Friday, August 13, 2010

ရွေးကောက်ပွဲရက် ကြေညာပြီ၊ နောက် ၃ လ အကြာတွင် လုပ်မည်ဟုဆို

ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၇ ရက်နေ့ (၂၀၁၀၊ ၁၁ လပိုင်း၊ ၇ ရက်နေ့၊ တနင်္ဂနွေနေ့) တွင် ကျင်းပမည်ဟု မြန်မာ့အသံက ယနေ့ ကြေညာသည်။

“MRTV 4 က အခုပဲ ကြေညာသွားတယ်။ နိုဝင်ဘာ ၇ ရက်နေ့ တဲ့။ ရေဒီယိုမှာလည်း ကြေညာနေတယ်” ဟု ရန်ကုန်သူ ရန်ကုန်သားများက ပြောသည်။

ရွေးကောက်ပွဲကို လက်ရှိ စစ်ခေါင်းဆောင်တို့၏ ပြည်ခိုင်ဖြိုးပါတီက ၀င်ရောက်ယှဉ်ပြိုင်ရန် အပြင်းအထန် ပြင်ဆင်နေသည်။ ၂၀၀၈ လူထုဆန္ဒခံယူပွဲကဲ့သို့ပင် ယခုနှစ် ရွေးကောက်ပွဲတွင်လည်း ၎င်းတို့သာ အပြတ်အသတ် အနိုင်ရရှိစေရန် လုပ်ဆောင်ဖွယ်ရှိသည်ဟု အများက ယူဆထားသည်။

ဒီမိုကရေစီအရေး လှုပ်ရှားသူ အများစုက ရွေးကောက်ပွဲကို အယုံအကြည် မရှိသဖြင့် သပိတ်မှောက်လိုသော်လည်း တချို့က ၀င်ရောက် ယှဉ်ပြိုင်ရန် ကြိုးပမ်းနေကြသည်။

ရွေးကောက်ပွဲ မဲဆန္ဒနယ် တချို့တွင် အနိုင်ရပါက လွှတ်တော်အတွင်း နေရာ ရနိုင်ပြီး ဒီမိုကရေစီအရေးကို လုပ်ဆောင်နိုင်မည်ဟု သူတို့က ဆိုကြသည်။ အထူးသဖြင့် နာမည်ပျက်နေသည့် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို လွှတ်တော်အတွင်း ၀င်ပြီး ပြင်ဆင်ရန် ၎င်းတို့က အာသီသ ရှိကြသည်။

ဤအတောအတွင်း ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် လွှတ်တော်တွင် စစ်အစိုးရခေါင်းဆောင်များ၊ ဘက်တော်သားများ နေရာအပြည့် ရရှိရန် လုပ်ဆောင်နေကြောင်း တွေ့ရသည်။

ဗိုလ်ချုပ်ကြီးတို့၏ အစီအစဉ်အရ စစ်အရာရှိ အများအပြား ရွေးကောက်ပွဲ မ၀င်ဘဲ လွှတ်တော်သို့ အလိုအလျောက် ရောက်မည် ဖြစ်သည်။ ရာခိုင်နှုန်းအားဖြင့် ဆိုလျှင် ထိုလွှတ်တော်တွင် မိုးကျရွှေကိုယ် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရှိလာမည် ဖြစ်သည်။

ဗိုလ်ချုပ်ကြီးတို့၏ ကြိုတင် စီစဉ်ထားချက်အရ ရွေးကောက်ပွဲအပြီး ဖွဲ့မည့် အစိုးရအဖွဲ့တွင် သမ္မတ ဖြစ်လာမည့်သူမှာ စစ်ရေးအတွေ့အကြုံ ရှိဖူးသူ သို့မဟုတ် လက်ရှိ စစ်ခေါင်းဆောင် တဦး ဖြစ်သည်။

အင်အားအကြီးဆုံး နိုင်ငံရေး အဖွဲ့ ဖြစ်သည့် NLD က ရွေးကောက်ပွဲကို သပိတ်မှောက်ထားသည်။ မကြာသေးမီ ရက်ပိုင်းအတွင်းက ထင်ရှားသည့် နိုင်ငံရေးသမား တဦးဖြစ်သူ ကိုဖြိုးမင်းသိန်းက ရွေးကောက်ပွဲ ၀င်မည့် အစီအစဉ်ကို ဖျက်လိုက်ကြောင်း သတင်းဌာနများကို ပြောသည်။ ယခုနှစ် ရွေးကောက်ပွဲကို အယုံအကြည် မရှိဟု သူက ဆိုသည်။

ရင်းမြစ်။ ။မိုးမခ

0 comments:

Post a Comment