Thursday, March 18, 2010

ရွေးကောက်ပွဲ နည်းဥပဒေတွင် စစ်သား လွှတ်တော်အမတ်များ အကျုံးမ၀င်

     ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများနှင့် လွှတ်တော်အသီးသီးအတွက် နည်းဥပဒေများ ထုတ်ပြန်လိုက်သည့်ထဲတွင် ၂၀၀၈ ဖွဲ့စည်းပုံအရ ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ရွေးကောက်တင်မြှောက်မည့် စစ်သားလွှတ်တော်အမတ်များ အကျုံးမ၀င်ကြောင်း သိရသည်။

ယခုလ (၁၁) ရက်နေ့က စစ်အစိုးရ ရွေးချယ်ဖွဲ့စည်းလိုက်သည့် ဗိုလ်ချုပ်ဟောင်းတဦး ဦးဆောင်သည့် အဖွဲ့ဝင် (၁၇) ဦးပါ ရွေးကောက်ပွဲကော်မရှင်က လွှတ်တော်များနှင့် နိုင်ငံရေးပါတီများအတွက် နည်းဥပဒေကို မတ်လ (၁၇) ရက်တွင် ထုတ်ပြန်လိုက်သည်။

“ကာကွယ်ရေး ဦးစီးချုပ်က ရွေးချယ်ပြီး အမည်စာရင်းတင်သွင်းမယ့်သူက ဒါတွေ မလိုဘူးလေဗျာ။ သူတို့က ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ဖို့မှ မလိုဘဲနဲ့။ သူက အလိုလို အမည်စာရင်းတင်သွင်းမှာ။ ကော်မရှင်တို့ ဘာတို့က မကန့်ကွက်ဘူး ဆိုလို့ရှိရင် အခြားလူတွေက ကန့်ကွက်စရာ အကြောင်းမပေါ်ပေါက်ဘူးဆိုရင် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းသူက အတည်ဖြစ်တာကိုး။ သတ်မှတ်ထားတဲ့ အရည်အချင်းတွေသာ တူချင်တူမယ် ဥပဒေ မလိုဘူးလေ၊ သူက အော်တို ၀င်ခွင့်ရထားပြီးသားကို” ဟု ဥပဒေအတိုင်ပင်ခံ ဦးအောင်သိန်းက ပြောသည်။

အရပ်သား လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများအနေဖြင့် ယခုထုတ်ပြန်သည့် နည်းဥပဒေများအရ ရွေးကောက်ပွဲ ကော်မရှင်ထံ မှတ်ပုံတင်ခွင့် လျှောက်ထားရန် လိုအပ်ပြီး စစ်သား လွှတ်တော်အမတ်များအတွက် မှတ်ပုံတင်ရန် မလိုအပ်ခြင်း ဖြစ်သည်။

၁၉၉၀ ရွေးကောက်ပွဲ နည်းဥပဒေနှင့် မတူကွဲပြားသည့် အဓိကအချက်အဖြစ် စစ်သား လွှတ်တော်အမတ်များအတွက် အခန်းကဏ္ဍ တခုတိုးလာခြင်းဖြစ်ပြီး နည်းဥပဒေပါ အချက်အလက်များလည်း ပိုများလာသည်ဟု ဦးအောင်သိန်းက ပြောသည်။

“အရင် ရွေးကောက်ပွဲ နည်းဥပဒေက ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပဲ ပါတာကိုးဗျ။ တိုင်းဒေသကြီးတို့ ဘာတို့မပါဘူးလေ။ အဲဒါလေးတော့ ကွာတာပေါ့။ နောက်တခါ position ယူထားတဲ့ (၂၅) ရာခိုင်နှုန်း ရှိလာတာက သူတို့ ရွေးကောက်ပွဲဝင်မယ့် ပုံစံတွေ ပေါ်လာတာပေါ့ဗျာ။ မှတ်ပုံတင်ရမယ့် အချက်အလက်ကိုက တော်တော်လေးများလာတယ်။ ဟိုတုန်းက အဲလောက် မများဘူးခင်ဗျ။ အဲလိုတော့ ကွာခြားချက်ရှိတယ်” ဟု ၎င်းက ရှင်းပြသည်။

စစ်အစိုးရက ယခုလ (၉) ရက်နေ့ကစပြီး ရွေးကောက်ပွဲဥပဒေများကို စတင်ထုတ်ပြန်လိုက်ပြီးနောက် ဆက်တိုက်ဆိုသလို ရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းခြင်း၊ လွှတ်တော်များ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်အတွက် နည်းဥပဒေ ပြဋ္ဌာန်းခြင်းများ ပြုလုပ်နေသော်လည်း ရွေးကောက်ပွဲရက်ကို အတိအကျ မထုတ်ပြန်သေးပေ။

မတ် (၁၇) ရက်တွင် ထုတ်ပြန်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများတွင် ရွေးကောက်ပွဲဥပဒေအရ သတ်မှတ်ရက်အတွင်း မှတ်ပုံမတင်သည့်ပါတီများ နိုင်ငံရေးပါတီအဖြစ်မှ အလိုလျောက်ပျက်ပြယ်ခြင်း၊ သတ်မှတ်ချက်မညီပါက ကော်မရှင်မှ မှတ်ပုံတင်ခွင့်မပြုခြင်း၊ မှတ်ပုံတင် ပယ်ဖျက်ခြင်း၊ ပါတီတခု ဖျက်သိမ်းခြင်း၊ ဖျက်သိမ်းခံရပါက အစိုးရက ပါတီပိုင် ပစ္စည်းများကို သိမ်းဆည်းခြင်း၊ ပါတီမူဝါဒများကို ကော်မရှင်က ကြီးကြပ်ခြင်းတို့ကို ဖော်ပြထားသည်။

ရွေးကောက်ပွဲ ပါဝင်လိုသည့် နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့် ဥပဒေထုတ်ပြန်ပြီး ရက်ပေါင်း (၆၀) အတွင်း ရွေးကောက်ပွဲကော်မရှင်ထံ ယခုနည်းဥပဒေအတိုင်း မှတ်ပုံတင်ကြေး ကျပ် (၃) သိန်း ပေးသွင်းမှတ်ပုံတင်ရမည် ဖြစ်သည်။

မှတ်ပုံတင်ခွင့်ပြုပြီး ရက် (၉၀) အတွင်း သတ်မှတ်ပါတီဝင်အရေအတွက် ပြည့်မီအောင် စည်းရုံးပြီး ပါတီဝင်များ၏ အသေးစိတ် အချက်အလက်များကို တင်ပြရမည်။

ရွေးကောက်ပွဲ ကိုယ်စားလှယ်များအနေဖြင့် တဦးလျှင် မဲဆွယ်စရိတ် ကျပ်သိန်း (၁၀၀) သုံးစွဲခွင့်ပြုမည်ဖြစ်ပြီး ယင်းရသုံးစရိတ်များ အသေးစိတ်ကို ကော်မရှင်သို့ တင်ပြရမည်။

နိုင်ငံရေးပါတီအဖြစ်မှ ကိုယ်တိုင် ဖျက်သိမ်းခြင်း၊ ကော်မရှင်မှ ဖျက်သိမ်းခြင်းများ ပြုလုပ်ပါက ပါတီပိုင်ပစ္စည်းများကို အစိုးရသို့ အပ်နှံရမည်ဟု ဖော်ပြပါရှိသည်။

စိုးမိုး/ ၁၈ မတ် ၂ဝ၁ဝ
ရင်းမြစ်။ ။ခေတ်ပြိုင်

0 comments:

Post a Comment