Monday, March 8, 2010

ရွေးကောက်ပွဲမတိုင်မီ နိုင်ငံပိုင်စီမံကိန်းများ လက်စသတ်ရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ညွှန်ကြား

တည်ဆောက်ဆဲ နိုင်ငံပိုင် အထူးစီမံကိန်းများကို အမြန်ဆုံး လုပ်ငန်းသိမ်း လက်စသတ်ကြရန်နှင့် အရှုံးပေါ်နေသည့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ အမြတ်ထွက်ရေးအတွက် စီစဉ်ရန် စစ်အစိုးရ ခေါင်းဆောင်ဖြစ်သူက ၀န်ကြီးများကို ညွှန်ကြားလိုက်သည်။

နေပြည်တော်တွင် ယခုလ (၅) ရက်၌ ပြုလုပ်သည့် အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေးအဖွဲ့ အစည်းအဝေးတွင် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြောကြားလိုက်ခြင်းဖြစ်သည်။

၎င်းက “နိုင်ငံပိုင် စက်ရုံများ အရှုံးပေါ်နေခြင်းကို ပြန်လည်သုံးသပ်ရန်၊ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ တွက်ချေကိုက်အောင် နည်းလမ်းရှာရန်၊ လက်ရှိ စီမံကိန်းများ မြန်မြန်ပြီးရန်လိုကြောင်း” ယင်းနေ့ အစည်းအဝေးတွင် ညွှန်ကြားလိုက်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြသည်။

စစ်ခေါင်းဆောင်များအား ကုန်ကျစရိတ် ကြီးမားသည့် အထူးစီမံကိန်းများ လက်စသတ်ရန် ညွှန်ကြားလိုက်ပြီး (၂) ရက်အကြာ ယနေ့တွင် ၂၀၁၀ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ ဖွဲ့စည်းခွင့်သာ ပါရှိပြီး မည်သည့်အချိန်တွင် ကျင်းပမည်ဟု ရက် အတိအကျ သတ်မှတ်မပေးသည့် ရွေးကောက်ပွဲဥပဒေကို ထုတ်ပြန်မည်ဟု ကြေညာလိုက်သည်။

“၂၀၁၀ အတွက် နိုင်ငံပိုင် စီမံကိန်းတွေ လက်စသတ်နေတဲ့ သဘောလို့ ယူဆလို့ ရမယ်ထင်ပါတယ်” ဟု ရန်ကုန်အခြေစိုက် စီးပွားရေး ပညာရှင်တဦးက ပြောသည်။

စစ်အစိုးရက အာဏာသိမ်း နှစ် (၂၀) ကျော်အတွင်း တည်ဆောက်ထားသည့် စီမံကိန်းများအား လူထုကို မဲဆွယ်စည်းရုံးစရာ ကိစ္စတရပ်အဖြစ် စစ်အစိုးရအာဘော် နိုင်ငံပိုင်သတင်းစာများမှ အထပ်ထပ် ဖော်ပြနေသော်လည်း ယင်းမှာ စစ်အစိုးရ အရည်အချင်းမရှိမှုကို ပြသနေခြင်းဖြစ်သည်ဟု မြန်မာ့နိုင်ငံရေးသမားများက သုံးသပ်သည်။

စစ်အစိုးရပြုလုပ်မည့် ရွေးကောက်ပွဲဝင်ရန် ရည်ရွှယ်ထားသည့် ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးသုဝေကလည်း
“မြန်မာနိုင်ငံမှာ ဖောက်ထားတဲ့လမ်းက ကီလိုမီတာ (၅) သောင်းကျော် ရှိတယ်။ ထိုင်းနိုင်ငံမှာ ဖောက်ထားတာက ကီလိုမီတာ (၂) သိန်း (၅) သောင်းကျော်ရှိတယ်။ (၅) ဆလောက်ရှိနေတယ်။ နောက်ပြီးတော့ ထိုင်းမှာရှိတဲ့လမ်းတွေက ပြောင်လို့ ရှင်းလို့ ချောလို့ မွေ့လို့။ ဗမာပြည်မှာရှိတဲ့ လမ်းတွေက အပေါက်တွေ အပြဲတွေ အမှိုက်တွေနဲ့။ ဆိုလိုတာကတော့ တခြားအစိုးရတွေ လုပ်နိုင်သလောက် နအဖအစိုးရ မလုပ်နိုင်ပါဘူး” ဟု သတင်းသမဂ္ဂညီလာခံတွင် ပြောကြားသွားခဲ့သည်။

စစ်အစိုးရ လက်ထက် လမ်းအရှည် မိုင် (၇) ထောင်ကျော်သာ ဖောက်လုပ်နိုင်ခဲ့ပြီး ရေအားလျှပ်စစ်စီမံကိန်း အများစုမှာလည်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုနှင့် ပြည်ပသို့ ရောင်းချလိုက်ရသည်။ ရေအားလျှပ်စစ် စီမံကိန်းများစွာ တည်ဆောက်သည် ဆိုသော်လည်း နိုင်ငံတွင်း လျှပ်စစ်မလုံလောက်မှု ဆိုးရွားစွာ တွေ့ကြုံနေရပြီး တံတားများ၊ လမ်းများ၊ အသစ်တည်ဆောက်မှုများက လမ်းကြေး တံတားကြေးများ (၈) ဆမှ (၁၀) ဆအထိ မြင့်တက်လာကြောင်း သိရသည်။

စိုးမိုး/ ၈ မတ် ၂ဝ၁ဝ
ရင်းမြစ်။ ။ခေတ်ပြိုင်

0 comments:

Post a Comment