Friday, March 19, 2010

ရန်ကုန်မြို့လယ်ခေါင်တွင် လုံခြုံရေး အင်အားပြ


 ယနေ့ မတ်လ (၁၉) ရက် နေ့လယ် (၁) နာရီကျော်တွင် ရန်ကုန်မြို့လယ်ရှိ မြို့တော်ခန်းမရှေ့၌ ၀တ်စုံပြည့် ၀တ်ဆင်ထားသော ရဲနှင့် ရဲကားအစီး (၂၀) ကျော်ခန့် အင်အားပြခဲ့သည်။

ယင်းသို့ အင်အားပြသောကြောင့် အဆိုပါပတ်ဝန်းကျင်ရှိ ပြည်သူတို့ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြောင်း ရန်ကုန်မြို့ခံတဦးက ပြောသည်။

“နဂိုကမှ ရဲဆိုရင် ကြောက်နေကြတာ။ အခု ရဲကားက ရဲတွေအပြည့်။ ပြီးတော့ သံချပ်ကာတွေပါတယ်။ သေနတ်တွေပါတယ်။ ဒီတခါ မြို့တော်ခန်းမရှေ့ကို လာပြီးတော့ အင်အားပြတာက အများဆုံးပဲ” ဟု မျက်မြင်တဦးက ပြောသည်။

ရန်ကုန်စည်ပင်အရာထမ်းတဦးက “ဒီနေ့ ကျနော်တို့ မြို့တော်ဝန်လည်း မရှိပါဘူး၊ လုံခြုံရေးချတာကလည်း မြို့တော်ဝန်နဲ့တော့ မပတ်သက်ပါဘူးဗျ။ သူမှမရှိတာဘဲ။ ကျနော့် အထင်ပြောရရင် ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်ပြီးနောက်ပိုင်းမှာ ဆူပူမှုတွေ မဖြစ်အောင် အင်အားလာပြတာ နေမှာပါ” ဟု ပြောသည်။

ယခုကာလအတွင်း ရန်ကုန်မြို့ နေရာအနှံ့အပြားတွင် လုံခြုံရေးတိုးမြှင့်ခဲ့သော်လည်း ယခုမြို့တော်ခန်းမရှေ့တွင် အင်အားပြခြင်းမှာ ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

 မျိုးချစ်သူ/ ၁၉ မတ် ၂ဝ၁ဝ
ရင်းမြစ်။ ။ခေတ်ပြိုင်

0 comments:

Post a Comment