ဗမာပြည်မှာ နှစ်ပေါင်း ၂၀ ကြာ စစ်အစိုးရ စစ်အာဏာရှင် အုပ်စိုးလာပြီး အခုမှ “အများသဘောကျ“ ရွေးကောက်ပွဲ လုပ်တော့မယ်လို့ ကြေညာတယ်။ ရွေးကောက်ပွဲ ဥပဒေ ထွက်လာတယ်။ နိုင်ငံခြားတိုင်းပြည်တွေကရော၊ ဗမာပြည်ထဲက အချို့နိုင်ငံရေးသမားဟောင်း များကရော၊ နိုင်ငံရေးသမားအသစ်စက်စက်များကရော ကိုယ့်ရှု့ထောင့်နဲ့ကိုယ် ရွေးကောက်ပွဲဝင်ဖို့သင့်ကြောင်း ပြောလာကြပါတယ်။
နိုင်ငံခြားသားတွေကတော့ စစ်အာဏာရှင်နဲ့ ဒီမိုကရေစီ အစိုးရတို့ ခြားနားချက်ဟာ “ရွေးကောက်ပွဲ” လို့ပဲ မြင်တယ်။ နှစ်ပေါင်း ၂၀ ကြာမှ ရွေးကောက်ပွဲလုပ်မယ်ဆိုတော့ ၀မ်းသာကြတယ်။ ရွေးကောက်ပွဲဆိုတာ “၀င်ရမှာပေါ့“ လို့ပဲ မြင်တာဟာ သဘာဝကျပါတယ်။ ပြည်တွင်းက “၀င်ကြပေါ့“ လို့ ပြောကြတာဟာလဲ အမြင်အမျိုးမျိုးပါပဲ။
(၁) ရိုးအီငြီးငွေ့နေရာက “အပြောင်းအလဲတခု“ ဖြစ်သွားလို့၊
(၂) တခြား “ထွက်ပေါက်“ မရှိလို့၊
(၃) အရွေးခံရပြီး လွှတ်တော်ထဲရောက်မှ ကိုယ်လိုရာကို တဖြည်းဖြည်း အရေးဆိုပြီး ပြောင်းလဲနိုင်မယ်လို့ မျှော်လင့်လို့၊
(၄) သူများတွေ မ၀င်ချင်တဲ့အချိန်၊ ကိုယ် ၀င်လိုက်ရရင် “ငါတို့တော့ အချောင်အမတ် ဖြစ်ရချေသေးရဲ့“ မျှော်လင့်လို့ စသဖြင့် “၀င်“အမြင် အမျိုးမျိုးရှိကြောင်း သိရပါတယ်။
“မ၀င်“အမြင် ရှိကြတဲ့ နိုင်ငံရေးသမားများက အထက်ပါ “၀င်“အမြင်အားလုံးကို သဘောမတူကြဘူးလို့ ကြားသိရပါတယ်။ ဆန့်ကျင်ကြပါတယ်။
(၁) အငြီးပြေ အပြောင်းအလဲတခု ဖြစ်သွားခြင်း
အခုလို နှစ်ပေါင်း ၂၀ လောက် အာဏာရှင်လက်အောက် နေရတာဟာ ပြည်သူတွေအဖို့ ငြီးငွေ့တာတော့ အမှန်ပါပဲ။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍတွေမှာ ဘာမှ မတိုးတက်ဘဲ “တနိုင်ငံလုံး အကျဉ်းသားဘ၀“ နဲ့ ထိတ်လန့်တကြားနေလာကြရတာ ကြာခဲ့ပြီကိုး။
“အပြောင်းအလဲ“ လိုချင်တယ်ဆိုရင် မှန်တာပေါ့။ တိုးတက်တဲ့ အပြောင်းအလဲ လား။ “ဗြိစုံ ဗြုံစိ“ အပြောင်းအလဲ လား။ ပိုဆိုးမယ့် အပြောင်းအလဲ လား။ ဆုတ်ယုတ်မယ့် အပြောင်းအလဲ လား။ ဒါကို စဉ်းစားဖို့လဲ လိုပါတယ်။ ဆုတ်ယုတ်မှာလား၊ တိုးတက်မှာလား၊ အရင်အတိုင်းလားဆိုတာ ကြို ပြောမရတာလဲ ရှိ၊ ကြို ပြောလို့ရတာလဲ ရှိပါတယ်။
