ဒီနှစ်တော့ တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ မေးခွန်းတွေ အလွန်လွယ်တယ်လို့ ပြောကြပါတယ်၊ အစိုးရက ကျောင်း သားတွေ ဆူဆူပူပူ မဖြစ်အောင်လို့တဲ့။ အဲဒီလို အခြေအ နေက အမှတ်စာရင်းထွက်ချိန်မှာ အမှတ်အလွန်မြင့်တဲ့ ပြသ နာဖြစ်လာပါလိမ့်မယ်။
ဒီလိုမြင့်လာရင် သာမန်ကျောင်းသားတွေခင်မျာ ကိုယ်ဝါသ နာပါတဲ့ ဘာသာက အမှတ်မမီ၊ အမှတ်မီတဲ့ဘာသာက ကိုယ် မကြိုက်နဲ့ ဘွဲ့ရရင်ပြီးရောဆိုတဲ့ အခြေအနေနဲ့ လုံးချာလည် နေကြတာ ဓမ္မတာဖြစ်နေတာ ကြာခဲ့ပါပြီ။
ကျမတို့ အဖေတွေခေတ်က ၁ဝ တန်းအောင်ပြီဆိုရင် တက္ကသိုလ်မှာကိုယ်ကြိုက်တဲ့ ဘာသာ ၃ ခုကို စိတ်ကြိုက်ရွေးချယ်ခွင့် ရှိပါတယ်၊ ဆေးကျောင်းတက်ချင်တဲ့ လူက Bio တွဲယူရပါတယ်၊ အင်ဂျင်နီယာ ဖြစ်ချင်ရင် သင်္ချာကိုပါ တွဲရပါတယ်၊ ဝိဇ္ဇာဘွဲ့လိုချင်ရင် ကိုယ်ကြိုက်တဲ့ ဘာသာတွေကို တွဲယူရပါတယ်၊ တချို့လည်း 2nd, အောင်ပြီးမှ တခါ ဘာသာတွဲ ပြောင်းချင်ရင်လည်း ရပါသေးတယ်၊ ကျမ အဖေဆိုရင် ဆေးကျောင်း ၂ နှစ် တက်ပြီးမှ ဝိဇ္ဇာဘက်ပြောင်းပြီး ဒဿနိကနဲ့ ဘွဲ့ယူခဲ့ပါတယ်၊ ပြီးတော့မှ ကျောင်းဆရာ လုပ်ခဲ့ ပါတယ်။
ကျမတို့ ခေတ်ကျတော့ ရွေးခွင့်မရပါဘူး၊ တနေ့ကို ၃ နာရီနဲ့ ၆ ရက် အသည်းအသန်ဖြေခဲ့ရတဲ့ စာမေးပွဲရမှတ်ဟာ ကျမတို့ကို ဘာ လုပ်ပါ၊ ဘာဖြစ်ပါစေဆိုပြီး ရွေးချယ်ထားပါတယ်၊ ဝါသနာ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ကိုယ်ရတဲ့အမှတ်နဲ့ ထိုက်တန်တဲ့လိုင်းကိုပဲ ယူခွင့်ရှိပါတယ်။
ကျမတို့ ခေတ်ကတော့ ဆေးတက္ကသိုလ်ဆိုတာ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ အမှတ်အများဆုံး လူ ၅ဝဝ ကိုရွေးထုတ်ထားတာပါ၊ ဘယ် လောက်ပဲ အမှတ်များများ FRC လို့ခေါ်တဲ့ ဧည့်နိုင်ငံသားတွေ တက်ရောက်သင်ကြားနိုင်ခွင့် မရှိပါဘူး၊ One_FRC လို့ခေါ်တဲ့ မိခင် (သို့) ဖခင်က ဧည့်နိုင်ငံသားဖြစ်ရင်လည်း ဆေးတက္ကသိုလ်တက်ခွင့် မရှိပါဘူး။
ဒုတိယ အမှတ်အများဆုံးကတော့ R.I.T (Rangoon Institute Of Te-Chnology) လို့ခေါ်တဲ့ စက်မှုတက္ကသိုလ် ဖြစ်ပါတယ်၊ ဘယ် လိုဖြစ်တယ် မသိပါဘူး R.I.T ဝင်ခွင့်ရဘို့ မိန်းခလေးနဲ့ယောင်္ကျားလေး သတ်မှတ်တဲ့အမှတ် မတူပါဘူး၊ မိန်းခလေးက သိသိသာသာ အမှတ်ပိုများနေတတ်ပါတယ်၊ ဥပမာ ယောကျာင်္းလေးက အမှတ် ၄၂ဝ ရလို့ R.I.T ဝင်ခွင့်ရရင် မိန်းခလေးက အမှတ် ၄၅ဝ လောက်ရ မှ ဝင်ခွင့်ရပါတယ်၊ ဒါကြောင့် G-Hall သူဖြစ်ဘို့ သိပ်မလွယ်ပါဘူး။
တတိယ အမှတ်အများဆုံးကတော့ စီးပွားရေးတက္ကသိုလ်ပေါ့၊ မိန်းခလေးတွေ များလွန်းလို့ မိန်းမလှကျွန်းလို့တောင် အမည်ရတဲ့ တက္က သိုလ်ပါ၊ Institute လို့ခေါ်တဲ့ အဲဒီ လိုင်း ၃ လိုင်းမှ မရရင် ဝိဇ္ဇာ-သိပ္ပံတက္ကသိုလ်မှာ တက်ကြရပါတယ်၊
တချို့လဲ ဝ/သ တက္ကသိုလ်မှာ မတက်တော့ဘဲ G.T.I လို့ခေါ်တဲ့ စက်မှုသိပ္ပံမှာတက်ကြပါတယ်၊ စာပေးစာယူလို့ခေါ်တဲ့ စနစ်တခုနဲ့ ညပိုင်းတက်ရတဲ့ လုပ်သားများကောလိပ် ဆိုတာလဲ ရှိပါတယ်။ တချို့နှစ်တွေမှာ G.T.I ကနေ အမှတ်များတဲ့လူတွေ R.I.T ကို join ခွင့် ရပါတယ်၊ လူအများကြီးတော့ မဟုတ်ပါဘူး၊ အများဆုံး ၃ ဦး လောက်ပါ၊ ဒီအခွင့်အရေးကို နှစ်တိုင်းလဲ ပေးတာမဟုတ်ပါဘူး၊ ဘာ ဘဲဖြစ်ဖြစ် Institute တက်ခွင့်မရတဲ့လူဟာ ရပ်ကွက်ထဲမှာရော၊ မိသားစုအသိုင်းအဝိုင်းမှာပါ မျက်နှာပန်း သိပ်မလှပါဘူး။
ဒီတော့ မိဘတွေက စာမေးပွဲ ရာသီကို ရောက်တာနဲ့ သားသမီးတွေကို ဖိအားပေး ပါတော့တယ်၊ “အမှတ် နည်းသွားရင် ဘာဖြစ်မယ် ဆိုတာသိလား စာသေချာကျက်နော်၊” ဘာညာ ဆိုတာမျိုးကို တတွတ်တွတ် ရွတ်နေကြပါတယ်၊ ကာယကံရှင် ကျောင်းသားတွေ က လည်း အမှတ်များများရချင်ကြပါတယ်၊ ဒီတော့ အမှတ်များများရအောင် ဘာလုပ်ရမလဲ၊ ဘယ်ကျုရှင်တက်ရမလဲ၊ ဘယ်အထူးထုတ် ဝယ်ရမလဲဆိုတာတွေက အရေးတကြီးအကြောင်းအရာတွေ ဖြစ်လာပါတယ်၊
ကျမတို့ ၁ဝ တန်းတုန်းက စာမေးပွဲမှာ ၉ တန်း စာတွေကိုပြန်မေးလေ့ ရှိပါတယ်၊ ၉ တန်းမှာ စာမကြေရင် ၁ဝ တန်းမှာ အမှတ်ကောင်း ဘို့ မလွယ်ပါဘူး၊ ဒီတော့ ၉တန်းတက်ပြီဆိုတာနဲ့ ကျုရှင်ကောင်းကောင်းကို ရှာတက်၊ နွေရာသီမှာလဲ ကျုရှင်ဆက်တက်၊ ၁ဝ တန်း စာ မေးပွဲအတွက် တခါတည်း ကြိုပြင်ဆင်ကြ ရပါတယ်။
အမှန်တကယ်က ၁ဝ တန်းအောင်ပြီးတဲ့နောက် ကျမတို့ သင်ကြားခွင့်ရခဲ့တဲ့ ပညာရပ်တွေကို တကယ်ရော အသုံးချဖြစ်ရဲ့လား၊ တချို့ ကတော့ အသုံးမချကြပါဘူး၊ အဲဒါ ဘာကြောင့်လဲ? ဒီပညာရေးစနစ်ဟာ တကယ်ရော လိုအပ်လို့လား၊ အကျိုးရော ရှိပါရဲ့လား? တချို့ ကတော့ အသုံးချပေမဲ့ သူတို့ရဲ့ ဘဝတွေကို အမှန်တကယ် ကျေနပ်နေကြလား၊ ဝါသနာနဲ့ဘဝ ထပ်တူကျတဲ့လူတွေဆိုတာ အင်မတန် ကံကောင်းတဲ့ လူနည်းစုပဲ ဖြစ်ပါတယ်။
ကျမရဲ့ အဖေဟာ ကျောင်းဆရာဖြစ်တဲ့အတွက် သူရဲ့တပည့်တွေဟာ ကျမတို့ရဲ့ သူငယ်ချင်းတွေပါပဲ၊ သူငယ်ချင်း တချို့အကြောင်း ကို နမူနာအနေနဲ့ ပြောပြချင်ပါတယ်။
ကျမသူငယ်ချင်း နေမျိုးးအောင်ဟာ အပြင်စာကို တော်တော်လေးဖတ်ပါတယ်၊ ကျမတို့ အချစ်ဝတ္တုတွေ ဖတ်နေတဲ့အရွယ်မှာ သူက ဘာသာပြန်ဝတ္တုတွေ ဖတ်နေပါပြီ၊ သူက စိန်ကုန်သည်၊ ရွှေကုန်သည်လို ဝတ္တုမျိုးးကို အထူးနှစ်သက်တတ်ပါတယ်၊ တကယ်လည်း သူ က စီးပွားရေးအမြင် ရှိတဲ့လူပါ။
ဒါပေမဲ့ သူ့အမေက တဦးတည်းသောသားဖြစ်တဲ့ သူ့ကို ဆရာဝန်ပဲ ဖြစ်စေချင်ပါတယ်၊ သူ့အမေက ရည်ရွယ်ချက် ကြီးကြီးနဲ့ ၉ တန်း ထဲက ဆရာမြတ်ထိန်လင်းတို့လို ဆရာကြီးတွေရဲ့ဝိုင်းမှာ သေချာသင်ကြားစေပါတယ်၊ နွေရာသီမှာလဲ အနားမပေးပဲ ဝိုင်းတွေဆက် တက်ခိုင်းပြီး ၁ဝ တန်းဖြေချိန်အထိ ကျူရှင်မျိုးစုံနဲ့ ဆေးကျောင်းတက်ခွင့်ရဘို့ အရမ်းကျိုးးစားခဲ့ပါတယ်။
အောင်စာရင်းထွက်တော့ ဂုဏ်ထူး ၄ ခုနဲ့ ဆေးဝင်ခွင့် ရပါတယ်၊ တကယ်က သူ ဆရာဝန် မလုပ်ချင်ပါဘူး၊ မိဘတွေရဲ့ဆန္ဒကို လိုက် လျောဘို့ သူ ဆေးကျောင်းတက်ခဲ့ပါတယ်။ မိဘတွေကတော့ သားလိမ္မာအတွက် ဂုဏ်တက်ခဲ့ပါတယ်၊ ဆေးကျောင်းမှာလည်း အမှတ် ကောင်းကောင်းရပါတယ်။
ကျောင်းပြီးလို့ ဆေးခန်းဖွင့်တော့ သူ့အမေ မျော်လင့်သလို မအောင်မြင်ပါဘူး။ ရပ်ကွက်အခေါ် ဆေးမလိုက်ဘူး ပြောရမှာပေါ့၊ လူသိပ် မလာပါဘူး၊ ဝါသနာကလဲမပါတော့ ၊ ဇွဲကလဲမရှိဘူးပေါ့၊ ဒီတော့ ၅ လလောက်ဖွင့်ပြီး ဆေးခန်းပိတ်လိုက်ပါတယ်၊ အစိုးရအလုပ် လည်း မလျှောက်တော့ပဲ အိမ်ထောင်ပြုပြီး ကားလေးတစီးဝယ်လိုက်ပါတယ်။ ဝယ်လိုက်တဲ့ ကားကို သေချာပြုပြင် ပြီးပြန်ရောင်း လိုက်တာ မြတ်တယ်တဲ့၊ ဒါနဲ့ နောက်တစင်း ထပ်ဝယ်၊ ပြန်ပြင် ပြန်ရောင်းနဲ့ သူအလုပ်ဖြစ်လာပါတယ်၊ ဒီတော့မှ သူ့အမေနဲ့ ယောက္ခမက သူ့ “ဇ” ကို သိလာပြီး အရင်းအနှီးထပ်ထည့်ပေးလို့ အဆင်ပြေသွားတဲ့ သူဟာ ၊ ဒီနေ့မှာတော့ M.B.B.S ဘွဲ့ရ ကားဝယ် ရောင်းတဦး ဖြစ်နေပါတယ်။
နောက်တဦးက ကျမညီမ ဝမ်းကွဲပါ၊ သူက အထက (၂) ဗဟန်း က “S” ခန်းမှာတောင် အဆင့် ၁ ကနေ ၃ အတွင်း အမြဲ ရှိနေပါတယ်၊ သူက ဆရာဝန် ဖြစ်ချင်တာပါ၊ သူ့ရဲ့ အဖေနဲ့အမေက ဆရာဝန်တွေဆိုတော့ သူ့ရဲ့ငယ်ဘဝမှာ လူနာတွေနဲ့ လက်ပွန်းတတီး နေခဲ့ရ တာပါ။ ဒါပေမဲ့ စာမေးပွဲဖြေတဲ့ရက်မှာ သူနေမကောင်းလို့ အမှတ်စာရင်းထွက်တော့ ဆေးဝင်ခွင့်မီဘို့ ၅ မှတ်ဘဲ လိုပါတယ်၊ ဆရာဝန် ဖြစ်ခွင့်မရတော့ ဖွင့်တာသိပ် မကြာသေးတဲ့ ကွန်ပြူတာတက္ကသိုလ်ကို တက်ပါတယ်၊ အဲဒီမှာလဲ သူစာတော်ပါတယ်၊ ဗိုလ်ချုပ် ခင်ညွန့် သမီးပြီး သူပါဘဲ၊ Master တောင် တက်လိုက်ပါသေးတယ်၊ ဒါပေမဲ့ ကျောင်းပြီးတဲ့အချိန်မှာ ကွန်ပြူတာကို ဂိမ်းကစားဘို့ပဲ ကိုင်တာ တွေ့ရပါတယ်၊ သူအဖေရဲ့ ဆေးခန်းမှာတော့ အကူအညီ တော်တော်ပေးနှိုင်ပါတယ်၊ ကျမက သူ့ကို ဘာလို့ ကွန်ပြူတာနဲ့ပတ်သက် တာ မလုပ်တာလဲမေးတော့ သူက “မြန်မာပြည်မှာ ကွန်ပြူတာနဲ့ပတ်သပ်ရင် အရောင်းပြခန်းက အကိုက်ဆုံးပဲ ဒါပေမဲ့ နန္ဒာအေး (ဗိုလ်ချုပ်ကြီး မောင်အေး) ရဲ့ သမီးကို မကျော်နှိုင်လို့၊ သူက အခွန်အတုပ်တွေလွတ်တော့ ဈေးချင်း ယှဉ်လို့မရဘူး၊ အရင်းအနှီးလည်း သူ့လောက်မရှိဘူး။ ဒါကြောင့် ဘာမှမလုပ်တော့ဘူး ”တဲ့။
တချို့မိဘတွေကလည်း သားသမီးကောင်းစားတာပဲမြင်ချင်လို့ ဝါသနာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ သူတို့ရွေးချယ်စေချင်တဲ့ အ တိုင်းဖြစ်အောင် ဖိအားပေးကြပါတယ်၊ တကယ်ကတော့ ပညာရေးဈေးကွက်လိုက်ရှာ ကြတာပါ။
အခုနောက်ပိုင်း ခေတ်စားလာတာက ရေကြောင်းတက္ကသိုလ်နဲ့ ရေကြောင်းသိပ္ပံပါ၊ ဒေါ်လာစားတွေဆိုတော့ ဝင်ငွေကောင်းကြတာ ပေါ့။ ကျမ စာသင်ပေးခဲ့တဲ့ ကျမသူငယ်ချင်းရဲ့သားက တက္ကသိုလ်ဝင်တန်းအောင်တော့ အမှတ်ပေါင်း ၃၇ဝ ကျော်ပါတယ်၊ ရေ ကြောင်းတက္ကသိုလ်ကို မမီပေမဲ့ ရေကြောင်းသိပ္ပံကိုတော့ မီပါတယ်၊ ဒါကြောင့် အမေက ရေကြောင်းသိပ္ပံ တက်ခိုင်းပါတယ်၊ ကလေး က “E” မေဂျာယူချင်ပါတယ်၊ ဒီတော့ သားအမိတွေ ငြင်းကြခုံကြနဲ့ စကားများကြပါတယ်၊ အမေကလည်းသားကို သင်္ဘောသားဖြစ်မှ နောင်အရှည် ကောင်းမယ်လို့ မြင်ပါတယ်၊ အခု ကလေးက လက်မခံချင်ပေမဲ့ နောက် ၁ဝ နှစ်လောက်ကြာရင် ကျေးဇူးတင်လိမ့်မယ် လို့ ထင်နေပါတယ်၊ ကလေးက ဝါသနာမပါတဲ့ သင်္ဘောသား မလုပ်ချင်ဘူး၊ ဘယ်လိုမှ ညှိလို့မရပါဘူး၊ ကလေးအဖေကလဲ “မင်း ငါတို့ လို လစာလေးမဖြစ်စလောက်နဲ့ ဒုက္ခ ရောက်ချင်လို့လား၊ မင်းလစာကို ဒေါ်လာနဲ့ရမှ လူယောင်သူယောင်ပြောင်တော့ မပေါ့” တဲ့ ကျမ လည်း သူတို့ လင်မယားရဲ့ ခံစားချက်ကို နားလည်ပါတယ်၊ ဒါကြောင့် ၂ ဘက် စလုံးကို ကိုယ်ချင်းစာမိပါတယ်။
ကျမရဲ့ အဖေဟာ သူ ဝါသနာပါတဲ့ ကျောင်းဆရာအလုပ်ကို မညည်းမညူ လုပ်လေ့ရှိပါတယ်၊ ဘယ်လောက်တောင်လဲဆိုရင် ထမင်း မေ့ ဟင်းမေ့ပါ၊ ကျောင်းသားတွေ ထူးချွန်သွားရင် သူရတဲ့ ပီတိဟာ ကျမတို့ မိသားစုကို ကူးစက်လေ့ရှိပါတယ်၊ သူ တကယ်ဝါသနာပါ တဲ့ အလုပ်ကိုး။
ကျမရဲ့ ဦးလေး ဆရာဝန်ဟာ အတော်စေတနာကောင်းပါတယ်၊ လူနာတဦးကိုကြည့်ရင် အသေချာကိုလေ့လာပါတယ်၊ သေချာမေး မြန်းပြီးမှ ဆေးကုပါတယ်၊ ဆေးဘိုးလဲ အများကြီးမယူပါဘူး၊ ဘယ်တော့မှလည်း သဋ္ဌေးမဖြစ်ပါဘူး သဋ္ဌေးဖြစ်နေတဲ့ ဆရာဝန်တွေကို လဲ သူ အားမကျပါဘူး၊ သူလက်ခံတဲ့ ဘဝအဓိပ္ပါယ်က လောကကြီး တခုလုံးကို အကျိုးမပြုနိုင်ရင်တောင်မှ တစိတ်တပိုင်း ထောက် ပံနိုင်ရင် လူ့ဘဝ လာရကျိုးနပ်တယ်တဲ့၊ လူတယောက်ရဲ့အသက်ကို ကယ်လိုက်ရတဲ့ ပီတိက ဘာနဲ့မှ မတူဘူးတဲ့။
သူတို့ ဘာကြောင့် ဒီလို ခံယူနိုင်တာလဲ၊ ဒီလို ခံယူနိုင်ဘို့ အရေးအကြီးဆုံးအချက်က ဝါသနာကို အရင်းခံဘို့ လိုပါတယ်၊ ဝါသနာ မပါဘဲ လုပ်ရတဲ့အလုပ်ဟာ ငြီးငွေ့လွယ်ပါတယ်၊ ပညာတခုကို ငွေရှာဘို့အတွက်ပဲ သင်ကြားတယ်ဆိုရင် အဲဒီလူရဲ့ ရည်ရွယ်ချက်ဟာ လွဲ နေပြီလို့ ထင်ပါတယ်၊ အခြေခံကျတဲ့ ပညာရေးစနစ်ရဲ့ လွဲမှားမှုများကတော့ ကျမတို့ တိုင်းပြည်ရဲ့အဓိကမဏ္ဍိုင် ယိုယွင်းပျက်စီးမှုပဲ မဟုတ်ပါလား။
ခင်ငြိမ်းသစ်
ရင်းမြစ်။ ။နေ့သစ်
Tuesday, March 23, 2010
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment