Friday, December 11, 2009

မျက်ရည်အိုင်သောနေ့

(အာဇာနည်နေ့သို့)

(၁)

နီတျာတျာလျှင်......
သွေးဖြာလွှမ်းရစ် ၊ သမိုင်းသစ်လော့။

(၂)

မိုးပြာပြာတွင်....
တိမ်လွှာဖယ်ပစ်၊ သင်တိုင်းလှစ်လော့။

(၃)

လွမ်းဗျာပါလျှင်.....
မျက်နှာမှိုင်းညို ၊ ပါးမို့မို့နှင့်
သျှင်တို့နေပြည် ၊ လွမ်းမောစည်စွ
ကြုံလည်းနှောင်းခေတ် ၊ လွမ်းလှိုင်းနစ်လော့။

(၄)

ညစ်မှောင်မှုန်လွှမ်း၊ မိုးပြည့်ပြွမ်းသည်
ယမ်းငွေ့နှင့်ယှက် ၊ တိမ်ညိုခက်တို့
ထက်သက်စုန်ဆန် ၊ လူးလာပြန်အောင်
ဒေါမာန်ရိုက်ခတ်၊ ဟူးဟူးလွှတ်၍
သူသတ်သမား၊ ညစ်ထွားထွားတို့
မျိုးသားထွတ်ခေါင် ၊ ပြည့်ခေါင်းဆောင်ကို
လူ့ဘောင်ခမ်းဝါ ၊ သိမ့်သိမ့်ခါမျှ
ပစ်လှာမစဲ ၊ ကျည်ဆန်ဝဲသော်
သေပွဲသေပန်းပွင့်သတည်း။

(၅)

မြို့နှင့်ရွာဆက်၊ အုန်းအုန်းကျွက်တည့်
ပွက်ပွက်ထန်ထန်၊အော်ဟစ်ပြန်ရင်း
ဗြောင်းဆန်ကြေကွဲ၊ငိုသည့်ပွဲတည့်
ကျိုးကျဲဆံဖြူ၊ နားအူအူနှင့်
ဖျင်ထူလက်လျှို၊ အမေအိုလည်း
ငို၍မဆုံး၊ခါးကုန်းကုန်းနှင့်
တောလုံးဆူညံ၊လေဝယ်ပျံခဲ့။

(၆)

တောင်သူယာလုပ်၊ ဓားမခုတ်နှင့်
ပုတ်ပြတ်နေ့စား ၊ လယ်သမားတို့
ယောက်ျားဂုဏ်ရည်၊ တန့်မဆည်နိုင်
မကြည်မသက်၊ မျက်ရည်စက်ဖြင့်
လက်ခမောင်းခတ်၊ ပြေးသွားလတ်၏
ထေရ်မြတ်စံပျော်၊ရွာကျောင်းတော်သို့
ဟစ်အော်သံဝါတို့၊ ငိုသံပါနှင့်
လျှောက်ရှာသည်ကား 'ဘုန်းဘုရား'........။

(၇)

'လွတ်လပ်ရေးအတွက်၊ မျိုးမာန်တက်စွ
ပြည်သက်အားထား၊ ရွှေတောင်လားသို့
မားမားခံ့ခံ့၊ သတ္တိဟန့်နှင့်
မဆန့်ဂုဏ်အင်၊ပြည့်စုံလင်သော
ပြည်တွင်ကဲလုပ်၊ လွန်ကြိုးကုပ်သူ
ဗိုလ်ချုပ်အောင်ဆန်း၊စည်းဝေးခန်းတွင်
ယုတ်ကန်းဆိုးဝါး၊သူသတ်များသို့
ကျည်းအားသွန်မွှေ့၊ လုပ်ကြံရွေ့ကြောင့်
ရင်ပွေ့ယိုင်လဲ၊ သွေးအိုင်ထဲဝယ်
ပြိုကွဲနားညည်း၊ ပွဲချင်းပြီးပင်
ဝန်ကြီးများနှင့် ၊သေပန်းပွင့်ပေါ့'
ရင်နင့်ဗျာဝေ၊တင်လျှောက်လေသော်
ထေရ်ဝါမြတ်လည်း၊တက်ခေါက်ကျည်းဘိ။


(

ကြုံသည့်ဖြစ်အင်၊မပြောချင်တော့
မြေပြင်တုန်လျက်၊ငိုသံအက်နှင့်
ဆက်ငိုရင်းသာ ၊ငိုကြပါခဲ့
တစ်ခါတစ်ခေတ်၊သမိုင်းသစ်လွင်
ဖြစ်တောင့်ဖြစ်ခဲ၊မကြုံရဲတော့
ရှောင်လွှဲနိုင်က၊သြော်.....ကောင်းစွရှင့်။

(၉)
ညအိမ်မက်ဆိုး၊ လက်တွေ့တိုးသို့
ညှိုးငယ်မျက်နှာ၊ မသာယာကြ
ကြမ္မာဖိစီး၊ ရှားမီးကျီးဝယ်
ရင်လှီးဖောက်ဖြတ်၊ ဝါးညှပ်ပိတ်သော
သည်းပွတ်နှလုံး၊မီးကင်အုံးသို့
ယူကျုံးမနိုင်၊ သောကလှိုင်စွ
ရင်ဆိုင်တူရူ၊အောင်ပွဲယူသော
ရန်သူအို......သေမင်း၊ စစ်မခင်းရလေ
လူချင်းဖြစ်က၊ ယှဉ်ပြိုင်ကြအံ့
စိတ်မှခဲခဲ၊ အံကြိတ်မဲရင်း
ပုလဲတစ်လုံး၊ရွဲတစ်လုံးပင်
သွေးဖုံးမျက်ရည်၊ စီးရစ်လည်သော်
ဇာနည်မော်ကွန်း၊ ညစ်ထပ်စွန်းဘိ
ဥဒါန်းကမ္ဘာ မကြေသာတကား။

ထီလာစစ်သ
ပြန်ကြားရေးဝန်ကြီး သည်.. နိုင်ငံ အဝန်းဖွံဖြိုးတိုးတက်ရေး နှင့်ပတ်သတ်၍ ထုတ်ဖော်ပြောကြားခဲ့သည်..

ကျနော်တို့ အစိုးရက.. မြို့ ကြီးတွေ.. နယ်စပ်ဒေသတွေ.. ကျေးရွာတွေကို.. တန်းတူဖြစ်စေရန်.. နိုင်ငံတော် အကြီးအကဲရဲ့ လမ်းညွှန်ချက်နဲ့ အညီ .. စီမံကိန်းတွေချပြီး တစိုက်မတ်မတ်ဆောင်ရွက်နေတယ်..

အရင်က ကျေးရွာတွေမှာ.. ကားတွေသွားလို့ မရဘူး.. အခု မြို့ တွေမှာ ဆို နီုင်ငံတော်အစိုးရရဲ့ဆောင်ရွက်မှု့ နဲ့ လမ်းတွေပျက်ကာကားတွေမသွားနိုင်တော့ဘူး..

အရင်ကဆို ရွာတွေမှာ ညအခါလရောင်တွေကိုဘဲ အားကိုးနေတော့တယ်.. အခုဆို မြို့တွေမှာ.. မီးမရှိတော့ဘူး.. လအလင်းရောင်ကို တန်းတူညီတူ.. အားကိုးနေရတော့တယ်..

အရင်ကဆို ရွာတွေမှာ.. မိုးရွာရင် ရေတွေလျှံမှာ ကြောက်နေရတယ်.. အခု မြို့ တွေမှာ.. မိုးရွာရင် ရေတွေတက်လာတာ ပြည်သူတွေ မျက်ဝါးထင်ထင်မြင်တွေ့ နိုင်ပြီ ဖြစ်တယ်..

ဒီလို ကျေးလက်ပြည်သူတွေ နဲ့ မြို့ ပေါ်နေပြည်သူတွေ အဆင့်တန်းတူတူ နေထိုင်နိုင်အောင် ကျနော်တို့ ကဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်..

0 comments:

Post a Comment