Thursday, March 18, 2010

ရွေးကောက်ပွဲကြောင့် ဆယ်တန်းမေးခွန်း လွယ်ကူ

        ရွေးကောက်ပွဲ ရှိနေခြင်းကြောင့် ၂ဝဝ၉-၂ဝ၁ဝ စာသင်နှစ်အတွက် ယခုကျင်းပနေသည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် လွယ်ကူသည့် မေးခွန်းများသာ ပြုစုထုတ်ပြန်ပေးခဲ့ရကြောင်း မေးခွန်းပြုစုရာတွင် ပါဝင်သူ ပါမောက္ခတဦးက ပြောသည်။

၎င်းက “ဒီနှစ် တက္ကသိုလ်ဝင်တန်းတွေအတွက် မေးခွန်း ထုတ်တော့မယ်ဆိုကတည်းက အဖွဲ့ခေါင်းဆောင်က ပြောတယ်။ လူကြီးတွေရဲ့ ညွှန်ကြားချက်အရ မေးခွန်းတွေကို ကလေးတွေ အားလုံး ဖြေနိုင်အောင်ထုတ်ပါ။ ရွေးကောက်ပွဲလုပ်မယ့်နှစ်မှာ
ဘာပြဿနာရှိတာမှ မကြားချင်ဘူးလို့ ဒု-ဝန်ကြီးက ညွှန်ကြားချက်ပေးထားတယ်ဆိုပြီး ပြောတယ်။ ဒါနဲ့ ဘာသာရပ်အလိုက် မေးခွန်းထုတ်တဲ့သူတိုင်း ကလေးတွေ ဖြေနိုင်အောင် လွယ်တာတွေကိုပဲ ရွေးချယ်ထုတ်ခဲ့တယ်” ဟု ပြောသည်။

စစ်အစိုးရ၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲသည် ဖြေဆိုသူ မည်မျှရှိရှိ၊ ဖြေနိုင်သူ မည်မျှရှိရှိ၊ အအောင်ပေးလိုသည့် ကျောင်းသား အရေအတွက်ကိုလိုက်ပြီး အောင်မှတ်များကို သတ်မှတ်ခြင်းဖြစ်ကြောင်း၊ အချို့ မေးခွန်းခက်သည့်နှစ်များတွင် အမှတ် (၂ဝ) အောက် ရသူကိုပင် အအောင်ပေးကြောင်း၊ ယခုနှစ်တွင်မူ အောင်မှတ်မြင့်မည်ဖြစ်ကြောင်း မကြာမီ ပုဂ္ဂလိက စာသင်ကျောင်း ဖွင့်လှစ်မည့် ဆရာတဦးက ပြောသည်။

၎င်းက “စစ်အစိုးရဟာ ပညာရေးကို ပညာရေးလို မမြင်ဘဲ နိုင်ငံရေးကိစ္စတခုအဖြစ် ရှုမြင်ခဲ့တာ ကြာပြီ။ အခုလုပ်ရပ်ကတော့ ကလေးတွေအနေနဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အကြောင်းပြုပြီး မကျေမနပ် မဖြစ်ရလေအောင် နိုင်ငံရေးအရ ဆောင်ရွက်ချက်တခုမို့ ပညာရေးနဲ့ ဘယ်လိုမှ မပတ်သက်ဘူး” ဟု ပြောသည်။

ယခုနှစ်တွင် စစ်အစိုးရက ရွေးကောက်ပွဲ လုပ်မည်ဟု ကြေညာထားခြင်းကြောင့် အောင်စာရင်းထွက်သည့်အခါ ယခင်နှစ်များ ကထက် ပိုမို အောင်ချက်များနိုင်ကြောင်း ဆရာများက ဝေဖန်သုံးသပ်နေကြသည်။

ပုံမှန်အားဖြင့် ယခင်နှစ်များက ဘိုင်အို၊ ရူပဗေဒ၊ ဓာတုဗေဒ မေးခွန်းတို့တွင် အခက်အခဲ ကြုံရလေ့ရှိကြောင်း၊ ယမန်နှစ်က ရူပဗေဒဘာသာရပ်တွင် မော်ဒန်ဆိုသည့် အပိုင်း၌ (၁၆) မှတ်တန် (၂) ပုဒ်ပါပြီး ဖြေနိုင်သူအလွန်နည်းကာ သာမန်ကလေးများ မဖြေကြသဖြင့် အခြားရွေးချယ်စရာ နည်းသွားခဲ့ကြောင်း၊ ယခုနှစ်တွင် ဂုဏ်ထူးမှန်းထားသည့် ကလေးများပင် (၃) နာရီစာ ဘိုင်အိုမေးခွန်းကို (၁) နာရီခွဲ (၂) နာရီအတွင်း ပြီးအောင်ဖြေနိုင်ကြကြောင်း စာကျက်ဝိုင်းတခုမှ တာဝန်ခံ ဆရာမကြီးတဦးက
ပြောသည်။

ရန်ကုန်မြို့ နာမည်ကြီးဘော်ဒါဆောင်တခုမှ ဆရာကြီးတဦးကလည်း “ကျနော့်ဆီမှာ သင်္ချာသင်တဲ့ ဆရာက ပြောတယ်။ အခုနှစ် သင်္ချာမေးခွန်းဟာ ၂ဝဝဝ ပြည့်နှစ်က စတွက်ရင် (၁ဝ) နှစ်အတွင်း အလွယ်ဆုံးမေးခွန်းပဲလို့တောင် ပြောတယ်” ဟု ဆိုသည်။

အလားတူ ပြီးခဲ့သည့်နှစ်က စာမေးပွဲ ကျရှုံးပြီး ယခုနှစ်ပြန်ဖြေသူ ကျောင်းသားဟောင်းများကလည်း ယခင်နှစ်ကနှင့် မတူဘဲ မေးခွန်းများလွယ်၍ အားလုံးဖြေနိုင်ကြောင်း ပြောကြသည်။

မြန်မာနိုင်ငံတွင် ပုံမှန်အားဖြင့် တနှစ်လျှင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသည့် ကျောင်းသားကျောင်းသူပေါင်း (၅) သိန်း ဝန်းကျင်ခန့်ရှိပြီး စစ်အစိုးရက ကျောင်းသား (၁) သိန်းကျော်ခန့်ကို အအောင်ပေးလေ့ရှိသည်။ ယခုနှစ် စာမေးပွဲများကို မတ်လ (၁ဝ) ရက်နေ့က စတင်စစ်ဆေးခဲ့သည်။

မျိုးချစ်သူ/ ၁၇ မတ် ၂ဝ၁ဝ
ရင်းမြစ်။ ။ခေတ်ပြိုင်

0 comments:

Post a Comment