Friday, March 5, 2010

ပြိုင်တူတွန်းဖို့ လိုသေးသည်


၂၀၁၀ ဖေဖော်ဝါရီ (၂၄၊ ၂၅၊ ၂၆) ရက်တွေမှာ ကျင်းပခဲ့တဲ့ သတ္တမအကြိမ်မြောက် မြန်မာသတင်းသမဂ္ဂညီလာခံ ပြီးဆုံးသွားပါပြီ။

မြန်မာသတင်းသမဂ္ဂ သတ္တမအကြိမ်ညီလာခံမှာ ထူးခြားချက်တချို့ကို တွေ့ရပါတယ်။ ပထမနေ့မှာ သတင်းစာဆရာကြီး လူထုစိန်ဝင်းနဲ့ ဆရာဦးဝင်းဖေတို့ရဲ့ ဗွီဒီယိုအမှာစကားများ၊ ဒုတိယနေ့မှာ ဆရာမောင်စွမ်းရည်ရဲ့ ဗွီဒီယိုအမှာစကား၊ တတိယနေ့မှာ ၀ါရင့်ဂီတပညာရှင် ဒေါ်မာမာအေးရဲ့ ဗွီဒီယိုအမှာစကား စသည်တို့ကို ညီလာခံမှာ တင်ဆက်နိုင်ခဲ့ပါတယ်။ ရှေ့မျိုးဆက်နဲ့ နောက်မျိုးဆက်တို့ရဲ့ အပြန်အလှန် အားပြုချိတ်ဆက်မှု စေတနာဆက်ထုံးကို ဖော်ပြတဲ့အစီအစဉ်လို့ ဆိုနိုင်ပါတယ်။

တခါ ဒီနှစ် ‘ကင်ဂျီနာဂအိ’ အမှတ်တရဆုကလည်း တနည်းတဖုံ ထူးခြားပါတယ်။ အမှန်က နှစ်စဉ် ထိုက်တန်တဲ့ သတင်းသမားတဦးကို ရွေးချယ်ဆုပေးဖို့ဖြစ်ပေမယ့် လက်ရှိအခြေအနေအရ ထောင်နှစ်ရှည်ချမှတ်ခံရတဲ့ သတင်းထောက်က (၂) ယောက်မက တွေ့ရပါတယ်။ အဲဒီထဲကမှ ကိုဝင်းမော် ထောင်ဒဏ် (၁၇) နှစ်နဲ့ မလှလှဝင်း ထောင်ဒဏ် (၂၇) နှစ်တို့ကို အင်တာနက်မှာ ဆန္ဒမဲပေးရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ကင်ဂျီနာဂအိရဲ့ မိခင်သတင်းဌာနဖြစ်တဲ့ ‘အေပီအက်ဖ်’ ကလည်း (၂) ဦးလုံးကို ဆုပေးသင့်ကြောင်း သဘောတူတဲ့အတွက် ဒီနှစ်ညီလာခံမှာ ဘ၀နဲ့ရင်းပြီး သတင်းယူခဲ့ကြတဲ့ ကိုဝင်းမော်နဲ့ မလှလှဝင်းတို့ကို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ၂၀၀၇ ရွှေဝါရောင်အရေးတော်ပုံက အစပြုလို့ လူထုသတင်းသမားတွေအဖြစ် တာဝန်ကျေခဲ့ကြတဲ့ မြန်မာဘလော့ဂါတွေရဲ့ အခန်းကဏ္ဍကို အားပေးမြှင့်တင်လိုတဲ့အတွက် အကောင်းဆုံး ‘မြန်မာဘလော့ (၁၀) ခု’ ကိုလည်း အင်တာနက်မှာပဲ မဲပေးရွေးချယ်တဲ့စနစ်နဲ့ ရွေးချယ်ပြီး ဆုချီးမြှင့်ခဲ့ပါတယ်။ ဘလော့ဂါဆုတွေကို နယ်စည်းမခြား သတင်းသမားများအဖွဲ့ (Reporters San Frontiers) က တာဝန်ယူချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ်ရဲ့နောက်ထူးခြားချက်တခုက ရွေးကောက်ပွဲနဲ့ စပ်လျဉ်းတဲ့ စိတ်ဝင်စားမှု သြဇာသက်ရောက်လွန်းနေတဲ့အချက်ပါပဲ။ သတင်းသမဂ္ဂ ညီလာခံအပေါ်လည်း ရွေးကောက်ပွဲသြဇာလွှမ်းမိုးမှု ကြီးမားတာတွေ့ရပါတယ်။ နိုင်ငံတကာ သတင်းစာဆရာတွေဖြစ်ကြတဲ့ လာရီဂျေဂင် (Larry Jagan) နဲ့ မာရ၀န်း မာကန်မာကာ (Marwaan Marcan-Marker) တို့က ၂၀၁၀ ခုနှစ်မှာ ဖြစ်လာစရာရှိတဲ့ မြန်မာ့ရွေးကောက်ပွဲရဲ့ အခြေအနေနဲ့ အလားအလာတွေကို နိုင်ငံတကာရွေးကောက်ပွဲများနဲ့ နှိုင်းယှဉ်တင်ပြကြပါတယ်။

