Thursday, March 25, 2010

ကမ်းမမြင်ရတဲ့ မနက်ဖြန်များစွာ

 

ရန်ကုန်ရဲ့ အချက်အချာကျ နေရာတခုဖြစ်တဲ့ လှည်းတန်း မီးပွိုင့်မှာ ကိုယ်ပိုင်ကားတွေ၊ လိုင်းကားတွေ၊ သွားလာနေကြတဲ့ လူတွေနဲ့ ရှုပ်ရှက်ခတ် နေတယ်။

ပညာမသင်ရဘဲ သီချင်းဆို တောင်းရမ်းနေရတဲ့ တောင်ဒဂုံက ကလေးမောင်နှမ (ဓာတ်ပုံ - ဧရာဝတီ)
မီးပွိုင့် စိမ်းလိုက်တာနဲ့ ရပ်နေတဲ့ ကားတွေက စက်ရှိန်မြှင့်ပြီး မီးပွိုင့်ကို ဖြတ်ကျော် ကြပါတယ်။ အရှိန်ဟုန် ပြင်းပြင်း မောင်းနှင်နေတဲ့ ကားတွေ ကြားမှာ အမျိုးသမီးငယ် တဦးကတော့ အန္တရာယ်ကို ဂရုမမူဘဲ လသား အရွယ် ရင်ခွင်ပိုက် ကလေးငယ် တဦးကို ချီလို့ လူးလာခေါက်ပြန် လမ်းလျှောက် နေတယ်။

ကလေးငယ်ရဲ့ ခြေထောက် တချောင်းက ဒူးဆစ်ကနေ ပြတ်နေပြီး ပတ်တီး တစနဲ့ ချည်နှောင်ထားတယ်။ ကလေးငယ်က အမျိုးသမီးရဲ့ ရင်ခွင်ကြားမှာ ဘောင်းဘီ၊ အင်္ကျီမပါ ကိုယ်တုံးလုံးနဲ့ အိပ်ပျော် နေပါတယ်။ အမျိုးသမီး ကတော့ စုတ်ပြတ်နေတဲ့ အနက်ရောင် တီရှပ်နဲ့ အ၀ါရောင် ခပ်ညစ်ညစ် ထဘီကို ၀တ်ဆင်ထားတယ်။ ပြဲစုတ်နေတဲ့ နီညိုရောင်လွယ်အိတ်တလုံးကိုလည်း သူ့ ပခုံးပေါ်မှာ စလွယ်သိုင်း အနေအထားနဲ့ တွေ့ရတယ်။

“ကိုကို၊ မမတို့ရယ် ကျမတို့သားအမိ ခိုကိုးရာမဲ့လို့ ထမင်းဖိုးလေး၊ ဟင်းဖိုးလေးများ သနား ကြပါ” လို့ အော်နေတဲ့ အမျိုးသမီးရဲ့ အသံကို ကားစက်သံတွေ ကြားကနေ ကြားနိုင်ပါတယ်။

သူ တကယ်ပဲ ခိုကိုးရာမဲ့လို့ တောင်းရမ်းနေတာလား၊ ဒါမှမဟုတ် ကလေးငယ်ကို ဗန်းပြ လိမ်ညာတောင်းရမ်း စားသောက် နေတာလား ဆိုတာ သေချာမသိနိုင်ပေမယ့် လမ်းသွား လမ်းလာတွေက သူ့ကို အရေးတယူ သတိထားခြင်းမရှိသလို၊ သနားကြင်နာ ကရုဏာသက်တဲ့ အမူအရာမျိုးလည်း မမြင်ရပါဘူး။ ဒီလို တောင်းရမ်း စားသောက်နေကြရတဲ့ မြင်ကွင်းတွေက ရန်ကုန်သူ ရန်ကုန်သားတွေအတွက် နေ့စဉ်မြင်နေကျ၊ မရိုးတော့တဲ့ မြင်ကွင်းတွေပါ။

တနေ့တခြား ကျပ်တည်းလာတဲ့ စားဝတ်နေရေး အခက်အခဲအတွက် မငတ်အောင် ရုန်းကန် နေရသူတွေ အများစုနေထိုင်ရာ ရန်ကုန်မှာ တောင်းရမ်းစားသောက်သူ အရေအတွက် တိုးပွားနေတာကို မြင်ရပါတယ်။

လှိုင်မြို့နယ် အတွင်းက ကတ္တရာလမ်းမကြီး တခုပေါ်မှာ အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်နဲ့ အသက် ၈ နှစ် အရွယ်ကောင်လေးတို့ ၂ ဦးဟာ ငုတ်တုတ်ထိုင်ပြီး သူတို့လည်ပင်းကြောတွေ ထောင်လာတဲ့အထိ သီချင်းတွေ ဟစ်အော်နေပါတယ်။

ခေါင်းကိုမော့၊ မျက်လုံးလေးတွေ မှိတ်ပြီး သီချင်းကိုသီဆိုနေတဲ့ မိန်းကလေးငယ်ရဲ့လက်မှာ ကိုင်ထားတဲ့ ၀ါးကျည်တောက် အတို၊ အရှည်နှစ်ခုကို ကတ္တရာလမ်းမပေါ် ဆောင့် ဆောင့် တီးခေါက်လို့ စည်းချက်ညီညီ စူးရှတဲ့ အသံလေးတွေနဲ့ သီဆို နေကြတယ်။
သူတို့ရှေ့မှာ အစိမ်းရောင် ပလတ်စတစ် ခွက်ကလေး တလုံးချထားတယ်။ သီချင်းဆိုပြီး ပိုက်ဆံ လိုက်လံ တောင်းရမ်းနေတဲ့ ကလေးငယ်လေးတွေပါ။

“…. ချိုပြုံးရွှင်သော နှမပျိုငယ်၊ တကိုယ်လုံးပင်ချော အလှပိုတယ်။ မြို့မနဲ့ တမိတည်း ဖွားလို့ ဆိုတော့မယ်ကွယ်….” အစရှိတဲ့ နာမည်ကျော် မန်းတောင်ရိပ်ခို သင်္ကြန်သီချင်းက ကလေးငယ်နှစ်ဦးရဲ့ နှုတ်ခမ်းဆီကနေ
ပျံ့လွင့်လာနေတယ်။ ပျော်ရွှင်စရာ မြန်မာ့ရိုးရာ နှစ်သစ်ကူး သင်္ကြန် သီချင်းဖြစ်ပေမယ့် ကလေးငယ်တွေ သီဆိုနေပုံက ကြားရသူတိုင်း ၀မ်းနည်းစရာ ကောင်းလှပါတယ်။

“သမီးအဖေက သေသွားပြီ။ အမေက ဟိုးအဝေးကြီးမှာနေတယ်။ သမီး ကျောင်းမနေဖူး ပါဘူး။ သမီးတို့ မောင်နှမအားလုံး ငါးယောက်ပါ။ အဘွားနဲ့နေတယ်။ အဘွားဆိုတာ သမီးအမေရဲ့ အမေပေါ့။ အဘွားက ဟင်းရွက်ရောင်းတယ်။ အခုအဘွား နေမကောင်းဘူး” လို့ မိန်းကလေးက ပြောပြတယ်။

ဒီ ကလေးနှစ်ဦးဟာ နေ့စဉ် တောင်ဒဂုံကနေ မနက် ၈ နာရီကတည်းက ထွက်လာပြီး ရန်ကုန်မြို့ နေရာအနှံ့ လှည့်လည်၊ သီချင်းဆို တောင်းရမ်းကြပါတယ်။ သူတို့ အိမ်ပြန်ရောက်တဲ့ အချိန်က ပုံမှန်မရှိ ပါဘူး။ ကလေးငယ်နှစ်ဦးရဲ့ နေ့စဉ်တောင်းရမ်းလို့ရတဲ့ ၀င်ငွေက ကျပ် ၂၀၀၀ ကျော်ဆိုပေမယ့် သူတို့အားလုံးအတွက် လုံလောက်တဲ့ ဝင်ငွေမဟုတ်ဘူးလို့ ဆိုပါတယ်။

ရန်ကုန် အပါအ၀င် မြန်မာနိုင်ငံ အရပ်ရပ်မှာ ပုံစံအမျိုးမျိုးနဲ့ တောင်းရမ်း စားသောက်နေရတဲ့ ကလေးတွေ၊ အရွယ်နဲ့မမျှအောင် အလုပ်ကြမ်း လုပ်ကိုင် စားသောက်နေရတဲ့ ကလေးတွေ၊ လမ်းမတွေပေါ်မှာ လေလွင့်ရင်း လမ်းပျောက်နေရတဲ့ ကလေးတွေ မြောက်မြားစွာ ရှိနေပါ တယ်။ အဲဒီလို ကလေးတွေအပြင် လမ်းမတွေပေါ်မှာ သနားစရာ၊ ကြေကွဲစရာ ဘ၀ဇာတ်လမ်းတွေနဲ့ ပုံစံ အမျိုးအမျိုး တောင်းရမ်း စားသောက်နေကြတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ဒုက္ခိတတွေလည်း မနည်းလှပါဘူး။

ခက်ခဲကြမ်းတမ်းစွာ အသက်မွေး ၀မ်းကြောင်းနေရတာကြောင့် သက်ကြီးရွယ်အိုတွေကို သားသမီး၊ ဆွေမျိုးတွေနဲ့ မိသားစုဝင်တွေက ဂရုမစိုက်နိုင် ကြတော့သလို သက်ကြီးရွယ်အိုတွေ လမ်းမတွေပေါ်မှာ တောင်းရမ်း စားသောက် နေကြတာကိုလည်း လမ်းသွား လမ်းလာတွေက ဖေးမကူညီတာမျိုး အရင်ကထက် နည်းပါးလာပါတယ်။

