Sunday, March 14, 2010

အမေ (သို့ မဟုတ်) မီးလျှံထဲက ဖီးနစ်ငှက်


မျက်လုံးချို့ နေသူတစုက… တိုင်းပြည်ဆိုသောယာဉ်ကို… အဖြစ်မောင်းလာသည်
လမ်းပြနိုင်သူကိုတော့… အကျဉ်းချထားတာ…နှစ်ပေါင်းကြာပြီ
လှောင်အိမ်ထဲက ဖီးနစ်ငှက်ကို… အနီးကပ်ပစ်ဖို့ … အလစ်ချောင်းလာသည်
တရားခံတွေက…တရားပြန်စွဲနေတဲ့အထိ…ခေတ်ပြောင်းလာပြီ။
မျှော်လင့်ခြင်းလမင်းမှာ… တိမ်မည်းတွေစွန်းတာ… ညဥ့်ပေါင်းရာချီ
စစ်ဖိနပ်အောက်မှာ…ပန်းတွေကြွေခဲ့တာလည်း…အဖြစ်ပေါင်းရာချီ
ကမ္ဘာ့မျက်လုံးတွေရှေ့ မှာ ပေါ်တင်…လူချသည်အထိ…ညစ်ကောင်းလာသည်
မြန်မာကို ကမ္ဘာက သိနေတာက… စစ်ထောင်းရာပြည်။
ရဟန်းသံဃာတွေကိုပါ…သတ်ရဲသည်အထိ…လက်ယဉ်လာပြီ
မုဒိမ်းစစ်ကန်းတွေက… ဘိန်းပစ်ဖမ်းသလို… အကွက်ဆင်လာပြီ
ပြည်သူတွေဆိုတာလည်း… လက်ခုပ်ထဲကရေလို့ သူတို့ …ဆက်ထင်လာပြီ
ကြီးနိုင်ငယ်ညှဉ်းဝါဒဟာ… မင်းသားတယောက်လိုပေါ်တင်…အသက်ဝင်လာပြီ။
တိုင်းပြည်ကို အမဲဖျက်သလို..သူတို့ … ဖျက်ချင်နေလားမသိ
ပြည်သူ့ သွေးကို တစက်ပြီး တစက်..သူတို့ … လျက်ချင်နေလားမသိ
အမေ့ကို အကျဉ်းထောင်ထဲမှာ ထာဝရ… ဝှက်ချင်နေလားမသိ
သမိုင်းထဲက ဗီလိန်တွေလို သူတို့ အသက်… ထွက်ချင်နေသလားမသိ။
ချော့နေတုန်းမှာမှ… အစွယ်ထုတ်ပြလိုက်တော့… အားလုံးအခက်ပွေ
အခုအစော်ကားခံလိုက်ရတာဟာ… အဖိနှိပ်ခံ… အားလုံးရဲ့ အမေ

နောက်ဆုံးသစ်ရွက်လေး ကြွေသွားမှာစိုးပြီး..အားလုံး…စကားလုံးမဲ့နေ
တစင်းပြီးတစင်း…ရင်ကို တည့်တည့်ခွင်းတဲ့…အခါးဆုံးရက်တွေ။
အမေ့ခြံနံပါတ် ငါးဆယ့်လေးဆိုတာ
မျှော်လင့်ခြင်းရဲ့ ပြယုဂ် အားတက်ဆေးပေါ့
အမေ့အမြင်ပုံစံကို အငှားဆောင်ပြီး သားတို့ အများအတွက်တွေးမယ်
အမေ့ရင်ခုန်သံကို ကြားယောင်ပြီး သားတို့ အားဆက်မွေးမယ်။
လူတစုကတော့ တိုင်းပြည်ကို ပြန်ပေးဆွဲသွားပြီ အမှောင်လမ်းတခုဆီ
အချိန်မီးစာလည်း တငွေ့ ငွေ့ နဲ့ လောင်ကျွမ်းလုပြီ
နတ်ကောင်းနတ်မြတ်တို့ ဆောင်ကြဉ်းပေးပါ အောင်ပန်းသူ့ ဆီ
ကျန်းမာပါစေ မျှော်လင့်ချက်တို့ရဲ့မိခင် အောင်ဆန်းစုကြည်။

ကောင်းကင်ကို ၏ “  မကျွတ်သေးတဲ့တစ္ဆေ” ကဗျာစာအုပ်မှ

0 comments:

Post a Comment