‘၉၁ ဌာန အုပ်ချုပ်ရေး…ဘာလဲ’
ဗြိတိသျှပါလီမန်သည် ဗမာပြည်အား အိန္ဒိယမှ ခွဲထုတ်ရန် ဆုံးဖြတ်ခဲ့ပြီးသည့်နောက်…. ‘၁၉၃၅ ခုနှစ် ဗမာပြည် အုပ်ချုပ်ရေးဥပဒေ’ အား ပြဋ္ဌာန်းလိုက်၏။ ဗြိတိသျှပါလီမန်ကမူ…. ၁၉၃၅ ခုနှစ် ဗမာပြည် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေအား ဗမာပြည်သူတို့၏ လက်ဝယ်သို့ ကိုယ်ပိုင်အုပ်ချုပ်ရေးအား တိုးမြှင့်၍ ပေးထားသည့် ဖွဲ့စည်းပုံဟု ဆို၏။
ဗြိတိသျှတို့၏ ၁၉၃၅ ဖွဲ့စည်းပုံအရ…. အုပ်ချုပ်ရေးဌာနပေါင်း ၉၈ ဌာန ရှိ၏။ ထို ၉၈ ဌာနအတွင်း၌ ဗြိတိသျှဘုရင်ခံမှ ၇ ဌာနကိုသာ ဆုပ်ကိုင်ထားပြီး…. မြန်မာတို့၏ လက်သို့ ၉၁ ဌာနအား အပ်နှင်းထားသည်ဟု ဆို၏။
စင်စစ်တွင်မူ …. ဘုရင်ခံမှ တိုက်ရိုက်ချုပ်ကိုင်ထားသည့် ဌာနများက…. ကာကွယ်ရေး၊ ဘဏ္ဍာရေး၊ ပြည်ထဲရေး၊ နိုင်ငံခြားရေး၊ ငွေကြေးနှင့် တောင်တန်းနယ်များ၏ အုပ်ချုပ်ရေးတို့ ဖြစ်၏။ တိုင်းပြည်၏ အဓိကကျသည့် ဌာနကြီးများ ဖြစ်သည်။ ကျန်သည့် ၉၁ ဌာနဟူသည်ကား…. စာတိုက်နှင့် ကြေးနန်း၊ လမ်းပမ်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်မာရေး၊ လယ်ယာနှင့် သစ်တော စသည့် ဌာနများ ဖြစ်သည်။ အဓိကမကျသည့် ဌာနများ ….။ အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ် အပါအဝင် ဝန်ကြီး ၁ဝ ဦး ရှိ၏။ ရွေးကောက်ပွဲတွင် အနိုင်ရသည့် ပါတီအဖွဲ့အစည်းမှ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခွင့်ရပြီး… ကျန်ဝန်ကြီး ၉ ဦးကိုမူ ဘုရင်ခံနှင့် ညှိနှိုင်း၍ ဝန်ကြီးချုပ်က ခန့်အပ်ရ၏။ မြန်မာများမှ ဝန်ကြီးများဟူ၍ နေရာများ ရရှိထားကြသော်လည်း လက်တွေ့တွင်မူ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲမှု ကိစ္စရပ်များအား မျက်နှာဖြူအတွင်းဝန်များကသာ ကြီးကြပ်၍ လုပ်ကိုင်၏။ အာဏာက အတွင်းဝန်များ၌ တည်ရှိနေ၏။
၁၉၃၅ ခုနှစ် ဖွဲ့စည်းပုံဥပဒေအရ…. အထက်လွှတ်တော်နှင့် အောက်လွှတ်တော် ဟူ၍ လွှတ်တော် ၂ ရက် ရှိ၏။ အထက်လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ၃၆ ဦး ရှိသည်။ လွှတ်တော်ကိုယ်စားလှယ် ၃၆ ဦးတွင် ၁၈ ဦးအား ဘုရင်ခံက အမည်စာရင်းပေးပြီး တိုက်ရိုက်ခန့်အပ်၏။ အထက်လွှတ်တော်၏ ၅ဝ ရာခိုင်နှုန်းအား ဘုရင်ခံက ရယူထားခြင်းဖြစ်သည်။
