ပြီးခဲ့သော ဆယ်စုနှစ်ကာလများမှ စတင်ကာ ရေစီးကြောင်းတစ်ခုသဖွယ် ဖြစ်လာခဲ့သည့် နိုင်ငံရပ်ခြားသို့ သွားရောက်အလုပ်လုပ်ကိုင်ခြင်း၊ ပညာသွားရောက်သင်ယူခြင်းများမှာ လူငယ်၊ လူလတ်ပိုင်းများအကြား၌ ဘ၀တိုးတက်ရာ ထွက်ပေါက်တစ်ခုအနေဖြင့် ရေပန်စားနေဆဲ ဖြစ်ပါသည်။ ထိုကဲ့သို့ ရေပန်းစားနေဆဲဖြစ်သော်လည်း လက်ရှိအချိန်၌မူ နိုင်ငံခြားသို့ သွားရောက်ပညာသင်ယူခြင်းနှင့် အလုပ်လုပ်ရန်အတွက် ထွက်ခွာခြင်းတို့မှာ ယခင်အချိန်များနှင့် နှိုင်းယှဉ်ပါက အခက်အခဲများ ပိုမိုရင်ဆိုင်လာရကြောင်း သိရပါသည်။ မြန်မာလူငယ်အများစုသွားရောက်ကြသည့် နိုင်ငံများမှ ပြည်ဝင်ခွင့်ဆိုင်ရာကိစ္စရပ်များ၊ နေထိုင်ခွင့်ဆိုင်ရာကိစ္စရပ်များ အစရှိသည်တို့ကို တင်းကြပ်မှုများ ပြုလုပ်လာကြသည့်နည်းတူ နိုင်ငံအသီးသီး၌ သွားရောက်နေထိုင် ပညာသင်ယူ အလုပ်လုပ်ကိုင်နေကြသူအများစုမှာ နေထိုင်ရာနိုင်ငံများတွင် ရင်ဆိုင်ရသော အခက်အခဲများကို ထုတ်ဖော်ပြောဆိုမှုများရှိလာပါသည်။ လက်ရှိအချိန်တွင် နိုင်ငံရပ်ခြားသို့သွားရောက်ရာတွင် ငွေကြေးတတ်နိုင်ချမ်းသာသူများထက် ငွေကြေးမပြည့်စုံပဲ ဘ၀ကြီးပွားတိုးတက်လို၍ သွားရောက်ကြသောသူများအတွက်မူ နိုင်ငံရပ်ခြားတွင် ရင်ဆိုင်ရမည့်အခြေအနေများက စိန်ခေါ်မှုတစ်ရပ်ဖြစ်လာကြောင်းလည်း သိရသည်။
"စင်ကာပူမှာ ကျောင်းလာတက်တာမဟုတ်ဘဲ တိုက်ရိုက်အလုပ်လုပ်ဖို့ လာမယ်ဆိုရင် လိုအပ်တဲ့ အတွေ့အကြုံနဲ့ အလုပ်သဘာဝတွေကို မေးမြန်းလေ့လာပြီးမှ လာသင့်တယ်။ အထူးသဖြင့် အင်္ဂလိပ်စကားကို သွက်သွက်လက်လက် ပြောတတ်နိုင်ရင် အကျိုးရှိပါတယ်။ နိုင်ငံခြားသားတွေထဲမှာ မြန်မာတွေက အင်္ဂလိပ်စာတော်တော်ညံ့တယ်လို့ စလုံးတွေက သဘောထားကြပါတယ်။ ဒီကြားထဲ ပွဲစားနဲ့အလုပ်တွေ ရိုက်စားပြီးတော့ တစ်လ၊ နှစ်လလောက်အလုပ်ခန့်ပြီး ဆက်မခန့်တော့တာတွေလည်း ရှိပါတယ်။ ကျောင်းလာတက်မယ့်သူတွေ အတွက်ကတော့ ကျောင်းလခတွေက ဈေးတက်လာတယ်။ ကျောင်းပြီးတဲ့အခါ ပီအာရဖို့တော့ မသေချာဘူးဆိုတာကို သဘောပေါက်ထားပြီးမှ တက်သင့်၊ မတက်သင့်ဆုံးဖြတ်သင့်ပါတယ်။ ကိုယ်တက်မယ့် ကျောင်းမျိုးက ဘယ်လိုကျောင်းမျိုးလဲ၊ ဘယ်လောက်အသိအမှတ်ပြုတဲ့ Certificate ပေးမှာလဲဆိုတာ သေသေချာချာ လေ့လာပြီးမှ လာသင့်ပါတယ်။ ဆွယ်တဲ့သူက ဆွယ်တိုင်းပါမသွားဖို့လိုပါတယ်"ဟု မပန်ဒိုရာက ဆက်လက်ပြောပြသည်။
"ဒူဘိုင်းမှာတော့ မြန်မာတွေနဲ့ ဖားလို့ခေါ်တဲ့ ဖိလစ်ပိုင်တွေအများဆုံးရှိပါတယ်။ နေတတ်ရင်တော့ အဆင်ပြေတယ်လို့ ပြောနိုင်ပါတယ်။မိန်းကလေးတွေရဲ့ လုံခြုံမှုကလည်း ကာယကံရှင်တွေအပေါ်မှာ အများကြီးသက်ရောက်မှုရှိနေပါတယ်။ ဥပမာဆိုရင် သောကြာနေ့ဆိုရင် ဒူဘိုင်းမှာ ကလပ်တွေကို ၀င်ကြေးအခမဲ့နဲ့ ၀င်ခွင့်ရအောင်လုပ်ပေးထားတာတွေ ရှိပါတယ်။ ဒီအခါမှာ စိတ်ညစ်လို့ဖြစ်ဖြစ်၊အဆင်မပြေလို့ဖြစ်ဖြစ်၊ ပျော်ချင်လို့ပဲဖြစ်ဖြစ် ကလပ်မှာမူးရူးပြီး အချိန်မတော်ပြန်လာမယ်ဆိုရင် အန္တရာယ်ရှိနိုင်ပါတယ်။ ရေရှည်နေဖို့ကတော့ အခက်အခဲရှိနိုင်ပါတယ်။ ယဉ်ကျေးမှုအခြေခံတွေကအစ ကွာဟချက်တွေရှိနေတာအပြင် လုပ်ရတဲ့အလုပ်ကလည်း အရောင်းဝန်ထမ်းပုံစံမျိုးဆိုတော့ ခိုင်မာမှုတော့ မရှိနိုင်ပါဘူး။ ၀င်ငွေက အထိုက်အလျောက် ကောင်းတယ်ဆိုပေမယ့် အလုပ်ရဖို့ပေးရတဲ့ပွဲစားခနဲ့ မဖြစ်မနေအသုံးစရိတ်ကို ဖယ်လိုက်ရင် သိပ်စုမိတဲ့အနေအထားမရှိပါဘူး"ဟု ဒူဘိုင်းတွင် နေထိုင်လျက်ရှိသော မြန်မာအမျိုးသမီးငယ်တစ်ဦးက ပြောပြသည်။ ကာတာကဲ့သို့သော နိုင်ငံများတွင်မူ ဆောက်လုပ်ရေးလုပ်ငန်းခွင် အစရှိသောနေရာများတွင် အလုပ်ကြမ်းများကို လုပ်ကိုင်နေသည့် မြန်မာအများစုရှိနေကာ ပွဲစားများ၏ လိမ်လည်မှုကိုခံခဲ့ရသူများနှင့် အလုပ်ရှင်၏ ခေါင်းပုံဖြတ်မှုကို ခံထားရသူများစွာ ရှိနေကြောင်း သိရသည်။ "ဒီကို ထွက်လာတုန်းကတော့ အေဂျင်စီက ဘာအလုပ်လုပ်ရမယ် ဆိုတာမပြောဘူး။ ၀င်ငွေကောင်းမယ်၊ ပြည်တွင်းက ထွက်ရလွယ်မယ်။ ဗီဇာအမြန်ကျမယ်ဆိုတာကိုပြောပြီး စာချုပ်ချုပ်လိုက်တာပဲ။ ဒီကိုရောက်ရော ထင်မထားတဲ့ အလုပ်နေရာတွေမှာ အလုပ်ကြမ်းလုပ်ရတယ်။ မလုပ်နိုင်လို့ ထွက်မယ်ပြောတော့ စာချုပ်ကိုင်ပြီး ခြိမ်းခြောက်တာခံရတယ်။ အလုပ်ချိန်ကလည်း ရှစ်နာရီကျော်ရင် အချိန်ပိုခပေးမယ်ဆိုပြီး လက်တွေ့မှာတော့ မပေးဘူး။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို တိုင်လိုက်ရင်လည်း အလုပ်ရှင်က လူငှားပြီး ရိုက်ခိုင်းတာတွေရှိတယ်။ အဆိုးဆုံးအချက်ကတော့ အလုပ်ရှင်က Passport ကိုသိမ်းထားပြီး သူလိုသလို အကြပ်ကိုင်တာပဲ။ ဒီကိုရောက်ပြီး အဆင်ပြေတဲ့သူတွေ ရှိချင်ရှိမှာပေါ့။ ကျွန်တော်သိသမျှတော့ အဆင်မပြေတဲ့သူတွေများပါတယ်။ ရွေးစရာမရှိတော့လည်း ကျိတ်မှိတ်ပြီး ဆက်လုပ်နေကြရတာပေါ့"ဟု ကာတာနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသော ကိုအောင်ထိုက်က ပြောပြပါသည်။ လုပ်သားဈေးကွက်ဖြစ်ထွန်းမှုအပေါ် တည်မှီပြီး နိုင်ငံအသီးသီးသို့ ထွက်ခွာလေ့ရှိသည့် မြန်မာလူငယ်များမှာ စင်ကာပူ၊ မလေးရှား၊ ထိုင်း နှင့် အရှေ့အလယ်ပိုင်းဈေးကွက်များအထိ သွားရောက်ရန် ပြင်ဆင်ခဲ့သော်လည်း အဆင်မပြေမှု၊ အခက်အခဲများကသာ များနေခဲ့ခြင်းကြောင့် ပါပူအာနယူးဂီနီအစရှိသော နိုင်ငံငယ်များနှင့် အာဖရိကတိုက်ရှိ နိုင်ငံငယ်များသို့ပါ အလုပ်လုပ်ကိုင်ရန်အတွက် သွားရောက်ခြင်းများရှိလာကြောင်း သိရပါသည်။ "ပွဲစားခကလည်း အများကြီး မပေးရဘူး။ လစာကလည်း အမေရိကန်ဒေါ်လာ ၈၀၀ ကျော်ရမယ်။ စူပါမားကတ်မှာ ရာထူးကောင်းတစ်နေရာရမယ်ဆိုတာနဲ့ ပါပူအာနယူးဂီနီကို ရောက်လာခဲ့တာပါ။ အေဂျင်စီက ပြောထားတဲ့ အလုပ်ရပါတယ်။ လခလည်းပြောထားသလို ရပါတယ်။ ရာထူးကလည်း ပြောထားတဲ့ ရာထူးပါ ပဲ။ ဒါပေမယ့် စရောက်ပြီးတဲ့နေ့မှာပဲ ထိတ်လန့်စရာတွေနဲ့ စတွေ့ရပါ တယ်။ စူပါမားကက်ကို ဖောက်ထွင်းခံရပါတယ်။ လုံခြုံရေးနှစ်ယောက် အသတ်ခံရပါတယ်။ ဒါက ပထမဆုံး တွေ့ရတာပါ။ နောက်ပိုင်းတော့ မြို့ထဲသွားရင် ဘေးမှာအစောင့်မပါပဲ သွားလို့ မရဘူး။ လုယက်ခံရတာရှိနေသလို အချိန်မရွေး အသတ်ခံရနိုင်တဲ့ ဘေးအန္တရာယ်ကလည်း ရှိနေပါတယ်။ အဲဒီတော့အားနေရင် အပြင်မထွက်ရဲဘူး။ အလုပ်ကပေးထားတဲ့ အခန်းထဲမှာပဲနေနေရတယ်။ စာချုပ်ပြည့်တဲ့ ထိတော့နေရမှာပေါ့။ ဒီနိုင်ငံက ဓနသဟာယထဲပါနေတော့ ဒီမှာထိုင်သင့်သလိုနေပြီး အင်္ဂလန်သွားဖို့ လွယ်တော့ သည်းခံနေလိုက်ပြီး အင်္ဂလန်ဘက်ကူးမယ်လို့ စဉ်းစားထားတယ်"ဟု ပါပူအာနယူးဂီနီနိုင်ငံရှိ စူပါမားကက်တစ်ခု၌ အလုပ်လုပ်ကိုင်နေသူ ကိုရဲခေါင်က ပြောပြပါသည်။ အလုပ်လုပ်ကိုင်ရန်သီးသန့်ဖြင့် နိုင်ငံရပ်ခြားသို့ သွားရောက်နေကြသူအများစုမှာ အဆင်မပြေမှုများ၊ ပြဿနာမျိုးစုံဖြင့် ကြုံတွေ့ရမှုများ ရှိနေသည့်နည်းတူ ပညာရေးဆိုင်ရာ ကိစ္စရပ်များဖြင့် ထွက်ခွာရန် ပြင်ဆင်ကြသူများတွင်လည်း အခက်အခဲများ ရှိနေကြောင်း သိရသည်။ မြန်မာလူငယ်အများစုသွား ရောက်ရန် စိတ်ဝင်စားချက်ရှိနေသည့် အင်္ဂလန်နိုင်ငံတွင်မူ Tier 4 Points စနစ်အရ ကျောင်းသားဗီဇာပြောင်းလဲပြီးသည့် ၂၀၀၉ ခုနှစ်မှစတင်ကာ ယူကေကျောင်းများသို့ တက်ရောက်လိုသော ကျောင်းသားများရှိလာခဲ့သည်။ သို့ရာတွင် မြန်မာကျောင်းသားများအနေဖြင့် အမှန်တကယ် ကျောင်းတက်ရောက်လိုသောပမာဏမှာ အနည်းငယ်သာရှိပြီး အလုပ်ရလိုသည့် ဦးတည်ချက်များကြောင့် အင်္ဂလန်သို့ ရောက်ရှိပြီး အဆင်မပြေမှုများရှိခဲ့ကြောင်း သိရသည်။ ယင်းဖြစ်ရပ်များအပြင် အင်္ဂလန်သို့ ရောက်ရှိပြီးမှ ဘာသာစကားကျွမ်းကျင်မှု အားနည်းချက်များရှိနေခြင်းကြောင့် ယခုအခါအင်္ဂလန်နိုင်ငံ၏ ကျောင်းသားဗီဇာသာမက မှီခိုလိုက်ပါမည့် သူများ၏ အင်္ဂလိပ်စာ လိုအပ်ချက်များကိုလည်း ယခင်ကထက် ပြောင်းလဲကန့်သတ်ခဲ့ကြောင်း UK Border Agency ကထုတ်ပြန်လိုက်ခြင်းက သွားရောက်လိုသူများအတွက် အခက်အခဲတစ်ခုဖြစ်လာစေခဲ့သည်။ သြစတြေးလျနိုင်ငံတွင်မူ ၂၀၀၉ နှစ်ကုန်ပိုင်းနှင့် ၂၀၁၀ ပြည့်နှစ်မှ စတင်ကာ ယင်းနိုင်ငံ၏ ကျွမ်းကျင်လုပ်သား လိုအပ်ချက်စာရင်းကို အွန်လိုင်းတွင် ကြည့်ရှုကာ မည်သည့်အဖွဲ့အစည်း၊ သြစတြေးလျ၏ ပြည်နယ်အသီးသီး၌ လက်ရှိနေထိုင်သူများ၏ ထောက်ခံမှုတစ်စုံတစ်ရာမပါဝင်ဘဲ ပီအာလျှောက်ထားကြရသည့် စနစ်စတင်ခဲ့ပါသည်။ သို့သော် Skilled Occupation Lists အရနှစ်စဉ် အပြောင်းအလဲရှိနေသည့်အတွက် မြန်မာလူငယ်များ၏ အရည်အသွေးသည် ယခုနှစ်အတွက် သြစတြေးလျနိုင်ငံ၏ အလုပ်သမားလိုအပ်ချက်ဖြစ်နေသော်လည်း နောင်နှစ်များတွင် လိုအပ်ချက်ပြည့် သွားနိုင်ခြင်းကြောင့် ယင်းစနစ်မှာ အကန့်အသတ်များနှင့် ရှိနေခဲ့သည်။ "အဲဒီလို သြစတြေးလျရဲ့ တိုက်ရိုက်ဗီဇာနဲ့ သူ့နိုင်ငံမှာနေထိုင်ခွင့်ရဖို့ မြန်မာတွေ လျှောက်ကြတဲ့အခါ Processing ကာလကို တော်တော်အချိန်ယူရတယ်။ ဒီနှစ်မှာ ကိုယ်ရထားတဲ့ဘွဲ့နဲ့ ကျွမ်းကျင်မှုက သူ့နိုင်ငံ၊ ပြည်နယ်ရဲ့ လိုအပ်ချက်ဖြစ်နေပေမယ့် နောက်နှစ်မှာ ဖြစ်ချင်မှဖြစ်မယ်။ သြစတြေးလျကိုသွားဖို့ မိဘမျိုးရိုးပိုက်ဆံတတ်နိုင်တဲ့သူမှသာ တော်ရုံသွားနိုင်တယ်။ ပြီးတော့ ကျောင်းသားဗီဇာဆိုရင်လည်း ကန့်သတ်ချက်တွေ အများကြီးပဲ။ အဓိကက မြန်မာတွေအရမ်းတော်လို့ သြစတြေးလျသွားချင်တာတောင် ငွေမရှိရင်သွားဖို့မလွယ်ဘူး"ဟု သြစတြေးလျပညာရေးနှင့်ပတ်သက်၍ လေ့လာသူတစ်ဦးက ဆိုပါသည်။ ထို့ပြင် သြစတြေးလျနိုင်ငံ၏ အင်္ဂလိပ်စာလိုအပ်ချက်ထပ်မံတိုးမြှင့်ခြင်း၊ ဆေးတက္ကသိုလ်တက်ရောက်ပြီးသော ကျောင်းသားများ Internship ဆင်းခွင့်မရှိခြင်းကြောင့် မြန်မာကျောင်းသားအချို့ဘွဲ့မရဘဲ ပြန်လာရသည့် ဖြစ်ရပ်များလည်း ရှိခဲ့သည်ဟု သိရသည်။ သို့သော် အမေရိကန်နိုင်ငံ၏ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အင်န်ဂျီအိုများမှပေးသည့် ပညာသင်စကောလားရှစ်များရယူ၍ ပညာသင်ရင်း အခြေချနေထိုင်ရန် ကြိုးပမ်းကြသည့် လူငယ်များလည်းရှိနေသည်။ "အမေရိကန်ကို သွားကြတဲ့အခါ ဟိုဘက်မှာရှိနေပြီးသား ကိုယ့်ရဲ့ဆွေမျိုးနီးစပ်ကတစ်ဆင့် သွားတာမျိုးပဲ ပိုများကြတယ်။ အခုစကောလားရှစ်လျှောက်ပြီးသွားမယ်ဆိုတဲ့ သူတောင်မှ အနည်းလေး သိန်းတစ်ရာနီးပါးလောက်ကုန်တယ်။ ဒါတောင် ဟိုဘက်ကကျောင်းက ခိုင်မာမှုမရှိဘူးဆိုရင် ဗီဇာရဖို့ မသေချာဘူး"ဟု အမေရိကန်နိုင်ငံရှိ ကောလိပ်တစ်ခုသို့ SAT ဖြေဆိုကာ စကောလားရှစ်လျှောက်ထားဖူးသူ လူငယ်တစ်ဦးက ပြောပြခဲ့ပါသည်။ အမေရိကန်ဒီဗီ( Diversity Visa Lottery)လျှောက်ထားမှု ဖြစ်စဉ်များတွင်လည်း ဒီဗီရရှိပြီး အမှန်တကယ် သွားရောက်နိုင်သူဦးရေမှာ လူနည်းစုပင်ဖြစ်ကာ အချို့မှာဒီဗီရရှိပြီးသော်လည်း သံရုံးအင်တာဗျူး ၀င်ရောက်ဖြေကြားစဉ် အင်္ဂလိပ်စာလိုအပ်ချက် ပြည့်မီမှုမရှိသည့်အတွက် ထွက်ခွာခွင့် မရရှိခြင်းအပြင် မိမိ၏ကိုယ်ရေးရာဇ၀င်မှတ်တမ်း မှန်ကန်စွာဖြည့်စွက်ထားခြင်း မရှိသူများကိုလည်း သွားရောက်ခွင့်ပိတ်ပင်ထားကြောင်း သိရှိရပါသည်။ အမေရိကန်ဒီဗီရရှိသူ အများစုမှာလည်းအမေရိကန်နိုင်ငံတွင် အခြေချထားသူဆွေမျိုးများရှိထားမှသာ အဆင်ပြေနိုင်မည့် အခြေအနေတစ်ရပ်ရှိနေပြီး ထိုသို့မရှိထားပါက နေထိုင်ရန်နှင့် အလုပ်ရရှိရန်စသည့် အချက်များမှာ မလွယ်ကူနိုင်ကြောင်း သိရပါသည်။ ထို့ပြင် ဂျပန်နိုင်ငံသည်လည်း လူဝင်မှုကြီးကြပ်ရေးမူဝါဒအရ ယင်းနိုင်ငံသို့သွားရောက်လျှင် ဂျပန်စာအရည်အသွေးတတ်မြောက်မှုအဆင့် ၂ ရှိမှသာ တက္ကသိုလ်အများစုက လက်ခံကြသည့်အတွက် ထိုနိုင်ငံသို့ ထွက်ခွာမှုမှာ ပုံမှန်အနေအထားမျှဖြစ်ပြီး ကျောင်းတက်ရောက်ပြီးသူများသည်လည်း ဂျပန်နိုင်ငံတွင်သာ အခြေချနေထိုင်သွားကြသူများသာဖြစ်ကြောင်း သိရှိရသည်။ "မြန်မာလူမျိုးတွေအများစု လက်ရှိထွက်ခွာနေကြတဲ့ နိုင်ငံစုံကတော့ ၀င်ခွင့်ကန့်သတ်ချက်တွေကို နည်းမျိုးစုံနဲ့ ပိတ်ပင်ထားတယ်။ ဖွင့်ထားတဲ့လမ်းတွေဆိုတာကလည်း သူတို့ နိုင်ငံကိုဝင်ငွေတိုးစေပြီး ဂျီဒီပီမြင့်စေမယ့် ပညာရေးဈေးကွက်တွေပဲဖြစ်တယ်။ မြန်မာပြည်ဈေးကွက်မှာ ကျောင်းတွေချပြပြီး လာဖို့ဖိတ်ခေါ်တယ်။ ပြီးတော့ အလုပ်မပေးနိုင်ဘူး။ ကျောင်းတက်ပြီး ပြန်ကြသူတွေလည်းရှိတယ်။ အဓိကက ကိုယ်သွားမယ့်နိုင်ငံရဲ့လူဝင်မှုကြီးကြပ်ရေး မူဝါဒအပြောင်းအလဲကို သေချာနားလည်ထားပြီးမှ သွားတာကောင်းပါတယ်"ဟု နိုင်ငံတကာပညာရေးရာ ကျွမ်းကျင်သူတစ်ဦးက ထောက်ပြခဲ့သည်။ "ဖွံ့ဖြိုးဆဲနိုင်ငံတွေတင်မက ဒေသတွင်းနိုင်ငံတွေမှာလည်း အခြားသောပြည်ပနိုင်ငံတွေကို ထွက်ခွာပြီး ရွှေ့ပြောင်းအခြေချနေထိုင်ကြတဲ့ ပြဿနာတွေရှိနေပါတယ်။ ဆင်းရဲသူက ချမ်းသာသူဆီ ခိုလှုံချင်ကြသလိုပါပဲ။ အဓိကက ပညာရေးဆိုတဲ့ခေါင်းစဉ်အောက်မှာ ခုတုံးလုပ်ပြီး ပညာသင်ဖို့ထက် အလုပ်ကိုပဲဦးတည်ပြီး ထွက်ခွာသွားကြမယ်ဆို ရေရှည်မှာကိုယ့်လူမျိုးတွေရဲ့ အရည်အသွေးတွေ နိမ့်ကျသွားစေနိုင်တယ်။ ကျောင်းတက်ပြီး ပြည်ပကို ထွက်မယ်ဆိုရင်လည်း ကိုယ့်ရဲ့ Career Planကို သေချာချပြီးမှသွားသင့်ပါတယ်"ဟု နိုင်ငံတကာပညာရေးအတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းက ပြောပြခဲ့သည်။ သို့သော် လက်ရှိအခြေအနေအရ နိုင်ငံရပ်ခြားသို့ သွားရောက်ခြင်းသည် လူအများစု၏ ထွက်ပေါက်အတွက် မျှော်လင့်ချက်တစ်ရပ်ဖြစ်လာခြင်းက အရေးပါသော အချက်တစ်ခု ဖြစ်နေခဲ့သည်။ ပညာရေးကိစ္စရပ်များဖြင့် သွားရောက်ကြသူများမှာ ပညာသင်ယူပြီးနောက် အလုပ်ရှာဖွေကာ သက်ဆိုင်ရာနိုင်ငံ၌ပင် အခြေကျနေထိုင်ရန် ရွေးချယ်လာသူများရှိလာသည်။ ရရှိရာအလုပ်ကို လက်ခံပြီး အခက်အခဲများကြားမှ နိုင်ငံရပ်ခြားတွင် နေထိုင်လိုသူများလည်း ရှိလာပါသည်။ ပြီးခဲ့သည့် နှစ်အတွင်းက ရရှိခဲ့သော စစ်တမ်းတစ်ခုအရ ပြည်ပ၌ရောက်ရှိနေသူ မြန်မာလူမျိုးအရေအတွက် လေးသန်းနှင့် အထက်တွင်ရှိနေသည် ဆိုခြင်းကလည်း နိုင်ငံရပ်ခြားသို့ သွားရောက်မှုများ တိုးတက်နေခြင်းကို ပြဆိုခဲ့ပါသည်။ နိုင်ငံရပ်ခြားသို့ ထွက်ခွာမှုတိုးတက်နေသော်လည်း နိုင်ငံရပ်ခြားတွင် နေထိုင်ကြသူအများစုမှာ အဆင်မပြေမှုများ၊ အခက်အခဲများနှင့် ရင်ဆိုင်နေရသည့်အတွက် ဆက်လက်ထွက်မည့်သူများအတွက်မှာမူ မည်သည့်နိုင်ငံ သွားရမည်ဆိုသည်ကို ဆုံးဖြတ်ရခက်လာကြောင်း သိရှိရပါသည်။ မြန်မာအများစုသွားရောက်ရာ နိုင်ငံများနှင့် ပညာရေးဖြစ်စဉ်ပြောင်းလဲမှုများ စင်ကာပူ
အင်္ဂလန်
ၾသစေၾတးလ်
ဟောင်ကောင်နှင့် ဖိလစ်ပိုင်
ဂျာမနီနှင့် နော်ဝေ
ဂျပန်
ကိုရီးယား
အခက်အခဲများ ကြုံတွေ့ရပါက အကူအညီတောင်းခံနိုင်သော ဖုန်းနံပါတ်များ
ရင်းမြစ်။ ။www.first-11.com |
Thursday, September 16, 2010
ဘယ်ကိုသွားမှာလဲ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment