ကျေးဇူးရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ကျွန်ုပ် တွေ့ပြန်ချေပြီ။ ရန်ကုန်တွင် တွေ့ကြခြင်း ဖြစ်သည်။ အချိန်၏ တိုက်စားမှုကြောင့် ကျွန်ုပ်သည် ၀ါရင့် အထူးသတင်းထောက် ဖြစ်လာသကဲ့သို့ ဗိုလ်ချုပ်မှူးကြီးသည်လည်း ပိုမို၍ အိုမင်း တုန်ချိပြီး ကြက်သရေ ကင်းမဲ့လျက် ရှိသည်။ သို့သော်လည်း သူ၏ အားသာချက်များ ရှိနေသည်။ “ဘုန်းကြီးပါစေ၊ သက်ရှည်စေ”ဟု ယခင်က ဆုတောင်းပေးခဲ့သူများ ရှိရော့ထင်၊ အသက် ၇၀ ကျော်လာသော်လည်း ယခုထိ ပလ္လင်ပေါ်မှ မဆင်းသေး၊ သေလည်း မသေသေးပေ။ မသေသေးသောကြောင့်လည်း ကျွန်ုပ် ထပ်မံ ဆုံခွင့် ရခြင်း ဖြစ်လေသည်။
(ကြော်ငြာ ၀င်ရမည် ဆိုလျှင် ယခင် တွေ့ဆုံမှုများကို ဖတ်ရှုလိုပါက ကျွန်ုပ်၏ ဘလော့ဂ် http://buffalo-in-moemaka.blogspot.com/ သို့ သွားပါလေ)
ဗိုလ်ချုပ်မှူးကြီးက သူ့ဧည့်ခန်းအတွင်း တရုတ်သိုင်းကား ကြည့်နေသည်။ ဘေးတွင်လည်း ကွမ်းအစ်၊ လက်ဖက်အစ်၊ ရေနွေးကြမ်းအိုးတို့ ၀န်းရံနေသည်။ ကျွန်ုပ်ရောက်လာသဖြင့် တရုတ်သိုင်းကားကို ခေတ္တ ပိတ်ထားလိုက်သည်။
ကျွန်ုပ် – အနှောင့်အယှက် ပေးမိတဲ့အတွက် ဆောဒီးပါ။ မိုးမခ အယ်ဒီတာ မင်းတွေက နားပူတာနဲ့ အင်တာဗျူးဖို့ လာခဲ့ရတာပါ။
ဗိုလ်ချုပ်မှူးကြီး – ဘာလဲ၊ ဘာကိစ္စဗျူးမှာလဲ။ မောင်ညီညီအောင်ကို ဘာကြောင့် လွှတ်လိုက်သလဲ မင်းတို့ သိချင်နေတယ် မဟုတ်လား။
ကျွန်ုပ် – ဟုတ်ကဲ့။
ဗိုလ်ချုပ်မှူးကြီး – သတင်းစာထဲမှာ ပြောထားသလိုပဲလေကွာ၊ အမေရိကန်ကလွတ်ပေးဖို့ မေတ္တာရပ်ခံတယ်။ နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် ငါတို့က လွှတ်ပေးလိုက်တယ်။ ဒါပါပဲ။
ကျွန်ုပ် – ဒါပေမဲ့ အဘရယ် - အမေရိကန်တွေက နိုင်ငံရေးသမားတွေကို လွှတ်ပေးဖို့ တချိန်လုံး ပြောနေတာ မဟုတ်လား။ တခြားသူတွေကိုလည်း လွှတ်ပေးသင့်တာပေါ့။ နိုင်ငံရေးသမားတွေ ၂၀၀၀ လောက် ထောင်ထဲမှာ ရှိနေတယ်လို့ ပြောနေကြတာာပဲ မဟုတ်လား။
