Thursday, December 24, 2009

လူသားဆန်သော ဖြစ်တည်မှု



> ကျေးငှက်သံလေးတွေ စိုးစီစိုးစီနဲ့ အရုဏ်ဦးက စတင်အသက်ဝင်လာခဲ့ပြီ
> ငါ့မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်ဟလို့ မျက်နှာကြက်ကို မော့ကြည့်မိတယ်.
> ဩော်…
> ဒီနေ့ ငါ့မွေးနေ့ပဲလေ…
>
> ငါဘာလုပ်ရင်ကောင်းမလဲ
> ငါ့ဘေးနားမှာ ငါ့ကို ချစ်တဲ့ငါ့ဖေဖေမရှိတော့တာလည်း ကြာပါပြီ.
> ငါ့ကို သွန်သင်ဆုံးမပေးတတ်တဲ ငါ့မေမေမျက်ကွယ်ပြုသွားခဲ့တာလည်း
> ၁၉ နှစ်တောင် ရှိရော့ပေါ့
> ငါ့ကို အနစ်နာခံ အလိုလိုက်တတ်တဲ့ ငါ့ခင်ပွန်းလည်း မရှိရှာတော့ဘူး
> ငါသိပ်ချစ်တဲ့ ငါ့သားနှစ်ယောက်လည်း ငါနဲ့ ဝေးကွာခဲ့တာ နှစ်ပေါင်းမနည်းတော့ဘူး.
> ငါ့မွေးနေ့မှာ ငါ့ရဲ့အရင်းနှီးဆုံးသွေးသားရင်းချာတွေကို ငါ့နားမှာ
> ရှိစေချင်လိုက်တာ
> ငါလည်း သွေးနဲ့ကိုယ်သားနဲ့ကိုယ်ပဲလေ.
> ငါ့စိတ်ဓာတ်ကိုမာကျောတည်ငြိမ်အောင် ထိန်းကျောင်းပြုပြင်ခဲ့ပေမယ့်လည်း
> အခွင့်သာရင်တော့
> ငါ့သားလေးနှစ်ယောက်ကို ငါ့နားမှာ ရှိစေချင်လိုက်တာ.
> အမေ့ရင်တွေနာလိုက်တာ သားတို့ရယ်…
> ဘယ်တော့များမှ အခွင့်သာမှာလည်းဟင်…
>
> တကယ်တော့ ဒီလိုနေ့မျိုးဟာ လူတစ်ယောက်အတွက် အထိမ်းအမှတ်နေ့တစ်ခုပါ.
> လူတိုင်းဟာ သူတို့မွေးနေ့ကို တန်ဖိုးထားအမှတ်ရနေပြီး အထူးတလည်ကျင်းပတတ်ကြတာပဲ
> ငါလည်း ငါ့မွေးနေ့ပေါင်းများစွာကို ကျင်းပခဲ့ဖူးတာပေါ့.
> အိန္ဒိယမှာ ငါချစ်တဲ့ ငါ့မေမေနဲ့အတူတူ
> အောက်စဖို့မှာ ငါချစ်တဲ့ ငါ့သူငယ်ချင်းတွေနဲ့အတူတူ
> အမေရိကန်မှာ ငါ့ရဲ့ ချစ်သူငယ်ချင်း မသန်းအိတို့နဲ့အတူတူ
> ဘူတန်မှာ ငါချစ်တဲ့ ငါ့ခင်ပွန်းနဲ့အတူတူ
> အင်္ဂလန်မှာ ငါချစ်တဲ့ ငါ့မိသားစုနဲ့အတူတူ
>
> အို….
> ငါသိပ်လွမ်းတယ်သိလား…
> ဒါတွေကို မဖြစ်နိုင်ပေမယ့်လည်း ငါတမ်းတမိနေတာ ၀န်ခံပါရစေ…
>
> ငါ့ရဲ့ဘ၀ဟာ စိန်ခေါ်မှုတွေနဲ့ ပြည့်လျှမ်းခဲ့တာပါ.
> ငါ့ကိုမွေးပြီး နှစ်နှစ်အကြာမှာပဲ ငါသိပ်ချစ်တဲ့ ငါ့ဖေဖေကို မလိုသူတွေက
> လုပ်ကြံသတ်ဖြတ်ခဲ့ကြတယ်.
> အဲဒီ့နေ့က ရုံးကားကြီးတစ်စင်း အိမ်ရှေ့ကို ထိုးရပ်လာလို့
> မေမေ့ကို လူတစ်ယောက်က အပြေးလာခေါ်လို့
> မေမေ ဆံပင်ဖရိုဖရဲနဲ့ ပြေးလိုက်သွားလို့
> ငါ့နဲ့ ငါ့အစ်ကိုတွေကို အိမ်မှာထားခဲ့လို့
> အိမ်မှာ လူတွေများလာလို့
> အို…
> ဘာတွေမှန်းတော့ ငါမသိခဲ့ဘူး
> ငါ့ကို ထွေးဖက်ထားတဲ့ ငါတို့အိမ်ဖော်မကြီးမှာလည်း မျက်ရည်တွေဝဲနေလို့ပါလား
> ငါဘာမှနားမလည်ခဲ့ဘူး
> အဲဒီ့နေ့က ငါတစ်ခုကိုတော့ မှတ်မိနေတယ်.
> ညနေခင်းပြန်လာရင် ငါ့ကို အမြဲနမ်းရှုပ်ကျီစယ်တတ်တဲ့
> ငါချစ်တဲ့ ငါ့ဖေဖေ
> အဲဒီ့နေ့က ပြန်မလာခဲ့ဘူး
> မျှော်လိုက်ရတာ ဖေဖေရယ်..
>
> နောက်ရက်တွေမှာ ငါတို့အိမ်မှာ လူတွေစည်ကားနေတယ်.
> ငါတို့ မောင်နှမသုံးယောက်ကို မေမေက ထွေးဖက်ထားလို့ သူ့အနားမှာ နေနေစေတယ်.
> လာတဲ့လူတိုင်းက မေမေ့ကို စကားတွေလာပြောကြတယ်.
> အမျိုးသမီးကြီးတွေက မေမေ့ကို လာပြီး အားပေးကြတယ်.
> ငါတို့ မောင်နှမ သုံးယောက်ကို ကြည့်နေတဲ့ မျက်ဝန်းတွေမှာ
> ကရုဏာငွေ့တွေ ယှက်သန်းနေခဲ့တယ်
> ငါသိပ်တော့ မမှတ်မိခဲ့ပါဘူး
> ငါသိတာတော့ အဲဒီ့နေ့က ဖေဖေ့ကို ငါသိပ်လွမ်းနေခဲ့တယ်…
> ဖေဖေရယ်..
> ဘာလို့ သမီးတို့ကို ထားခဲ့တာလဲဟင်…
> ဖေဖေပျောက်ဆုံးသွားတဲ့ သမီးတို့ အိမ်ကြီးမှာ ခြောက်ကပ်သွားတာပဲ.
> သမီးတို့ရှေ့မှာ တည်ငြိမ်စွာနေတတ်ပေမယ့် ညအိပ်ရင် သမီးတို့ မသိအောင်
> ကြိတ်ငိုနေတဲ့ မေ့မေ့ရဲ့ ရှိုက်သံတွေက သမီးရဲ့ ညပေါင်းများစွာကို
> လွှမ်းမိုးနေခဲ့တယ်
> ဖေဖေ တကယ်ပြန်မလာခဲ့တော့ဘူးနော်…
>
> ၁၉၆၀ ခုနှစ်
>
> မေမေ့လက်ထဲမှာ ရုံးစာအိတ်ကြီးတစ်ခုကိုင်ထားတယ် .
> အိမ်ကလူတွေကို ပစ္စည်းတွေလိုက်သိမ်းခိုင်းနေတာလည်း ငါမှတ်မိတယ်.
> ဘာလုပ်နေကြတာလဲ မေမေရယ်လို့ မေးတော့
> မေမေက တည်ငြိမ်တဲ့မျက်ဝန်းတွေနဲ့ငါ့ကို ငုံ့ကြည့်ပြီး ချိုမြတဲ့လေသံလေးနဲ့
> ပြောတယ်.
> ငါ့ခေါင်းလေးပေါ်မှာ မေမေက သူ့လက်ကလေးကိုတင်ထားလို့ပေါ့
>
> မေမေတို့ပြောင်းရတော့မယ် သမီးလေး..
> ဘယ်ကိုလဲဟင်..
> နယူးဒေလီကို
> ဘယ်မှာလဲဟင်
> နိုင်ငံခြားမှာပေါ့ သမီးလေးရဲ့
> မေမေက ဘာသွားလုပ်မှာလဲဟင်
> ဩော်. မေမေ့ကို သံအမတ်ကြီးခန့်လိုက်တယ်. မေမေအဲဒီ့မှာ သွားနေရမှာ. သမီးတို့လည်း
> လိုက်ခဲ့ရမှာလေ.
> သံအမတ်ကြီးဆိုတာ ဘာလဲဟင် မေမေ.
> ဟင်းဟင်းဟင်း…
> ငါ့သမီးလေးက သိပ်အမေးအမြန်းထူတာပဲ. သံအမတ်ကြီးဆိုတာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ
> အကြားမှာ အဆင်ပြေအောင် စကားတွေ ပြောပေးတဲ့ လူကြီးပေါ့. ခုဆို မေမေက
> အဲဒီ့နိုင်ငံကြီးနဲ့ ခုသမီးနေနေတဲ့ မြန်မာပြည်ကြီး အဆင်ပြေအောင် စကားတွေ
> သွားပြောပေးရမှာလေ.
>
> ဘာစကားတွေ ပြောရမှာလဲဟင် မေမေ.
> သမီးလေးကြီးတော့ သိလာမှာပေါ့ကွယ်. ခုလောလောဆယ် သမီးချစ်တဲ့ သူငယ်ချင်းတွေကို
> လိုက်နှုတ်ဆက်လိုက်ဦးနော်. မနက်ဖြန်ညကျရင် မေမေ့သားသမီးလေးတွေနဲ့
> သူငယ်ချင်းလေးတွေ နှုတ်ဆက်ပွဲလေးလုပ်ပေးမယ်နော်. သမီးလေးကြိုက်တဲ့ မုန့်တွေ
> ၀ယ်ထားပေးမယ်.
>
> ငါ့မျက်နှာမှာ အပြုံးပန်းလေးတွေ ဝေဖြာလို့ ငါချစ်တဲ့ မေမေရဲ့ ရင်ခွင်ထဲကို
> ပြေးဝင်ခဲ့တယ်.
> မေမေက သိပ်တော်တာပဲနော်.
> ငါ့လို အရွယ်လေးကို နားလည်အောင် စိတ်ရှည်ရှည်နဲ့ ရှင်းလင်းပြောပြခဲ့တယ်
> မေမေ့ကို ခုချိန်ထိ သမီးသတိရနေတုန်းပါပဲ မေမေရယ်…
> မေမေသွန်သင်ပေးခဲ့တဲ့၊ ချမှတ်ပေးခဲ့တဲ့ စည်းကမ်းတွေ၊ လူမှုကျင့်ဝတ်တွေကို
> စံနမူနာထားလို့
> သမီးရဲ့ ဘ၀ခရီးတလျှောက်မှာ အောင်ပွဲတွေ အလီလီ ဆွတ်ခူးနိုင်ခဲ့ပါတယ်လေ…
>
> ၁၉၆၄ ခုနှစ်
>
> ငါပျော်လိုက်တာ…
> အောက်စဖို့တက္ကသိုလ်ကို ငါဝင်ခွင့်ရတယ်.