အလုပ်ရှားပါးပြီး မိသားစုတိုင်း အဆင်မပြေကြတာ အများစုမို့ မြန်မာ ပြည်သူတွေအနေနဲ့ တောင်းရမ်းသူတွေကို သနားဖို့ မတတ်သာတဲ့ အခြေအနေမှာ ဆိုက်ရောက် နေတယ်လို့ဆိုရင် မမှားပါဘူး။

“တောင်းတဲ့ သူတွေက နေရာတိုင်းမှာရှိနေတာ။ ဒါတွေကို လိုက်ပြီး ငွေထည့်ရမယ်ဆိုရင် စည်းစိမ်သာ ပြုတ်သွားမယ်။ ပြီးတော့ အကြွေကလည်း တအားရှားတယ်။ တကယ်ကို တောင်းရမ်းသူတွေကို ငွေလှူချင်ရင် တထောင်တန်၊ ငါးရာတန် လှူရမလို ဖြစ်နေတယ်။ ကိုယ်တောင် အနိုင်နိုင် ရုန်းကန်နေရတာ ငါးရာ၊ တထောင်လည်း မလှူနိုင်ဘူး” လို့ ရန်ကုန်သား တဦးက ဆိုတယ်။

မြန်မာနိုင်ငံသားတွေက တောင်းရမ်းသူတွေကို မပေးနိုင်ကြတော့ဘူး ဆိုတဲ့အခြေအနေမှာတောင် တနေကုန် နေရာအနှံ့ ခြေတိုအောင် လှည့်လည် တောင်းရမ်းရင် အနိမ့်ဆုံး နေ့စားဝန်ထမ်းတယောက်ရဲ့ လုပ်ခထက်တော့ ပိုရနေသေးတယ်လို့ တောင်းရမ်းစားသောက် သူတွေဆီက ကြားသိရပါတယ်။

ရန်ကုန်မြို့မှာ တောင်းရမ်းစားသောက် သူတွေ ပပျောက်အောင် မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းက စည်ပင်မှာ အလုပ်ပေးမယ်၊ နေစရာပေးမယ် ဆိုတာမျိုးတွေ ပြောခဲ့ပါတယ်။ ဒါပေမယ့် စည်ပင်အလုပ်ရဲ့ ဝင်ငွေက တောင်းစားတဲ့ ဝင်ငွေကို မမီလို့ လုပ်ချင်သူတွေ နည်းပါးတယ်လို့ သိရတယ်။ တောင်းရမ်း စားသောက် သူတွေကို ဖမ်းဆီးတာမျိုး လုပ်နေပေမယ့်လည်း ပပျောက်မသွားပါဘူး။

“သူတောင်းစားတွေ တိုးလာတာက အစိုးရမှာ အဓိက တာဝန်ရှိတယ်။ လူတွေကို အလုပ်အကိုင်တွေ ဖန်တီးပေးရမယ်၊ ပညာတတ်အောင် သင်ပေးရမယ်၊ အိုမင်းမစွမ်းတော့တဲ့ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ရမယ်။ ဒါတွေ အားလုံးက အစိုးရတရပ် လုပ်ရမယ့် တာဝန်တွေ။ အစိုးရက ဒီတာဝန်တွေပျက်ကွက်လို့ လမ်းတွေပေါ်မှာ တောင်းရမ်းတဲ့ ကလေးတွေ၊ မသန်စွမ်းတွေနဲ့ သက်ကြီးရွယ်အိုတွေ၊ ပြည့်တန်ဆာတွေ များလာတာပါပဲ” လို့ ပြည်တွင်း သတင်းစာ ဆရာကြီး တဦးက ပြောပါတယ်။

လှည်းတန်း မီးပွိုင့်မှာ တောင်းရမ်းနေတဲ့ သားသည်မိခင် အမျိုးသမီး၊ တောင်ဒဂုံက သီချင်းဆို ပိုက်ဆံ တောင်းရမ်းတဲ့ ကလေး မောင်နှမ၊ သားသမီးတွေက မထောက်ပံ့နိုင်လို့ လမ်းပေါ်မှာ တောင်းစားနေရတဲ့ အိုမင်းမစွမ်းသူတွေနဲ့ လမ်းမပေါ်မှာ လေလွင့်နေရတဲ့ မြန်မာနိုင်ငံသားပေါင်း မြောက်မြားစွာဟာ မနက်ဖြန်များစွာကို အလင်းရောင်မဲ့၊ မျှော်လင့်ချက်မဲ့ ဘ၀နဲ့ပဲ ဆက်လက် ရှင်သန်နေရဦးမယ် ဆိုတာ ဘယ်သူမှ မငြင်းနိုင်တဲ့၊ လက်တွေ့ကျတဲ့ အမှန်တရားတခုပါ။

အောင်သက်ဝိုင်း 

ရင်းမြစ်။ ။http://www.irrawaddy.org/bur/index.php/articles/2-articles/2858-2010-03-24-10-29-12

0 comments:

Post a Comment