ခု ထွက်လာတဲ့ ရွေးကောက်ပွဲဥပဒေဟာ စစ်အာဏာရှင်တွေ ရေးဆွဲထားတဲ့ နိုင်ငံတော်အခြေခံဥပဒေကို အမှီပြုပြီး ထုတ်တဲ့ ဥပဒေ ဖြစ်ပါတယ်။ ဒီတော့ အခြေခံဥပဒေကို ပြန်ကြည့်ပြီး ပြောမှသာ အပြာင်းအလဲ “ဖြစ်၊ မဖြစ်“ ဆိုတာ ပေါ်လွင်ပါတယ်။ ရှေ့ကိုလဲ မျှော်မှန်းကြည့်လို့ ရတန်သလာက် ရပါတယ် တဲ့။
အခြေခံဥပဒေဆိုတာ ဘယ်သူတွေက ဘယ်လိုအခွင့်အရေးနဲ့ ရွေးဆွဲတာလဲ။ “ဘယ် အခွင့်အာဏာ“ နဲ့ ရေးဆွဲတာလဲဆိုတာ အလွန် အရေးကြီးပါတယ်။ ဒီမိုကရေစီနိုင်ငံတော်ရဲ့ အခြေခံဥပဒေဟာ ဒီမိုကရေစီနည်းအရ အများသဘောကျ ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်များက ရေးဆွဲမှသာ သဘာဝကျပါမယ်။ အဓိပ္ပါယ်က ပြည်သူတွေက အာဏာအပ်နှင်းခံရတဲ့ ပုဂ္ဂိုလ်များက အခြေခံဥပဒေကို ရေးဆွဲရပါမယ်။
ခုဟာက စစ်အာဏာရှင် ဗိုလ်ချုပ် (တွေ) ကပဲ ရေးဆွဲတာဖြစ်ပါတယ်။ စစ်အာဏာရှင်ဟာ တရားဝင်အစိုးရမဟုတ်ပါ။ ပိုဆိုးတာက တရားဝင် ရွေးကောက်ထားတဲ့ ရွေးကောက်ပွဲကိုလည်း အသိအမှတ် မပြု၊ စစ်အာဏာရှင်တစုရဲ့ အကျိုးအခွင့်ကိုသာ ကာကွယ်ပြီး စစ်အာဏာရှင်ကသာ ထင်ရာစိုင်းပြီး ရေးဆွဲထားတဲ့ဥပဒေ ဖြစ်ပါတယ်။
အများသိပြီးဖြစ်တဲ့အတိုင်း စစ်အာဏာရှင် ရေးဆွဲထားတဲ့ အခြေခံဥပဒေထဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ၂၅ ရာခိုင်နှုန်း (တမတ်သား) ဟာ ရွေးကောက်ပွဲ မ၀င်ပဲ စစ်တပ်က ရွေးချယ်ပေးတဲ့ ကိုယ်စားလှယ်စစ်ဗိုလ်များသာ ဖြစ်ရမယ် တဲ့။ ရွေးကောက်ပွဲ မ၀င်ပဲ စစ်တပ်က ရွေးချယ်ပေးတဲ့ ကိုယ်စားလှယ်စစ်ဗိုလ်များ ဖြစ်ရမယ် တဲ့။ ပို ဆိုးတာက ဒီ ကိုယ်စားလှယ်များကို သမ္မတ၊ ၀န်ကြီးချုပ် စတဲ့ ထိပ်ဆုံးက အကြီးဆုံးရာထူးတွေကိုသာ ပေးအပ်ရမယ် တဲ့။ ၂၅ ရာခိုင်နှုန်းနဲ့ ကျန် ၇၅ ရာခိုင်နှုန်းတို့ နှိုင်းယှဉ်ရင် ၇၅ ရာခိုင်နှုန်းက များတာပေါ့လို့ ထင်စရာ ပဲ။ ဒါပေမဲ့ တကယ့်အာဏာတွေက စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရဲ့ လက်ထဲမှာပဲ ရှိပါတယ်။