> ကျောင်းဝင်ခွင့်စာရွက်လေးကို ကိုင်လို့ မေမေ့ဆီကို ငါပြေးသွားခဲ့တယ်.
> မေမေက ငါ့ကို ဆီးကြိုပွေ့ဖက်လို့ ငါ့ပါးပြင်ပေါ်မှာ အနမ်းလေးတွေ ခြွေခဲ့တယ်.
> I'm proud of you, honey! လို့
> ငါ့မျက်နှာကို ရွှမ်းရွှမ်းစားစား စိုက်ကြည့်ရင်း ပြောလိုက်တဲ့
> မေမေ့မျက်ဝန်းတွေကို ငါမက်မောလိုက်တာ…
> မေမေက စကားတွေ အများကြီး မပြောခဲ့ပါဘူး.
> ဒါပေမယ့် မေမေငါ့အတွက် သိပ်ကို ဂုဏ်ယူပျော်ရွှင်နေခဲ့တယ်ဆိုတာ ငါသိနေတယ်.
> အဲဒီ့ညက ငါတို့အိမ်မှာ ပါတီလုပ်ခဲ့ကြတယ်.
> အမှတ်တရဓာတ်ပုံတွေ ရိုက်လို့
> သီချင်းတွေကို တစ်ယောက်တစ်ပေါက် သီဆိုကြလို့
> ဓာတ်ပြားတစ်ချပ်ကိုဖွင့်ပြီး အတူတူကခုန်ကြလို့
> ပြန်တွေးလိုက်တိုင်း ကြည်နူးစရာပုံရိပ်လေးတွေ ထင်ကျန်နေဆဲပါပဲလေ…
>
> အောက်စဖို့တက္ကသိုလ်ကိုတက်ဖို့ ငါထွက်ခဲ့ရပြီ
> လေဆိပ်ကို မေမေနဲ့ ငါ့သူငယ်ချင်းတွေက လိုက်ပို့တယ်.
> Departure Gate ထဲမ၀င်မီ မေမေက ငါ့ကို တင်းတင်းကြပ်ကြပ်ဖက်နမ်းပြီး
> စကားတစ်ခွန်းပြောတယ်.
> I believe in you! တဲ့.
> ငါကြက်သီးတွေတောင်ထသွားခဲ့တယ်.
> မေမေ၀မ်းနည်းနေတာ ငါသိတယ်.
> ဒါပေမယ့် မေမေမငိုခဲ့ဘူး
> လေယာဉ်ပေါ်မှာ ငါငိုနေခဲ့မိတယ်.
> ငါဝမ်းနည်းလို့တော့ မဟုတ်ခဲ့ဘူး
> ငါ့ကိုယုံကြည်တဲ့ ငါချစ်တဲ့ ငါ့မေမေအတွက်
> ၀င်ခွင့်သိပ်ခက်ခဲတဲ့ ဒီတက္ကသိုလ်ကို ငါဝင်ခွင့်ရခဲ့တဲ့အတွက်
> ဖတဆိုးသမီးတစ်ယောက်ဖြစ်ပေမယ့် အများနဲ့မတူအောင် ကြိုးစားခဲ့တဲ့
> ငါ့ဘ၀ရဲ့ အောင်မြင်မှုပထမခြေလှမ်းသစ်အတွက်
> ငါဂုဏ်ယူနေလို့ပါ
> ငါပျော်နေလို့ပါ
> ငါပီတိဖြစ်နေလို့ပါ
>
> တက္ကသိုလ်မှာ ငါအကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့တယ်
> ငါ့ရဲ့ Host Parents တွေက Lord Gore-Booth တို့မိသားစုပဲ.
> သူက ငါတို့မြန်မာပြည်မှာ သံအမတ်ကြီးလာလုပ်သွားဖူးတယ်
> သူ့အိမ်မှာပဲ ငါ့ရဲ့ အနာဂတ်ခင်ပွန်းလောင်း မိုက်ကယ့်ကို စတွေ့ပြီး
> ရင်းနှီးခဲ့ရတယ်.
> သူက တိဗက်လူမျိုးတွေအကြောင်းလေ့လာေ နတဲ့ ကျောင်းသားတစ်ယောက်ပဲလေ.
> တည်ငြိမ်ရင့်ကျက်တဲ့ အတွေးအခေါ်တွေကို ပိုင်ဆိုင်တဲ့ ထက်မြက်တဲ့
> ယောင်္ကျားကောင်းတစ်ယောက်ပါပဲ…
>
> ၁၉၆၉ ခုနှစ်
>
> နယူးယောက်မြို့ကို ငါထွက်လာခဲ့တယ်.
> ဘွဲ့လွန်သင်တန်းတက်ဖို့ပေါ့
> မသန်းအိတို့အိမ်မှာ ငါနေခဲ့တယ်.
> သူက ကုလသမဂ္ဂမှာ အလုပ်လုပ်နေတာလေ
> အဲဒီ့အချိန်တုန်းက ဦးသန့်က အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်နေတယ်.
> ငါ့နိုင်ငံသားတွေအတွက် ဂုဏ်ယူလိုက်ရတာ
> မသန်းအိက ငါ့ကို အလုပ်လျှောက်ဖို့တိုက်တွန်းတာနဲ့  လျှောက်လွှာတင်ခဲ့တယ်
> ငါအလုပ်ရခဲ့တယ်.
> Administrative and Budgetary Questions မှာ Assistant Secretary အဖြစ်နဲ့ပေါ့.
> ကျောင်းတက်နေတာကို ငါခဏနားပြီးတော့ အလုပ်ကို အချိန်ပြည့်လုပ်ခဲ့တယ်
> မဟုတ်ရင် ဘယ်အရာကိုမှ အာရုံစိုက်နိုင်မှာ မဟုတ်ဘူးလေ.
> ညနေရုံးဆင်းချိန်တွေနဲ့ စနေ၊ တနင်္ဂနွေတွေမှာ ဆေးရုံတစ်ခုမှာ Volunteer
> ၀င်လုပ်ခဲ့တယ်
> ဆင်းရဲတဲ့ လူနာတွေကို စာဖတ်ရာမှာ ကူညီနိုင်ဖို့နဲ့ အဖော်အဖြစ် နေပေးဖို့ပေါ့
> ငါ့အချိန်တွေ ကျပ်တည်းခဲ့ပေမယ့် အဲဒီ့လူနာတွေအတွက် ရအောင်အချိန်ပေးခဲ့တယ်.
> ငါ့ရဲ့တန်ဖိုးတွေက ဘာလဲဆိုတာကို တစ်ချိန်တည်းမှာ ငါတွေ့ရှိခဲ့တယ်.
> နယူးယောက်မှာ နေခဲ့ရတဲ့ အချိန်က ၂ နှစ်ထဲရယ်ပါ.
> ဒါပေမယ့် ငါအများကြီး ရင့်ကျက်ပြောင်းလဲခဲ့တယ်..
>
> ၁၉၇၂ ခုနှစ်
>
> မိုက်နဲ့ ငါလက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်.
> သူနဲ့အတူတူ ဘူတန်ကိုထွက်ခွာခဲ့တယ်.
> မိုက်က ဘူတန်ဘုရင်မိသားစုဝင်တွေကို စာသင်ပေးနေတဲ့အချိန်မှာ
> ငါကတော့ တော်ဝင်နိုင်ငံခြားရေးရာဌာနမှာ
> Research Officer အဖြစ်ဝင်လုပ်ခဲ့တယ်.
> ဟိမ၀န္တာတောင်ပြာတန်းကြီးတွေရဲ့ အရိပ်အောက်မှာ
> ငါချစ်တဲ့ ငါ့ခင်ပွန်းနဲ့အတူတူ ငါမြတ်နိုးတဲ့ အများအကျိုးပြုလုပ်ငန်းတွေကို
> လုပ်ဆောင်ခွင့်ရခဲ့တယ်.
> အဲဒီ့ အချိန်တွေကို ငါအမြဲတမ်းသတိရနေမှာပါ…
>
> မိုက်ကိုတော့ ငါလက်မထပ်ခင်က prenuptial agreement တစ်ခုတောင်းခဲ့တယ်.
> ငါ့ကို ငါ့တိုင်းပြည်က လိုအပ်လာရင် အချိန်မရွေး သွားရောက်ကူညီခွင့်ပြုပါလို့..
> သူက ငါ့ကို နားလည်မှုရှိတဲ့အပြုံးနဲ့ ခေါင်းညိတ်ပြခဲ့တယ်လေ.
> ငါ့ကို သိပ်နားလည်မှုရှိတဲ့သူကို ငါ့ဘ၀ရဲ့ ခင်ပွန်းလောင်းအဖြစ်ရွေးချယ်ခဲ့ တာ
> ငါ့ရဲ့ လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ပဲ မဟုတ်ဘူးလား
> မေမေ့ကိုတော့ ငါတိုင်ပင်ခဲ့ပါသေးတယ်
> မေမေကတော့ ထုံးစံအတိုင်းပဲပေါ့
> I trust you… တဲ့
> တကယ်တော့ ဒီနေ့အချိန်အထိ ငါ့စိတ်ဓာတ်တွေ မြဲမြဲခိုင်မာစွာနဲ့
> ငါ့ရဲ့ အဖျက်အင်အားစုတွေကို ကြံ့ကြံ့ခံနေနိုင်သေးတာ
> ငါ့နှလုံးအိမ်ထဲကို လောင်းချခဲ့တဲ့ မေမေ့ရဲ့ သံမဏိစိတ်ဓာတ်တွေကြောင့်ပဲလေ…
> ငါဘယ်တော့မှ ဦးကျိုးသွားမှာ မဟုတ်ဘူး…
>
>
> ၁၉၇၃ ခုနှစ်
>
> အင်္ဂလန်ကို ငါပြန်လာခဲ့တယ်.
> ငါ့ဘ၀မှာ ဘာနဲ့မှမတူတဲ့ ခံစားမှုတစ်ရပ်ကို ငါခံစားလိုက်ရတယ်သိလား
> အဲလက်စ်ကို ငါမွေးခဲ့တယ်.
>
> ငါမိခင်တစ်ယောက်ဖြစ်ခဲ့ပြီပဲ..
> အဲဒီ့နေ့က မေမေနဲ့ ငါစကားအကြာကြီးပြောဖြစ်တယ်.
> မေမေရယ်လေ.
> ငါ့ကို စကားတွေ တတွတ်တွတ်နဲ့ မှာနေလိုက်တာ မပြီးတော့ဘူး
> မေမေက ရယ်စရာတွေလည်း ပြောလိုက်သေးတယ်
> ငါ့မှာ ရယ်လိုက်ရတာ ချောင်းတောင်သီးတယ်
> မိုက်ကငါ့ဘေးနားမှာရှိနေခဲ့တယ်ေ လ…
>
> ၁၉၇၄ ခုနှစ်
>
> မိုက်ကယ်အလုပ်ရတယ်.
> အောက်စဖို့တက္ကသိုလ်ရဲ့ တိဗက်ဘာသာစကားဌာနမှာပေါ့
>
> ၁၉၇၇ ခုနှစ်
>
> ကင်မ်ကို မွေးတယ်. ငါ့ရဲ့ ဒုတိယသားလေးပေါ့
> ခုဆိုငါလည်း ကလေးတွေနဲ့ အိမ်ထောင်ရှင်မကြီးကို လုံးလုံးဖြစ်နေပြီလေ
> ဒါပေမယ့် ငါ့ရဲ့ လေ့လာမှုကိုတော့ ငါမလျှော့သေးဘူး
> ကလေးတွေကို ပြုစုပျိုးထောင်ရင်းနဲ့ ငါစာတွေရေးဖြစ်ခဲ့တယ်
> ဖေဖေ့ရဲ့ အတ္ထုပတ္တိနဲ့ Asian Studies စာတမ်းတစ်ချို့ပေါ့
> မိုက်ကိုလည်း သူလေ့လာနေတဲ့ Himalayan Studies တွေနဲ့ ပတ်သက်ပြီး ငါကူညီခဲ့တယ်.
>
> ၁၉၈၅ ခုနှစ်
>
> ကျိုတိုတက္ကသိုလ်မှာ Visiting Scholar အနေနဲ့ ဖေဖေ့ရဲ့ ဂျပန်ပြည်မှာ
> လုပ်ဆောင်ချက်တွေကို
> စာတမ်းပြုစုခဲ့တယ်.
> ငါကျေနပ်အားရဂုဏ်ယူမိပါတယ်.
> ငါချစ်တဲ့ ငါ့ဖေဖေအတွက် ကျေးဇူးပြန်ဆပ်နိုင်တာ ဒီတစ်နည်းပဲ ရှိတော့လို့ပါ.
>
> ၁၉၈၆ ခုနှစ်
>
> ကလေးတွေကို ခေါ်ပြီး ရန်ကုန်ကိုအလည်သွားခဲ့တယ်.
> အဖွားဖြစ်သူနဲ့ တွေ့ပေးရအောင်ပေါ့
> ရန်ကုန်ကိုရောက်တုန်း ကလေးနှစ်ယောက်လုံးကို သာသနာ့ဘောင်တက်စေခဲ့တယ်
> ကြည်နူးလိုက်တာ.
> ရေစက်ချနေတဲ့ ငါ့လက်တွေ တုန်နေခဲ့တယ်.
> မေမေ့မျက်နှာမှာ အပြုံးတွေ လင်းလက်နေခဲ့တယ်.
> ငါ ရဟန်းဒါယိကာမ ဖြစ်ခဲ့ပြီလေ..
>
>
>
> ၁၉၈၇ ခုနှစ်
>
> ကလေးတွေနဲ့အတူတူ အိန္ဒိယနိုင်ငံ ဆင်းမလားပြည်နယ်ကို သွားခဲ့တယ်
> မိုက်က စာတမ်းတွေ ပြုစုနေခဲ့တယ်.
> အင်္ဂလန်ကိုလည်း ငါခဏပြန်ခဲ့သေးတယ်.
> မေမေ့ကို ဆေးရုံတင်ထားတာကို သွားပြီး စောင့်ရှောက်ဖို့ပေါ့.
> စက်တင်ဘာလထဲမှာ ငါတို့မိသားစုတွေအားလုံး အောက်စဖို့ကို ပြန်လာခဲ့ကြတယ်.
> ငါ့ရဲ့ Advanced Degree အတွက်
> London School of Oriental and African Studies မှာ
> စာရင်းပေးခဲ့တယ်
>
> ၁၉၈၈ ခုနှစ် မတ် ၃၁
>
> တယ်လီဖုန်းသံမြည်လာခဲ့တယ်.
> ခါတိုင်းလိုပဲ ကောက်ကိုင်လိုက်ခဲ့တယ်
> ဒါပေမယ့် ကြားလိုက်ရတဲ့ သတင်းကတော့ ခါတိုင်းလို မဟုတ်ခဲ့ဘူး
> မေမေလေဖြတ်သွားတယ်တဲ့
> နောက်တစ်နေ့မှာပဲ လေယာဉ်နဲ့ ရန်ကုန်ကို ငါထွက်ခွာခဲ့တယ်
> ရောက်ရောက်ချင်းပဲ မေမေရှိနေတဲ့ ဆေးရုံကို အပြေးသွားခဲ့တယ်.
> မေမေရယ်…
> မှတ်တောင်မမှတ်မိတော့ဘူး
> မေမေခံစားနေရတဲ့ ဝေဒနာကို ငါလဲယူလို့ရနိုင်မယ်ဆိုရင် ယူပစ်ချင်လိုက်တာ..
> ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ မေမေ
> ငါ့ကို ကြိုးစားပြုံးပြနေတဲ့မေမေ
> တော်တော်ကိုပြောင်းလဲသွားခဲ့တာ ပဲနော်…
>
> ရန်ကုန်မြို့ကြီးမှာ နိုင်ငံရေးတွေ စတင်ရှုပ်ထွေးနေတယ်.
> အမြင်မတော်စရာတွေ၊ စိတ်တိုင်းမကျစရာတွေနဲ့ပြည့်နှ က်နေတယ်
> ၈ ရက် ၈ လ ၁၉၈၈ မှာ တစ်နိုင်ငံလုံး အရေးတော်ပုံ ဆင်နွှဲခဲ့ကြတယ်.
> စစ်အာဏာရှင်ရဲ့ သေနတ်သံများကြားမှာ
> ရဟန်းရှင်လူပြည်သူအများ သွေးမြေကျခဲ့ရတယ်.
> သေနတ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူးတဲ့
> တစ်နိုင်ငံလုံးကို သေနတ်ကြိမ်းကြိမ်းသွားခဲ့တယ်
> ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖသခင်ကိုယ်တော်မှိုင်းရယ်…
>
> စက်တင်ဘာ ၁၈ ရက်
> စစ်တပ်က အာဏာသိမ်းလိုက်ပြီတဲ့
> ငါဘာလုပ်ရမလဲ
> ဒီအချိန်မှာ ဒါတွေကို ငါမသိချင်ယောင်ဆောင်ပြီး အင်္ဂလန်ကို ပြန်သွားမလား
> ဒါဆိုရင်တော့ ငါ့မိသားစုနဲ့အတူတူ အသိုက်အမြုံမပျက်
> ငြိမ်းငြိမ်းချမ်းချမ်းနေလို့ ရတယ်.
> ဒါပေမယ့် သေချာတယ်
> ငါလိပ်ပြာမလုံဘူး
>
> ငါ့ကိုယ်ထဲမှာ အာဇာနည်သွေးတွေ စီးဆင်းနေတယ်.
> သူတို့ကို ငါရှက်တယ်.
> ငါမပြန်ဘူး
> ငါဒီမှာနေမယ်
> ငါ့တိုင်းပြည် ငါ့လူမျိုးအတွက် ငါ့ရဲ့ပေးဆပ်မှု အခန်းကဏ္ဍ စတင်ခဲ့ပြီ
> သူတို့ ငါ့ကိုလိုအပ်နေပြီလို့ ငါခံစားရတယ်.
> ဟုတ်တယ်
> ငိုကြွေးနေတဲ့ ပြည်သူတွေကို ငါမျက်ကွယ်မပြုနိုင်ဘူး
> ငါဒီမှာနေမယ်
> ငါမပြန်တော့ဘူး
> ငါချစ်တဲ့ ငါ့ပြည်သူတွေအတွက်၊ ငါချစ်တဲ့ ငါ့နိုင်ငံတော်အတွက်၊ ငါချစ်တဲ့
> ငါ့ဖေဖေအတွက်
> ငါမြန်မာပြည်မှာ နေပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဖယ်ရှားမယ်.
> လူတိုင်းကိုယ့်အခွင့်အရေးကို ကိုယ်လွတ်လပ်စွာဖန်တီးယူနိုင်ေ အာင် ငါကြိုးစားမယ်
> ဟုတ်တယ်
> ဒါငါပဲ.
>
> NLD ကို စက်တင်ဘာ ၂၄ ရက်နေ့မှာ စတည်ထောင်တယ်.
> အထွေထွေအတွင်းရေးမှူးအနေနဲ့ ငါပါဝင်လှုပ်ရှားတယ်
> ဂန္ဒီရဲ့ အဟိံသလမ်းစဉ်ကို ငါစွဲမြဲစွာ ယုံကြည်ခဲ့တယ်လေ
> ဒါကို ငါအသုံးချခဲ့တယ်
> စစ်ဘီလူးရဲ့ မျက်နှာဖုံးကို အကြမ်းမဖက်အနုနည်းနဲ့ ခွာချပြနိုင်ခဲ့တယ်.
> ငါ့ကိုအသေတောင်ပစ်သတ်တော့မလို့ တဲ့
> သေနတ်ပြောင်းတွေနဲ့ ချိန်ထားလိုက်ကြတာ
> တည်ငြိမ်စွာနဲ့ သူတို့ဆီကို ဦးတည်ပြီးလှမ်းလျှောက်ခဲ့တယ်
>
> င့ါရင်ထဲက ခိုင်ကျည်တဲ့ သစ္စာတရားနဲ့ ဖြောင့်မှန်တဲ့ မေတ္တာဓာတ်ကို
> သူတို့ မလွှမ်းမိုးနိုင်ပါဘူးလေ.
> သူတို့ကြားထဲက ဖြတ်လျှောက်သွားတဲ့ ငါ့ကို
> လူထုကြီးက
> ဟေးးးးးးးးးးးးးးးးးးးးးးး
> ဆိုပြီး
> တခဲနက်အားပေးလိုက်ကြတာ
> ငါ့မှာ ကြက်သီးတွေတောင်ထလို့…
>
> ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်
>
> မေမေဒေါ်ခင်ကြည် အနိစ္စရောက်ခဲ့ပြီ..
> ကောင်းရာသုဂတိလားပါစေ မေမေရယ်..
> မေမေ့အသက် ၇၆ နှစ်ထိ အများအကျိုးကို သယ်ပိုးဆောင်ရွက်ခဲ့တဲ့ မေမေ့အတွက်
> ကောင်းကင်ဘုံက လက်ကမ်းကြိုဆိုနေမယ်လို့ သမီးခိုင်မာစွာယုံကြည်နေပါတယ်.
>
> ၁၉၈၉ ခုနှစ်၊ ဇန်န၀ါရီ ၂ ရက်
> မေမေ့ရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ကြတဲ့ ပြည်သူတွေ မနည်းဘူးမေမေရယ်.
> မေမေ့ကို မြင်စေ့ချင်လိုက်တာ.
> မေမေ့ကို သဂြိုဟ်တဲ့နေ့မှာပဲ မေမေ့ရုပ်ကလာပ်ရှေ့မှာ သမီးတိုင်တည်သစ္စာပြုခဲ့တယ်
> ဖေဖေနဲ့မေမေတို့ဟာ မြန်မာနိုင်ငံတော်ကြီးအတွက် သေသည်အထိ ကောင်းကျိုးသယ်ပိုး
> ဆောင်ရွက်ခဲ့ကြတယ်.
> ဒီတာဝန်ကို ကျေပြွန်အောင် သမီးဆက်လက်ထမ်းဆောင်ပါ့မယ်
> သမီးသေသည်ထိပေါ့…
>
> ငါ့ကိုလိုက်နှောင့်ယှက်နေတဲ့ အတားအဆီးတွေကြားထဲကပဲ ငါတို့ NLD ပါတီ
> ရွေးကောက်ပွဲကို ခြွင်းချက်မရှိ အနိုင်ရခဲ့တယ်.
> အရှက်မရှိလိုက်ကြတာလေ.
> ငါတို့လွှတ်တော်အမတ်တွေကို လိုက်ဖမ်းတယ်
> ရွေးကောက်ပွဲရလာဒ်ကို အကျုံးမ၀င်ပါဘူးလို့ ဗြောင်ငြင်းတယ်.
> ငါ့ကိုလည်း အကျယ်ချုပ်ချခဲ့တယ်
>
> အဲဒီ့ကတည်းကပဲ ငါ့ကိုပြန်လွှတ်လိုက်၊ အကျယ်ချုပ်ပြန်ချလိုက်နဲ့
> နိုင်ငံရေးကစားကွက်တွေ လှည့်ကစားခဲ့တယ်..
> ငါ့အပေါ်ရက်စက်လိုက်ကြတာ.
> ကိုယ်ချင်းမစာလိုက်ကြတာ
> ပြောရက်လိုက်ကြတာ
> သတင်းစာ၊ ဂျာနယ်၊ ရုပ်မြင်သံကြား၊ ရေဒီယိုတွေနဲ့ ငါ့နာမည်ကို ဖျက်ဆီးလိုက်ကြတာ
> နိုင်ငံအပေါ်သစ္စာဖောက်သူတဲ့
> လူမျိုးခြားနဲ့ အိမ်ထောင်ပြုသူတဲ့
> ဒါတွေကို ငါတုံ့ပြန်မနေခဲ့ပါဘူး
> ငါလုပ်စရာရှိတာတွေကိုပဲ အေးအေးဆေးဆေး မမှားရအောင် ငါလုပ်ခဲ့တယ်
> ဒီလိုအချိန်တွေမှာ ငါ့အနေနဲ့ပိုပြီးတည်ငြိမ်ဖို့လိုတယ်လေ..
>
> ငါ့ကိုနိုဘယ်လ်ဆုပေးတဲ့အကြောင်း ကို ရှားရှားပါးပါးတောင်းဆိုထားရတဲ့
> ရေဒီယိုအစုတ်လေးတစ်လုံးကတစ်ဆင့် ငါကြားသိခဲ့ရတယ်.
> ငါ့သားကြီး အဲလက်စ်က အခမ်းအနားမှာ ငါ့ကိုယ်စား ကျေးဇူးတင်စကားပြောသတဲ့လေ..
> မေမေဂုဏ်ယူပါတယ် သားကြီးရယ်…
> မေမေ့အတွက်ရတဲ့ ဆုကြေးငွေကို Prospect Burma ဆိုတဲ့ NGO အဖွဲ့ဖွဲ့ပြီး
> မြန်မာပြည်က ပညာတော်သင်ကျောင်းသားတွေကို ပံ့ပိုးကူညီနေတာ
> ခုချိန်ထိပဲလေ.
> မေမေက ကိုယ်ကျိုးရှာသူဟုတ်မဟုတ်ဆိုတာ သားတို့အသိဆုံးပါ
> သားတို့ကို ပစ်ထားချင်လို့ ပစ်ထားတာမဟုတ်ရပါဘူး
> သားတို့ကို သိပ်ချစ်တာပေါ့
> သားတို့နဲ့ အတူတူသိပ်နေချင်တာပေါ့
> ဒါပေမယ့်သားတို့ရယ်
> သားတို့ကိုချစ်တဲ့အချစ်တွေထက် နိမ့်ကျနွမ်းပါးနေတဲ့ အဖိနှိပ်ခံ ပြည်သူလူထုကို
> မေမေပိုချစ်မိတယ်.
> ဒါကို သားတို့ခွင့်လွှတ်နားလည်ပေးကြပါနော်…
> သားတို့အပေါ် ဂရုမစိုက်မိခဲ့တာတွေကို နောင်ဘ၀ဆိုတာတွေမှာ ပြန်ဆုံတွေ့ခဲ့ရင်
> အတိုးချပြီး ပြန်ပေးဆပ်ပါမယ် သားတို့ရယ်…
>
> ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်
>
> ရက်စက်လိုက်ကြတာကွယ်
> ရက်စက်လိုက်ကြတာ
> မြင်ရကြားရတာ ယုံနိုင်စရာတောင်မရှိဘူး
> သတ်ဟေ့သတ်ဟ
> ချဟေ့ချဟ
> ဆိုတဲ့ စစ်ဘီလူးရဲ့ ကြိုးဆွဲရုပ်တွေအောက်မှာ
> တိုင်းပြည်ရဲ့ အညွှန့်အဖူးလေးတွေ လွင့်ကြွေခဲ့ရရှာပြီ…
> အဲဒီ့ညက ကောင်းကင်ပြာကြီးမှာတောင် သွေးရောင်တွေလွှမ်းနေခဲ့တယ်.
> ရင်ထဲမှာ ဆို့နစ်လိုက်တာ ချစ်သားချစ်သမီးတို့ရယ်..
> သားတို့သမီးတို့ ကောင်းရာသုဂတိလားနိုင်ကြပါစေ
> ဒီလိုအဖြစ်ဆိုးမျိုးကို ဘယ်ဘ၀မှာမှ ထပ်မံ မကြုံတွေ့နိုင်ကြပါစေနဲ့တော့လို့ 
> မေမေစု ဆုတောင်းပေးပါတယ်ကွယ်…
> ဒီပဲယင်းရဲ့ အကျည်းတန်ညတစ်ခုပေါ့…
>
> အချိန်တွေလည်း အတော်ကြာခဲ့ပြီလေ.
> ပြည်သူလူထုပေါင်းများစွာလည်း အသက်ခန္ဒာစွန့်လွှတ်ခဲ့ရရှာပြီ
> ငါ့ကို ပြန်လွှတ်ရင်ဆိုတဲ့ မျှော်လင့်ချက်နဲ့ စောင့်မျှော်နေသူတွေလည်း
> နွမ်းလျလှပါပြီ
> မျက်စိကိုမှိတ်၊ နားကိုပိတ်ပြီး တရားစီရင်ချင်သူတွေရဲ့ အတ္တများအောက်မှာ
> အမှန်တရားက ကမ္ဘာကိုပတ်ဖို့ သူ့ဖိနပ်လေး လိုက်ရှာနေတုန်းပဲ
>
> နွေမိုးဆောင်းပေါင်းများစွာလည်း ငါ့ခြံဝင်းထဲမှာ ကျရောက်ခဲ့ပြီ
> ငါ့ပါးပြင်ပေါ်မှာလည်း အရေးအကြောင်းတစ်ချို့ နေရာယူခဲ့ပြီ
> ငါ့အသက်လည်း ၆၂ နှစ်ထဲရောက်ခဲ့ပြီ
> ငါ့သားတွေလည်း အိမ်ထောင်ရက်သားကျသူကျနဲ့ အခြေကျကုန်ပြီ
> ငါ့မှာတော့…
> ငါချစ်တဲ့ မြန်မာပြည်သူတွေကတော့…
> ငါမြတ်နိုးတဲ့ မြန်မာပြည်ကတော့…
> သံတိုင်တွေနောက်မှာ ငိုရှိုက်နေဆဲပဲလေ….
>
> ကုတင်တိုင်ကို လက်နဲ့ကိုင်ပြီး အားယူလို့ ငါထလိုက်တယ်
> အပြင်မှာ နေခြည်တွေဖြာနေပြီနော်
> ရေဒီယိုထဲက ဆုတောင်းသံတွေ တစ်သဲသဲနဲ့ ၀င်လာမစဲဖြစ်နေတယ်.
> ဒေါ်အောင်ဆန်းစုကြည်… ကျန်းမာပါစေ.. ချမ်းသာပါစေ..
> ဒေါ်အောင်ဆန်းစုကြည်… ကျန်းမာပါစေ.. ချမ်းသာပါစေ..
> ဒေါ်အောင်ဆန်းစုကြည်… ကျန်းမာပါစေ.. ချမ်းသာပါစေ.. တဲ့..
>
> ကျလုဆဲဆဲ မျက်ရည်တစ်ချို့ကို သိမ်းဆည်းလိုက်ပြီး
> အခန်းပြတင်းကိုဖွင့်လိုက်တယ်.
> ငါ့ကိုစောင့်ကြည့်နေရတဲ့ ရဲဘော်လေးတစ်ယောက်က ငါ့ကို အလန့်တကြားမော့ကြည့်တယ်.
> မကြောက်ပါနဲ့သားရယ်
> ငါ့ရဲ့ အေးမြတဲ့ အပြုံးအောက်မှာ ခက်ထန်တဲ့ သေနတ်ပြောင်းဝလေး တိုးလျှိုးလို့
> ငါ့ကို ဦးညွှတ်တယ်.
> သားစာဆက်ကျက်ပါကွယ်.. စိတ်ကိုအေးအေးသာထားပါ.
>
> ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ဘယ်တော့မှ ထွက်ပြေးမယ့် မိန်းမစားမဟုတ်ပါဘူး
> တိုင်းပြည်အတွက်၊ လူမျိုးအတွက်၊ အရိုးကြေကြေ၊ အရေခမ်းခမ်း အများအကျိုးအတွက်
> အသက်နဲ့ ဘ၀ကိုပါ ပေးလှူထားတဲ့ အာဇာနည်မိန်းမပါ.
> ဒီသစ္စာစကားမှန်ရင်
> ငါချစ်တဲ့
> မြန်မာနိုင်ငံတော်ကြီး အမှောင်ကိုဖျောက်လို့ အလင်းနေ့သစ်များကို
> ကြိုဆိုနိုင်ပါစေသား…
>
> ငါရှင်သန်နေဦးမှာပါ.
> မသေမချင်းပေါ့…
>
> နေရောင်ခြည်ရဲ့နှုတ်ဆက်မှုကို အသာတကြည်ခံယူပြီး
> ဘုရားစင်ဖက်ကို လှမ်းလျှောက်ခဲ့တယ်.
> အရှင်ဘုရားရဲ့ မေတ္တာကရုဏာတော်အောက်မှာ
> ဘုရားတပည့်တော်မ ငြိမ်းချမ်းရပါစေသား…
> မြန်မာပြည်သူများ ငြိမ်းချမ်းကြပါစေသား…
> ငိုရှိုက်သံများ ကွယ်ပျောက်ပါစေသား…
> မတရားမှုများ ဖယ်ခွာနိုင်ပါစေသား…
>
> ကွယ်လွန်သူ ဖေဖေဦးအောင်ဆန်းနှင့် မေမေဒေါ်ခင်ကြည်..
> ကျဆုံးလေပြီးသော အာဇာနည်အမျိုးကောင်းသား ရဟန်းရှင်လူများ…
> အမျှအမျှအမျှ…..
>
> သာဓု..သာဓု..သာဓု……
>
>
>
> ဒီိနေရာကhttp://nobelprize.org/nobel_prizes/peace/laureates/1991/kyi-bio.html

>>အချက်အလက်လေးတွေကို အခြေခံပြီး ခံစားရေးဖွဲ့ထားပါတယ်...
>
> ရေးသူ - အမည်မသိ.

0 comments:

Post a Comment