Wednesday, October 13, 2010

ဘာမှမဖြစ်ခင်ကွဲကြလေပြီ

ဒီငြိမ်း မဟာမိတ်အဖွဲ့က ထွက်
ချင်းမိုင် (မဇ္ဈိမ)။        ။ အမျိုးသားဒီမိုကရေစီ အင်အားစုက အငြင်းပွားဖွယ်ရာ စီးပွားရေး လုပ်ငန်းရှင်ထံမှ အလှူငွေလက်ခံမှုကြောင့် ပူးပေါင်းမဟာမိတ်အဖွဲ့မှ နှုတ်ထွက်ရန် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ (ဒီငြိမ်း)  အရေးပေါ် အစည်းအဝေးက ကနေ့ ဆုံးဖြတ်လိုက်သည်။

ရေလုပ်ငန်းအဖွဲ့ ချုပ် ဒုဥက္ကဋ္ဌ ဦးလှမောင်ရွှေ လှူငွေကို လက်ခံသည်ဆိုကာ ဒီငြိမ်းအဖွဲ့က နှုတ်ထွက်လိုက်သည်ဟု ဆိုသည်။

ဒီငြိမ်း၊ အမျိုးသားဒီမိုကရေစီ အင်အားစု NDF၊ ချင်းအမျိုးသားပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ UDP၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP တို့ ယခုလ ၂ ရက်က မဟာမိတ်စုဖွဲ့ခဲ့သည်။

အခြေအနေရှုပ်ထွေးနေသဖြင့် ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီကလည်း ပူးပေါင်းဆောင်ရွက်မှုကို “ခေတ္တရပ်ဆိုင်း” ထားမည်ဖြစ်ကြောင်း ပြောသည်။

ဒီငြိမ်းပါတီမူဝါဒအရ စီးပွားရေးလုပ်ငန်းရှင်များထံမှ အလှူခံခွင့်ပြုထားသော်လည်း ဦးလှမောင်ရွှေမှာ  စစ်အစိုးရ ခန့်ထားသူဖြစ်သဖြင့် မဲဆန္ဒရှင်များ ယုံကြည်မှု မကျဆင်းစေရေးအတွက်ဟု ဒီငြိမ်းပါတီ ဥက္ကဌ ဦးအောင်သန်းက မဇ္ဈိမကို ပြောသည်။

“အစိုးရကလည်း ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ထောင်ထားတယ်။ အစိုးရထောင်ထားတဲ့ပါတီကို အားမပေးပဲနဲ့ အဲဒီ ပုဂ္ဂိုလ်ကနေပြီးတော့ အမျိုးသားဒီမိုကရေစီ အင်အားစုကို အားပေးမယ်ဆိုရင် ဒါ သဘာဝမကျဘူး။ ကျနော်တို့က နှောင်ကြိုးရှိတယ်လို့ပဲမြင်ပါတယ်။ အဲဒါကြောင့် မပူးပေါင်းတော့ဘူးလို့ ဆုံးဖြတ်လိုက်တာပါ” ဟု ဦးအောင်သန်းက ပြောသည်။

ယခင်လ ၂၉ ရက်နေ့ထုတ် မြန်မာပို့စ် (Myanmar Post) စာစောင်တွင် ဦးလှမောင်ရွှေက NDF အပါအဝင် ရှမ်း၊ ကရင်၊ ချင်း၊ ရခိုင် စသည့်တိုင်းရင်းသားပါတီများကို ငွေကြေးထောက်ပံ့ထားကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပြီးနောက် ယခု ပြဿနာများ ပေါ်ပေါက်လာသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဖြေရှင်းရန် ယခုလ ၆ ရက်က စာတစောင်ထုတ်ခဲ့ရာ မနေ့က NDF ပါတီ ဌာနချုပ်၌ ရှင်းလင်းပွဲ လုပ်ခဲ့သည်။

NDF က ထောက်ပံ့မှုကို ပုဂ္ဂိုလ်ရေးအရသာ လက်ခံပြီး ပါတီအနေဖြင့် မဟုတ်ကြောင်း၊ ဦးလှမောင်ရွှေထံမှ တောင်းပန်စာလည်းရကြောင်း ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းက မနေ့က ရှင်းပြခဲ့သည်ဟု ဦးအောင်သန်းနှင့် UDP ဥက္ကဋ္ဌတို့ထံက သိရသည်။ ယင်းစာကို ဒီငြိမ်းပါတီ မရဟုလည်း ဆိုသည်။

ရခိုင်ပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကမူ ယခုလ ၁၁ ရက်စွဲပါ ဦးလှမောင်ရွှေလက်မှတ်နှင့် စာကို ရကြောင်း၊ RNDP အနေဖြင့် ဦးလှမောင်ရွှေထံမှ မည်သည့် အထောက်အပံ့မျှ မယူထားကြောင်း မဇ္ဈိမကို ပြောသည်။

“ကျနော်တို့လည်း ဆက်စပ်မှုမရှိကြောင်း၊ ငွေကြေးအရှုပ်အရှင်းနဲ့ ပတ်သက်လို့ ရှင်းလင်းစွာ သိရတဲ့ အချိန်အထိ အဲဒီ ၅ ပါတီနဲ့ ဆက်ဆံရေးများ ခေတ္တရပ်ဆိုင်းထားမယ်ဆိုတဲ့အကြောင်း ထုတ်ပြန်ဖို့ရှိပါတယ်” ဟု ဒေါက်တာအေးမောင်က ပြောသည်။

ဒီမိုကရေစီမိတ်ဆွေပါတီများ အစုအဖွဲ့ ဖြစ်ပေါ်လာရေး အကျိုးဆောင်သည့် UDP ပါတီ ဥက္ကဋ္ဌ ဦးသိန်းဌေးက သူတို့ပါတီလည်း ဦးလှမောင်ရွှေနှင့် ကင်းရှင်းကြောင်းဆိုသည်။

“ပြည်သူကို နေရာမပေးပဲနဲ့ လူလို သူလို အဆက်ဆံ မခံရတဲ့ အုပ်ချုပ်ရေးစနစ်တွေကို ကျနော်တို့ လူငယ်တွေက မလိုချင်တော့ဘူး။ ပြည်သူဘက်က လိုက်ပါဆောင်ရွက်ပေးမယ်ဆိုတဲ့ ကျနော်တို့ရဲ့ ဒီဘက် အင်အားစုတွေ တဖွဲ့နဲ့တဖွဲ့ ပြစ်တင် ရှုတ်ချတာတွေ၊ ပြည်သူအမြင် ရှုတ်ထွေးစေမယ့် လုပ်ရပ်တွေ မဖြစ်စေချင်ဘူး။ ကျနော်တို့ရဲ့ ဒီဘက် အင်အားစုတွေရဲ့ လုပ်ကွက်တိုက်ကွက်က ဟိုဘက်အင်အားစုက ဖြုံတောင်မဖြုံဘူး ဆိုတဲ့အဆင့်ရောက်သွားနိုင်တယ်။  ပြေရာပြေကြောင်းလေးတော့ ဖြစ်စေချင်တာ” ဟု မဇ္ဈိမကို ပြောသည်။

ရွေးကောက်ပွဲကာလ  တခြားနိုင်ငံရေး စုဖွဲ့မှုများရှိသည်ကိုလည်း တွေ့ရသည်။ ယခုအစုအဖွဲ့မတိုင်မီ တသီးပုဂ္ဂလ ၈ ဦးနှင့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) တို့ ပူးပေါင်းဆောင်ရွက်မည်ဟု သဘောတူခဲ့ကြသေးသည်။ သို့သော် “ကျစ်ကျစ်လစ်လစ်” မရှိသေးကြောင်း ဒီငြိမ်း ဥက္ကဋ္ဌ ဦးအောင်သန်းက သုံးသပ်သည်။

“ရွေးကောက်ပွဲနားနီးလာမှ လှမ်းချိတ်ကြတော့ ကိစ္စရပ်အားလုံးမှာ ပူးပေါင်းဆောင်ရွက်ဖို့ဆိုတာ မဖြစ်တော့ဘူး။ အမတ်လောင်းရွေးနေရာချတာ လုပ်တုန်းကလဲ သီးခြားစီ။ တချို့နေရာတွေမှာ ထပ်နေကြတယ်။ ဒီအချိန်မှာတော့ စုစည်းဖို့ သိပ်မလွယ်ဘူး။ အခု ကျနော်တို့ ပြဿနာကိုပဲ ကြည့်လေ” ဟု သူက ပြောသည်။

အဖျက်သိမ်းခံ မြန်မာဒီမိုကရေစီ ကွန်ဂရက်ပါတီ ဥက္ကဋ္ဌဟောင်း တောင်ဥက္ကလာပ တသီးပုဂ္ဂအမတ်လောင်း ဦးကောင်းမြင့်ထွဋ်ကမူ ပါတီများ ယခုကဲ့သို့ စုဖွဲ့ရန်ကြိုးစားနေကြသော်လည်း မိတ်ဖက်မဟုတ်ကြဟု သုံးသပ်သည်။

“နယ်မြေတစ်ခုထဲမှာလည်း ကိုယ်ကလည်း ပြိုင်တယ်။ သူကလည်း ပြိုင်တယ်ဆိုရင် ဘယ်လိုလုပ် မိတ်ဖက် ဒီမိုကရေစီအင်အားစုတွေ ဖြစ်နိုင်မလဲ” ဟု ဆိုသည်။

0 comments:

Post a Comment