ရန်ကုန်ရှိ စက်မှုဇုံများက ပါဝါမီတာလိုင်းများကိုပါ ယာယီဖြတ်တောက်သည့် ဆောင်ရွက်ချက်များကြောင့် ရန်ကုန်မြို့နေ နည်းပညာပညာရှင်အချို့က သုံးသပ်ရာတွင် ပြည်တွင်းရှိ လျှပ်စစ်ဓာတ်အားများကို စစ်အစိုးရ၏ လျို့ဝှက် နယူကလီယားစမ်းသပ် စက်ရုံများအတွက် ဆွဲယူ သုံးစွဲနေသည်ဟု ခန့်မှန်းချက် ထွက်ပေါ်လာသည်။ “မြန်မာပြည်မှာ စွမ်းအင်သယံဇာတ အမြောက်အများရှိတယ်။ သဘာဝဓာတ်ငွေ့တွေကို ပြည်ပကို ရောင်းချနိုင်တဲ့အထိ သူတို့ စီမံခန့်ခွဲနိုင်တယ်။ ပြည်တွင်းမှာ ရေအားလျှပ်စစ်သာမက၊ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်စွမ်းအင်ကို ထုတ်နိုင်တဲ့ အခြေအနေလည်း ရှိတယ်။ နေပြည်တော်မှာ မီးထိန်ထိန်သာတယ်။ ရန်ကုန်နဲ့ မြို့ကြီးတွေကို မီး မပေးချင်လို့ကို မပေးဘဲ ထားတာ။ သည်လိုမျိုး ပြောချင်တယ်” ဟု မိုးမခသို့ လုပ်ငန်းရှင်တဦးက မှတ်ချက်ပေးသည်။ ၂၀၀၉ ခုနှစ် သြဂုတ်လ ၂ ရက်နေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာတွင် မြန်မာစစ်အစိုးရသည် မြန်မာနိုင်ငံအလယ်ပိုင်း မြိုင်မြို့အနီးတွင် နူကလီယားစီမံကိန်းတခုကို ရုရှားအကူအညီဖြင့် အကောင်အထည်ဖော်နေကြောင်း သတင်းပို့ခဲ့ဖူးသည်။ နယူးကလီးယားစီမံကိန်းဆိုသည်မှာ ယူရေနီယံများကို အသုံးပြုပြီး စွမ်းအင်အဖြစ် အသွင်ပြောင်းခြင်း သို့မဟုတ် ပျက်စီးစေနိုင်သည့် လက်နက်သဖွယ် အသုံးပြုခြင်းတို့ ဖြစ်သည်ဟု ဆိုသည်။ ထိုစက်ရုံများတွင် လည်ပတ်ရန် စွမ်းအင် အမြောက်အများ လိုအပ်ကြောင်း၊ အင်အားမြင့် လျှပ်စစ်ဓာတ်အားပေးလိုင်းများကို အများအပြား သွယ်တန်း ချိတ်ဆက်နေရကြောင်း၊ ယခုလက်ရှိ အခြေအနေများကို စောင့်ကြည့်ရန်လိုကြောင်း သုံးသပ်သူ တဦးက မှတ်ချက်ပေးသည်။ (http://www.bangkokpost.com/news/investigation/21362/burma-s-nuclear-bomb-alive-and-ticking ) ဘန်ကောက်ပို့စ်သတင်းပါ အကြောင်းအရာ ၎င်းက သူ့အမြင်ကို ပြောကြားရာတွင် - “တကယ်တမ်းမှာတော့ သူတို့ တည်ဆောက်နေတဲ့ နူကလီးယား ဓာတ်ပေါင်းဖိုတွေက မြိုင်မှာ တခု၊ နောင်လိုင်မှာ တခု ရှိတယ်လို့ အေဂျင်စီသတင်းတွေအရ သိရတယ်။ အဲသည်မှာ မြေအောက်လှိုင်ခေါင်းတွေ ရှိတယ်လို့လည်း သတင်းတွေက ဆိုတယ်။ အနောက်က အစိုးရတွေ သိရင်တောင်မှ ဒါကို သူတို့က ဖွင့်မပြောဘဲ စောင့်ကြည့်နေသလား မပြောတတ်ဘူး။ လျှပ်စစ်မီးတွေကတော့ ပျက်နေတာက ထုံးစံလို ဖြစ်နေပြီ။ လူတွေကို တမင် ဖိနှိပ်တဲ့အနေနဲ့ မီးကို မပေးတာ ဖြစ်နိုင်သလို၊ သူတို့ဖက်မှာ လိုအပ်တဲ့နေရာတွေကို စွမ်းအင်တွေ ဆွဲယူ သုံးစွဲနေသလားတော့ အတိအကျ မပြောနိုင်ဘူး။ သေချာတာကတော့ စစ်အစိုးရက ရုရှားမှာ နည်းပညာတွေ သွားယူတယ်။ မြောက်ကိုရီးယားကနေ လက်နက်တွေ ၀ယ်ယူတယ်။ နူကလီးယားနည်းပညာကို ဖော်ထုတ်နေတာကတော့ လွန်ခဲ့တဲ့ ၂၀၀၂ လောက်ကတည်းက ဖြစ်တယ်” ဟု ပြောသည်။ ယခုလက်ရှိအချိန်တွင် သောက်သုံးရေ ခမ်းခြောက်မှုများ၊ မိုးခေါင်မှုများ၊ ရာသီဥတုကပ်ဘေးများ ဆိုးဝါးမှုတို့ ကြောင့် မြန်မာနိုင်ငံသားများ ဒုက္ခများ ရင်ဆိုင်နေရချိန်၊ အသေအပျောက်များ ရှိနေချိန်တွင် လျှပ်စစ်စွမ်းအင်များကို စစ်အစိုးရက ပိုမိုဖြတ်တောက်ထားခြင်းမှာ ရိုးသားမှုမရှိဟု ရန်ကုန်မြို့နေသူတို့က မိုးမခသို့ ပြောကြားကြသည်။ ရင်းမြစ်။ ။မိုးမခ |
Facebook Account Hacking
7 years ago
0 comments:
Post a Comment