Friday, May 14, 2010

လူမှုရေး အသင်းအဖွဲ့များက ရေအခက်အခဲကို ဖြေရှင်းပြီးမှ နအဖအစိုးရ နောက်ကလိုက်လာ



သီတင်းပတ် ၆ပတ်ကျော် ဆက်တိုက် အပူရှိန် ပြင်းထန်ခြင်းနှင့် မိုးခေါင်ခြင်းကြောင့် မြန်မာပြည် အလယ်ပိုင်းနှင့် အောက်ပိုင်း ဒေသများတွင် သောက်သုံးရေ ပြတ်လတ်ခြင်း ပြဿနာကို လူမှုရေး အသင်းအဖွဲ့များ ၊ စေတနာရှင်များက ၀ိုင်းဝန်းကူညီ ပြီးနောက် ရက်ပိုင်းအကြာတွင်မှ နအဖ အစိုးရအနေဖြင့် အကူအညီပေးသည့် လုပ်ဆောင်မှုများ ထွက်ပေါ်လာသည်ဟု ရန်ကုန်မြို့တချို့က ဝေဘန်ပြောဆိုကြသည်။
ရန်ကုန်မြို့နှင့် အနီးဆုံး ဒလမြို့နယ်တွင် ရေပြတ်လတ်ခြင်း၊ ဆင်ခြေဖုံး ဒဂုံမြို့သစ်တောင်ပိုင်း ရပ်ကွက်အချို့ရေပြတ်လတ်ခြင်း၊ ပဲခူးတိုင်း ပဲခူးမြို့အနီးအနားနှင့် ဝေါမြို့နယ်များတွင် သောက်သုံးရေ ပြတ်လတ်မှု ရင်ဆိုင်နေရသည့် သတင်းများကို နအဖ အစိုးရက ဖုံးကွယ်ထားခဲ့ပြီး စေတနာရှင်များနှင့် လူမှုရေး အသင်းအဖွဲ့များက မိမိတို့ အစီအစဉ်ဖြင့် သွားရောက်ကူညီမှုများ ပြုလုပ်ပြီးနောက်တွင်မှ အစိုးရ၏ ကူညီပေးရေး လုပ်ဆောင်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
ယနေ့ထုတ် သတင်းစာတွင် ``ရန်ကုန်တိုင်း၊ မွန်ပြည်နယ်နှင့် ဧရာဝတီတိုင်းတို့တွင် သောက်သုံးရေရှားပါးမှု နှင့် ရင်ဆိုင်နေရသည့် အတွက် ဒေသအာဏာပိုင်များ၊ ဌါနဆိုင်ရာများနှင့် စေတနာရှင် ပြည်သူများ ပူးပေါင်း၍ လှူဒါန်း´´အစရှိသည့် သတင်း ပထမဆုံး အနေဖြင့် ဖေါ်ပြသည်ကို တွေ့ရပြီး ပဲခူးတိုင်းတွင် အန်အယ်လဒီ အဖွဲ့ဝင်များက ရေလှူဒါန်းသည့် ကိစ္စတွင် ပါဝင်ဆောင်ရွက်နေသည့် သတင်းများထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ အစိုးရ၏ လုပ်ဆောင်မှုများ စတင်ပေါ်ထွက်လာခြင်း ဖြစ်သည်။
ရန်ကုန် အခြေစိုက် အယ်ဒီတာတစ်ဦးက
“တိုင်းပြည်အာဏာ ရယူထားတဲ့ နအဖ အစိုးရ အနေနဲ့ လူထုရဲ့ စားဝတ်နေရေး ပြဿနာကို ဖြေရှင်းပေးဖို့တာဝန်ရှိပြီး ချက်ခြင်းတုံ့ပြန်မဆောင်ရွက်တာဟာ လူထုကို ဂရုမထားတာ ပေါ်လွင်နေပါတယ်။ အောက်ခြေမှာ ဖြစ်ပျက်နေတဲ့ သတင်းတွေကို သူတို့ မသိဘူးဆိုတာ မဖြစ်နိုင်ပါဘူး။ နေ့စဉ် ရဲ၊ စရဖ၊ စသုံးလုံး အသီးသီးအောက်ခြေက အဖြစ်အပျက်တွေကို သတင်းပို့နေတာ မဟုတ်လား၊ နိုင်ငံရေး အတိုက်အခံနဲ့ ပတ်သက်ရင် ဒီနေ့ဘာဖြစ်လဲ ဆိုတာစောင့်ကြည့်နေပြီး ချက်ခြင်း လုပ်စရာတွေကို လုပ်တယ်။ အခုလို လူထုကိစ္စကျတော့ အထက်က အမိန့်မလာသေးလို့ မလုပ်သေးတာပါ ဆိုတာမျိုး ဆင်ခြေပေးကြတယ်။ တကယ်ဆို ကြံ့ဖွံ့အဖွဲ့ဟာ လူထုကို စေတနာရှိတယ်ဆိုရင် ဒီကိစ္စတွေမှာ ကူညီ ရမှာပေါ့။”
ဟု ပြောသည်။
ရန်ကုန်မြို့ အပါအ၀င် နယ်မြို့များ၊ ဧရာဝတီတိုင်း ကျေးရွာများတွင် သောက်သုံးရေ အရေးတကြီး လိုအပ်လျက်ရှိပြီး သန့်ရှင်းသည့် သောက်သုံးရေ မရရှိလျင် နေ့စဉ် အသက်ရှင်နေထိုင်မှုနှင့် ကျန်းမာရေး တို့ကို ထိခိုက်လာမည့် အန္တရာယ်လည်းရှိနေသည်။
ယခုလက်ရှိ အခြေအနေတွင် သောက်သုံးရေ ပြတ်လတ်မှု ဆိုးရွားစွာ ခံစားနေရသည့်
ဒေသများ စာရင်းတွင် ပဲခူးတိုင်း သနပ်ပင်မြို့နယ်၊ ဝေါမြို့နယ်၊ သဲကုန်းမြို့နယ်၊ ပဲခူးမြို့နယ်နှင့် မွန်ပြည်နယ်တွင် ပေါင်မြို့နယ်၊ ချောင်းဆုံမြို့နယ်၊ ကျိုက်မရောမြို့နယ်၊ ရန်ကုန်တိုင်းတွင် ကျောက်တန်းမြို့နယ်၊ ဒလမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်၊ ဧရာဝတီတိုင်းတွင် ဟိုင်းကြီးကျွန်းမြို့နယ်တို့ ဖြစ်သည်ဟု ယနေ့ထုတ် နအဖ သတင်းစာများ၏ ဖေါ်ပြချက်အရ သိရှိရသည်။
ယခုနှစ်နွေရာသီတွင် ဖြစ်ပေါ်လျက်ရှိသည့် အပူရှိန်ဒဏ်နှင့် မိုးခေါင်သည့် ဒဏ်ကြောင့် ရေရှားပါးမှု ၀မ်းနှင့် ပတ်သက်သည့် ရောဂါများအပြင် အပူရှပ်ပြီး ဦးနှောက်သွေးကြောပြတ်ခြင်း၊ အသက်အရွယ်ကြီး ရင့်သူများ သေဆုံးခြင်း စသည့် အကျိုးဆက်များ ကျယ်ပြန့်စွာ ဖြစ်ပေါ်လျက်ရှိသည်ကို ဆေးရုံဆေးခန်းများမှ ပြောဆိုချက် အရသိရှိရသည်။
(ဧပြီ ၂၅၊ ၂၀၁၀ - ဒေးဒရဲမြို့နယ်က မြင်ကွင်းတခု - ဓာတ်ပုံ အင်တာနက်)
ရင်းမြစ်။ ။မိုးမခ

0 comments:

Post a Comment