Monday, March 8, 2010

ဂိမ်းနဲ့ဘိန်း


မောင်စံပေါတို့ ငယ်ငယ်တုန်း က သိပ်ပြီးအသက်ကြီးချင်ခဲ့တယ်။ ကျောင်းမနေခင်က ကျောင်းနေချင်လှလို့ ကျောင်းတက်ရမယ့် အရွယ်မြန်မြန်ရောက်ပါစေလို့ ဆုတောင်းရတာ။ မူလတန်းကျောင်းသားအရွယ် ရောက်ပြန်တော့ စက်မှုတက္ကသိုလ် ကျောင်းသားအစ်ကိုရဲ့ ကံ့ကော်မြေတို့၊ စွယ်တော်ရိပ်တို့ စတဲ့ တက္ကသိုလ် ပုံပြင်တွေနားထောင်ပြီး ''အသက်ရယ်ကြီးစမ်းပါဟ'' လို့ဖြစ်ရပြန်ပါရော။ တက္ကသိုလ်ရောက်ပြန်တော့ လူ ရည်ချွန်စကောလားရှစ်လေး ခုနစ်ဆယ့်ငါးကျပ်ရယ်၊ အိမ်ကပေးတဲ့ငွေ ရယ်ပေါင်းပြီး တွက်တွက်ချက်ချက် နဲ့ ပြက္ခဒိန်စာရွက်တွေကို တဖြည်းဖြည်း ကျော်ဖြတ်ရပြန်တော့ ''အချိန်ကုန်တာနှေးပါဘိ'' ဆိုပြီးဘွဲ့ရအလုပ် လုပ်ဝင်ငွေရှိမယ့်ကာလကို မျော်ရပြန်ပါရော။ ဘွဲရခဲ့ပြီ။ လုပ်ငန်းခွင်လည်း ၀င်ခဲ့ပြီ။ မိအိုဘအိုကိုလည်း ကောင်းကောင်း စောင့်ရှောက်နိုင်ခဲ့ပြီ။အသက် ထပ်ပြီးကြီးချင်ပါသေးသလား။မကြီးချင်တော့ပါဘူး။ အမှန် ပြောတာပါခင်ဗျာ။ ငယ်တောင်ငယ် ချင်ပါတယ်။ ကိုယ်ငယ်ငယ်တုန်းက ပတ်ဝန်းကျင်အခြေအနေ၊ ဉာဏ်ရည် ဉာဏ်သွေးနဲ့ အခုခေတ်ကလေးတွေ ရဲ့ကြားမှာ ကွာခြားမှုကကြီးခဲ့ပြီ။

                                                 (၂)

        ဒီနေ့ခေတ်ကလေးတွေ လွှတ် သွက်သဗျ။ လွှတ်တော်သဗျ။ လွှတ် လည်သဗျ။ လွှတ်ပါးနပ်ကြသဗျ။ တကယ်ပြောတာပါ။ ကိုယ်တွေငယ် ငယ်တုန်းကဗျာ နှေးသဗျ။ လေးသဗျ။ တုံးသဗျ။ အသဗျ။ အရိပ်ပြရင် အရိပ်ပဲမြင်သဗျ။လောကဓာတ်ပစ္စည်းအသုံး အဆောင်တွေကလည်းပေါသဗျ။ ဆန်း သဗျ။ အဲဒါတွေနဲ့ နှီးနှောပြီးဒုက္ခနဲ့ လှလှနဲ့ တွေ့တော့တာပါပဲ။  တွေ့တော့မြင်တယ်။ မြင်တော့ သိတယ်။ သိတော့ ကြိုက်တယ်။ ကြိုက်တော့လိုချင်တယ်။ လိုချင်တော့ ဒုက္ခရောက်ပါရော ဆိုတာမျိုးက ပြောကြတာ၊ ကြားရတာများလှပါပြီ။မောင်စံပေါပြောချင်တာက အများကြီးတွေထဲက နည်းနည်းလေးတစ်ခုအကြောင်းပါ။

(၃)

