Wednesday, March 17, 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မြင်တွေ့ဖွယ်ရှိတဲ့ ဖြစ်ရပ်များ

 (အချိန်နဲ့ တိုက်ဆိုင်တဲ့ ဆောင်းပါးကို ပြန်လည်တင်ဆက်လိုက်ပါတယ်)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မြင်တွေ့ဖွယ်ရှိတဲ့ ဖြစ်ရပ်များ
မောင်ရွှေ
မေ ၁၉၊ ၂၀၀၉
အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော ရေကူးဝင်ရောက်ခဲ့မူနှင့် ပတ်သက်ပြီး မေလ ၁၄ ရက်နေ့မှာ ပုဒ်မ ၂၂/၁၀၉ ဖြင့် နအဖက တရားစွဲဆိုလိုက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းများကြောင့် လူထု အတွင်း နိုင်ငံရေး နိုးကြားမှု အရှိန်အဟုန် တစ်ခု ပေါ်ပေါက်လာနေတာကို ယနေ့ မြင်တွေ့နေရပါတယ်။
တချိန်တည်းမှာလည်း တွေ့ဆုံ ဆွေးနွေးရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ပတ်သက်လို့ နအဖရဲ့ အတွင်းသရုပ်သဏ္ဌာန် ဘယ်လိုရှိတယ် ဆိုတာ ပိုမိုပေါ်လွင်လာနေတာကိုလည်း တနေ့တခြား တွေ့မြင်နေရပါတယ်။
ဒီအချက်ဟာ NLD ရဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းအပေါ် နအဖက ဘယ်လို တုံ့ပြန်မှာလဲ ဆိုတာ စောင့်ကြည့်နေသူများအတွက် အဖြေ ရှာတွေ့နိုင်ပြီ ဖြစ်သလို NLD ကလည်း ဘယ်လိုများ ဆက်လျှောက်လှမ်းမှာလဲ ဆိုတာ တွေးကြည့်မိပါတယ်။
တွေ့ဆုံ ဆွေးနွေးဖို့ ဆန္ဒ မရှိတဲ့ နအဖ
ဒေါ်စုနဲ့ ဆွေးနွေးဖို့ အတွက် “Precondition” တွေ လုပ်ထားတဲ့ ဗိုလ်သန်းရွှေက နိုင်ငံတကာ ဖိအားကို ရှောင်လွှဲဖို့ ဆက်ဆံရေး ၀န်ကြီး တစ်ယောက် ဟန်ပြ ခန့်ထားခဲ့တယ်။ အကျိုးရှိမယ့် ရလဒ် မထွက်နိုင်အောင် ဖန်တီးထားတဲ့ အခြေအနေတွေ ကြားထဲကနေ ဒေါ်စုကို အင်းစိန်ထောင်ပို့ တရားစွဲဆိုလိုက်တယ်။ အခုလို တရားစွဲဆိုထားရာကနေ အကျယ်ချုပ် ထပ်တိုးတယ်၊ သို့မဟုတ် အင်းစိန်ထောင်ထဲမှာ ထောင်ဒဏ် ချမှတ်လိုက်တယ် ဆိုရင်တော့ နအဖဟာ ဘယ်လိုနည်းနဲ့မှ တွေ့ဆုံ ဆွေးနွေးရန် ဆန္ဒ မရှိကြောင်းနဲ့ သူ ဖြစ်ချင်သလို ဆက်လုပ်တော့မယ် ဆိုတာကို အထင်အရှား ပြလိုက်တာပဲ ဖြစ်ပါတယ်။ 
NLD ရဲ့ ရွှေဂုံတိုင် ကြေညာ စာတမ်း အပါအ၀င် အစဉ်တစိုက် တောင်းဆိုနေခဲ့တဲ့ တွေ့ဆုံ ဆွေးနွေးရေးအဆိုပြုချက်များ၊ နိုင်ငံတကာက တောင်းဆိုနေတဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းများကို မျက်နှာလွဲ ခဲပစ် လုပ်ပြလိုက်တာပဲ ဖြစ်ပါတယ်။ ယခင်ကလည်း လုပ်ခဲ့တယ်၊ ယခုလည်း လုပ်တယ်၊ နောင်လည်း လုပ်ဦးမှာ ဆိုတဲ့ သဘောလည်း သက်ရောက်နေပါတယ်။ 
‘’ဒေါ်စုကိုလည်း နအဖက အကျဉ်းချလိုက်ပြီ၊ ရွှေဂုံတိုင် ကြေညာစာတမ်းကိုလည်း နအဖက မထေမဲ့မြင် ပြုလိုက်ပြီ၊ NLD က ဘယ်လို တုံ့ပြန် ဆောင်ရွက်မှာလဲ’’ ဆိုတဲ့ မေးခွန်းပါ။
ဖိအားများအောက်က NLD
လူထုက မေးမယ့် မေးခွန်း တစ်ခုက ‘’ဒေါ်စုကိုလည်း နအဖက အကျဉ်းချလိုက်ပြီ၊ ရွှေဂုံတိုင် ကြေညာစာတမ်းကိုလည်း နအဖက မထေမဲ့မြင်ပြုလိုက်ပြီ၊ NLD က ဘယ်လို တုံ့ပြန် ဆောင်ရွက်မှာလဲ’’ ဆိုတဲ့ မေးခွန်းပါ။ ဒီအချိန်မှာ သတိပြုရမှာက မြန်မ့ာ ဒီမိုကရေစီ တိုက်ပွဲ ဆယ် စုနှစ် ၂ စုကျော် ကြာမြင့်လာမှုအပေါ် အားမလို အားမရ ဖြစ်နေသူ ဒီမိုကရေစီ လိုလားသူ လူထုရဲ့ ဖိအားတွေ NLD အပေါ် ပိုမို ကျရောက်လာမယ့် အရေးပဲ ဖြစ်ပါတယ်။  
