Wednesday, March 17, 2010

ဒေါ်စု၏ နိုင်ငံရေးအခန်းကဏ္ဍကို သုံးသပ်ခြင်း

     
ဂျိုးဆက်ဖ် ဘောလ် (Joseph Ball) 
Wednesday, 17 March 2010 14:04

နှစ်ပေါင်း ၂ဝ ကြာလာသည့်တိုင် မြန်မာ့နိုင်ငံရေးက ရှေ့မတိုးနိုင် တန့်နေရသည်။ အဓိက အတိုက်အခံ ပါတီကြီးက ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်အတိုင်း တရားမျှတမှု ဖြစ်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်နေခဲ့သည်။ ပြောရမည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရအဖွဲ့ကသာ မြန်မာနိုင်ငံကို အမှန်တကယ် ဦးဆောင်ရခြိမ့်မည်။

ဤအချိန်တွင် မျှော်လင့်ထားကြသည့်အတိုင်း ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပလာမည့် ရွေးကောက်ပွဲက တရားမျှတပြီး လွတ်လပ်သည်ဖြစ်စေ၊ ဆန့်ကျင်ဘက်ပဲဖြစ်စေ၊ တိုင်းပြည်၏ အကွဲအပြဲ ပဋိပက္ခများကို ရင်ကြားစေ့ ဖြေရှင်းပေးနိုင်ရန် မျှော်လင့်ချက် မရှိသလောက် နည်းနေသည်။ အင်အားစုအများ အပြန်အလှန် နားလည်နိုင်မှုနှင့် နိုင်ငံကို မည်သို့မည်ပုံ ရှေ့ဆက်ချီတက်မည်ဆိုသည့် လမ်းကြောင်းအပေါ် သဘောတူညီမှု စသည့် အရေးကြီးသော လုပ်ငန်းစဉ်များလည်း လျစ်လျူရှုထားခံနေရသည်။ ဆက်လက်၍ ပစ်ပယ်ထားဆဲဖြစ်သည်။

စစ်အစိုးရက ပြီးခဲ့သည့်အပတ်ထဲတွင် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ဥပဒေများ ထုတ်ပြန်ကြေညာပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖို့ မလွဲမရှောင်သာ အကျပ်အတည်း လမ်းဆုံလမ်းခွနှင့် ကြုံလာရသည်။ ပါတီအနေနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော ထင်ရှားသည့် ခေါင်းဆောင်များကို အဖွဲ့ဝင်အဖြစ်မှ ထုတ်ပစ်မည်လော သို့မဟုတ် ပါတီကို ဖျက်သိမ်းမည်လော ဟူသည့် ရွေးရခက်ခက် အခြေအနေကို ရင်ဆိုင်လာ ကြရတော့သည်။

အမှန်အတိုင်းဆိုရလျှင် ထွက်ပေါ်လာသည့် ရွေးကောက်ပွဲဥပဒေများ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ NLD ပါတီတို့ ကြုံတွေ့နေရသည့် အကျပ်အတည်းများအပေါ် မည်သူကမျှ အံ့အားတကြီး ဖြစ်မနေခဲ့ကြပါ။ ပါတီ၏ ညွှန်ကြားချက်များနှင့် ရပ်တည်ချက် ဖော်ပြမှုများက သေချာကြိုတင် ပြင်ဆင်ထားခဲ့ကြောင်း ပြသနေသည်။ မည်သို့အခြေအနေပင်ရှိစေ၊ အချိန်နည်းလာနေသော ယခုကာလတွင်ပင် NLD ပါတီအနေနှင့် ၎င်းတို့၏ ဘက်စုံရည်မှန်းချက်များကို ပြည့်မြောက်စေရန် မဆောင်ရွက်နိုင်စရာ အကြောင်းမရှိလှပါ။ ဆောင်ရွက်နိုင်ပါသေးသည်။ သို့သော် ပါတီ၏ ထိပ်သီးနာမည်ကျော် ခေါင်းဆောင်၏ အခန်းကဏ္ဍနှင့် အရေးပါမှုကို ပြန်လည်သုံးသပ်မှုဖြင့် စတင်ရလိမ့်မည်။

အကယ်၍ ဒေါ်အောင်ဆန်းစုကြည်ကို ပါတီက မဖြစ်မနေ ထုတ်ပေးရမည်ဆိုပါက စစ်အစိုးရအဖို့ အောင်ပွဲဖြစ်သွားလိမ့်မည်၊ စစ်အစိုးရက တဖက်သတ် ဆောင်ရွက်နေသည့် နိုင်ငံရေးလုပ်ငန်းစဉ်ကို တရားဝင် ဖြစ်စေလိမ့်မည်ဟု ယေဘုယျအားဖြင့် ယူဆထားကြသည်။ ဤထင်မြင်ယူဆချက်များမှာ မတိကျ မမှန်ကန်လှပါ။ ထို့အပြင် ရွေးကောက်ပွဲဥပဒေများကို အခွင့်အရေး အခြေခံပေါ်မှနေ၍ လက်ခံရန် ငြင်းပယ်သည်မှာ သီအိုရီသဘောအရ ပြောလျှင် မှန်ကန်သော်လည်း၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေရန်အတွက် လမ်းမရှိသလို၊ မျှော်လင့်ချက်လည်း ပေးနိုင်လိမ့်မည် မဟုတ်ပါ။ လက်ရှိ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ ကြုံတွေ့နေရသော အခက်အခဲများမှာ အခွင့်အရေးများနှင့် ပတ်သက်သည့် ကိစ္စမဟုတ်ပါ။ မဟာဗျူဟာ မျှော်မြင်ချက်နှင့် သက်ဆိုင်သည့် အကျပ်အတည်းသာ ဖြစ်သည်။

၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲထက်စာလျှင်၊ ယခု ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအရ ပို၍ အရေးပါနေသည်။ သို့သော် သူ၏ အရေးပါမှုသည် နိုင်ငံရေးအာဏာကို တရားဝင် ရယူထားခြင်းနှင့် သက်ဆိုင်ဆက်စပ်မှု ရှိမနေပါ။ သူကလည်း ဤအချက်ကို ယခင်မိန့်ခွန်းများစွာတွင် ဖော်ပြပြောဆိုခဲ့ပြီး ဖြစ်ပါသည်။ လူ့အခွင့်အရေး လှုပ်ရှားတောင်းဆိုနေသည့် အဖွဲ့များနှင့် တက်ကြွလှုပ်ရှားသူများက ဒေါ်အောင်ဆန်းစုကြည်ကို ဝန်ကြီးချုပ်အဖြစ် တာဝန်ယူရမည့် နောက်ဆုံး အောင်ပွဲရလဒ်ကို ဖော်ပြပြောဆိုနေကြသော်လည်း၊ သူကိုယ်တိုင် အင်းလျားကန်ဘေးရှိ အစောင့်အကြပ်များ ဝန်းရံထားသည့် အချုပ်အချယ်ထဲ ဘာမျှမလုပ်နိုင်ဘဲ ထိုင်နေရသည့် အဖြစ်မျိုး ကြုံတွေ့နေရပါသည်။

အကယ်၍ ဒေါ်အောင်ဆန်းစုကြည်ကသာ အနည်းငယ် သွားလာ၊ ဆက်သွယ် ဆောင်ရွက်ခွင့်သာ ရလာပါက မြန်မာ့လူမှု အဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲစေရေးအတွက် သူ၏ ကြိုးပမ်းဆောင်ရွက်နိုင်ချေက လျော့နည်းကျဆင်းသွားစရာ အကြောင်းမရှိပါ။ သူက NLD ပါတီနှင့် တရားဝင် ဆက်စပ်နေမှု မရှိဟု ဆိုလျှင်သော်မှ၊ နိုင်ငံရေးအရ ထိပ်ပိုင်းအာဏာ မရယူထားဘူး ဆိုလျှင်သော်မှ များစွာလုပ်ဆောင်နိုင်ချေ ရှိနေပါသေးသည်။ ရေရှည်မျှော်လင့်တောင်းဆိုနေကြသည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ကြည့်သည့် ခေါင်းဆောင်တဦး ဖြစ်သည့်အလျှောက်၊ အကယ်၍ သူကသာ NLD ခေါင်းဆောင် မဟုတ်ခဲ့လျှင် ဤသို့ အခန်းကဏ္ဍမျိုးကို ပို၍ လွယ်ကူစွာ ဆောင်ရွက်နိုင်ပေလိမ့်မည်။

အကယ်၍သာ ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပပေးမည်ဆိုပါက ဒေါ်စုက များစွာဆိုးရွားလှသည့် စစ်အစိုးရ၏ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပင် လက်ခံဖွယ်ရှိသည်ဟူသည့် ပေါ်ထွက်လာသည့် သတင်းများကြောင့်၊ အနာဂတ် နိုင်ငံရေးတွင် ဒေါ်စု၏ အခန်းကဏ္ဍကို မကြာသေးမီက ပို၍ မြှင့်တင်ပြောဆိုလာသည်လည်း ရှိခဲ့ပါသည်။ ယခု ရွေးကောက်ပွဲကိုသာ လက်ခံလိုက်လျှင် မြန်မာ့လူ့အဖွဲ့အစည်းတခုလုံးကို စစ်တပ်က ဆက်လက်လွှမ်းမိုးချယ်လှယ် သွားလိမ့်မည်ဟု အတိုက်အခံ အဖွဲ့အစည်း အများစုက လက်ကိုင်ထား ပြောဆိုနေသည်။

မည်သို့ပင်ဖြစ်စေ အထက်ဖော်ပြပါ စိတ်ခံစားမှု အခြေအနေကို ကြည့်လျှင်လည်း ဒေါ်စုက အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဆောင်ရွက်ပေးနိုင်သည့် အခန်းကဏ္ဍနှင့် အထူးသင့်တော်နေကြောင်း ပြသနေပြန်သည်။ ရေရှည် သံသယကြီးခဲ့ကြသည့်၊ မယုံကြည်နိုင်ဖြစ်နေကြသည့်၊ ပြိုင်ဆိုင်နေသည့် အဖွဲ့အစည်းများအကြား ယုံကြည်မှု ပြန်လည်တည်ဆောက်နိုင်ရန် ကူညီပေးနိုင်ပါလိမ့်မည်။

အကယ်၍ NLD ပါတီကသာ မြန်မာ့နိုင်ငံရေးတွင် ရေရှည်တည်တံ့သည့် ခံတပ်တခုအဖြစ် ရှိစေရန် မူဝါဒများ၊ သဘောတရားများအပေါ် အခြေခံတည်ဆောက်ထားခြင်း ဖြစ်ပါက၊ လူတဦးတည်းကို ကိုယ်စားပြုသည်ထက်ပို၍ ကြီးမားသင့်ပါသည်။ မူဝါဒများနှင့် အတွေးအမြင်များသည်လည်း လူတဦးအပေါ် မှီတည်နေသည်မဟုတ်ဘဲ အချိန်နှင့်အမျှ ဤအတိုင်း ဖြစ်ရပါလိမ့်မည်။

လက်ရှိကာလတွင် NLD ပါတီသည် မြို့ပြနေရုံးများနှင့် တက္ကသိုလ်ပုရဝုဏ်တို့မှ လွဲလျှင် လူထုထောက်ခံမှု အကျယ်အပြန့် ထိန်းသိမ်းထားနိုင်သည့် အဖွဲ့အစည်းတခုအဖြစ် များစွာ သံသယဖြစ်ဖွယ် ရှိနေသည်။ ပြီးခဲ့သည့် ၁၅ နှစ်တာ ခရီးကို ပြန်ပြောင်း၍ မိမိက အလျင်စလို သုံးသပ်ရလျှင်ဖြင့် အကယ်၍ NLD တွင် ဒေါ်အောင်ဆန်းစုကြည်သာ မရှိတော့ပါက လူထု ထောက်ခံမှု သိသာစွာ ကျဆင်းသွားလိမ့်မည်ဟုလည်း သုံးသပ်မိသည်။

NLD ပါတီတွင် သန္နိဋ္ဌာန် စွဲစွဲမြဲမြဲချထားကြသည့်၊ အမှန်တကယ် စွမ်းနိုင်သည့် အဖွဲ့ဝင်များက အင်းလျားကန်စောင်း နေရာမျှသာမက၊ မြန်မာနိုင်ငံ၏ တရားရေးစနစ်၏ လွတ်ကင်းရာ ပြင်ပတွင်လည်း များစွာ ရှိနေကြသည်။ အကယ်၍ ထိုသူများကသာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါက ရွေးကောက်ပွဲတွင် အနိုင်ရ အရွေးချယ်ခံရပါက ပါတီအနေနှင့် ဆက်လက် ရပ်တည်ထိန်းသိမ်းနိုင်မည် ဖြစ်ပြီး၊ နိုင်ငံရေးအရ ထောက်ခံနေကြသူများကိုလည်း ပို၍ ကျစ်လစ်စွာ စုစည်းနိုင်လိမ့်မည်ဟု မိမိက အကြံပြုချင်သည်။ တချိန်တည်းမှာပင် ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ရိုက်နိုင်ငံရေး မဟုတ်သည့် နိုင်ငံရေး အခန်းကဏ္ဍတွင် လှုပ်ရှားဆောင်ရွက်ခွင့် ပြုလာပါက သူ့အနေနှင့် NLD ပါတီ၏ လမ်းကြောင်းကို ညွှန်ပြဆုံးဖြတ်ပေးနေသည့်၊ အရေးပါသည့် အခန်းကဏ္ဍတွင် ဆက်လက်ရှိနေမည်မှာ မေးခွန်းထုတ်စရာ မဟုတ်ဟု မြင်မိသည်။ NLD ပါတီအနေနှင့် ဒေါ်စု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူနှင့် တသားတည်း ဆက်၍ တွဲဆက်နေမည်သာ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကြိုးပမ်းမှုကြောင့် ပြန်လည်သင့်မြတ်ရေးကိစ္စ ရှေ့တိုးဆောင်ရွက်နိုင်ပြီး၊ ယုံကြည်မှု ပြန်လည်တည်ဆောက်လာနိုင်သည်နှင့်အမျှ ယခင်က အာဃာတရှိနေကြသည့် နိုင်ငံရေးသမား ပုဂ္ဂိုလ်များအကြား အပြန်အလှန် ထိတွေ့ဆက်ဆံမှု ရှိလာသည်နှင့်အမျှ မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖွဲ့စည်းထားပုံလည်း များစွာ ပြောင်းလဲလာရန် အကြောင်းရှိသည်။ ဤဖြစ်နိုင်ခြေမှာ ယခုကာလတွင် ရှိမနေပါ။ အတိုက်အခံများနှင့် သူတို့ကို စာနာကြသည့် နိုင်ငံတကာ မိသားစုက ဆက်လက်တောင်းဆို ကြေညာနေရုံမျှဖြင့်လည်း ဖြစ်လာနိုင်စရာ အကြောင်းမရှိပါ။

မြန်မာနိုင်ငံရှိ အတိုက်အခံ အင်အားစုများအဖို့ ယခုအချိန်သည် မိမိတို့၏ ရှိနေသော အားကောင်းချက်များ (နှင့် အားနည်း ချက်) များကို အခြေခံ၍ ပေးလာသည့် နိုင်ငံရေးအကျပ်အတည်း အခြေအနေအတွင်း မိမိတို့၏ မဟာဗျူဟာများကို ပြန် လည်သုံးသပ်ချမှတ်ရန် အသင့်လျော်ဆုံး အချိန်ဖြစ်ပါသည်။

NLD ပါတီအနေနှင့် တနိုင်ငံလုံး အတိုင်းအတာနှင့် စည်းရုံးရေးဆိုင်ရာ စွမ်းရည်ချဲ့ထွင်ရန် အထူးလိုအပ်နေပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံ တိုးတက်ဖွံ့ဖြိုးစေရေးအတွက် မျှော်လင့်ချက်များအပေါ် အထူးတလည် ပါဝင်ဆောင်ရွက်ရတော့မည့် အချိန်ဖြစ်သည်။ ဤအချက် ၂ ခုက လုံးဝကွဲပြား တသီးခြား ရှိနေခြင်း မဟုတ်သလို၊ တထပ်တည်း အတူတူ လုပ်ဆောင်ကြရန်လည်း မလိုအပ်ပါ။

ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီ ဆက်ရှောက်ရမည့်လမ်းမှ တရားဝင် စွန့်ခွာသွားနိုင်သည်။ အကယ်၍ ဤနည်းလမ်းကို မှန်ကန်စွာ ဆောင်ရွက်နိုင်ပါက တိုင်းပြည်အတွက်ရော၊ ပါတီအတွက်ပါ ရေရှည်တွင် အကျိုး ဖြစ်ထွန်းနိုင်ပါသေးသည်။ သို့သော် ဤသို့ စတင်လှုပ်ရှားဆောင်ရွက်ရာတွင် လူ့အခွင့်အရေး အယူအဆများရော၊ တရားဝင်ဥပဒေကိစ္စများပါ ထည့်သွင်းမစဉ်းစားဘဲ ဆောင်ရွက်ရမည် ဖြစ်သည်။ ပေးလာသည့် မဟာဗျူဟာ အခင်းအကျင်းအပေါ် ကြည့်၍ ကကြရခြင်းသာ ဖြစ်ပါတော့သည်။

(Joseph Ball ၏ Revisiting the political significance of Aung San Suu Kyi ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။)
ရင်းမြစ်။ ။http://burmese.mizzimamedia.com/index.php?option=com_content&view=article&id=4945:2010-03-17-11-35-42&catid=3&Itemid=4

0 comments:

Post a Comment