အဆိုပါ အခမ်းအနား၌ နံနက်ပိုင်းတွင် ၁၉၈၈ ခုနှစ်၊ မတ်လ (၁၃) ရက်နေ့က စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရင်း ကျဆုံးခဲ့သည့် ကျောင်းသား ကိုဖုန်းမော်နှင့် ကိုစိုးနိုင်အပါအဝင် ဒီမိုကရေစီ အရေးတော်ပုံအတွင်း ကျဆုံးခဲ့ကြသည့် ရဟန်းရှင်လူ ပြည်သူများအား ရည်စူး၍ ပင့်သံဃာတော် (၇) ပါးအား ဆွမ်းဆက်ကပ်လှူဒါန်း ရေစက်သွန်းချပြီး မွန်းလွဲပိုင်းတွင် လက်ရှိ မြန်မာ့နိုင်ငံရေးကို သုံးသပ်သည့် စကားဝိုင်းတခု ပြုလုပ်ခဲ့သည်။
အခမ်းအနားတက်ရောက်လာသည့် ဒီမိုကရေစီအင်အားစု ရဲဘော်ရဲဘက်များအား စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခွင့်ပြုခဲ့သည်။ ပါဝင်ဆွေးနွေးသူအများစုက ၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ လက်မခံနိုင်ကြောင်း ဆွေးနွေးကြသည်ဟု စက်မှုတက္ကသိုလ်ကျောင်းသားဟောင်း ကိုသံဒုတ်က ပြောသည်။
သူက "၂၀၁၀ ရွေးကောက်ပွဲကို ဘယ်လို တိုက်ဖျက်သွားကြမလဲဆိုတာရယ်၊ ဗမာပြည် ဒီမိုကရေစီ ရရှိရေးအတွက် ကျနော်တို့တွေက လူထုအုံကြွမှုဆီကိုလည်း လူထုလူတန်းစား အလွှာအသီးသီးနဲ့ ဆက်နွယ်ပေါင်းစည်းရမယ်ဆိုတဲ့ တိုက်ပွဲသဏ္ဍာန်ကိုလည်း အများစုက ပြောကြတာရှိတယ်" ဟု ဆိုသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည့်အား နအဖစစ်အစိုးရက မည်သို့ပင် ဟန့်တားနှောင့်ယှက်၊ ဖိနှိပ်ချုပ်ခြယ် နေသော်လည်း ဒီမိုကရေစီအင်အားစုများက သူမအား ဗမာပြည်၏ အမျိုးသားခေါင်းဆောင်အဖြစ် ဆက်လက်ထားရှိပြီး တပ်ဦးမှ ထားရှိရမည်ဆိုသည့် သဘောထားများလည်း ပါဝင်ဆွေးနွေးသူများက ပေးကြကြောင်း ကိုသံဒုတ်က ဆက်လက်ပြောကြားသည်။
ယနေ့ပြုလုပ်သည့် အခမ်းအနားသို့ ဒီမိုကရေစီအင်အားစုများနှင့် ခေါင်းဆောင်များအပါအဝင် ပရိသတ်အင်အား (၅၀) ကျော် တက်ရောက်ခဲ့သည်။
အခမ်းအနား မှတ်တမ်းဓါတ်ပုံများ ဒီနေရာမှာ ကြည့်ရန်
ရင်းမြစ်။ ။yoma3
0 comments:
Post a Comment