လူထုကို ပြတ်ပြတ်သားသား ဦးဆောင်ဖို့လိုတယ်၊ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ရခဲ့တဲ့ မဲတွေက စစ်အာဏာရှင် စနစ်ကို တိုက်ဖျက်နိုင်ဖို့ လူထုက ပြတ်ပြတ် သားသား ပေးခဲ့တဲ့ Mandate ဖြစ်တယ်၊ NLD ရဲ့ ဦးဆောင်မှု မပြတ်သားလို့၊ အရည်အသွေး နိမ့်လို့ နအဖဟာ မြန်မာ့နိုင်ငံရေး ဇာတ်ခုံအပေါ်မှာ သူချည်းသာ - “ဒါရိုက်တာ၊ ၀တ္တုရေးသူ၊ ဇာတ်ညွန်းဆရာ၊ ကိုယ်တိုင် သရုပ်ဆောင် အပြင် ထုတ်လုပ်သူ” အဖြစ်ပါ နေရာတွေ ရယူထားနိုင်ခဲ့တယ်၊ … အစရှိတဲ့ ဝေဖန်မှုများဟာ ပြည်တွင်း/ပြည်ပ၊ ပါတီတွင်း/ပါတီပြင်ပ နေရာများမှာ ထွက်ပေါ်နေခဲ့တာ အချိန် တခု ရှိနေပါပြီ။ ဒေါ်စုကိုသာ အပြစ်ဒဏ်ပေးပြီးသွားရင် ဒီဝေဖန်မှုတွေနဲ့အတူ NLD အပေါ် ဖိအားတွေ ပိုမို ပေါ်ထွက်လာမှာ သေချာပေါက် ဖြစ်ပါ တယ်။  
တဖက်ကလည်း ပါတီ ဆက်လက် ရပ်တည် နေနိုင်ရေးသည်သာ ပထမ၊ ဒုတိယ၊ တတိယ ဦးစားပေး ဖြစ်တယ်ဆိုတဲ့ အတွေးခေါ်နဲ့ အတူ ဒီပဲယင်း အရေးအခင်းလို အဖြစ်အပျက်ကို ရင်ဆိုင်ခဲ့ရစဉ်မှာပင် တပြည်လုံးက ပါတီဝင်များရဲ့ ပေါက်ကွဲတော့မယ့် ဆန္ဒကို ပါတီတွင်းမှာပဲ နည်းလမ်း အမျိုးမျိုးနဲ့ ထိန်းသိမ်း ဆောင်ရွက်ခဲ့တဲ့ ဖြစ်စဉ်များလည်း ရှိခဲ့ပြီး ဖြစ်ပါတယ်။
 အဓိက ဆောင်ရွက်မှုများအဖြစ် နအဖရဲ့ ဒီမိုကရေစီ နည်းလမ်း မကျတဲ့ ပြုမူ ဆောင်ရွက်မှု အမျိုးမျိုး အပေါ် ထုတ်ပြန်ခဲ့တဲ့ အသီးသီးသော ကြေညာချက်၊ တောင်းဆိုချက်၊ စာစောင်၊ စာတမ်း မျိုးစုံကို လေ့လာတွေ့ရှိရပါတယ်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင် လှုပ်ရှားမှုမှာလည်း ပါတီအနေနဲ့ ကြေညာချက်၊ တောင်းဆိုချက် ဆိုတာတွေချည်း ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။ 
နအဖဘက်ကို ကြည့်ရင် ယခင်နှစ်များက ဆောင်ရွက်ခဲ့တဲ့အတိုင်း ဒေါ်စုကို အကျယ်ချုပ် သက်တမ်း တိုးနိုင်တဲ့ နည်းလမ်း ရှိပြီး ဖြစ်နေပေမယ့် ဒီနည်းကို မသုံးတော့ဘဲ ယခုလို တရားစွဲတာသည် တမင် ပွဲဆူအောင် လုပ်ခြင်းလား -
ရည်ရွယ်ချက်ရှိရှိနဲ့ ပွဲဆူအောင် လုပ်တာ ဆိုရင် NLD အပေါ် လူထုဖိအား များများ ရောက်လာတာကို နအဖက မြင်တွေ့ချင် နေတာလား -
ဒီလိုဆိုရင် NLD အပေါ် ဖိအား များလာတာဟာ သူ့အတွက် အကျိုးရှိနိုင်လို့လား -
အကျိုးရှိစေမယ် ဆိုရင် ဘယ်လိုအကျိုးရလဒ်ကို သူမျှော်မှန်းတာလဲ -
စသဖြင့် ထပ်မံ သုံးသပ်စရာများလည်း ရှိလာပါတယ်။ 
NLD  ရှေ့ဆက်ရမယ့် ခရီး
ဘယ်လို အကြောင်းကြောင့်ပဲ ဖြစ်စေ ယနေ့ဖြစ်ရပ်ဟာ NLD အပေါ် ဖိအားတွေ ရောက်လာစေခဲ့ပါပြီ။ ဒီအခြေအနေဟာ ရှေ့လာမယ့် နိုင်ငံရေး အခင်းအကျင်း အတွက် မလွဲမသွေ ထည့်သွင်း စဉ်းစားရမယ့် အချက် တစ်ခု ဖြစ်ပါတယ်။
ဖြစ်ပေါ်လာမယ့် ဖိအားများနဲ့ NLD ရဲ့ ယခင် ဆောင်ရွက်ခဲ့တဲ့ အစဉ်အလာများ အပေါ် အခြေခံလို့ မဝေးတော့တဲ့ အနာဂတ် ကာလမှာ NLD ဖြတ်သန်းရမယ့် အခင်းအကျင်း တစ်ခုကို အောက်ပါအတိုင်း Flowchart တခု ချ ဆွဲမိပါတယ်။
ဖြစ်နိုင်ဖွယ်ရှိတဲ့ NLD ရဲ့တုံ့ပြန်မှု အသီးသီးနဲ့ ဒီတုံ့ပြန်မှု အသီးသီးကြောင့် မြင်တွေ့ရဖွယ် ရှိတဲ့ ဖြစ်ရပ်များကို Flowchart မှာ တွေ့နိုင်ပါတယ်။ ဖြစ်ရပ်အသီးသီးကို တွေးတော ဆင်ခြင်ကြည့်ကြရအောင်။ 
Your browser may not support display of this image.ဖြစ်ရပ် (၁)
အပြန်အလှန် ထိန်းကြောင်းမှု စနစ်တွေနဲ့ ပြည့်စုံ ကောင်းမွန်လှတဲ့ အနာဂတ် နိုင်ငံတော် ဖွဲ့စည်းပုံ ဥပဒေနဲ့ အတူ နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အားလုံး ပူးပေါင်း ပါဝင် ဆောင်ရွက်ခွင့် ရကြမယ့် အခွင့်အလမ်း တစ်ခု၊ လမ်းစတစ်ခု၊ တနည်းအားဖြင့် ဖြစ်ရပ် (၁) ဆိုတဲ့ မြင်ကွင်း တစ်ခုကို တွေ့မြင်ရဖို့ “လမ်းစ” မရှိတော့ပါဘူး။  
ကျနော်တို့ ပေးလိုက်ရတာက မင်းကိုနိုင်၊ ကိုကိုကြီးတို့ ၈၈ ကျောင်းသား ခေါင်းဆောင် များ၊ လူငယ် မျိုးဆက်သစ်များ၊ သံဃာ့ခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီဝင်နဲ့ ပါတီဝင်မဟုတ်သူ ဒီမိုကရေစီ အရေး တက်ကြွ လှုပ်ရှားသူများ ဖြစ်ပါတယ်။

ဖြစ်ရပ် (၂)
NLD ပါတီရဲ့ ဦးဆောင်မှု မပါဘဲ ပါတီဝင် အချို့ရဲ့ ဆန္ဒအလျောက် လှုပ်ရှားမှု ပုံစံနဲ့ လူထုကိုပါ လှုံ့ဆော်ရင်း ရွှေဂုံတိုင် ကြေညာစာတမ်းပါ ရည်ရွယ်ချက်များကို ရယူ ပိုင်ဆိုင်နိုင်ရေးအတွက် “တွန်းတွန်း၊ တိုက်တိုက်” ဆောင်ရွက်လာမယ့် နိုင်ငံရေး လှုပ်ရှားမှုများနဲ့ သူ့ရဲ့ အကျိုးဆက် ဖြစ်ပါတယ်။
“Campaign နည်းလမ်း” အမျိုးမျိုးမှသည် လမ်းမပေါ်ထွက် ဆန္ဒပြ၊ ဖိအားပေး တောင်းဆိုမှု ပုံသဏ္ဌာန် အထိ ဖြစ်လာနိုင်တဲ့ တုံ့ပြန်မှု ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် (၂၀) ကာလ အတွင်း မကြာခဏ မြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းမျိုး ဖြစ်ပါတယ်။ NLD နဲ့ နအဖ တို့ အကြား အလျော်အစား ဘာတွေ ရှိနိုင်သလဲ၊ တွေးကြည့်ရအောင်။ 
NLD အတွက် အရှုံးနဲ့ အမြတ် ။ ။ သေချာတာက ပါဝင်ဆောင်ရွက်ကြတဲ့ ပါတီဝင်တွေအပြင် ဦးဆောင်မှုကောင်းသူ၊ နအဖအတွက် အန္တရာယ်လို့ သတ်မှတ်ထားသူများ၊ လူထုကို စည်းရုံး လှုံဆော်နိုင်စွမ်းရှိသူများ “အားလုံး ထောင်ထဲ ရောက်”ကြပါလိမ့်မယ်။
လှုပ်ရှားမှုကလည်း ယခင်က ဆောင်ရွက်ခဲ့တဲ့ အတိုင်းအတာလောက်သာ ရှိမယ် ဆိုရင် သူတို့ ရည်ရွယ်ချက်များ မအောင်မြင်နိုင်ပါဘူး၊ နအဖကို ထိရောက်တဲ့ ဖိအား ပေးနိုင်မှာ မဟုတ်ပါဘူး။ ပါတီကလည်း “ရေမြွေသာသာ” အပြင်မှာ ကျန်ခဲ့ပါလိမ့်မယ်။
ဒါပေမယ့် ယနေ့ လူထုရဲ့ နိုင်ငံရေး ပြန်လည် နိုးကြားလာမှုကိုတော့ အတိုင်းအတာ တခုအထိ ဆက်လက် ထိန်းသိမ်းထားနိုင်ပါ့မယ်။ NLD ပါတီဝင်များရဲ့ ဒီမိုကရေစီအရေး ကြိုးပမ်း အားထုတ်မှုများကို လူထုက အတိုင်းအတာ တခုအထိ အသိအမှတ် ပြုနေပါဦးမယ်။ 
နအဖအတွက် အရှုံးနဲ့ အမြတ် ။ ။ ယခု လက်ရှိ ရင်ဆိုင်နေရတဲ့ ဖိအားထက် ပိုတဲ့ ဖိအားမျိုး ရင်ဆိုင်ရဖို့ အခြေအနေ မရှိပါ။ လက်ရှိ ခြေလှမ်းများ အတိုင်း ရှေ့ဆက်လှမ်းနေမှာ ဖြစ်ပါတယ်။ နအဖအတွက် ရေမြွေသာသာ NLD ရှိနေခြင်းက NLD ကို ဖျက်သိမ်းပစ်လိုက်လို့ ရင်ဆိုင်ရမယ့် ဖိအားကို ရှောင်နိုင်တဲ့အပြင် နိုင်ငံရေး ဇာတ်ခုံကိုလည်း ယခုအတိုင်း စိတ်တိုင်းကျ ဆက်လက် ချယ်လှယ်ခွင့်၊ ဦးဆောင်ခွင့် ရနေဦးမှာ ဖြစ်ပါတယ်။  
ဇာတ်ပေါင်းရင် NLD အရှုံးများပြီး နအဖ အမြတ်ထွက်တဲ့ အခြေအနေပါ။ ၂၀၀၇ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ကို ပြန်လည် သတိရဖို့လိုပါတယ်။ ကျနော်တို့ ပေးလိုက်ရတာက မင်းကိုနိုင်၊ ကိုကိုကြီးတို့ ၈၈ ကျောင်းသား ခေါင်းဆောင်များ၊ လူငယ်မျိုးဆက်သစ်များ၊ သံဃာ့ခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီဝင်နဲ့ ပါတီဝင်မဟုတ်သူ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ ဖြစ်ပါတယ်။
ရလိုက်တာက အချိန်ဆွဲနေတဲ့ အမျိုးသားညီလာခံ အဆုံးသတ်သွားခြင်း၊ ရည်ရွယ်ချက် ရှိရှိနဲ့ ဖျောက်ထားတဲ့ လမ်းပြမြေပုံ အချိန်ဇယားမှာ ၂၀၀၈ ဆန္ဒခံယူပွဲနဲ့ ၂၀၁၀ ရွေးကောက်ပွဲ သတ်မှတ်ပေးရခြင်း၊ နိုင်ငံတကာရဲ့ တိုးမြင့်လာတဲ့ ဖိအားနဲ့ ထင်ရှားလာတဲ့ နအဖရဲ့ အတွင်းသရုပ်မှန်တို့ ဖြစ်ပါတယ်။
ဒါပေမယ့် ၂၀၀၈ ဆန္ဒခံယူပွဲကာလနဲ့ ယနေ့ အချိန်တွေမှာ အထက်က ခေါင်းဆောင်တွေ၊ မျိုးဆက်သစ်တွေ မပါဝင် နိုင်တော့တဲ့ အခြေအနေကို ကြည့်ရင် ကျနော်တို့ ပေးဆပ်ခဲ့ရတဲ့ အတိုင်းအတာ ဘယ်လောက် များတယ် ဆိုတာ စာဖတ်သူများ တွက်ကြည့် နိုင်ပါတယ်။  
ဒီအတွက်ကြောင့် NLD ဟာ ဖြစ်ရပ်(၂) အခြေအနေကို ရှောင်သင့်တယ်လို့ ထင်မြင်မိပါတယ်။ တနည်းအားဖြင့်လည်း ယနေ့ ဒေါ်စုကို တရားစွဲကာ ပွဲဆူအောင် ဖန်တီးနေတဲ့ နအဖဟာ ဒီအခြေအနေကို ရချင်လို့ ဆောင်ရွက်နေတာလို့ မြင်မိပါတယ်။
ဒီအပြင် ဖြစ်ရပ်(၂) ဟာ အဲဒီနေရာမှာ ရပ်တည်သွားမှာ မဟုတ်ပါဘူး။ အင်အားများ ထပ်မံချိနဲ့သွားရပြန်တဲ့ NLD ဟာ တက်မစုံ ရွက်မစုံနဲ့ ဖြစ်ရပ် (၄) (၅) (၆) တခုခုကို ရင်ဆိုင် ဖြတ်သန်းရဦးမှာပါ။ အဆက်အစပ် ရှိနေစေဖို့ ဖြစ်ရပ် (၃)ကို ကျော်ပြီး ဖြစ်ရပ် (၄) (၅) (၆)ကို ဆက်လက် တင်ပြပါမယ်။
နအဖရဲ့ ရွေးကောက်ပွဲ ဥပဒေသစ်မှာ ရွေးကောက်ပွဲ မ၀င်သော်လည်း နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်နိုင်သည် ဆိုရင်တော့ နအဖကို ထိုင်ကန်တော့သင့်ပါတယ်။
ဖြစ်ရပ် (၄)
၂၀၁၀ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေး ဥပဒေ ပေါ်ထွက်လာမယ့် အချိန်အထိ စောင့်ဆိုင်းရင်း ကြေညာချက်၊ တောင်းဆိုချက် အသီးသီး ထုတ်ပြန်ကောင်း ထုတ်ပြန်နေနိုင်ပါတယ်။ ဥပဒေ ထွက်လာပြီးတဲ့ နောက်တနေ့ - “ရွှေဂုံတိုင်ကြေညာစာတမ်းပါ တောင်းဆိုချက်များ မရရှိသည့်အတွက် ရွေးကောက်ပွဲ မ၀င်တော့ကြောင်း”  ဆုံးဖြတ်ချက် ပါ။  
NLD အတွက် အရှုံးအမြတ် ။ ။ ၁၉၉၀ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေနဲ့ ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေများကို ပယ်ဖျက်လိုက်သည်လို့ ကြေညာရင်း ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေနဲ့ ပါတီ မှတ်ပုံတင်ခြင်း ဥပဒေသစ်ကို နအဖက ကြေညာမှာ ဖြစ်ပါတယ်။
အဲဒီ ဥပဒေမှာ ရွေးကောက်ပွဲ မ၀င်ရင် ပါတီအဖြစ် ရပ်တည်နေလို့ မရအောင် ဥပဒေကို ရေးဆွဲထားမယ် ဆိုတာ ယုံမှား သံသယဖြစ်ဖွယ် မရှိပါ။ ဒါဆိုရင် NLDရဲ့ အနေအထားသည် မြေပေါ်မှာလည်း မရှိ၊ မြေအောက်မှာလည်း မရှိ၊ ဘေးပယောဂမပါ၊ “မိမိဆန္ဒအရ ဖျက်သိမ်းလိုက်ရသလို” ဖြစ်ပါလိမ့်မယ်။
နအဖရဲ့ လမ်းပြမြေပုံ အဆင့် (၆) လွှတ်တော် ခေါ်ယူခြင်းနဲ့ အဆင့်(၇) အစိုးရ ဖွဲ့စည်းခြင်းများ ပြီးသွားရင် ၁၉၉၀ ရလဒ်သည်လည်း အိပ်မက်ပမာ ကျန်ရစ်ခဲ့ပါလိမ့်မယ်။ ၁၉၉၀ လူထုရဲ့ Mandate အရ ဒီမိုကရေစီတိုက်ပွဲဝင်ရင်း မိသားစုနဲ့ ရှင်ကွဲ/ သေကွဲ ကွဲကြရသူအပေါင်းနဲ့ သူတို့မိသားစုတွေ ရင်ဆိုင်ခဲ့ကြရတဲ့ ဒုက္ခအပေါင်းကို လှောင်ပြောင်ရာ ရောက်မယ့် အပြင် အစကတည်းက မဖွဲ့ပါနဲ့လား၊ တို့ - တခြား ပါတီကို မဲပေးခဲ့မှာပေါ့ လို့ လူထုက ပြောကြပါလိမ့်မယ်။
လုံးဝ (လုံးဝ) မဖြစ်သင့်တဲ့ ဖြစ်ရပ် တစ်ခုပါပဲ။
အကယ်လို့များ နအဖရဲ့ ရွေးကောက်ပွဲ ဥပဒေသစ်မှာ ရွေးကောက်ပွဲ မ၀င်သော်လည်း နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်နိုင်သည် ဆိုရင်တော့ နအဖကို ထိုင်ကန်တော့သင့်ပါတယ်။ 
နအဖအတွက် အရှုံးအမြတ် ။ ။ နအဖ သတင်း ထုတ်ပြန်ရေးအဖွဲ့က သူတို့ အသုံးအတိုင်း ‘’NLD သည် မိမိ ဆန္ဒ အလျောက် မပါဝင်ခြင်း ဖြစ်ပါကြောင်း’’ ‘’ဥပဒေအရ ပါတီအဖြစ်မှ ပျက်ပြယ်သွားခြင်း ဖြစ်ပါကြောင်း’’ ဒူးနှံ့ကာ ပြောကြ ပါလိမ့်မယ်။
NLD ကို ဗဟိုပြုလို့ နိုင်ငံတကာရဲ့ ဖိအားပေး တောင်းဆိုမှုတွေ ဆက်လက် ရင်ဆိုင်စရာ နအဖမှာ မရှိတော့ပါဘူး။ ဇာတ်ပေါင်းရင်တော့ ဒီဖြစ်ရပ် (၄)ဟာ ဗိုလ်သန်းရွှေ အတောင့်တဆုံးနဲ့ ညတိုင်းမက်တဲ့ “ရွှေအိပ်မက်” ဖြစ်ပါတယ်။ တနည်းအားဖြင့် နအဖအတွက် အားမထုတ်ဘဲ ရလိုက်တဲ့ “ဘောနပ်စ်” ကောင်းကောင်း ဖြစ်ပါလိမ့်မယ်။ 
ဖြစ်ရပ် (၅)
၂၀၁၀ ရွေးကောက်ပွဲအတွက် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ရေး ဥပဒေ ပေါ်ထွက်လာပါပြီ။ ဖြစ်ရပ်(၄)လို အဖြစ်မျိုးကိုလည်း ရှောင်ရှားချင်တယ်။ အမတ်နေရာ အားလုံးမှာ ၀င်အရွေးခံပြီး ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ ဥပဒေကြီးကို ထောက်ခံ လိုက်သလို ဖြစ်မယ့် ဖြစ်ရပ်မျိုးကိုလည်း ရှောင်ရှားချင်တယ်၊ ပါတီရဲ့ ဆက်လက် ရှင်သန် ရပ်တည်ရေးအတွက် မတတ်သာလို့ ၀င်ပြိုင်ရတာပါ ဆိုတဲ့ သတင်းစကားကိုလည်း လူထုကို ချပြချင်တဲ့အတွက် ဥပဒေသစ်အရ “နိုင်ငံရေး ပါတီတစ်ခု အနေနဲ့ အနည်းဆုံး ပါဝင်ယှဉ်ပြိုင်ရမယ့် မဲဆန္ဒနယ် အရေအတွက်ကိုပဲ ၀င်ပြိုင်ရတဲ့” ဖြစ်ရပ်ပေါ့။ 
NLD အတွက် အရှုံးအမြတ် ။ ။ နိုင်ငံရေး ပါတီ တစ်ခုအဖြစ် ဆက်လက် ရပ်တည်နေနိုင်တဲ့ အချက်ကလွဲလို့ “ကျန်တာ အရှုံး” လို့ ဆိုနိုင်ပါတယ်။
ပထမဆုံး ၁၉၉၀ ရလဒ် ဆုံးရှုံးပါမယ်။ နောက်ဆက်တွဲအဖြစ် နိုင်ငံတကာရဲ့ ၁၉၉၀ ရလဒ်အပေါ် ထောက်ခံ ရပ်တည်မှုများကို စွန့်လွှတ်ရပါမယ်။
ဒုတိယအနေနဲ့ ပေါ်ပေါက်လာမယ့် လွှတ်တော်ထဲမှာ အနည်းစု အမတ် အရေအတွက်နဲ့ ထိရောက်တဲ့ လုပ်ဆောင်ချက် ပြသနိုင်စရာ လမ်းစ မတွေ့မိပါဘူး။
ဒါဟာ နိုင်ငံရေးအရ သေဆုံးခြင်းပါပဲ။
အမျိုးသား ညီလာခံမှာလည်း ဒီမိုကရေစီနည်းလမ်း မကျလို့ ရေးဆွဲမယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် လူထုအတွက် အကျိုးရှိဖွယ် မမြင်ဆိုပြီး ကန့်ကွက်ခဲ့တယ်၊ ၂၀၀၈ လူထု ဆန္ဒခံယူပွဲမှာလည်း ဒီမိုကရေစီ နည်းလမ်းမကျတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကန့်ကွက်ကြဖို့ ဆော်သြခဲ့တယ်၊ အဲဒီနေ့ အဲဒီ အချိန်မှာတော့ အဲဒီ ဖွဲ့စည်းပုံထဲမှာပဲ ဘာမှလည်း ပြုပြင် ပြောင်းလဲမှုတွေ လုပ်မပေးနိုင်တဲ့ ရှင်နေသော်လည်း သေနေရတဲ့ နိုင်ငံရေး ပါတီ တစ်ခုသာ ဖြစ်ပါလိမ့်မယ်။ 
ပထမဆုံးက ၁၉၉၀ အိပ်မက်ဆိုးကြီး ထပ်မက်စရာ မရှိတော့ပါဘူး။
နအဖအတွက် အရှုံးအမြတ် ။ ။ ဖြစ်ရပ်(၄)က ဗိုလ်သန်းရွှေရဲ့ ညတိုင်းမက်တဲ့ ရွှေအိပ်မက်ဖြစ်ရင် ဒီဖြစ်ရပ်(၅) ဟာ “တစ်ညခြား တစ်ခါ မက်နေတဲ့ ငွေအိပ်မက်” ပဲ ဖြစ်ပါလိမ့်မယ်။
ပထမဆုံးက ၁၉၉၀ အိပ်မက်ဆိုးကြီး ထပ်မက်စရာ မရှိတော့ပါဘူး။
၁၉၉၀ ရလဒ်ကို အခြေခံတဲ့ ပြည်ပ အတိုက်အခံများနဲ့ ပြည်ပက ဖိအားများလည်း ပပျောက်သွားပါလိမ့်မယ်။
ဒီအပြင် အနာဂတ် လွှတ်တော်ထဲမှာလည်း အဓိက အတိုက်အခံ ဆိုတာ မရှိနိုင်တော့ပါဘူး။
စိတ်တိုင်းကျ ဆက်လက် ချယ်လှယ်လို့ ရပြီ ဖြစ်ပါတယ်။ ဇာတ်ပေါင်းရရင် နအဖအတွက် နည်းနည်း အားထုတ်ရုံနဲ့ များများ ရလိုက်တဲ့ ဘောနပ်စ် ကောင်းကောင်း တစ်ခုပါပဲ။ 
ဖြစ်ရပ် (၆)
၂၀၁၀ ရွေးကောက်ပွဲအတွက် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ရေး ဥပဒေလည်း ပေါ်ထွက်လာပြီ။ ဖြစ်ရပ်(၄)နဲ့ (၅)ရဲ့ အခြေအနေမျိုးကိုလည်း ရှောင်ရှားချင်နေတယ်။ ဒါကြောင့် “အမတ်နေရာ အားလုံးမှာ ၀င် အရွေးခံပြီး ၂၀၁၀ အလွန်မှာလည်း ဒီမိုကရေစီအရေးကို လွှတ်တော်အတွင်းက ဆက်လက် တိုက်ပွဲဝင်သွားမယ်” လို့ ဆုံးဖြတ်လိုက်တဲ့ တုံ့ပြန်မှုပါ။ 
NLD အတွက် အရှုံးအမြတ် ။ ။ ပထမဆုံး ရင်ဆိုင်ရမှာက ဖြစ်ရပ်(၅)မှာ တင်ပြခဲ့သလို ၁၉၉၀ ရလဒ် စွန့်လွှတ်ရပါလိမ့်မယ်။ လူထုက မေးလာနိုင်တဲ့ မေးခွန်းတစ်ခု ရှိပါတယ်။ ဒီလိုမျိုးသာ ရွေးကောက်ပွဲ ၀င်မယ်ဆိုရင် အမျိုးသားညီလာခံက ဘာလို့ ထွက်လာသေးသလဲ ဆိုတဲ့ မေးခွန်းပါ။
ပြောင်းလဲခဲ့တဲ့ ရပ်တည်ချက်အတွက် ပြိုင်ဘက် ပါတီများရဲ့ ထိုးနှက် တိုက်ခိုက်ခြင်းများနဲ့အတူ နအဖ ရဲ့ စိတ်ဓာတ် စစ်ဆင်ရေးဒဏ်ကို ဖြစ်ရပ် (၅) မှာထက် ပိုမိုခံစားရမှာ သေချာပါတယ်။
ရွေးကောက်ပွဲ ကျင်းပပေးသူရဲ့ ကြားနေမှုသည် ၁၉၉၀ ပြည့်နှစ် အနေအထားနဲ့ လုံးဝ မတူနိုင်တော့သလို ၁၉၉၀ တုန်းက မရှိသေးတဲ့ ကြံဖွတ်နဲ့ စွမ်းအားရှင်တို့ရဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ရောက် စွက်ဖက်ကြဦးမယ့် အချက်ကို ထည့်စဉ်းစားမယ် ဆိုရင် ၁၉၉၀ ရွေးကောက်ပွဲကလို အောင်မြင်မှုမျိုး ပြန်ရဖို့ ခဲယဉ်းလှပါတယ်။
NLD အနေနဲ့ ဖြစ်ရပ် (၆)ကို ရွေးချယ်မယ်ဆိုရင် ခံစစ်လုံဖို့၊ ညီညွတ်ဖို့ အထူးလိုပါမယ်၊ အထူးသဖြင့် အင်ပြည့်အားပြည့် ဖြစ်နေစေဖို့အတွက် ဖြစ်ရပ် (၂)လို အခြေအနေမျိုး ကြုံတွေ့ခဲ့ရခြင်းမှ လုံးဝ ရှောင်ရှားသင့်ပါတယ်။
အရေးအကြီးဆုံးက မီဒီယာအား ကောင်းကောင်းနဲ့ မိမိရဲ့ ရွေးချယ်မှုကို အကျိုးအကြောင်း ခိုင်ခိုင်လုံလုံနဲ့ လူထုထံ တင်ပြနိုင်ဖို့ အထူး လိုအပ်ပါလိမ့်မယ်။ ဖြစ်ရပ် (၅)နဲ့ နှိုင်းယှဉ်ရင် နိုင်ငံရေးအရ အရှုံးတွေ့နိုင်ခြေ ပိုမိုရှိနေပေမယ့် လွှတ်တော်မှာတော့ ရပ်တည်ချက်တစ်ခုကို ချပြနိုင်တဲ့ အင်အားတစ်ခု ရှိကောင်း ရှိလာနိုင်ပါတယ်။
ဒါပေမယ့် ဘာမှ လှုပ်လို့မရအောင် လုပ်ထားတဲ့ ဖွဲ့စည်းပုံမှာ လူထုမြင်ချင်တဲ့ အချက်တွေကို ဖန်တီးပေးဖို့ မလွယ်လှပါ။  
နအဖအတွက် အရှုံးအမြတ် ။ ။ ဖြစ်ရပ်(၅) အတိုင်းပဲ ဖြစ်ပါလိမ့်မယ်။ တစ်ခုပဲ ကွာနိုင်ပါတယ်။ နအဖရဲ့ စိတ်ဓာတ်စစ်ဆင်ရေး လုပ်ငန်းတွေ ဖြစ်ရပ် (၅) မှာထက် ပို အလုပ်များ ပါလိမ့်မယ်။ NLD ကို ပုတ်ခတ် တိုက်ခိုက်မယ့် ပြိုင်ဖက် နိုင်ငံရေးသမားများကို မီးထိုးပေးတဲ့အလုပ် ပို လုပ်ရပါလိမ့်မယ်။ ဒါကြောင့်လည်း ဖက်ဆစ် တပည့်ကျော်တွေက NLDကို ဖြစ်ရပ် (၂) ကြုံတွေ့ပြီးမှ ဖြစ်ရပ် (၆)ကို ဖြတ်ကျော်စေဖို့ ဖန်တီးလိုကြတာ ဖြစ်ပါလိမ့်မယ်။ ဘယ်လိုပဲ ပြောပြော ဖက်ဆစ် တပည့်ကျော်တွေ အလုပ် ပိုပေမယ့် ဗိုလ်သန်းရွှေ အတွက်တော့ ငွေအိပ်မက် လက်တွေ့ဖြစ်လာခြင်းပါ။  
“NLD ပေါက်စ - ထောင် အနှစ် ၁၀၀  …” လို့ ကြွေးကြော်ရင်းနဲ့ တဗိုလ်ဆင်း တဗိုလ်တက် လုပ်ကြမယ့် လှုပ်ရှားမှုပါ။
ဖြစ်ရပ် (၃)
ပါတီတစ်ခုလုံး ညီညီ ညွတ်ညွတ်နဲ့ လူထုကိုပါ လှုံ့ဆော်ရင်း ရွှေဂုံတိုင် ကြေညာစာတမ်းပါ တောင်းဆိုချက်များ ရယူ ပိုင်ဆိုင်နိုင်ဖို့ ဖိအားပေး အရှိန်တင်လာတဲ့ လှုပ်ရှားမှု၊
“NLD ပေါက်စ - ထောင်အနှစ် (၁၀၀) …” လို့ ကြွေးကြော်ရင်းနဲ့ တဗိုလ်ဆင်း တဗိုလ်တက် လုပ်ကြမယ့် လှုပ်ရှားမှုပါ။
Campaign နည်းလမ်း အမျိုးမျိုးကနေ လမ်းမပေါ်ထွက် ဆန္ဒပြ ဖိအားပေး တောင်းဆိုမှု ပုံသဏ္ဍာန်အထိ ဖြစ်လာနိုင်တဲ့ တုံ့ပြန်မှုပါ။  
NLD အတွက် အရှုံးအမြတ် ။ ။ အရှုံးကြီးသလို အမြတ်ကြမ်းနိုင်ပါတယ်။ NLD ရှိသမျှ အင်အားကုန် ထောင်ထဲ ရောက်ပါ့မယ်။ မတရားအသင်း အဖြစ် ကြေညာခံရနိုင်ပါတယ်။
ဒါပေမယ့် မိမိရဲ့ မူဝါဒနဲ့ ရပ်တည်ချက်ကို မယိမ်းမယိုင် ကြံကြံခံ ရပ်တည်သွားတဲ့ နိုင်ငံရေးပါတီအဖြစ် သတ်မှတ်ခံရပါလိမ့်မယ်။ ယခင်က ပါတီရဲ့ ခေါင်းဆောင်မှုအပေါ် အယုံအကြည် လျော့နေသူများပင် လေးစားသမှု ပြုလာရနိုင်ပါတယ်။
ဖြစ်ရပ် (၄)ကို “အသေထွက်” ထွက် သွားရတာလို့ ခိုင်းနှိုင်းရရင် ယခုဖြစ်ရပ်ဟာ “အရှင်ထွက်”လို့ ပြောရပါလိမ့်မယ်။
ပါတီဝင် အားလုံး ထောင်ထဲ ရောက်လို့ ပါတီလုပ်ငန်း ရပ်သွားသလို ရှိပေမယ့် “ပါတီဟာ ရှင်သန်ဆဲ”ပင် ဖြစ်ပါတယ်။
ထောင်ကထွက်တဲ့နေ့ NLD ပြန်လည် ရှင်သန် ထမြောက်တဲ့နေ့ ဖြစ်ပါလိမ့်မယ်။
ဒီနိုင်ငံရေး အမြတ်ဟာ ၂၀၁၀ လွန် ကာလများကို လွှမ်းမိုးနိုင်စွမ်း ရှိပါလိမ့်မယ်။
အရေး အကြီးဆုံးက အကျိုး ရှိရှိလုပ်ပြီးမှ နအဖရဲ့ အစား ခံဖို့ ဖြစ်ပါတယ်။
ဒီ့အတွက် Game plan ကောင်းကောင်းတော့ လိုပါလိမ့်မယ်။ ရွှေဝါရောင် အရေးအခင်းရဲ့ ဖိအားက နအဖရဲ့ လမ်းပြမြေပုံမှာ အချိန်ဇယားတွေ ပေါ်ပေါက်လာစေခဲ့ပါတယ်။
အခု ဒီဖြစ်ရပ်က ထွက်ပေါ်လာမယ့် ဖိအားကတော့ NLD လိုလား တောင့်တတဲ့ “ရွှေဂုံတိုင် ကြေညာစာတမ်း”ပါ အချက်များအတွက် ထိရောက် တဲ့ ဖိအား ဖြစ်လာစေမှာပါ။ 
နအဖအတွက် အရှုံးအမြတ် ။ ။ NLD ပါတီတစ်ခုလုံး ထောင်ထဲ ထည့်လိုက်လို့၊ NLD ကို မတရားသင်း ကြေညာလိုက်လို့ နအဖအတွက် ခလုတ်ကန်သင်းရှင်းပြီး အမြတ်ထွက်ပြီလို့ မြင်နိုင်ပေမယ့် အပေါ်ယံမှာသာ ဖြစ်ပါလိမ့်မယ်။ လက်တွေ့မှာ အရှုံးဖြစ်ပါတယ်။
ပထမဆုံးက ရွှေဝါရောင် အရေးအခင်း၊ နာဂစ်နဲ့ ဒေါ်စုကို တရားစွဲဆိုခဲ့လို့ ယနေ့ နအဖ ရင်ဆိုင်နေရတဲ့ ပြည်တွင်း/ပြည်ပ ဖိအားများ အပေါ်မှာ ထပ်ဆင့် တိုးလာတဲ့ ဖိအားများ ခံစားရမှာ ဖြစ်ပါတယ်။
သူတို့ မြေမြှုပ်လိုက်ချင်တဲ့ ၁၉၉၀ ရလဒ်ဟာ လေထဲမှာ အလံလွင့်နေသလို ဖြစ်လာစေမယ့်အပြင် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲရဲ့ တရားဝင်မှု အခြေအနေဟာလည်း NLD နဲ့အတူ ထောင်ထဲပါသွားမှာ ဖြစ်ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲကလည်း နိုင်ငံတကာကို ကတိပေးထားပြီးဖြစ်လို့ NLD တပါတီလုံး ထောင်ချထားပြီး လုပ်ရမယ့် ရွေးကောက်ပွဲကို စာဖတ်သူများ မြင်ယောင် ကြည့်စေချင်ပါတယ်။
နအဖ မြင်တွေ့လိုခြင်း မရှိတဲ့ ဖြစ်ရပ်လို့ ထင်မြင်မိပါတယ်။ NLDကို ချစ်လို့မဟုတ်ပါ။ သူတို့အတွက် အရှုံးများလို့ပါ။ အမြတ်များမယ်ဆိုရင် အရင်ကတည်းက လုပ်ခဲ့တာ ကြာပါပြီ။  
NLD တပါတီလုံး ထောင်ချထားပြီး လုပ်ရမယ့် ရွေးကောက်ပွဲကို စာဖတ်သူများ မြင်ယောင် ကြည့်စေချင်ပါတယ်။

ဖြစ်ရပ်များ စုစည်းသုံးသပ်ခြင်း
အထက်ပါ ဖြစ်ရပ် ၆ ခုကို ပြန်တွေးကြည့်ရအောင် -
ဖြစ်ရပ် (၁) - ယခုအခြေအနေအတိုင်းဆိုလျှင် မြင်တွေ့စရာ လမ်းစ မရှိပါ။
ဖြစ်ရပ် (၂) - ဒီမိုကရေစီရေး လိုလားသူများအတွက်၊ NLD အတွက် အမြတ်ထက် အရှုံးများ ပါသည်။ ထင်သာ မြင်သာတဲ့ ရလဒ်တစ်ခု ပေးနိုင်တဲ့ အခြေအနေ မရှိပါ။ နအဖအတွက်တော့ အမြတ် ပိုထွက်ပါသည်။ NLD အနေဖြင့် ဖြစ်ရပ်(၆) ကို မျှော်မှန်း၊ ပြင်ဆင် မယ်ဆိုရင်ဖြင့် ယခုဖြစ်ရပ်(၂)ကို လုံးဝရှောင်ရှားရမယ့် အခြေအနေ တစ်ခုပါ။
ဖြစ်ရပ် (၃) - NLD အတွက် အရှုံးလည်းကြီး၊ အမြတ်လည်း ကြီးနိုင်ပါသည်။ အထူးသဖြင့် နိုင်ငံရေး အမြတ်ကြီးပါမည်။ နိုင်ငံရေး ဦးဆောင်မှုအခြေအနေကို ၂၀၁၀ကာလလွန်ချိန် အထိ သယ်ဆောင်သွားနိုင်ပါသည်။
နအဖအတွက် အမြတ်နည်းပြီး အရှုံးများတဲ့ ဖြစ်ရပ်ပါ။ ဖြစ်ရပ် (၃) အလွန် ထိရောက်လျှင်ဖြင့်၊ ပြည်တွင်း/ပြည်ပအားများ ထပ်မံ ပေါင်းစပ်နိုင်ပါက အရွေ့သည် ဖြစ်ရပ်(၁)ကို ဦးတည်ပါလိမ့်မည်။
သို့သော် ညီညွတ်မှုမရှိ၊ စုစည်းမှု ပျက်ပျယ်သွားလျှင်ဖြင့် ဖြစ်ရပ် (၂) အသွင်ဆောင်သွားပါလိမ့်မည်။ ၁၉၉၀-၉၁ ကာလကို ပြန်လည် သတိရစရာပါ။
ဖြစ်ရပ် (၄)  - နိုင်ငံရေး အသေထွက် ဖြစ်ပါလိမ့်မည်။ လုံးဝ မဖြစ်သင့်သည့် ဖြစ်ရပ်တစ်ခုပါ။ ဗိုလ် သန်းရွှေ၏ ရွှေအိပ်မက်ဖြစ်ပါသည်။
ဖြစ်ရပ် (၅) -  ရှင်လျက်နှင့် သေနေရသည့် နိုင်ငံရေး အဖွဲ့အစည်းတစ်ခုသာ ဖြစ်ပါလိမ့်မည်။ ဗိုလ် သန်းရွှေ၏ ငွေအိပ်မက် ဖြစ်ပါသည်။
ဖြစ်ရပ် (၆) -  ဖြစ်ရပ် (၅) နှင့် အလားတူဖြစ်ပါလိမ့်မည်။ အနည်းငယ် ကွာသည်မှာ လွှတ်တော်တွင် အသံ တစ်ခုတော့ ရှိနိုင်ပါလိမ့်မည်။ 
တကွက်ကျော
ယခုဆောင်းပါးဟာ လက်ရှိ မြင်တွေ့ ကြားသိရတဲ့ အခြေအနေများအပေါ် အခြေခံလို့ Brain storming (ဦးနှောက် မုန်တိုင်းဆင်) လုပ်ထားခြင်း ဖြစ်ပါတယ်။ ဦးနှောက်များများ ပါလေ ဖြစ်ရပ်နဲ့ ဖြစ်စဉ်လေးတွေ ပိုမို ပီပြင်လာစေမှာ ဖြစ်ပါတယ်။
အထူးသဖြင့် အခြေအနေတွေကို လက်တွေ့ ရင်ဆိုင်နေရသူ၊ သတင်းတွေကို လက်လှမ်းမီနေသူ၊ နအဖရဲ့ စစ်ဖက်၊ နယ်ဖက်၊ ထောက် လှမ်းရေးအဖွဲ့များနဲ့ NLD မှာ တာဝန်ယူခဲ့သူများ ပါဝင်ဆောင်ရွက်ကြမယ်ဆိုရင် လက်တွေ့ ဖြစ်နိုင်ခြေနဲ့ အလွန့်ကို နီးစပ်တဲ့ ဖြစ်ရပ်များကို ကြိုတင် ဖန်တီး တွေးဆနိုင်ပါတယ်။
ဒီတွေ့ရှိချက်များကို အခြေခံပြီး Scenario planning များ ကောင်းကောင်း လုပ်ကာ မြန်မာ့ ဒီမိုကရေစီအရေးမှာ နအဖထက် တကွက်မက ကျောအောင် ကစားနိုင်ဖို့ လိုနေပါပြီ။ အထူးသဖြင့် ဖြစ်စဉ် (၃)မှာ လူထုအား ပါလာခဲ့လျှင်၊ စစ်တပ် အစိတ်အပိုင်းအချို့က နားလည် သဘောပေါက်လာခဲ့လျှင် အပြောင်းအလဲကို မျှော်မှန်းနိုင်ပါသည်။  
NLD က မိမိ အစီအစဉ်ကို လူထုထံ ချပြနိုင်လျှင်ဖြင့် လူထုတွင် ခေါင်းဆောင်မဲ့နေသည့် အတွေးနဲ့ ခံစားမှုမျိုး ပပျောက်သွားစေနိုင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည် အမြဲပြောခဲ့သလို မဟတ္တမဂန္ဒီနည်းလမ်း၊ အကြမ်းမဖက် နည်းလမ်း သည် လျို့ဝှက်ရန် အကြောင်းမရှိ လူထုအားကို အခြေခံပြီး ဖွင့်တိုက်ရန်ပင် ဖြစ်ပါသည်။
၂၀၁၀ မတိုင်မီကာလမှာလည်း မိမိ ရပ်တည်ချက်အတွက် အကောင်းဆုံး ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၁၀ ကာလအလွန်မှာလည်း နိုင်ငံရေးရပ်တည်ချက် အပြောင်းအလဲ မရှိ၊ ပါတီရဲ့ ပုံရိပ်(image)နဲ့ အသွင်သဏ္ဌာန် (identity) ပိုမို ကောင်းမွန်စွာနဲ့ ကောင်းစွာလှုပ်ရှား ရပ်တည်သွားနိုင်မယ့် နည်းလမ်းများကိုလည်း ရှာတွေ့နိုင်ပါသေးတယ်လို့ ယူဆမိပါတယ်။   ။ 

ရင်းမြစ်။ ။မိုးမခ

0 comments:

Post a Comment