       ဘိန်းဆိုတာကြားဖူးမှာပါ။ ဘိန်းစစ်ပွဲကိုလည်း သိကြမှာပါ။''စိမ်းကား မှဘုရားဖြစ်၊ ဘိန်းစားမှမယားချစ်'' ဆိုပြီး လူပြက်တွေပြောတာ နားထောင် ခဲ့ဖူးပါတယ်။အဲဒီဘိန်းက ဆိုးပါတယ်။ တော်တော်ကြီးမက အလွန်တရာကြီး ကိုဆိုးလှပါတယ်။ သွားပြီးစမိစမ်းမိ ရင်စွဲသွားအောင် ဆွဲဆောင်နိုင်လွန်းလှ ပါတယ်။ ဆွဲရာပါလို့ကတော့ မွဲပြာကျတာတောင်မကပါဘူး လူပါ ဂူလား၊တွင်း လား၊ထင်းလား၊မီးလားတစ်ခုခုပါပဲ။

(၄)
 အဲဒီဘိန်းနဲ့ ပတ်သက်ပြီး 'ဘိန်း ဋီကာ'ဖွဲ့ သိန်းချီကာစာမချဲ့ချင်ပါ။ 'ဘိန်း'နဲ့ဆင်တဲ့ ခေတ်ပေါ် မှင်စာ ကလေး 'ဂိမ်း'အကြောင်းနည်းနည်း ပြောချင်ပါတယ်။ နည်းနည်းတွေ့၊ နည်းနည်းမြင်တာကို နည်းနည်း တွေးပြီး နည်းနည်းရေးချင်လာလို့ပါ။

        ဂိမ်းကို မောင်စံပေါစမြင်ဖူးတာ လက်ကိုင်စက်သေးသေးလေးတွေပါ။ မျက်နှာပြင်ကလည်း သေးသေးကလေး၊ ပေါ်နေတာတွေကလည်း သေးသေးလေးတွေဆိုတော့ စကစားကြည့် မိလို့စွဲသွားတဲ့အခါ မျက်မှန်ပါဝါ တက်လာတာတို့၊ မျက်မှန်တပ်ရတာတို့ ဖြစ်လာပါတယ်။

        နည်းပညာတွေတိုးတက်လာတာနဲ့ အမျ ဂိမ်းတွေကလည်းစုံလာပါတယ်။ စုံတာနဲ့ အမျ 'စွဲ' တဲ့သူတွေ လည်းတစ်နေ့တခြားပိုပိုများလာပါတယ်။ဂိမ်းဆိုင်တွေလည်းမှိုလိုပေါက်လာပါရော။ဇာတ်လမ်းကသေးသေးလေးနဲ့ စတာပါပဲ။ တဖြည်းဖြည်းနဲ့ ကြီးလာတာ။ ဘိန်းလိုပဲ ဂိမ်းစွဲတဲ့သူတွေများ လာပါတယ်၊ အများစုကလူငယ်တွေ။

(၅)

        ဒီနေ့ခေတ်လူငယ်တွေ၊ကလေး တွေတော်ကြတာကို မောင်စံပေါ ခဏ ခဏပြောမိပါတယ်။ တစ်ဖက် ကလည်း ပညာလိုလား အမျိုးသားတို့ တိုးပွားဖို့အတွက် လေ့လာစရာ အစုံအလင်၊ တစ်ပုံတစ်ပင်ကလည်း လက်တစ်ကမ်းမှာငါတို့ငယ်ငယ်ကနဲ့ ကွာပ ကွာလို့တောင် တအံ့တသြဖြစ်ရပါတယ်။

                တစ်ခါ ဒီလိုအခြေအနေတွေ ပေးနေပါရက်နဲ့ ကိုယ့်ရဲ့အဖိုးတန် အချိန်တွေကို ဘာဖြစ်လို့ဂိမ်းအတွက် ပေးနေရတာလဲ။ အကောင်းဆုံးအချိန် တွေကိုဖြုန်းနေရတာလဲ။ (အကောင်း ဆုံးအချိန်ဆိုတာ ဦးနှောက်ကလည်း လန်းဆန်း၊ စိတ်ဓာတ်ကလည်းတက် ကြွ၊ ပူပင်စရာက မရှိလှရုံသာမက ပါဘူး။ ဘာတာဝန်၊ ညာတာဝန်တွေ ကလည်း မထမ်းရသေးဘူးလေ။)

              ဂိမ်းတွေထဲမှာ ကောင်းတာရှိ ချင်ရှိမှာပါ။ ဒါပေမယ့် မကောင်းတာ ဘဲ မြင်မြင်နေရတာ များပါတယ်။ဂိမ်း ကြောင့်အကျိုးရှိသွားတာတော့မပြောတတ်ပါဘူး။ဂိမ်းကြောင့်အကျိုးမဲ့သွားတာတွေကတော့ နေရာတော် တော်များများမှာ တွေ့တွေ့နေရပါ တယ်။

             လူငယ်လေးတစ်ယောက်ဆိုရင် သာမန်မိဘနှစ်ပါးက မွေးဖွားလာတာ။ တန်းစဉ်ပထမစွဲတယ်။ ရွာထဲ က သူတို့ အိမ်နံရံမှာ ဆုယူဓာတ်ပုံတွေက ဂုဏ်ယူဝံ့ကြွားစွာနဲ့ပေါ့။ တက္ကသိုလ်ဝင်တန်းရောက်တော့ ဘာသာစုံဂုဏ်ထူးနဲ့အောင်ပြီး မြို့နယ် ပထမ၊ ခရိုင်ပထမ၊ တိုင်းအဆင့် ဒုတိယ၊ နိုင်ငံတော်အဆင့်ကဘာ စသ ဖြင့်ပေါ့လေ။ ကျောင်းပြက္ခဒိန်၊ မြို့ နယ်နဲ့တိုင်း ပညာရေးပြက္ခဒိန်တွေမှာ ထိပ်ဆုံးကပါခဲ့တာပေါ့။

            ဆေးတက္ကသိုလ်ရောက်တယ်။ ဂိမ်းနဲ့ တော်တော်ကြီးထွေးရောယှက် တင်ဖြစ်လာတယ်။ ပထမနှစ်ကစာ တွေက တက္ကသိုလ်ဝင်တန်းနဲ့ ဆက်စပ်ရနေသေးသလို ရှိနေသေးတော့ ပထမနှစ်အောင်ခဲ့သေးတယ်။ ဒုတိယနှစ် ဆေးပညာသင်ရတယ်။ ဒီချာတိတ်ကိုဝင်ပူးခဲ့တဲ့ ဂိမ်းတစ္ဆေဟာ မှင်စာအဆင့်မဟုတ်တော့ဘူး။ ဘီလူး၊ သဘက်ကြီးဖြစ်နေပြီ။

           ကျောင်းမတက်ဘူး။ စာမ ကျက်ဘူး။ အဆောင် မကပ်ဘူး။ ဂိမ်းဆိုင်အိပ်၊ ဂိမ်းဆိုင်စားဖြစ်လာတယ်။ ဂိမ်းမူးယစ်နေချိန် အိပ်လိုက်ရမှာမလိုလားလို့ ကော်ဖီမစ်ထုပ်တွေ ဖျော်သောက်တယ်။ မအိပ်မနေကြိုး စားတယ်။ တစ်ခါဖျော်ရင်တစ်ထုပ် တောင်မကတော့ဘဲ ငါးထုပ်၊ ခြောက် ထုပ်လောက်ကို မတ်ခွက်ထဲမှာရေနွေး နည်းနည်းနဲ့ ဖျော်ပြီးသောက်တယ်။ ကော်ဖီမစ်သောက်တဲ့အကြိမ်တွေ များလာပြီး အိပ်ချိန်ကနည်းလာတယ်။

          ဆေးလိပ်သောက်ရင် ဂိမ်းဉာဏ် ရွှင်တယ်ဆိုပြီး သောက်လိုက်တာ ဆေးလိပ်ပါစွဲလာတယ်။ တိုတိုပြောရရင် ကြာတော့ လူကကြောင်တောင် တောင်ဖြစ်လာတယ်။ ဒုတိယနှစ် တစ်ခါကျတယ်။ နောင်တစ်ခါထပ် ကျတယ်။ ဆေးတက္ကသိုလ်ကထွက် လိုက်ရတယ်။

          အဘွားမြင်ချင်တဲ့ဂျူတီကုတ် ကလေးနဲ့ နားကြပ်ကလေးကတော့ သေတ္တာထောင့်တစ်နေရာမှာ (အဲဒီ ဆေးကျောင်းသားကလေးအတွက်) ထာဝရအနားယူသွားခဲ့ပြီ။'
သံတူကြောင်းကွဲ ဂိမ်းမျက်ရည် ပုံပြင်တွေဟာ နေရာတော်တော်များ များမှာရှိနေကြပြီ။ ''လူတွင်ပါလို့ နွား ကျားကိုက်တာ''ပြောချင်ပြော။ ''ကိုယ် အသုံးမကျလို့ဖြစ်တာ'' ပြောချင် ပြော။ ဖြစ်ပြီးတဲ့အချိန်ကျမှ ကလေးတွေကို လူငယ်တွေကိုချည်းပဲ အပြစ်လုံးလုံးပုံချကြမှာလား။ ကံကိုပဲယိုး စွဲကြမှာလား။ လူကြီးတွေမှာရော တာဝန်မရှိကြဘူးလား။

(၆)

         ဂိမ်းတွေက အချိန်ကုန်စေတယ်။ ရုတ်ခြည်းတုံ့ပြန်မှုကို မြန်သထက် မြန်အောင်တွန်းအားပေးတယ်။ (စူးစမ်းလေ့လာခွဲခြမ်းစိတ်ဖြာ သုံးသပ်တွက်ချက်ဆုံးဖြတ်တာတွေကို ဘေးပို့ပစ်လိုက်တယ်။) တိုက်ခိုက်သတ်ဖြတ်တဲ့ ဂိမ်းတွေကိုယဉ်ပါးတာများလာတဲ့အခါ 'လက်ဦးမှုအရယူရေး ၀ါဒ'ကခေါင်းထဲဝင်လာတယ်။ (အဲဒီ ဂိမ်းချန်ပီယံ ကလေးတစ်ယောက်ဟာ ဘာမဟုတ်တဲ့ ကိစ္စလေးတစ်ခုမှာ ငါ မချရင်ခံရမယ်ဆိုတဲ့ အတွေးနဲ့အပြင်မှာ ပလေးလိုက်တာ လူသတ်မှုနဲ့ ထောင်ထဲရောက်သွားခဲ့ဖူးတယ်)။ အကြမ်းဖက်တာ၊ ရက်စက်တာမဆန်းပါဘူး ဆိုတာမျိုးတွေဖြစ်လာတယ်။

         အုပ်စုဖွဲ့ကွန်ရက်ဆက်သွယ် ပြီး ကစားရတဲ့ဂိမ်းတွေကြောင့် အသင်းအဖွဲ့အနေနဲ့ ပူးပေါင်းဆောင်ရွက်တတ်တာမျိုး ရှိလာတယ်လို့ပြောကြ ပါတယ်။(အိမ်နီးချင်းနိုင်ငံမှာကျောင်း သားလူငယ်လေးတွေ အုပ်စုဖွဲ့ပြီး တက္က သိုလ်တစ်ခုနဲ့ တစ်ခုရန်ဖြစ်ကြ၊ သတ် ကြဖြတ်ကြ၊ လိင်ကိစ္စမှုခင်းတွေ လုပ်ကြတာတွေ ဖြစ်လာပါတယ်။ ဒါကြောင့် တော်ဝင်မိသားစုထဲက တစ်ယောက်က ဂိမ်းတွေနဲ့ပတ်သက် ပြီး သုတေသနပြုစာတမ်းတွေ တင်စေပြီးကလေးတွေရဲ့ဉာဏ်ရည်ဖွံ့ဖြိုး မှုကို အထောက်အကူပေးတဲ့ စစ်တုရင်အားကစားနည်းကို လူငယ်တွေ ကြားထွန်းကားဖို့နဲ့ ကလေးလူငယ် စစ်တုရင်ပြိုင်ပွဲတွေလုပ်ဖို့ အတင်း တိုက်တွန်းလုပ်ဆောင်ခဲ့ပါတယ်။)
(၇)

          ပြောရင် မောင်စံပေါကို ဒီလူကြီးဘာမှမသိဘဲနဲ့ ဂိမ်းမကောင်းကြောင်းတွေ လျောက်ပြောနေတယ် ဆိုကြပါလိမ့်မယ်။ငယ်ငယ်တုန်းကတည်းက ဘွားဘွားကြီးပြောတဲ့ စကားလေးတစ်ခု ကြားခဲ့ဖူးပြီး နားစွဲနေတာရှိပါတယ်။ ''ဘာပဲဖြစ်ဖြစ် အကောင်းနဲ့အဆိုးကို ချိန်ဆ။ ကောင်းတာချည်းပဲဆိုရင်တော့ အကောင်းဆုံးပေါ့။အကောင်းအဆိုးမျှနေမယ်ဆိုရင်စဉ်းစားသတိထား။အဆိုးများပြီဆိုရင်တော့လုံးဝမလုပ်နဲ့''တဲ့။    

written by မောင်စံပေါ
ရင်းမြစ် ။   ။ www.first-11.com

0 comments:

Post a Comment