ဗိုလ်ချုပ်မှူးကြီး – အင်း - သူတို့ခန့်မှန်းထားတာထက် ပိုများပါတယ်ကွာ။
ကျွန်ုပ် – ကိုညီညီအောင်ကို ဘာကြောင့် သီးသန့် လွှတ်ပေးလိုက်တာလဲ။
ဗိုလ်ချုပ်မှူးကြီး – အမေရိကန်က တို့ကို စာရေးပြီး တောင်းတယ်လေ။ ဒါကြောင့် ငါတို့လည်း ကြောက်ပြီး လွှတ်ပေးလိုက်တာပါ။ သူတို့ စာမရေးလည်း ငါတို့က လွှတ်ပေးမှာပါကွာ။ အထာ ထားတဲ့ သဘောပေါ့။ ကဲ - ရှင်းပြီလား။
ကျွန်ုပ် – ဟုတ်၊ ရှင်းပါပြီ။ ကိုညီညီအောင် လွတ်သွားလို့ တချို့လည်း ပျော်နေကြတယ်၊ တချို့လည်း စိတ်ညစ်နေကြတယ်။
အဖိုးကြီးက ထွေးခံကို လှမ်းယူပြီး ကွမ်းတံတွေး ပျစ်ခနဲ တချက် ထွေးထည့်လိုက်သည်။
ဗိုလ်ချုပ်မှူးကြီး – ဟုတ်လား။ ဘယ်သူတွေပျော်နေကြတာလဲ။
ကျွန်ုပ် – ရှေ့နေကြီး ဦးကြည်ဝင်းနဲ့ ဦးဉာဏ်ဝင်းတို့ပေါ့။ သူတို့လိုက်ပေးတဲ့ နိုင်ငံရေးသမားတွေထဲက အနည်းဆုံး ထောင် ၃ နှစ် တို့ ၇ နှစ်တို့ ကျကြတယ်လေ။ အဲဒီထဲမှာ ကိုညီညီအောင် တယောက်ပဲ စောစောစီးစီး လွတ်သွားတယ် တဲ့။ အဲဒါကြောင့် သူတို့ ပျော်နေကြတာ။
ဗိုလ်ချုပ်မှူးကြီး – အင်း - ဒီရှေ့နေတွေ ပျော်အောင်လုပ်မိတာ ငါ မှားသွားသလား မသိဘူး။ ကဲ - စိတ်ညစ်တဲ့သူတွေက ဘယ်သူတွေလဲ။
ကျွန်ုပ် – စိတ်ညစ်တဲ့ထဲမှာ ကျနော်လည်း ပါတယ်။ သူ ထောင်ထဲမှာ ရှိနေတော့ ကျနော်တို့က သတင်းရေးလို့ ရတာပေါ့။ ကိုညီညီအောင် အယူခံတင်တယ်၊ ကျတယ်၊ ထပ်တင်တယ်၊ ကျန်းမာရေးက ဘယ်လိုဖြစ်တယ်၊ ရှေ့နေက ဘာပြောတယ်၊ မိသားစုက ဘယ်လိုပြောတယ်၊ ထောင်ဝင်စာမှာ ဘာဖြစ်တယ် စသဖြင့် စသဖြင့် သူနဲ့ ပတ်သက်ပြီး ရေးစရာတွေက အများကြီးဗျ။ အခု လွှတ်ပေးလိုက်တော့ ကျနော်တို့ ရေးစရာ လျော့သွားတာပေါ့။
ဗိုလ်ချုပ်မှူးကြီး – အေးပါကွာ၊ ဒီတခါ ရန်ကုန်ထပ်လာရင် ငါ သေချာပေါက် ဆွဲစေ့လိုက်ပါ့မယ်၊ ဟုတ်ပြီလား။ ကဲ - ဘာသိချင်သေးလဲ။
ကျွန်ုပ် – ရွေးကောက်ပွဲဥပဒေက သိပ်ပြီး တဖက်သတ်ဆန်နေတယ်လို့ ဝေဖန်နေကြတယ်။
အဖိုးကြီးက ကျွန်ုပ်၏ စကားကြောင့် ခေါင်းတယမ်းယမ်း ဖြစ်သွားသည်။ ထို့နောက် ကွမ်းတယာ ယာပြီး ပါးစပ်ထဲ ထည့်လိုက်ကာ -
ဗိုလ်ချုပ်မှူးကြီး – စစ်နဲ့အချစ်မှာ မတရားတာ မရှိဘူး၊ အားလုံး တရားတယ် ဆိုတာ မင်း မကြားဖူးဘူးလား။ ငါက အားလုံးကို စစ်ရေးအမြင်နဲ့ပဲ စီမံခန့်ခွဲတယ်။ ရန်သူကို အထင်သေးလို့ မရဘူးနော်။ အပြတ် ရှင်းပစ်ရမှာပဲ။ ၁၉၉၀ တုန်းက ငါတို့ ခံရပြီးပြီ။ ၂၀၁၀ မှာတော့ လုံးဝ အသာစီးရအောင် လုပ်ရမှာပေါ့။
ကျွန်ုပ် – ဒါပေမဲ့ ဒီမိုကရေစီသမားတွေ မတော်တဆ နိုင်သွားရင် ဘယ်လိုလုပ်မလဲ။ သူတို့ကို ထောင်ထဲ ထည့်ဦးမှာလား။
ဗိုလ်ချုပ်မှူးကြီး – အဟိ၊ သူတို့ကို ထောင်ထဲ မထည့်ပါဘူးကွာ၊ ငါ ကတိပေးရဲပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တို့လူတွေချည်းပဲ နိုင်အောင် နည်းမျိုးစုံ လုပ်ရမှာပဲ။ ဒါမျိုးကို ငါ့လူတွေ ကျွမ်းပြီးသားပါ။ ၂၀၀၈ မှာ ဘာဖြစ်ခဲ့လဲ မင်းမတွေ့ဘူးလား။
ကျွန်ုပ် – ဒေါ်စုကိုရော ဘယ်လို စီစဉ်မလဲ။ သူက နိုဝင်ဘာဆို လွတ်ရက်စေ့တော့မှာ ဆိုတော့ နိုဝင်ဘာမတိုင်ခင် ရွေးကောက်ပွဲ လုပ်မှာပေါ့နော်။
ဗိုလ်ချုပ်မှူးကြီး – လွတ်ရက်က ဒီနှစ်ထဲမှာ မစေ့သေးပါဘူးကွာ။ သူ့ကို ထောင် ၃ နှစ်ချထားတာ မင်း မေ့နေပြီလား။
ကျွန်ုပ် – ဟာ - အဘ လက်မှတ်နဲ့ ထောင်ဒဏ် ၁ နှစ်ခွဲပြောင်းပေးလိုက်တယ် မဟုတ်လား။ ဗိုလ်ချုပ်အောင်ဆန်း သမီးမို့ အထာထားတယ် ဘာညာကွိကွ ဆိုပြီး ပြောထားတယ်လေ။ မလွှတ်ပေးလို့ ဘယ်ဖြစ်မလဲ။ ဘာလဲ - ယက်ထောကို ထပ်ခေါ်ဦးမလို့လား။
ဗိုလ်ချုပ်မှူးကြီး – အဟိ၊ အဲဒီ အမေရိကန် သေနာကောင်ကို ထပ်ခေါ်စရာ မလိုပါဘူးကွာ။ ပြီးတော့ ငါလက်မှတ်ထိုးပြီး ထုတ်ထားတဲ့စာအကြောင်း ငါသိပါတယ်။ ထောင် ၁နှစ်ခွဲ လျှော့ပေးတယ်ဆိုတာက ကောင်းမွန်စွာ နေထိုင်ရင် လျှော့ပေးမယ်လို့ ပြောထားတာပါ၊ မင်း မမှတ်မိဘူးလား။ ဒီတော့ နိုဝင်ဘာလရောက်ရင် ထပ်ပြီး ကြေညာလိုက်မယ်၊ ကောင်းမွန်စွာ မနေထိုင်လို့ နောက်ထပ် ၁နှစ်ခွဲ အကျယ်ချုပ် ထပ်နေစေလို့ အမိန့်ထုတ်လိုက်ရုံပဲ၊ လွယ်ပါတယ်။ အဟိ။
အကြံပိုင်သော အဖိုးကြီးပါပေ။ ဤသို့ အကြံပိုင်သောကြောင့်လည်း ပလ္လင်တွင် ဖင်မြဲနေခြင်း ဖြစ်မည်ဟု ကျွန်ုပ် တွေးမိပြီး စေ့စပ်သေချာသော အဖိုးကြီးကို ချီးကျူးလိုက်မိသည်။
ဗိုလ်ချုပ်မှူးကြီး – ဘာလဲ၊ မင်းက ငါ့ကို ကြိတ်ပြီး ချီးကျူးနေတာ မဟုတ်လား။ သိပ်လည်း အထင်မကြီးပါနဲ့ကွာ။ ငါလည်း အကုန် အောင်မြင်တာတော့ မဟုတ်ပါဘူး။ အထူးသဖြင့် ဒေါ်စုနဲ့ ပတ်သက်လို့ပေါ့ကွာ။ သူ့မှာလည်း တန်ခိုးတွေ ဘာတွေ ရှိမယ် ထင်တာပဲ။
ကျွန်ုပ် – ထောင် ၃ နှစ်ချတာ နည်းတယ် ထင်လို့လား။ဘာကြောင့်လဲ။ ဘယ်နေရာမှာ မအောင်မြင်တာလဲ။
ဗိုလ်ချုပ်မှူးကြီး – ၂၀၀၃ တုန်းက လူသတ်သမား ၅၀၀၀ လောက်ကို ဒီပဲယင်းဘက်လွှတ်ပြီး သူ့ကို ၀ိုင်းရိုက်သတ်တာ သူ မသေဘဲ လွတ်သွားတယ်လေကွာ။ သူ တန်ခိုး ရှိတယ်လို့ ငါတော့ ထင်တာပဲ။
ကျွန်ုပ် – သြော် - အဘက အနုနည်းရော၊ အကြမ်းနည်းရော စွယ်စုံရတာပဲနော်။ ဒေါ်စုကို နှိပ်ကွပ်ဖို့ ရှေ့ဆက် ဘယ်လိုများ စစ်ရေးအမြင်နဲ့ ဗျူဟာ ခင်းဦးမလဲ။
ဗိုလ်ချုပ်မှူးကြီး – ခင်းပြီးပြီလေကွာ။ သူ့ကို ဘယ်နိုင်ငံရေးပါတီမှာမှ ၀င်လို့မရအောင် ဟိုနေ့ကပဲ ဥပဒေထုတ်လိုက်ပြီ မင်းမတွေ့ဘူးလား။
ကျွန်ုပ် – နောင်ရော ဘယ်လို ဥပဒေမျိုး ထုတ်ဖို့ စဉ်းစားထားသေးသလဲ။
ဗိုလ်ချုပ်မှူးကြီး – အင်း - သူ့ကို အိမ်ထဲက အိမ်ပြင်မထွက်ရဥပဒေတို့၊ အသက်မရှူရဥပဒေတို့ ထုတ်ရင် ကောင်းမယ်လို့ ငါ့မိန်းမက ငါ့ကို အကြံပေးသကွ။ အသေးစိတ် သိချင်ရင် မင်း သူ့ကို သွားမေးကွာ။
ကျွန်ုပ် အသေးစိပ် မသိလိုတော့ပေ။ သို့သော်လည်း ဂျီးဒေါ်ကြိုင်ကိုလည်း တနေ့နေ့တော့ အင်တာဗျူးသင့်သည်ဟု ထင်သည်။ အင်တာဗျူး ဟူသည်များက အလွန်ကောင်းသည်။ စာဖတ် ပရိသတ်တို့ ကြိုက်ကြသည်။ မိုးမခ အယ်ဒီတာမင်းများလည်း ကြိုက်မည်ဟု ယူဆပါသည်။ မကြာမီ ပို့လိုက်ပါမည်ခင်ဗျား။
ရန်လိုကျွဲ
ရင်းမြစ်။ ။မိုးမခ
0 comments:
Post a Comment