Thursday, September 16, 2010

ရေကြီးရေလျံမှုများ ဓာတ်ပုံရိုက်ခြင်းနှင့် ပတ်သက်၍ မကွေးမြို့နယ် မြို့နယ်မှူးရုံးမှ ကင်မရာ သိမ်းဆည်းပြီး ခံဝန်လက်မှတ် ရေးထိုးခိုင်းသည်ကို မထိုးသောကြောင့် Weekly Eleven သတင်းဂျာနယ်၏ မကွေးသတင်းထောက်အား ခေတ္တ ထိန်းသိမ်းထား

   Weekly Eleven သတင်းဂျာနယ်၏ မကွေးသတင်းထောက် ကိုအောင်သူငြိမ်း ၂၈ နှစ်အား ရေကြီးရေလျှံမှု ဖြစ်စဉ်၊ သစ်ပင်ပြိုလဲခြင်း ဖြစ်စဉ်တို့ကို ဓာတ်ပုံရိုက်ခြင်းနှင့် ပတ်သက်၍ ကင်မရာသိမ်းဆည်းပြီး ခံဝန်လက်မှတ် ရေးထိုးခိုင်းသည်ကို ခံဝန်မထိုးသောကြောင့် အဆိုပါ သတင်းထောက်အား မကွေးမြို့ အမှတ်(၁) မြို့နယ်ရဲတပ်ဖွဲ့စခန်းဝင်းအတွင်းရှိ မြို့နယ်မှူးရုံးတွင် ခေတ္တခေါ်ယူ ထိန်းသိမ်းထားသည်။

        မကွေးမြို့တွင် စက်တင်ဘာလ ၁၃ ရက်နေ့၊ ညနေပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ နေရာအချို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီး၊ မကွေး အ.ထ.က(၁)ကျောင်းနှင့် ဆက်သွယ်ရေး ရုံးအနီးရှိ သစ်ပင်တစ်ပင်သည်လည်း မိုးအရှိန်ကြောင့် အမြစ်မှ ပြိုလဲခဲ့သည်။ ယင်းဖြစ်စဉ်များကို မကွေးမြို့ရှိ Weekly Eleven သတင်းထောက်သည်(စက်တင်ဘာလဆန်းမှ အစမ်းခန့်အဖြစ် အသစ်ခန့်အပ်ထားသော သတင်းထောက် ဖြစ်သည်) သတင်းဓာတ်ပုံများ လိုက်လံရိုက်ကူးခဲ့သည်။ ထိုသို့ ရိုက်ကူးမှုနှင့် ပတ်သက်၍ အဆိုပါ သတင်းထောက်အား သက်ဆိုင်ရာ ရဲတပ်ဖွဲ့ တာဝန်ရှိသူ အချို့က တွေ့ရှိမေးမြန်းပြီး ပထမတွင် ကင်မရာပါပုံများကို ဖျက်ခိုင်းသလို၊ ကင်မရာအား သိမ်းဆည်းသွားကာ နောက်နေ့တွင် မြို့နယ်မှုရုံးသို့ လာရောက်ရန် ပြောကြားခဲ့သည်ဟု သိရသည်။

         အဆိုပါ သတင်းထောက်သည် စက်တင်ဘာလ ၁၄ ရက်နေ့တွင် မြို့နယ်မှူးရုံးသို့ သက်ဆိုင်ရာ ရ.ယ.က တာဝန်ရှိသူ တစ်ဦးနှင့် သွားရောက် တွေ့ဆုံရာ မြို့နယ်မှူးက နောက်နောင် ယခုကဲ့သို့ မပြုလုပ်တော့ပါ ဆိုသည့် ခံဝန်ချက်အား ရ.ယ.က သက်သေ နှစ်ဦးဖြင့် လက်မှတ်ထိုးရန် ပြောကြားခဲ့သည်။ ထို့အတွက် ရ.ယ.က သက်သေတစ်ဦး လိုအပ်နေသေးသလို၊ ဂျာနယ်တိုက်သို့ အကြောင်းပြန်ကြားရန် ပြန်လည်ထွက်ခွာခဲ့ကြောင်း၊ ယင်းနောက် ခံဝန်လက်မှတ် မထိုးနိုင်ကြောင်း ပြန်လည် အကြောင်းပြန်ခဲ့သော်လည်း ထိုအချိန်တွင် မြို့နယ်မှူးမှာ အဆိုပါ ရုံးတွင် ရှိမနေတော့ကြောင်း သိရသည်။ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ထပ်မံသွားရောက်ခဲ့ရရာ အချက် ၄ ချက်ပါ ခံဝန်လက်မှတ် မထိုးပါက မကွေးသတင်းထောက် ကိုအောင်သူငြိမ်းကို မြို့နယ်မှူးရုံးမှ ပြန်လည်မထွက်ခွာရန် တားမြစ်ထားသည်မှာ ယခု သတင်းရေးသားချိန်အထိ ဖြစ်သည်(စက်တင်ဘာလ ၁၅ ရက် ည ၈ နာရီခွဲအထိ)။ Eleven Media Group ရန်ကုန်ရုံးချုပ်မှ မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ်မေးမြန်းသော်လည်း တာဝန်မှူး ရဲတပ်ဖွဲ့ဝင် အချို့နှင့်သာ တွေ့ရပြီး ယင်းဖြစ်စဉ်နဲ့ပတ်သက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံခွင့်မရဘဲ တိတိကျကျ စုံစမ်းနိုင်ခြင်း မရှိပါ။

        'ဖြစ်စဉ်က မိုးရွာလို့ ရေလျှံတာကို သတင်းဓာတ်ပုံရိုက် သတင်းယူတဲ့ လုပ်ရိုးလုပ်စဉ် တစ်ခုပါပဲ။ ဒါနဲ့ပတ်သက်လို့ ဒီလောက်အထိ အကျယ်ချဲ့ဖို့ လိုမယ်မထင်ပါဘူး။ အခုဖြစ်စဉ်နဲ့ဆို မကွေးမှာဖြစ်တာ ဒုတိယအကြိမ်ပါ။ ပထမတစ်ကြိမ်တုန်းကလည်း မကွေးမှာ ခန့်ထားတဲ့ နယ်သတင်းထောက်နဲ့ ပတ်သက်ပြီး ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ဖူးပါတယ်။ အခု ဖြစ်စဉ်နဲ့တော့ မတူပါဘူး။ ရဲစခန်းမှာ (၂)ရက် အချုပ်ခံခဲ့ရပါတယ်။ တကယ်တော့ နယ်တွေမှာ သတင်းထောက်ရရှိဖို့ အင်မတန် ခက်ခဲပါတယ်။  အခု ကိစ္စမှာတော့ ဒီသတင်းထောက်ဟာ မကြာခင်ကမှ အစမ်းခန့်အနေနဲ့ ခန့်ထားရတဲ့သူပါ။ ဖြစ်စဉ်အရလည်း သတင်းထောက်အနေနဲ့ ရာသီဥတုသတင်း ဖြစ်စဉ်တစ်ခုကို သတင်းရယူ ဓာတ်ပုံရိုက်ကူးတာကလွဲလို့ ဘာမှ အပြစ်ကျူးလွန်ထားတာ မရှိပါဘူး။ ကင်မရာသိမ်းတဲ့ အချိန်မှာလည်း သူတို့ကို ပေးလိုက်တာပါပဲ။ ဒါပေမယ့် ငယ်တဲ့အမှု ပပျောက်စေအောင် လုပ်ရမှာကို လက်ခံနိုင်စရာ မရှိတဲ့ ခံဝန်တွေ ထိုးခိုင်းပြီး မထိုးရင် ပြန်လို့မရဘူးဆိုတဲ့ အနေအထားကတော့ မဖြစ်သင့်ပါဘူး။ ခံဝန်ကလည်း နောက်နောင် ဒီလိုမလုပ်ပါဘူး ဆိုတာမျိုးတွေက သတင်းထောက် တစ်ယောက်အတွက် ဘယ်လိုမှ ထိုးစရာ အကြောင်းမရှိပါဘူး။ သတင်းထောက်ကတော့ သတင်းယူရမယ့် တာဝန်ရှိပါတယ်။ သတင်းဓာတ်ပုံ ရိုက်ရမယ့် တာဝန်ရှိပါတယ်။ အခုလိုမျိုး ကိစ္စတွေများလာရင် နောက်နောင်နယ်တွေမှာ သတင်းယူရတာ၊ သတင်းထောက်တွေ ရပ်တည်ရတာ မလွယ်ပါဘူး။ ဒါမျိုးတွေများလာရင် သတင်းထောက် လုပ်ရဲကြမှာတောင် မဟုတ်ဘူး။ ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိ အပြောင်းအလဲကာလမှာ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍဟာ အရေးပါပါတယ်။ ဘယ်လို ကိစ္စမျိုးကိုမဆို ဆင်ခြင်တုံတရားနဲ့ ခွဲခြားကိုင်တွယ်ဖို့ လိုမယ်ထင်ပါတယ်။ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ အခြား မြို့တွေမှာဆိုရင် ဒါဟာ သာမန် သတင်းကိစ္စ တစ်ခုပါပဲ။ ဒါပေမယ့် မကွေးမှာတော့ သတင်းနဲ့ ပတ်သက်ရင် Sensitive ဖြစ်နေတယ်လို့ ထင်ပါတယ်။ တိုင်းဒေသကြီး မြို့တော်တစ်ခုအနေနဲ့ ဒါမျိုးက လုံးဝမဖြစ်သင့်ပါဘူး။ အဲဒီအတွက် ကန့်ကွက်ပါတယ်။ မနက်ဖြန်မှာ အကြီးတန်း အယ်ဒီတာတစ်ယောက် မကွေးကို စေလွှတ်သွားမှာပါ။ နောက်ရက်မှာလည်း အခုလိုပဲ ဆက်ထိန်းသိမ်းထားမယ်ဆိုရင် ဥပဒေ နည်းလမ်းတွေအတိုင်း ဥပဒေကြောင်းအရပဲ ဆက်လက်တုံ့ပြန် ဆောင်ရွက်သွားမှာပါ'ဟု Weekly Eleven တာဝန်ခံအယ်ဒီတာ ကိုဝေဖြိုးက ပြောပါသည်။ မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၏ မြို့နယ်မှူးမှာ ဒုရဲမှူး ကြည်ဝင်း ဖြစ်ကြောင်း သိရသည်။


ရင်းမြစ်။ ။ www.first-11.com

0 comments:

Post a Comment