Thursday, March 18, 2010

၂၀၁၀ ရွေးကောက်ပွဲဥပဒေကို အကောင်းဘက်က မြင်ကြည့်ခြင်း

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးရဲ့ အောင်သီးအောင်ပွင့်လို့ ပြောလို့ရတဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကတော့ အခုထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဥပဒေရဲ့ ဖျက်ဆီးခြင်းကို ခံလိုက်ရပါပြီ။

မြန်မာ့နိုင်ငံရေးရဲ့ အဓိကပြဿနာဟာ နအဖစစ်အုပ်စုက သူတို့ပေးထားတဲ့ ကတိအတိုင်း ၁၉၉၀ ရလဒ်ကို အကောင်အထည် ဖော်မပေးဘဲ လျစ်လျူရှုထားခြင်းပါ။ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်တိုင် အဲဒီ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို လက်နက်အဖြစ် ကိုင်စွဲပြီး အစိုးရဖွဲ့စည်းရေး၊ အာဏာလွှဲပေးရေး ပြောဆိုရမယ့်အစား အမျိုးသားညီလာခံကို တက်ခဲ့ရပါတယ် (ဘယ်သူမှားတယ်၊ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို အခုချိန်မှာ နောက်ကြောင်းပြန် စောကြောရမယ့်အချိန် မဟုတ်တော့ပါဘူး)။

နှစ် (၂၀) နီးပါးမျှကာလအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အတုအယောင် အမျိုးသားညီလာခံ၊ ပါတီဆိုင်းဘုတ် မပြုတ်ကျရေး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးခံ ဒီချုပ်ပါတီဝင်များ ပြန်လွှတ်ရေး၊ တွေ့ဆုံဆွေးနွေးရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ … စတဲ့ နအဖ ဖန်တီးထားတဲ့ မှော်ရုံတောပေါ်မှာ တောင်းဆိုချက်၊ ကြေညာချက်တွေ တပွေ့တပိုက် သယ်ဆောင်ရင်း တ၀ဲလည်လည် လိုက်ပါမျောနေရာက အခု ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်လိုက်ချိန်မှာတော့ နိုင်ငံရေးလမ်းဆုံ၊ လမ်းခွသို့ တွန်းပို့ခံလိုက်ရပါပြီ။

ပါတီဆက်လက်ရပ်တည်ရေးအတွက် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပယ်၊ အရင်က ကိုင်စွဲထားတဲ့ ယုံကြည်ချက်တွေ မူလမ်းစဉ်တွေကို စွန့်လွှတ်ပြီး ရွေးကောက်ပွဲဝင်မလား၊ ဒါမှမဟုတ် အနိုင်ရပါတီ ဂုဏ်သိက္ခာနဲ့ လူထုအပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်အရ ပြတ်ပြတ်သားသား တိုက်ပွဲဝင်မလားဆိုတာ ဆုံးဖြတ်ချက်ချရပါတော့မယ်။ အချိန်ကန့်သတ်ချက်ထားတာမို့ အရင်ကာလတွေလို ဖြတ်သန်းလို့ မရတော့ပါဘူး။

ဒီတော့ နအဖ အခုလို ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဥပဒေကို ကြိုဆိုဖို့ မသင့်သော် ငြားလည်း အနှစ် (၂၀) ကာလ ဟိုမရောက်၊ ဒီမရောက် ရပ်တည်လာရတဲ့ အခြေအနေကို အဆုံးသတ်ပေးလိုက်တာဖြစ်တယ်လို့ အကောင်းမြင်ကြည့်မိပါတယ်။ ဒါ့အပြင် အခုရွေးကောက်ပွဲဥပဒေတွေဟာ ဘယ်လိုမှ လက်မခံနိုင်စရာဖြစ်နေတဲ့ ကန့်သတ်ဘောင်များ ပါရှိနေလို့ အတိုက်အခံအင်အားစုတွေအတွက် တူညီသော ဆုံးဖြတ်ချက်နဲ့ စည်းလုံးညီညွတ်မှုကို ပိုရနိုင်မှာလည်း ဖြစ်ပါတယ်။

တကယ်လို့သာ ရွေးကောက်ပွဲဥပဒေထဲမှာ ထောင်ကျသူတွေ ၀င်ရောက်အရွေးခံခွင့် ရှိတယ်၊ ပါတီဝင် ဖြစ်ခွင့်ရှိတယ်ဆိုပြီး ပါလာမယ်၊ တပြိုင်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်ရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲ ၀င်နိုင်ပါ့မလား။ ရွှေဂုံတိုင်ကြေညာချက်ပါ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး တောင်းဆိုချက်ကို နအဖဘက်က မလိုက်လျောပေးသရွေ့ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်အရွေးခံဖို့ဆိုတာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဖြစ်နိုင်ပါဘူး။ ဖြစ်လည်းမဖြစ်သင့်ပါဘူး။

ဒါပေမယ့် ပါတီရပ်တည်ရေးအတွက် ယှဉ်ပြိုင်သင့်တယ်၊ လွှတ်တော်ထဲမှာ ဆက်လက်တိုက်ပွဲဝင်မယ်ဆိုပြီး ရွေးကောက်ပွဲဝင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲမှာ လေသံအချို့ ထွက်နေချိန်မှာ အဲလိုရွေးကောက်ပွဲဥပဒေကြောင့် ပါတီတောင် ကွဲနိုင်ပါသေးတယ်၊ မကွဲရင်တောင် အချို့ခွဲထွက်ပြီး အရွေးခံမယ့်လူတွေ ပေါ်လာနိုင်ပါတယ်။ (အရင် အမျိုးသားညီလာခံကနေ ဒီချုပ် နုတ်ထွက်ခဲ့ပြီးနောက်ပိုင်း လွှတ်တော်အမတ်အချို့ ပါတီက စွန့်ခွာမှုမျိုးပါ)။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး ရွေးကောက်ပွဲမှာ ပါဝင်ခိုင်းတဲ့အပေါ် ကမ္ဘာ့ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာကလည်း နအဖ ရွေးကောက်ပွဲဥပဒေကို ကြိုဆိုချီးကျူး ထောပနာပြုမှုတွေတောင် လုပ်လာကြမှာဖြစ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၀၈ အခြေခံဥပဒေဖွဲ့စည်းပုံကြောင့် ရှေ့တိုးရခက်၊ နောက်ဆုတ်ရခက် အခြေအနေမျိုးတောင် ဆိုင်ရောက်နိုင်ပါသေးတယ်။

အခုတော့ နအဖဘက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းဖို့အထိ ရည်ရွယ်ပြီး ပြတ်ပြတ်သားသား စစ်ကြေညာတဲ့ ဥပဒေဖြစ်လို့ ရွေးကောက်ပွဲဆန့်ကျင်ရေး တွန့်ဆုတ်နေသူတွေ၊ ပါတီဆိုင်းဘုတ် မဖျက်ခံရရေးအတွက် ရွေးကောက်ပွဲ ၀င်ချင်သူတွေအနေနဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက် ချနိုင်လောက်ပါပြီ။

တကယ်လို့သာ ရွေးကောက်ပွဲဝင်မိရင်လည်း လူထုက မဲမပေးဘဲ ဒဏ်ခတ်ကြပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ လူထုက ယုံကြည်ကိုးစားထားတဲ့ ပါတီကနေ ဖောက်ပြန်လာတဲ့သူတွေ၊ တောခိုပြီးမှ လက်နက်ချလာသူတွေကို မြန်မာပြည်လူထုက ဆေးဖော်ကြောဖက် မလုပ်ကြလို့ပါဘဲ။ ဒါကိုလည်း သတိချပ်သင့်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မကြာမီကာလအတွင်း ပြတ်သားတဲ့ ဆုံးဖြတ်ချက် မလွှဲမသွေ ချရပါတော့မယ်။ ဒီချုပ်ခေါင်းဆောင်တွေအနေနဲ့လည်း ပါတီရဲ့သမိုင်းတလျှောက်လုံးမှာ အခက်ခဲဆုံး ဆုံးဖြတ်ချက် ချရတော့မှာဖြစ်ပါတယ်။ သေချာတာတခုကတော့ အဲဒီဆုံးဖြတ်ချက်နဲ့အတူ ထွက်ပေါ်လာမယ့် ကြေညာချက်ဟာ ဒီချုပ် စတင်ဖွဲ့စည်းစဉ်ကတည်းက ထုတ်ပြန်ပြီးသမျှ ကြေညာချက်တွေထဲမှာ လူအများ စိတ်ဝင်စားမှုအဖြစ်ဆုံး ဖြစ်ပါလိမ့်မယ်။

တပြိုင်တည်းမှာပဲ လူထုတရပ်လုံးကလည်း မိမိတို့ ထောက်ခံအားပေးနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အကျဉ်းအကျပ်ထဲ ရောက်နေချိန်မှာ နောက်ဆုံး ဆုံးဖြတ်ချက်အပေါ် ဘယ်လို ၀န်းရံလိုက်ပါ ဆောင်ရွက်သွားမလဲဆိုတာ ပြင်ဆင်ထားရတော့မယ့် အချိန် ကျရောက်နေပါပြီ။ ကိုးကွယ်ဆည်းကပ်ရာ ဘုရားသားတော် သံဃာတွေ ၂၀၀၇ ခုနှစ်၊ ရွှေဝါရောင်တော်လှန်ရေး ကာလအတွင်း သွေးမြေကျခဲ့တုန်းက တကြိမ်၊ မိမိတို့ သားစဉ်မြေးဆက်တခုလုံးကို စစ်ကျွန်ဘ၀သွတ်သွင်းမယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လူထုဆန္ဒခံယူပွဲမှာ အလိမ်ခံလိုက်ရတုန်းက တကြိမ် ခေါင်းဆောင်ပျောက်နေလို့ နအဖ လုပ်သမျှကို ကြိတ်မနိုင်ခဲမရ တအုံ့နွေးနွေး ခံစားနေရတဲ့ လူထုအနေနဲ့ မကြာတော့တဲ့ကာလမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြီးရဲ့ ဆုံးဖြတ်ချက်နဲ့အတူ လက်တွဲဝန်းရံ ပါဝင်ရပါလိမ့်မယ်။ ဒါကလည်း မျက်မှောက်ခေတ်သမိုင်းရဲ့ တောင်းဆိုချက်အရ ထမ်းဆောင်ရွက်ရမယ့် တာဝန်တွေပါ။

မီဒီယာတွေမှာ အချို့သော နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းက လူပုဂ္ဂိုလ်အချို့က ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေကတော့ဖြင့် ရွေးကောက်ပွဲကျင်းပမယ့် ဘယ်နေ့၊ ဘယ်ရက် အချိန်ကာလ မပါဘူးဆိုတဲ့ အရေးမကြီးတော့တဲ့ ဟာလေး ဆုပ်ကိုင်ပြောဆို နေရုံဖြင့် မပြီးပါ။ ၂၀၀၈ ဖွဲ့စည်းပုံအရ တကယ့်အာဏာက စစ်တပ်လက်ထဲမှာသာရှိတာမို့ အာဏာကော တကယ်လွှဲပေးမှာလား ဆိုတဲ့ သံသယတွေလည်း မထားသင့်တော့ပါ။ အဲဒါတွေက နအဖလုပ်ရပ်ကို ရှုတ်ချပြောဆိုတာထက် မပိုပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ရွေးမလား၊ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးမလား၊ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပယ် ပါတီရဲ့မူတွေ စွန့်လွှတ်ပြီး သိက္ခာမဲ့စွာဖြင့် ၀င်ရောက်အရွေးခံရင်ကော လူထုလက်ခံမှာတဲ့လား၊ လက်မခံလို့ မြောင်းထဲရောက်တာထက်စာရင် ဘယ်လိုတိုက်ပွဲဝင်မလဲ စတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သေရေးရှင်ရေးကိစ္စတွေ ဆွေးနွေးရမယ့်အချိန်မှာ ရှုတ်ချနေရုံနဲ့ ပြဿနာကို မကျော်လွှားနိုင်ပါ။ ဘာကြောင့်လဲဆိုတော့ တကယ့်လက်တွေ့ပြဿနာက ဖွဲ့စည်းပုံအကျပ်အတည်း ဖြစ်လို့ပါပဲ။

တိုက်ဆိုင်မှုတခုကတော့ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး လက်မခံနိုင်တဲ့ အပစ်ရပ်အဖွဲ့တွေရဲ့ ဆက်လက်ရပ်တည်ရေး ပြဿနာနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် … စတဲ့ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီတွေရဲ့ ပါတီဆက်လက်ရပ်တည်ရေး ပြဿနာတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အားနည်းချက် ပြဿနာအပေါ်မှာ အခြေခံတည်ရှိနေတာမို့ ပြိုင်တူတွန်းလျှင်တော့ ရွေ့နိုင်ကောင်းပါတယ်။ ။
ရွှေမောင်းသစ်
၁၈/ မတ် ၂၀၁၀
ရင်းမြစ်။ ။ခေတ်ပြိုင်

0 comments:

Post a Comment