အောက်လွှတ်တော်တွင်က…. လွှတ်တော်ကိုယ်စားလှယ် ၁၃၂ ဦး ရှိ၏။ လွှတ်တော်ကိုယ်စားလှယ် ၁၃၂ ဦးတွင် မြန်မာတိုင်းရင်းသား ကိုယ်စားလှယ် ၉၁ ဦး၊ ကရင်တိုင်းရင်းသား ကိုယ်စားလှယ် ၁၂ ဦး၊ အိန္ဒိယအမျိုးသား၊ ဥရောပတိုက်သားနှင့် အင်္ဂလိပ်-မြန်မာ ကပြားများအတွက်… ကိုယ်စားလှယ် ၁၃ ဦးဟူ၍ သတ်မှတ်ပြီး ကျန်ကိုယ်စားလှယ် ၁၆ နေရာကိုမူ … ကုန်သည်အရင်းရှင်အသင်းများအား ကိုယ်စားပြု၍ ပေးထား၏။
ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခွင့်ရှိသည့် အရည်အချင်းများကိုလည်း သတ်မှတ်ထားပြန်၏။ လူခွန်၊ မြေခွန်ကြေသူ ဖြစ်ရမည်။ ပင်စင်စားအစိုးရ အရာရှိကြီးများဖြစ်ရမည်၊ သို့မဟုတ်ပါက… အစိုးရမှ ပေးအပ်သည့်ဆု… ဘွဲ့တခုခုရသည့် သူများဖြစ်ရမည်…. စသဖြင့် သတ်မှတ်၏။
ချုပ်ရပါမူ …. ၁၉၃၅ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် အနှစ်သာရအရ…. ဒိုင်အာခီအုပ်ချုပ်ရေးနှင့် မကွာခြား….။ ဘုရင်ခံသည် ဗြိတိသျှအစိုးရကို၊ ကိုယ်စားပြုပြီး နိုင်ငံ၏ အချုပ်အခြာအာဏာအား ဆုပ်ကိုင်ထား၏။ ဘုရင်ခံတွင် တချက်လွှတ် ဗီတိုအာဏာပိုင်၏။ လွှတ်တော်နှင့် အစိုးရအဖွဲ့အား ဖျက်သိမ်းနိုင်၏။ တိုင်းပြည်၏ အခြေအနေက တောင်းဆိုသည်ဟု ဆိုပြီး အရေးပေါ်ဥပဒေများအား ထုတ်ပြန်၍ တိုင်းပြည်အား ဘုရင်ခံတဦးတည်း၏ သဘောနှင့် အုပ်ချုပ်နိုင်၏။ အာဏာသိမ်း၍ အုပ်ချုပ်နိုင်သည့် သဘောပင်….။
‘သခင်အစည်းအရုံးနှင့် ၁၉၃၆ ခုနှစ် ရွေးကောက်ပွဲ…’
“အမျိုးသားအပေါင်းတို့…
ဗမာနိုင်ငံသည် အသင်တို့ ငါတို့နိုင်ငံ မဟုတ်ပါလော။ အသင်တို့ ငါတို့နိုင်ငံကို ချစ်ခင်ကြဖို့ အလုပ်မှာ အသင်တို့ ငါတို့၏ မဟာဝတ္တရားတော်ကြီး မဟုတ်ပါလော။ ဗမာနိုင်ငံသည် ဗမာဖို့ မဟုတ်ပါလော။ ဗမာနိုင်ငံသည် ဗမာဖို့ ဖြစ်စေရမည်။ ယခုမဖြစ်သေးလျှင် နောင်ကိုဖြစ်အောင် လုပ်ရမည်။ ယခုကစ၍ လုပ်ရမည်။ မမေ့လျော့ကုန်လင့်။ ညီညွတ်ကြကုန်လော့။ အချင်းချင်း ယိုင်းပင်းကြကုန်လော့။
အို- အချင်းအမျိုးသား တို့ဗမာတို့ အေးချမ်းငြိမ်သက်စွာ နေလိုကြလျှင် စစ်ဖြစ်ဖို့ အသင့်ပြင်ဆင်ပြီး ရှိကြပါစေ ဆိုသော သိုးဆောင်းစကားပုံကို မမေ့မလျော့ကြပါကုန်လင့်။
တို့ဗမာအစည်းအရုံး
၃၃/အမှတ်ခြံ၊ ရေတာရှည်လမ်း၊ ဗဟန်း
ရန်ကုန်။
တို့ဗမာအစည်းအရုံး၏ ကြေညာချက်နှင့်အတူ သခင်မျိုးတို့ကား နိုးထ၍လာကြ၏။ ထကြွ၍လာကြ၏။
တို့ဗမာအစည်းအရုံးအား ၁၉၃ဝ ခုနှစ် မေလ ၃ဝ ရက်နေ့တွင် ကြေညာစာတမ်း ထုတ်ပြန်၍ ဖွဲ့စည်းခဲ့၏။
တို့ဗမာအစည်းအရုံး၏ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ ညီလာခံအား ၁၉၃၅ ခုနှစ်တွင် ရေနံချောင်း ရေနံမြေ၌ ကျင်းပ၏။
ဒုတိယအကြိမ်မြောက် တို့ဗမာအစည်းအရုံး၏ ညီလာခံကိုမူ… မြင်းခြံမြို့တွင် ကျင်းပပြီး၊ ၁၉၃၅ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ (၉၁- ဌာနအုပ်ချုပ်ရေး) နှင့် ပတ်သက်၍ ညီလာခံကြီးက…
“လာမည့် ၉၁ ဌာန အုပ်ချုပ်ရေးသည် တို့ဗမာ တမျိုးသားလုံးအား တနေ့တခြား ဆင်းရဲမွဲတေစေလျက် ကျွန်သက်ရှည်စေမည့် အုပ်ချုပ်ရေးဖြစ်သဖြင့် တို့ဗမာအပေါင်းက လုံးဝ ကန့်ကွက်ကြောင်း၊ ဤသို့ ကန့်ကွက်ခဲ့ပါလျက် အတင်းအကျပ် ပေးအပ်သည့်အတွက် တိုက်ဖျက်ရန် ရွေးကောက်ပွဲများတွင် ယှဉ်ပြိုင်အရွေးခံခြင်းဖြင့်လည်းကောင်း၊ အခြားနည်း အမျိုးမျိုးတို့ဖြင့်လည်းကောင်း လုပ်ကိုင်ဆောင်ရွက်ရန် ဤအစည်းအဝေးကြီးက သဘောရရှိကြေင်း၊ အထက်ပါ ကိစ္စအရပ်ရပ်ကို ထမြောက်အောင်မြင်ရန်အတွက် လုပ်ငန်းအစီအစဉ် အမြန်ဆုံး သတ်မှတ်ရန် ဗဟိုတို့ဗမာအစည်းအရုံး အလုပ်အမှုဆောင်အဖွဲ့သို့ အစည်းအဝေးကြီးက လုံးဝတာဝန်လွှဲအပ်ကြောင်း…” ဆုံးဖြတ်ချက်တစ်ရပ်အား ချမှတ်၏။
ဗြိတိသျှအစိုးရက… ၁၉၃၅ ခုနှစ် ဖွဲ့စည်းပုံသစ်အရ ၉၁ ဌာနအုပ်ချုပ်ရေး၊ ရွေးကောက်ပွဲအား ၁၉၃၆ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည်ဖြစ်၏။
ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဦးချစ်လှိုင် ဦးဆောင်သည့် ဝံသာနု (GCBA)၊ ဒေါက်တာ ဘမော်၏ ဆင်းရဲသား ဝံသာနုအဖွဲ့၊ ဒီးဒုတ်ဦးဘချို၊ ဦးဘခိုင်နှင့် ကိုနု (သခင်နု - ဝန်ကြီးချုပ်ဟောင်း၊ ကွယ်လွန်) တို့ ဦးဆောင်သည့် ဖေဗီယန်ပါတီ (Fabian Party) နှင့် ဦးဘဖေ၏ ပြည်သူပြည်သားပါတီ၊ မြန်မာပြည်လွတ်လပ်ရေးအဖွဲ့ ရေဦးဆရာတော်၏ ဗဟို GCBA၊ သပိတ်မှောက် GCBA နှင့် မင်းသားကြီး ထိပ်တင်ဝ၏ ၂၁ ဦးအဖွဲ့ ၅ ဖွဲ့အား စုပေါင်းထားသည့် ငါးပွင့်ဆိုင်အဖွဲ့များကမူ ရွေးကောက်ပွဲအား ယုံယုံကြည်ကြည်နှင့် ဝင်ကြမည်။ ခြွင်းချက်မထား….။ အနိုင်ရလျှင် နေရာယူမည်။ ရာထူးလက်ခံမည်ဖြစ်သည်။
“နွံနစ်ရှာတောင် ကျွန်ခေတ် ငါတကောင်ဟဲ့လို့
စွာဟောင်ကောင်သို့ကလောက် ဟိန်းကြလျှင်ဖြင့်
မှောက်ကိန်းအရှည်သွားမည်ကြောင့်
ငွေငါးထောင်အရာလုတွေကဖြင့်၊
သာဓုခေါ်စရာပ အကြော်အညာ”
(ဆရာကြီးသခင်ကိုယ်တော်မှိုင်း)
‘ရွေးကောက်ပွဲ ပြဿနာနှင့် ကိုယ့်မင်းကိုယ်ချင်း’
၉၁ ဌာနအုပ်ချုပ်ရေးသစ် ရွေးကောက်ပွဲနှင့် ပတ်သက်၍ သဘောထားအမျိုးမျိုး ထွက်ပေါ်၍နေသည်။ ဆရာတော် ဦးဥတ္တမကိုယ်တော်က… ရွေးကောက်ပွဲအား ကြိုဆို၏။ ထောက်ခံ၏။ ၁၉၃၅ ခုနှစ် ဖွဲ့စည်းပုံနှင့် ၉၁ ဌာနအုပ်ချုပ်ရေးအား ကိုယ်ပိုင်အုပ်ချုပ်ရေး (Home Rule) သို့သွားရာ လမ်းညွှန်မြေပုံ၏ အဆင့်တဆင့်ဟု ဆို၏။ (Home Rule) နှင့် လက်တကမ်းအလိုခရီးဟု ဟောကြား၏။ ပြီးလျှင် ….ဆရာတော်ဦးဥတ္တမသည် ရွေးကောက်ပွဲဝင်မည့် ‘ငါးပွင့်ဆိုင်’ အဖွဲ့အား ခြေစုံပစ်၍ ထောက်ခံလိုက်၏။
ဝါရင့်နိုင်ငံရေးသမားဟောင်းကြီး ဦးစိုးသိမ်းနှင့် သူ၏ GCBA ကမူ…. ၁၉၃၅ ခုနှစ် ဖွဲ့စည်းပုံနှင့် ၉၁ ဌာန အုပ်ချုပ်ရေးသည် ‘ဒိုင်အာခီ’ အုပ်ချုပ်ရေးနှင့်မခြား…. အတူတူပင်ဖြစ်၏။ ကိုလိုနီစနစ် သက်ဆိုးရှည်စေပြီး၊ ပြည်သူတို့အား ကျွန်သက်ပွားစေမည့် အုပ်ချုပ်ရေးအတွက် ရွေးကောက်သည့် ရွေးကောက်ပွဲသာ ဖြစ်၏။
ဤအတွက် မထောက်ခံ…. ကန့်ကွက်ရမည်။ သပိတ်မှောက်ရမည်။
တို့ဗမာအစည်းအရုံးကမူ…. ၁၉၃၅ ခုနှစ် ဖွဲ့စည်းပုံနှင့် ၉၁ ဌာနအုပ်ချုပ်ရေးအား …
“ဗမာတမျိုးသားလုံးကို တနေ့တခြား ဆင်းရဲမွဲတေစေလျက် ကျွန်သက်ရှည်စေမည့် အုပ်ချုပ်ရေးနှင့် ရွေးကောက်ပွဲဖြစ်၍ ကန့်ကွက်၏။ သို့သော်…. ထိုသိုကန့်ကွက်သည့်ကြားမှ အုပ်စိုးသူအာဏာပိုင်များက အတင်းအကျပ် ပြုလုပ်လာပါက… ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်၍ ပါလီမန်အတွင်း၊ ပါလီမန်အပ ၂-ဖက်တိုက်ပွဲဆင်ပြီး လုံးဝလွတ်လပ်ရေးဆီသို့ ချီတက်မည်” ဟူသည့် တို့ဗမာအစည်းအရုံး၏ မြင်းခြံညီလာခံ ကြေညာစာတမ်းအတိုင်း လုပ်ငန်းလမ်းစဉ် အသေးစိတ်အား ညီလာခံမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့သို့ တာဝန်လွှဲအပ်ခဲ့၏။
တို့ဗမာအစည်းအရုံး ဗဟိုအလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးအား ရန်ကုန်တွင် ကျင်းပ၏။ ထိုစဉ်က …. တို့ဗမာအစည်းအရုံး ဗဟိုအလုပ်မှုဆောင်အဖွဲ့၏ ဥက္ကဋ္ဌမှာ သခင် လေးမောင်ဖြစ်ပြီး၊ သခင်ထွန်းအုပ်က အတွင်းရေးမှူး ဖြစ်သည်။ တို့ဗမာအစည်းအရုံး ဗဟိုအလုပ်မှုဆောင်အဖွဲ့က… ၁၉၃၅ ခုနှစ် ဖွဲ့စည်းပုံနှင့် ၉၁ ဌာနအုပ်ချုပ်ရေးအား ပါလီမန်အတွင်းမှ တိုက်ပွဲဆင်ရန် ၁၉၃၆ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲသို့ ဝင်မည်။ ရွေးကောက်ပွဲသို့ဝင်ရာတွင် တို့ဗမာအစည်းအရုံးအနေဖြင့် ဝင်မည်မဟုတ်ဘဲ…. ‘ကိုယ့်မင်းကိုယ်ချင်းအဖွဲ့’ အား ဖွဲ့စည်းစေပြီး ရွေးကောက်ပွဲ ဝင်မည်ဖြစ်သည်။ တို့ဗမာအစည်းအရုံးမှ ရွေးကောက်ပွဲဝင်ရန် ဖွဲ့စည်းပေးခဲ့သည့် ကိုယ့်မင်းကိုယ်ချင်းအဖွဲ့၏ ဥက္ကဋ္ဌမှာ သခင်ဟန်ဖြစ်ပြီး အတွင်းရေးမှူးမှာ သခင်ကံတင့် ဖြစ်၏။
တို့ဗမာအစည်းအရုံး ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ကိုယ့်မင်းကိုယ်ချင်းအဖွဲ့၏ ရွေးကောက်ပွဲဝင်ကြရမည့် ရည်ရွယ်ချက်နှင့် စည်းမျဉ်းများကိုလည်း သတ်မှတ်ပြဋ္ဌာန်းပေးခဲ့၏။
ကိုယ့်မင်းကိုယ့်ချင်းအဖွဲ့၏ ရည်ရွယ်ချက်အကျဉ်းချုပ်မှာ အင်္ဂလန်နယ်ချဲ့အစိုးရက ပေးအပ်မည့် ၉၁ ဌာနအုပ်ချုပ်ရေးသစ်ကို ပါလီမန်တွင်းဝင်၍ အုပ်ချုပ်ရေးယန္တရား မလည်နိုင်အောင် အမျိုးမျိုးပြောဆိုဝေဖန် ဆန္ဒပြကန့်ကွက်ခြင်း ပြုလုပ်ရန် ဖြစ်သည်။
တို့ဗမာအစည်းအရုံး၏ ဗဟို၊ ခရိုင်၊ မြို့နယ်၊ ရပ်/ကျေး စသည်ဖြင့် ….. အဆင့်ဆင့်သော တို့ဗမာအစည်းအရုံး၏ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့သည် ကိုယ့်မင်းကိုယ်ချင်းအဖွဲ့တွင် ပါဝင်ခွင့်မရှိ…. ပြီးလျှင် … စည်းမျဉ်းအနေနှင့်ကား….
“ပါလီမန်လွှတ်တော်အမတ် တာဝန်ကို ရယူနေသော ကိုယ့်မင်းကိုယ်ချင်း အဖွဲ့ဝင်အမတ်၏ အဓိကလုပ်ငန်းမှာ ၉၁ ဌာန အုပ်ချုပ်ရေးသစ်ကို ပါလီမန်တွင်းမှ နည်းလမ်းရှိသမျှ နှောင့်ယှက်ဖျက်ဆီးရမည်ဖြစ်သဖြင့် အုပ်ချုပ်ရေး ခိုင်မြဲအောင် လုပ်ကိုင်အကျိုးပြုနေသည့် အစိုးရအဖွဲ့တွင် ပါဝင်ခြင်း၊ ထောက်ခံအားပေးခြင်း စသည့် ၉၁ ဌာနအုပ်ချုပ်ရေး အကျိုးပြုလုပ်ငန်းမှန်သမျှ ပါဝင်လုပ်ကိုင်ဆောင်ရွက်ခြင်း မပြုရ။ ၉၁ ဌာန ကိုယ့်မင်းကိုယ်ချင်း အမတ်များသည် အမတ်လစာကိုလည်း လက်မခံရ၊ တို့ဗမာအစည်းအရုံး ဌာနချုပ် အလုပ်အမှုဆောင်အဖွဲ့က အခြေအနေနှင့် အချိန်အခါ အားလျော်စွာ အဆိုပါအဖွဲ့ကို ဖျက်သိမ်းသင့်က ဖျက်သိမ်းနိုင်ပြီး ယင်း၏ ညွှန်ကြားသည့်အတိုင်း တသွေမတိမ်း ကျင့်သုံးဆောင်ရွက်ရန်သာ ဖြစ်သည်”
တို့ဗမာအစည်းအရုံးက ဤသို့သော် သဘောထား လုပ်ငန်းလမ်းစဉ်တို့နှင့် ၁၉၃၆ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲသို့ ဝင်၏။ တနိုင်ငံလုံးတွင် ကိုယ့်မင်းကိုယ်ချင်းအဖွဲ့မှ မဲဆန္ဒနယ်မြေ ၂၈ နေရာ၌ ဝင်ရောက်ယှဉ်ပြိုင်၏။
သခင်မြ (အာဇာနည်ပုဂ္ဂိုလ်ကြီး)
သခင်လှတင် (ဟင်္သာတ)
သခင်အံ့ကြီး (ပခုက္ကူ) တို့ ၃ ဦးက ၁၉၃၆ ခုနှစ် နိုဝင်ဘာ ရွေးကောက်ပွဲတွင် ကိုယ့်မင်းကိုယ်ချင်း အမတ်များအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရ၏။
တို့ဗမာအစည်းအရုံး၏ ပါလီမန်တွင်း တိုက်ပွဲ၏ သခင်တပ်မှူးကြီးများ…။ တို့ဗမာအစည်းအရုံး၏ ပါလီမန်တွင်း… ပါလီမန်ပ တိုက်ပွဲများက မြန်မာ့လွတ်လပ်ရေးခရီးတွင် မည်မျှအထိ ကောင်းမှုပြုနိုင်ခဲ့ကြလေသနည်း…။ ဆန်းစစ်စရာပင်…။
သခင်အောင်ဆန်း ဦးဆောင်သည့် တို့ဗမာအစည်းအရုံးဝင် သခင်လူငယ်များက ဗမာ့လွတ်လပ်ရေး တပ်မတော်ကြီးအား ဖွဲ့စည်းပြီး … နိပွန်တပ်တော်ကြီးနှင့်အတူ တွဲ၍ ရန်ကုန်ရှိ ကိုလိုနီအုပ်ချုပ်ရေးအဖွဲ့အား ဆင်းမလားသို့ တိုက်ထုတ်ပစ်ခဲ့ကြ၏။
သမိုင်းသည် သင်္ခန်းစာများနှင့်….။
မင်းဟန်
Wednesday, 17 March 2010 13:56
ရင်းမြစ်။ ။www.mazzimaburmese.com
Wednesday, March 17, 2010
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment