Wednesday, October 13, 2010

သတင်းလွတ်လပ်ခွင့်ကို ရွေးကောက်ပွဲဝင် ပါတီအများစု ထောက်ခံ



Vote Box
 ရန်ကုန်မြို့တွင် ကျင်းပခဲ့သော မဲသရုပ်ပြပွဲ မြင်ကွင်း
          လွတ်လပ်စွာ ထုတ်ပြောဆိုခွင့် အစရှိသည်တို့ အပါအ၀င် သတင်း လွတ်လပ်ခွင့်ကို ရွေးကောက်ပွဲဝင် ပါတီအများစုနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၊ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလောင်းများက ထောက်ခံ ပြောဆိုကြပါသည်။
         ထိုသို့ ပြောဆိုကြရာတွင် ဒီမိုကရေစီအင်အားစု ပါတီများသာမကဘဲ တိုင်းရင်းသားလူမျိုး ကိုယ်စားပြု ပါတီများကလည်း အလေးအနက်ထား ပြောဆိုခဲ့ခြင်း ဖြစ်ပြီး ဖြစ်ပေါ်လာမည့် နိုင်ငံရေး အခင်းအကျင်း အရ သတင်းလွတ်လပ်ခွင့်မှာ လက်ရှိ အနေအထားထက် ပိုမိုအားကောင်းရန် လိုအပ်လာကြောင်း ပြောဆိုခဲ့ကြပါသည်။
          ''ကျွန်တော့်အနေနဲ့ အချက် သုံးချက်က ပြောလိုပါတယ်။ တစ်အချက် ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရဆိုတဲ့ အချက် ဖြစ်ပါတယ်။ ဒုတိယအချက်က တန်းတူညီမျှ ဖြစ်ရေးဆိုတဲ့ အချက်နဲ့ တတိယအချက်က အပေါ်က အချက်နှစ်ချက်ကို မီး မောင်းထိုးပြမယ့် သတင်းမီဒီယာ တွေရဲ့ လွတ်လပ်ခွင့်ပဲ ဖြစ်ပါတယ်။ သတင်းလွတ်လပ်ခွင့်ရှိမှ အပေါ်က အချက်နှစ်ချက်ကို balance လုပ်ပေးနိုင်မှာ ဖြစ်တယ်။ လာမယ့် နိုင်ငံရေး အခင်းအကျင်းအရလည်း သတင်းလွတ်လပ်ခွင့်ဆိုတာ လက်ရှိ အနေအထားထက် ပိုပြီးတော့ လိုအပ်လာပြီ။ ပြည်သူတွေအနေနဲ့ ၀န်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ဘယ်လိုအရာတွေကို လုပ်ဆောင်နေသလဲ ဆိုတာကို လိုက်လေ့လာနေဖို့ အချိန် မရဘူး။ ဒီအခါ သတင်းမီဒီယာတွေက လွတ်လပ်စွာ ဖော်ပြရင်း တိုင်းပြည်အကျိုးကိုလည်း ဆောင်ရွက်နိုင်ရာရောက်မယ်။ နောက်ပြီး သတင်း မီဒီယာဆိုတာ ပြည်သူတွေရဲ့ မျက်စိ၊ နားပဲ။ ပြည်သူတွေ လိုအပ်တာကို တင်ပြပေးနိုင်တဲ့ အပြင် အစိုးရရဲ့ လုပ်ဆောင်မှုတွေကိုလည်း balance လုပ်ပေးနိုင်တယ်။ အဲဒါကြောင့် သတင်းလွတ်လပ်ခွင့်ဆိုတာ မရှိမဖြစ် လိုအပ်တဲ့ အကြောင်းအရာလို့ပဲ ပြောချင်တယ်''ဟု ပြည်ထောင်စုဒီမိုကရေစီပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးသိန်းတင်အောင်က ပြောပြပါသည်။
           ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဦးဇော်အေးမောင် ကလည်း သတင်းမီဒီယာများသည် အစိုးရကို ထိန်းကျောင်းပေးသော guradian of the government ဖြစ်ခြင်းကြောင့် သတင်းလွတ်လပ်ခွင့် ရရှိရန် ပိုမိုမျှော်လင့်ကြောင်း ပြောဆို ခဲ့ပါသည်။
           ''လာမယ့် အနာဂတ်ကာလမှာ သတင်းလွတ်လပ်ခွင့်တွေ ပိုရလာဖို့ မျှော်လင့်ပါတယ်။ သတင်းမီဒီယာတွေဟာ အစိုးရကို စောင့်ကြည့် ထိန်းကျောင်းပေးရမယ့် စတုတ္ထမဏ္ဍိုင်လည်း ဖြစ်တယ်။ ပြည်သူတွေရဲ့ လိုအပ်ချက်ကို ကိုယ်စားပြု တင်ပြပေး  သူတွေလည်း ဖြစ်တယ်။ ဒီအတွက်ကြောင့် သတင်းမီဒီယာတွေ အတွက် သတင်းလွတ်လပ်ခွင့် အခုထက်ပိုပြီးတော့ လိုအပ်သလို သတင်းမီဒီယာတွေကို အကာအကွယ်ပေးတဲ့ ဥပဒေတွေလည်း ပေါ်ထွက်လာဖို့ လိုအပ်ပါတယ်''ဟု ဦးဇော်အေးမောင်က ပြောပြပါသည်။
ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာမည့် နိုင်ငံရေး အခင်းအကျင်းတွင် ပါဝင်လာမည့် နိုင်ငံရေးပါတီ အများစုနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများက သတင်းလွတ်လပ်ခွင့်နှင့် ပတ်သက်ပြီး အလေးအနက်ထား ပြောဆိုမှုများ ရှိလာခြင်းကြောင့် မကြာမီကာလတွင် ပုဂ္ဂလိက သတင်းစာများ ပေါ်ထွက်လာနိုင်ဖွယ် ရှိကြောင်း  . . .
           သတင်းလွတ်လပ်ခွင့်သည် နိုင်ငံ တိုးတက်ရေးအတွက် တံခါးပေါက်တစ်ခု ဖြစ်ကြောင်းကိုလည်း မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးနေမျိုးဝေကလည်း ပြောပြပါသည်။
          ''သတင်းလွတ်လပ်ခွင့်ဆိုတာ တိုင်းပြည် တိုးတက်ဖို့အတွက် တံခါးပေါက်တစ်ခုပဲ။ ဒါမရလို့ မဖြစ်ပါဘူး။ အဲဒါဆိုရင် ကျန်တာတွေက အကုန်ထိန်းချုပ်လို့ရပြီ။ သတင်းလွတ်လပ်ခွင့်က ပြောရမှာပဲ။ ပြောလို့ဆိုတာနဲ့တော့ ဖမ်းလို့မရဘူး။ ပြောခွင့်က တော့ ရှိရမယ်။ ပြောတဲ့ အကြောင်းအရာကိုပဲ ဖမ်းရမယ်။ ထုတ်ဝေတဲ့ အမှု၊ ပြောတဲ့အမှုဆိုတာတော့ မရှိရဘူးဗျာ။ လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့် ဆိုကတည်းက ပြောတာက အပြစ် မဟုတ်ဘူး။ အကြောင်းအရာက တစ်ဖက်သားကို လီဆယ်ပြီး ဂုဏ်သိက္ခာ ကျဆင်းအောင် လုပ်ခဲ့ရင် တရားရုံးမှာ ရှင်း။ ဝေဖန်မှုတွေ ပိုပြီးများလာဖို့ လိုပါတယ်။ ဝေဖန်မှုတွေ များလာမှ ဒီအကြောင်းအရာတွေဟာ မီဒီယာတွေရဲ့ စာမျက်နှာပေါ် ရောက်လာမှာပါ။ တရားရုံးရဲ့ သတင်းရယူခွင့်၊ ဖော်ပြခွင့် ဒါတွေကိုပဲ လုပ်ရမှာပါ။ စတုတ္ထမဏ္ဍိုင်ဆိုတဲ့ဟာက ကျန်တဲ့မဏ္ဍိုင် သုံးခုစလုံးကို ထိန်းရမှာပါ။ ဥပဒေ တွေကတော့ ထိန်းသိမ်းပေးတာပဲ။ အခုလည်း ရှိတာပဲ။ ဒါပေမယ့် အဲဒီဟာတွေကို အသိပေးနေမယ့် မီဒီယာ ရှိဖို့ လိုတာပဲ''ဟု ဦးနေမျိုးဝေက ပြောပြပါသည်။
          နိုင်ငံရေးပါတီများ၊ အခြားသော လွှတ်တော်ကိုယ်စားလှယ်လောင်းများ နည်းတူ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ကွန်ရက်တွင် ပါဝင်သူ လွှတ်တော် ကိုယ်စားလှယ်လောင်းများကလည်း သတင်း လွတ်လပ်ခွင့်ရှိရေး ကိစ္စရပ်ကို ထောက်ခံကြောင်း သိရသည်။
          ''သတင်းမီဒီယာကို စတုတ္ထ မဏ္ဍိုင်လို့ ခံယူပါတယ်။ ဒီမိုကရေစီခေတ်ကို လျှောက်လှမ်းတဲ့အခါမှာ သတင်းလွတ်လပ်ခွင့် ရှိဖို့ ဆိုတာကို ထောက်ခံပါတယ်။ ကျွန်တော်တစ်ဦးတည်းတင် မကဘဲ ကျွန်တော်တို့ရဲ့ တစ်သီးပုဂ္ဂလ ကွန်ရက်မှာ ပါဝင် သူတိုင်းက အခုလိုပဲ သဘောထားပါတယ်'' ဟု တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦး ဖြစ်သူ ဦးရန်ကျော်က ပြောပြပါသည်။
         သတင်းမီဒီယာများသည် တိုင်းပြည်၏ အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်သောကြောင့် မီဒီယာများ၏ လွတ်လပ်စွာ ဖော်ပြခွင့်နှင့်အတူ သတင်းမီဒီယာများကလည်း ကျင့်ဝတ်နှင့်အညီ ဖော်ပြ ရေးသားကြရန် အရေးကြီးကြောင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၏ နိုင်ငံရေး ကော်မတီကြီး အတွင်းရေးမှူး ဦးသိန်းထွန်းက ပြောပြပါသည်။
         ''ကျွန်တော်တို့အနေနဲ့ အရင်ကလည်း ပြောထားပါတယ်။ နိုင်ငံရေး သံတမန်တွေနဲ့ တွေ့တိုင်းလည်း ဒီလိုပဲ ပြောပါတယ်။ သတင်းမီဒီယာဆိုတာ တိုင်းပြည်ရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတဲ့ အရာ ဖြစ်တယ်။ ပြည်သူ့အကျိုး၊ တိုင်း ပြည် အကျိုးအတွက် ဆောင်ရွက်တဲ့ နေရာမှာ အရေးကြီးတဲ့ မဏ္ဍိုင် ဖြစ်တယ်ဆိုတဲ့ အချက်တွေပါ။ သတင်း မီဒီယာတွေအနေနဲ့ လွတ်လပ်စွာ ရေးသားဖော်ပြခွင့် ရှိသည်နှင့် အမျှ ပြည်သူတွေကြားမှာ ထင်သာမြင်သာရှိပြီး လက်ခံမှုတွေ ရှိလာမှာပါ။   လာမယ့် နိုင်ငံရေး အခင်းအကျင်းအရ ရွေးကောက်ပွဲ ပြီးတဲ့အခါမှာလည်း လွှတ်တော်ထဲမှာ ပြောကြဆိုကြတာတွေ၊ တူတာတွေ၊ မတူတာတွေ၊ ညှိတာနှိုင်းတာတွေ၊ debate သဖွယ် ပြောဆိုတာတွေ ရှိလာမှာပါပဲ။ ဒီအခါမှာ ဖြစ်လာတဲ့ အကြောင်းအရာ တွေကို ပြည်သူတွေသိအောင် ကိုယ်စားလှယ်တွေရဲ့ ကိုယ်စား သတင်း မီဒီယာတွေကပဲ တင်ပြကြမှာ။ ပြည်သူတွေသိအောင် ပြောနိုင်ဖို့လည်း လိုအပ်တယ်။ ပြောပြဖို့လည်း သတင်း မီဒီယာတွေမှာ တာဝန်ရှိတယ်။ ဒီလို တာဝန်ရှိသလို ပြည်သူတွေ လိုအပ်တာ ဘာလဲ၊ လိုနေတာ ဘာလဲဆိုတဲ့ အချက်အလက်တွေကို ပြည်သူတွေ ကိုယ်စား သတင်းမီဒီယာတွေပဲ တင်ပြကြရမှာ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် သတင်းလွတ်လပ်ခွင့်ဆိုတာ ရှိနေဖို့လိုတဲ့ နည်းတူ သတင်းမီဒီယာတွေ အနေနဲ့လည်း မီဒီယာတွေ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေနဲ့အညီ ရေးသားဖော်ပြကြဖို့ လိုမယ်ထင်ပါတယ်''ဟု ဦးသိန်းထွန်းက ပြောပြခဲ့သည်။
          ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာမည့် နိုင်ငံရေး အခင်းအကျင်းတွင် ပါဝင်လာမည့် နိုင်ငံရေးပါတီ အများစုနှင့် လွှတ်တော်ကိုယ်စား လှယ်လောင်းများက သတင်းလွတ်လပ်ခွင့်နှင့် ပတ်သက်ပြီး အလေးအနက်ထား ပြောဆိုမှုများ ရှိလာခြင်းကြောင့် မကြာမီ ကာလတွင် ပုဂ္ဂလိက သတင်းစာများ ပေါ်ထွက်လာနိုင်ဖွယ် ရှိကြောင်းလည်း သုံးသပ်ပြောဆိုမှုများ ရှိနေပါသည်။  

ရင်းမြစ်။ ။www.first-11.com

0 comments:

Post a Comment