Sunday, March 14, 2010

ဟံသာဝတီဦးဝင်းတင်၏ “ဘာလဲဟဲ့ လူ့ငရဲ” စာအုပ်ကို ကိုင်စွဲပြီး စစ်အစိုးရ၏ ၂၀၁၀ ဥပဒေ ၅ ရပ်နဲ့ အခြေခံဥပဒေကို ရင်ဆိုင်ဖြတ်ကျော်ပါ


မတ်လမှာ စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲအတွက် ဥပဒေတွေ ထုတ်ပြန်ကြေငြာပြီးတော့ မြန်မာပြည်သူလူထုကြီးကို စိန်ခေါ် စော်ကားလိုက်တာပါပဲ။ အဲသည်အတွက် ဒီစိန်ခေါ်မှုကို ရင်ဆိုင်ဖြတ်သန်း ကျော်လွှားနိုင်ဖို့ကတော့ အချိန်ချင်းတိုက်ဆိုက်ပြီး ထွက်ပေါ်လာတဲ့ အတိုက်အခံခေါင်ဆောင် ဟံသာဝတီဦးဝင်းတင်ရဲ့ စာအုပ် “ဘာလဲဟဲ့ လူ့ငရဲ” ထောင်တွင်း အတွေ့အကြုံနှင့် အတွေးအမြင်စာအုပ်ပဲ ဖြစ်ပါတယ်။ ကျနော်ကတော့ ဆရာ့ရဲ့ စာအုပ်ကို တမျက်နှာချင်း၊ တကြောင်းချင်း၊ တလုံးချင်း အသေးစိတ်ဖတ်ပြီးတော့ စိတ်ဓာတ်အင်အားတွေ၊ မကြောက်တရား သတ္တိ ခွန်အားတွေ ပြန်လည်မွေးဖွားကြပါစို့၊ စစ်အစိုးရရဲ့ မတရားအနိုင်ထက်စီးနင်းလုပ်ထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေတွေကို ရင်ဆိုင်ကျော်ဖြတ် အနိုင်ယူကြပါစို့လို့ ပြောလိုက်ချင်တာပါပဲ။
မဖတ်ရသေးဘူးလား၊ ၀ယ်ဖတ်ပါ။ မျှဖတ်ပါ၊ တောင်းဖတ်ပါ။ ဖတ်ပြီးပြီလား - ထပ်ခါထပ်ခါ ဖတ်ပါ။ ၈၈ အရေးတော်ပုံအပြီး ၁၉၈၉ ကတည်းက ထောင်ထဲမှာ အနှစ် ၂၀ ကြံ့ကြံ့ခံ တိုက်ပွဲဝင်လာသူ အသက် ၈၀ စာနယ်ဇင်းသမား၊ နိုင်ငံရေးသမားကြီးတဦးရဲ့ စိတ်ဓာတ်၊ ဇွဲနဲ့ အားမာန်တွေ၊ ပြီးတော့ ဘ၀တူ တိုက်ပွဲကျော်၊ တိုက်ပွဲပျော်၊ တော်လှန်ရေးသမားတွေ၊ နိုင်ငံရေးသမားတွေ၊ ကျောင်းသား လူငယ်တွေရဲ့ စွန့်လွှတ် စွန့်စား အနစ်နာခံ ဖြတ်သန်းမှု တိုက်ပွဲတွေကို သင်တို့ အသည်းထဲ၊ ဦးနှောက်ထဲအရောက် စွဲမြဲသည့်ထက် စွဲမြဲအောင် ဖတ်ကြရပါလိမ့်မယ်။ အဲသည်က ရလာတဲ့ အသိ စိတ်ဓာတ် ပညာ သမာဓိနဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေ ၅ ရပ်ကို နှိုင်းယှဉ်ဖတ်ကြည့်လိုက်စမ်းပါ။ အကျဉ်းထောင်ထဲမှာ၊ နေအိမ်အကျယ်ချုပ်ထဲမှာ စွန့်လွှတ် စွန့်စား အသက်ပေးနေကြသူတွေ၊ အသက်ပေးခဲ့ကြသူ မြန်မာပြည်သူလူထုကြီးတရပ်လုံးရဲ့ မျက်နှာဟာ အမှန်တရားဘက်ကို ရဲရဲကြီး လှည့်နေတာ တွေ့ရလိမ့်မယ်။ အဲသည် အမှန်တရားဘက်မှာ စစ်အစိုးရဆိုတာ မရှိပါဘူး။
၈၈ အရေးတော်ပုံကြီးက စခဲ့တဲ့ စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေး တိုက်ပွဲကာလရဲ့ အနှစ် ၂၀ သော တော်လှန်ရေး မော်ကွန်းစာအုပ်ကို ယခု သက်ရှိထင်ရှား မြန်မာပြည်ရဲ့ အတိုက်အခံခေါင်းဆောင်ကြီးတဦးက ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစား အမှန်အတိုင်း မချွင်းမချန် ထင်းထင်းကြီး မှတ်တမ်းတင် ရေးချထားတာကို ဖတ်ပြီး သင်တို့ ကျနော်တို့ ဂုဏ်ယူပါ။ အားကျ လေးစား ကြည်ညို ဦးညွတ်ပါ။ ဒူးထောက် ခေါင်းငုံနေရာက မတ်မတ်ကြီး ထရပ်လို့ လက်သီးလက်မောင်း ဆန့်တန်းလိုက်ကြစမ်းပါ။ အဲသည်ရဲ့ အနာဂတ်မှာ စစ်အာဏာရှင်ဆိုတာ မရှိပါ။
            ကျနော်ကတော့ သည်စာအုပ်ကို မြန်မာပြည်ကြီးအနှံ့ တောကြို တောင်ကြား ကျေးလက်တောရွာအနှံ့ ဖြန့်ချိဝေငှပေးချင်ပါတယ်။ စစ်အာဏာရှင်တွေရဲ့ လက်နက်မိုးအောက်မှာ လေးလံပိပြားနေရသူတွေ မျက်စိရှေ့အရောက်မှာ စာမျက်နှာတွေကို ဖွင့်ဖတ်လို့ ပြလိုက်ချင်ပါတယ်။ အဲသည်စာအုပ်ဟာ မြန်မာပြည်ဒီမိုကရေစီအရေးတော်ပုံရဲ့ မော်ကွန်းကျောက်စာတိုင်များလို နေရာအနှံ့မှာ စိုက်ထူလိုက်ချင်ပါတယ်။
        ဆရာဦးဝင်းတင် သက်တော် ရာကျော် ရှည်ပါစေ။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့နဲ့အတူ၊ အင်န်အယ်ဒီပါတီက ရဲရင့်သူများနဲ့အတူ၊ ၈၈ မျိုးဆက် ကျောင်းသားလူငယ်တွေနဲ့အတူ၊ ဒီမိုကရေစီကို ဘာနဲ့မှ မလဲချင်တဲ့ မြန်မာပြည်သူတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ၊ မိသားစုတွေနဲ့အတူ၊ မျိုးဆက်သစ်များနဲ့အတူ အမြဲထာဝရ ရပ်တည်သူဟာ ဆရာဦးဝင်းတင် ပဲ ဖြစ်ပါတယ်။ ကျနော်သည်ကနေ ဂါရ၀ပြု ကန်တော့ပါတယ်။
 
မောင်ရစ်
မတ် ၁၄၊ ၂၀၁၀
ရင်းမြစ်။ ။မိုးမခ

0 comments:

Post a Comment