Thursday, May 20, 2010

အန်အယ်ဒီ ဗဟိုအလုပ်မှုဆောင် ဦးစိုးမြင့် ကွယ်လွန်

နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် သခင်စိုးမြင့် (၈၇ နှစ်) သည် လူကြီးရောဂါဖြင့် ယနေ့ နေ့လည်ပိုင်း ၁ နာရီခွဲတွင် ရန်ကုန်ရှိ နေအိမ်၌ ကွယ်လွန်သွားပြီ ဖြစ်သည်။

ရန်ကုန်တိုင်း အန်အယ်ဒီ စည်းရုံးရေး ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သူ သခင်စိုးမြင့်သည် တောင်ဥက္ကလာပမြို့နယ်ရှိ နေအိမ်တွင် ဆုံးပါးသွားခြင်း ဖြစ်သည်။

''တနာရီခွဲမှာ အိမ်မှာ ရိုးရိုးတန်းတန်း အိပ်နေရင်းကနေ ဆုံးသွားတာ။ နှလုံးကြောင့်မို့တော့ ထင်ပါတယ်။ အိမ်နားက ဆရာဝန်ကတော့ လာပြီးတော့ သေဆုံးကြောင်း အတည်ပြုပါတယ်။ သူ့မှာ ရင်ကျပ်တဲ့ ရောဂါတော့ ရှိတယ်။ နှလုံး အားနည်းတာလည်း ရှိတယ်။ ခဏခဏ မူးလဲတတ်ပါတယ်။ အခုဟာက သက်တောင့်သက်သာပဲ ဆုံးသွားတာပါ'' ဟု မြေးတဦးဖြစ်သူ မခိုင်ဝင့်ရည်က မဇ္ဈိမကို ပြောသည်။

သေဆုံးချိန်တွင် သားသမီး ၅ ဦးနှင့် မြေး ၁၁ ဦး ကျန်ရစ်ခဲ့သည်။

ဦးစိုးမြင့် (ခ) သခင်စိုးမြင့်

တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်သည်။

၁၉၂၃ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့တွင် မွေးဖွားသည်။ အဖ ဦးရှိန်ဖြစ်သည်။ မြောင်းမြမြို့၌ အင်္ဂလိပ်-မြန်မာ ၆ တန်းအထိ ပညာသင်ကြားခဲ့သည်။ မြောင်းမြမြို့နယ် ဒို့ဗမာအစည်းအရုံး အတွင်းရေးမှူး၊ နယ်ချဲ့နှင့် ဖက်ဆစ်တော်လှန်ရေး မြေအောက်ခေါင်းဆောင်၊ ဗမာ့ကာကွယ်ရေးတပ်မတော် - BDA တပ်ရင်းမှူး၊ ပုသိမ်ခရိုင် မြစ်ဝကျွန်းပေါ် တိုင်းစစ်ကော်မတီဝင်၊ ပြည်သူ့အရေးတော်ပုံပါတီ တည်ထောင်ရာ၌ ပါဝင်ခဲ့ပြီး ဆိုရှယ်လစ်ပါတီ၌ မြောင်းမြခရိုင် ဥက္ကဋ္ဌနှင့် ဗဟိုဦးစီးအဖွဲ့ဝင် ဖြစ်ခဲ့သည်။ ဖဆပလ ဗဟိုဦးစီးအဖွဲ့ဝင်၊ ဗတလစ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ ဆိုရှယ်နီ ဗဟိုကော်မတီဝင်၊ ပြည်သူ့လူငယ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ၊ ၁၉၅၃ ခုနှစ် ဗီယင်နာ ကမ္ဘာ့လူငယ်ညီလာခံ ကိုယ်စားလှယ်ဖြစ်ပြီး လွတ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့် ရခဲ့သည်။

အယ်ဒီတာ၊ စာပြု၊ ၁၇ လိုင်း အုပ်ချုပ်ရေးမှူး စသဖြင့် ဘဝများစွာ ကျင်လည်ခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင်၊ ဗဟိုလယ်သမားများအဖွဲ့ ခေါင်းဆောင်၊ ရန်ကုန်တိုင်း စည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ တာဝန်ယူခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဂန္ဓီခန်းမ ဆုံးဖြတ်ချက်အတိုင်း နဝတ က လွှတ်တော်ခေါ်ယူခွင့်မပေးလျှင် လုပ်ဆောင်သင့်သည့် နည်းလမ်းသုံးသွယ် စာတမ်းကို ရေးသားပြုစုရာတွင် ပါဝင်ခဲ့သဖြင့် ခေတ္တ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ ၁၉၉၁ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းသည့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့၌ အဖွဲ့ဝင်အဖြစ် တိုးမြှင့်တာဝန်ပေးအပ်ခံခဲ့ရသည်။ ၁၉၉၈ ခုနှစ် စက်တင်္ဘာ ၁၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၌ အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ ၂ဝဝ၃ ခုနှစ် မေလ ၃ဝ ရက်နေ့တွင် ဖြစ်ပွားသော ဒီပဲယင်း သွေးချောင်းစီး လုပ်ကြံမှုကြီးဖြစ်ပွားစဉ် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံခဲ့ရာမှ ၂ဝဝ၃ ခုနှစ်၊ နိုဝင်္ဘာ ၂၃ ရက်နေ့တွင် ပြန်လွတ်သည်။

ဇနီးမှာ ဒေါ်အေးကြွယ်ဖြစ်ပြီး သားသမီးများမှာ ဒေါ်ဆွေဆွေမြင့်၊ ဦးမောင်မောင်မြင့်၊ ဒေါ်သစ်သစ်မြင့်၊ ဒေါ်ချိုချိုမြင့်နှင့် ဒေါ်သင်းသင်းမြင့်တို့ ဖြစ်ကြသည်။

0 comments:

Post a Comment