အဲဒီ စစ်ဗိုလ်တွေဟာ မှားယွင်းမှု ရှိခဲ့ရင် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလသုံးပါးစလုံးအတွက် လွှတ်တော်က (နိုင်ငံတော်က) အရေးယူခွင့် မရှိစေရ တဲ့။ အရေးယူစရာရှိရင် စစ်တပ်ကသာ အရေးယူရမယ် တဲ့။ အဲဒီမှာပဲ “နိုင်ငံတော်ရဲ့အာဏာ” က “ပဲ့“ သွားခဲ့ပါပြီ။ “စစ်ဗိုလ်တွေသာလျှင်“ ဆိုတဲ့ သဘော ဆောင်သွားပါပြီ တဲ့။
အခြေခံဥပဒေနဲ့တကွ အခြား အပြောင်းအလဲတခုခု လုပ်ဖြစ်ရင် လွှတ်တော်ကိုယ်စားလှယ် (အမတ်) ၇၅ ရာနှုန်းက ထောက်ခံရမယ် တဲ့။ ဒီ ၇၅ ရာနှုန်းဟာ စစ်ဗိုလ်ချုပ် ၂၅ ရာနှုန်းရဲ့ အတိုက်အခံတွေချည်း မဟုတ်နိုင်ပါဘူး။ စစ်တပ်ကထဲ့ထားတဲ့ စစ်တပ်လက်အောက်ခံ ပါတီအဖွဲ့အစည်း (ဥပမာ ကြံ့ဖွံ့) က အမတ်တွေလဲ ပါနိုင်ပါတယ်။ အမတ်တယောက်လျှော့သွားရင် ၇၅ ရာနှုန်း မပြည့်တော့ပါဘူး။
ဒီမိုကရေစီလွှတ်တော်မှာ “စစ်တပ်ကိုယ်စားလှယ်“ လို့ သီးခြား၂၅ ရာနှုန်း (တမတ်သား) တောင်းစရာ မလိုပါ။ ဒီလိုဆိုရင် စာရေးဆရာတွေကလဲ တမတ်သား၊ လယ်သမား တမတ်သား၊ အလုပ်သမား တမတ်သား၊ ရဲက တမတ်သား၊ ကျောင်းဆရာ တမတ်သား၊ ဆရာဝန် တမတ်သားဆိုပြီး အားလုံးကပဲ တမတ်သားစီ တောင်းခွင့် ရှိရပေမှာပေါ့။ စစ်တပ်တခုတည်းကသာ ဘာ့ကြောင့် “တမတ်သား“ တောင်းထားရသလဲ။ ထိပ်ဆုံးက ဘာ့ကြောင့် နေခွင့်ယူထားရသလဲ။ ဒီလိုဆိုရင် ဗိုလ်နေ၀င်းရဲ့ ဦးနေ၀င်း အရပ်သားအစိုးရနဲ့ ဘာ ထူးသလဲ။ ဗိုလ်သန်းရွှေနဲ့ ဦးသန်းရွှေ၊ ငရဲမင်းနဲ့ ယမမင်း၊ ဂ ကောက်ကောက်နဲ့ ကွေးကွေး၊ ဘာများပြောင်းလဲသွားမှာလဲ တဲ့။ နိုင်ငံရေး ဝေဖန်သူတွေက မေးကြပါတယ်။ ဆိုလိုတာက ဒီ ရွေးကောက်ပွဲ ပြီးသွားရင်လဲ ဘာမှ ပြောင်းလဲမှု မရှိ။
(၂) ထွက်ပေါက်တခု ပေါ်လာခြင်း
“ထွက်ပေါက်“ နဲ့ ပတ်သက်ပြီး ဗမာ ပြောရိုးပြောစဉ်မှာ “ရှေ့ပေါက်“၊ “နောက်ဖေးပေါက်“၊ “မလွယ်ပေါက်“၊ “ခွေးတိုးပေါက်“ စတဲ့ စကားတွေ ရှိပါတယ်။ ခု စစ်အာဏာရှင်ပေးတဲ့ ထွက်ပေါက်ကို ဘယ်လို နာမယ်ပေးချင်ပါသလဲ မသိပါ။
တခြား ထွက်ပေါက် မရှိဘူးဆိုတာ အမှန်ပဲလား။ အာဏာရှင်က ဖွင့်ပေးတဲ့ ထွက်ပေါက်ဟာ ပြည်သူ ထွက်ချင်တဲ့ ထွက်ပေါက် ဟုတ်ပါရဲ့လား။ ပြည်သူက ဒီ ထွက်ပေါက်မျိုးကပဲ ထွက်ချင်သလား။ တခြား ထွက်ချင်တဲ့ ထွက်နိုင်တဲ့ ထွက်ပေါက် မရှိတော့ဘူးလား။ ဘာလား၊ ညာလား စသဖြင့် အမျိုးမျိုး တွေးကြ ရေးကြပါတယ်။
ကောင်းပါပြီ။ ဒီ ထွက်ပေါက်ကပဲ ထွက်ကြမယ်ဆိုပါတယ်။ ဒီ ထွက်ပေါက်က ဘယ်ရောက်မှာလဲ။ အတိုဆုံး ပြောရရင် စစ်တပ် ဖွင့်ပေးတဲ့ ထွက်ပေါက်ဟာ စစ်အာဏာရှင်ရဲ့ စစ်ဖိနစ်အောက်ကိုပဲ ပြန်ရောက်မှာပါ တဲ့။ ဒီ ထွက်ပေါက်ကို ခွင့်တာဟာ “မလိမ့်တပတ်“ မဟုတ်တာ မဟုတ်။ “ဗြောင်“ လုပ်တာပါပဲ။ ဒီလိုလုပ်တဲ့အတွက် ဘာ အကျိုးရှိသလဲ။
ပြည်သူအဖို့ အကျိုးမထူး။ စစ်အာဏာရှင်အဖို့ အကျိုးထူးပါတယ် တဲ့။ ဒီလို ဝေဖန်ကြပါတယ်။
ဒီ ရွေးကောက်ပွဲ လုပ်ခြင်းအားဖြင့် အရင်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်တွေ ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲဟာ ဖျက်သိမ်းပြီးသား ဖြစ်သွားမယ်။ ပြည်သူ ရွေးချယ်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကလဲ လွှတ်တော် မဖြစ်မြောက်လိုက်ဘဲ ဖယ်ရှားပြီးသား ဖြစ်သွားမယ်။ နှစ်ပေါင်း ၂၀ ကျော်လောက် တရားမ၀င် “အာဏာရ စစ်အစိုးရ“ လဲ တရားဝင် ဖြစ်သွားပြီး သူတို့က ကြိုက်သလို (ဆွဲခွင့် မရှိဘဲ ဆွဲထားတဲ့) အခြေခံဥပဒေလဲ အတည် ဖြစ်သွားမယ်။ ဒါ့ကြောင့် ဘယ်သူ့အတွက ထွက်ပေါက် လဲ။ ပြည်သူအတွက် ထွက်ပေါက် လုံးဝ မဟုတ်။ အာဏာရှင်အတွက် တရားဝင်ဖြစ်အောင် လုပ်ထားတဲ့ “ထွက်ပေါက်“ ဖြစ်ပါတယ် တဲ့။
တခြားဖြစ်နိုင်တဲ့ထွက်ပေါက်ကို အဖွဲ့ချုပ်က ရွှေဂုံတိုင်ကြေညာချက်နဲ့ “သော့“ လုပ်ထားပါတယ်။ အကျပ်အတည်းက လွတ်အောင်လို့ပါပဲ။ အာဏာရှင်တွေ ရေးဆွဲထားတဲ့ အခြေခံဥပဒေကို ဒီမိုကရေစီနဲ့ တူအောင် နည်းနည်းလေးပဲ ပြင်ပေးပါ၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပါ၊ တွေ့ဆုံ ဆွေးနွေးပါ စသည်ဖြင့် ဖြစ်ပါတယ်။ အာဏာရှင်ဘက်က တခုမှ လိုက်လျောခြင်း မရှိသလောက်ပါ ပဲ။ (ဦးတင်ဦး လွတ်လာတာလေးက လွဲလို့)။
ဒါ့ကြောင့် ရွေးကောက်ပွဲ နိုင်ခဲ့လို့ အများစု ထောက်ခံမှုရတယ်လို့ အများက ယူဆတဲ့ အဖွဲ့ချုပ်ရဲ့ တလေးတစား တောင်းဆိုမှုကို ငြင်းပယ်ခံရတဲ့ “ရွှေဂုံတိုင်ရွှေသော့“ နဲ့ ဖွင့်နိုင်မယ့် ထွက်ပေါက်က ထွက်လို့ မရတော့ပါ။
တခြားနည်းကတော့ “ပြည်သူစွမ်းအား“ ဆိုတဲ့ သော့နဲ့ ဖွင့်ဖို့ ရှိပါတော့တယ် တဲ့။ ဒီလိုဆိုတော့ ရွေးကောက်ပွဲ မ၀င်တော့ဘူးဆိုတဲ့သေဘာက အားသားရင် မျှော်လင့်ရတဲ့ ထွက်ပေါက်က “ပြည်သူစွမ်းအား“ ထွက်ပေါက် ပါပဲ တဲ့။
(၃) လွှတ်တော်ထဲရောက်မှ ကိုယ်လိုရာ ပြုပြင်သွားနိုင်ခြင်း
ဒါမျိုးကို ကိုလိုနီလက်ထက်ကစပြီး ဗမာတွေ အတွေ့အကြုံရှိခဲ့ပါပြီ။ ဂျီစီဘီအေခေတ်က “ပူးသတ်“၀ါဒနဲ့ ကြွေးကြော်ပြီး ဘုရင်ခံရဲ့ အစိုးရအဖွဲ့ထဲ ပူးပေါင်း ၀င်ရောက်သွားတဲ့ ၀ံသာနုဂိုဏ်းကလို ပါပဲ တဲ့။ “ပူးသတ်“ ဆိုပေမဲ့ ကိုယ်ပဲ “ပူးသတ်“ ခံရပြီ ကိုယ်ပဲ ဘုရင်ခံနဲ့အတူ “ပူး သေ“ သွားရတာပါပဲ တဲ့။ သူများဖွဲ့တဲ့ အစိုးရအဖွဲ့ထဲဝင်ရင် သူများအောက်ကပဲ ရောက်ရမှာ မလွဲပါဘူး တဲ့။
(၄) အချောင်အမတ် ဖြစ်ခြင်း
ဒါကတော့ အမတ် ဖြစ်လိုသူများအတွက်တော့ မှန်နေတာပါပဲ။ သူတို့အတွက် “ထွက်ပေါက်“ ပါ ပဲ တဲ့။ ပြည်သူ့အတွက် မဟုတ်ပါဘူး တဲ့။
ခု ရွေးကောက်ပွဲဥပဒေကထွက်လာတာ အချိန် နောက်ကျပါတယ်။ ပါတီတွေ ဖွဲ့ဖို့လဲ နောက်ကျပါတယ်။ ပြည်သူ့အသံကို ကိုယ်စားပြုရမယ့်ပါတီတရပ်ဟာ တပြည်လုံးကို အချိန်ယူ စည်းရုံးရပါအုံးမယ်။ ပါတီက ခုမှ ဖွဲ့ရမှာပါ။ ပါတီရဲ့လမ်းစဉ်ကလဲ ခုမှ ရေးဆွဲ၊ ခုမှ ကြေညာရမှာပါ။ အသစ်ဖွဲ့မယ့် ပါတီက ၀ါဒလမ်းစဉ်ကို တင်ပြရင် ရွေးကောက်ပွဲကော်မရှင်အသစ်ကလဲ မှတ်မု့တင်ခွင့် ပြုပါ့မလား။ ဥပမာ “စစ်အာဏာရှင် အမြစ်ဖြုတ်ရေး လမ်းစဉ်“ ကို တင်ပြ ကြေညာခွင့် ရမှာလား တဲ့။ ပါတီ ဖွဲ့ဖို့၊ စည်းရုံးဖို့ တနှစ်တောင် အချိန် မပေးတဲ့အပြင် ဖွဲ့စည်းပြီးသား ပါတီများလဲ ထပ်မံပြီး ပါတီသစ်တွေလိုပဲ မှတ်ပုံတင်ရအုံးမတဲ့။ အဖွဲ့ချုပ်ဟာ နှစ်ပေါင်း ၂၀ ကြာမှ ထပ်ပြီး မှတ်ပုံတင်ရအုံးမယ့် သဘော ပါ။
ပါတီဖွဲ့ပြီးရင် အနည်းဆုံး၃နေရာကယှဉ်ပြိုင်ရမယ်။ မပြိုင်ရင် ပါတီ ပယ်ဖျက်မယ် တဲ့။ ရွေးကောက်ပွဲ ၀င်ရင် အခြေခံဥဒေကို (စစ်အာဏာရှင်တွေ ရေးဆွဲထားတဲ့ ဥပဒေ ကို) အကာအကွယ် ပေးပါ့မယ်လို့လဲ လက်မှတ်ထိုးရအုံးမှာ တဲ့။ လွှတ်တော်ထဲရောက်မှ “အခြေခံဥပဒေကို ပြင်ချင်ပါတယ်“ လို့ ပြောလို့ မရတော့ဘူး ပေါ့။ အစကတည်းက “မီးသေ“အောင် အာဏာရှင်က လုပ်ထားတော့ ရွေးကောက်ပွဲ ၀င်မယ့် အမတ်လောင်း (ပါတီကိုယ်စားလှယ်တွေ) က “မီးငြှိမ်း“ ပြီးမှ “၀င်“ လို့ရမယ့် အဓိပ္ပါယ် ပါပဲ။
“သဘောကွဲလွဲခွင့် မရှိရင် ရွေးကောက်ပွဲ လုပ်နေစရာ မလိုတော့ပါဘူး“ တဲ့။
အားလုံးကို ခြုံလိုက်ရင် အာဏာရှင် ရေးဆွဲထားတဲ့ အခြေခံဥပဒေအရ ထုတ်ပြန်တဲ့ ရွေးကောက်ပွဲဥပဒေဟာ အာဏာရှင်အလိုကျ ရွေးကောက်ပွဲသာ ဖြစ်မှာပါ တဲ့။ ဗိုလ်သန်းရွှေက တောင်ရှည်ပုဆိုးကြီး ၀တ်ပြီး ဦးသန်းရွှေ ဖြစ်လာတာကလွဲလို့ ဘာမှ ထူးမှာ မဟုတ်ပါဘူး တဲ့။
ဗြိစုံနဲ့ ဗြုံစိ၊ အရာကြီးနဲ့ ဘာဘူကြီး၊ ဗိုလ်ရွှေနဲ့ ဦးရွှေ၊ ငရဲမင်းနဲ့ ယမမင်း သာ။
မစိုးရိမ်ဆရာတော်ကြီးက မိန့်တော်မူဖူးတယ်။ သံဃာတောင် သတ်တဲ့ စစ်အစိုးရက ရေးဆွဲထားတဲ့ “ဥပဒေ“ နဲ့ “ရွေးကောက်ပွဲ“ ကို ဖတ်ဖို့ မလို၊ စဉ်းစားဖို့ မလို၊ ထောက်ခံဖို့ မလို။ သူတို့ကို သံဃာတွေက ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်ထားတယ်။ သူတို့ ကံကြီးထိုက်ကြမယ်။ သူတို့ကို ထောက်ခံသူများလည်း ကံကြီးထိုက်နိုင်တယ် တဲ့။ ကံကြီးထိုက်မယ့် အပြုအမူကို ရှောင်ကြပါစို့။
မောင်စွမ်းရည် ၂၀၁၀ မတ် ၂၇
(Burma Today က ဖော်ပြပြီးသည်ကို ပြန်လည်ဖော်ပြပါတယ်။)
0 comments:
Post a Comment