ဒီ့အပြင် ‘အာရှ ရွေးကောက်ပွဲလွတ်လပ်မှု စောင့်ကြည့်ရေးကွန်ရက်’ (ANFREL) ကိုယ်စား အီချာဆူပရီယာဒီ (Ichal Supriayadi) နဲ့ ဘီဒယတ်ဒတ်စ် (Bidhayak Das) တို့ကလည်း ညီလာခံတက်လာတဲ့ မြန်မာသတင်းစာဆရာများကို ‘ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး နည်းနာများ’ နဲ့ မိတ်ဆက်ပေးပါတယ်။ တခါ ‘ထိုင်းနိုင်ငံသတင်းစာဆရာများအသင်း’ (TJA) ကိုယ်စားလှယ် ချာဗရွန်လင်ပတ္တမာပနီ (Chavarong Limpattamapanee) က ထိုင်းသတင်းမီဒီယာများအနေဖြင့် မြန်မာ့ရွေးကောက်ပွဲကို ကမ္ဘာကသိအောင် စောင့်ကြည့်သတင်းပေးပို့ကာ အကူအညီပေးနိုင်ပုံကို တင်ပြပါတယ်။ ‘အရှေ့တောင်အာရှသတင်းစာမဟာမိတ်အဖွဲ့’ (SEAPA) ကိုယ်စားလှယ် မစ္စကူလချဒါ ချိုင်ပီပတ် (Ms.Kulachada Chaipipat) က မြန်မာ့ရွေးကောက်ပွဲကို စောင့်ကြည့်သတင်းဖော်ပြကြမည့် အရှေ့တောင်အာရှဒေသအတွင်းရှိ သတင်းစာနဲ့ သတင်းမီဒီယာအဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍအရေးပါပုံကို တင်ပြပါတယ်။

ရွေးကောက်ပွဲအတွေ့အကြုံနဲ့ ပတ်သက်ပြီး ဇင်ဘာဘွေနိုင်ငံက သတင်းစာသမား (၂) ဦးဖြစ်တဲ့ မစ္စဂယ်ရီဂျက်ဆင် (Ms.Jerry Jackson) နဲ့ မစ္စ၀ိုင်အိုလက်ဂွန်ဒါ (Violet Gonda) တို့ကလည်း သူတို့နိုင်ငံရဲ့ ရွေးကောက်ပွဲကာလ သတင်းရယူပေးပို့ပုံတွေ လာရောက်တင်ပြ ဆွေးနွေးခဲ့ပါသေးတယ်။ ထူးထူးခြားခြား သူတို့ကဏ္ဍကို မြန်မာသတင်းသမားတွေ တော်တော်စိတ်ဝင်တစား ဆွေးနွေးမေးမြန်းကြတာ တွေ့ရပါတယ်။ နိုင်ငံတကာသတင်းသမားများရဲ့ ရွေးကောက်ပွဲသတင်းယူ အတွေ့အကြုံတွေကို မြန်မာသတင်းသမားတွေ သိရှိမှတ်သားစရာ မျှဝေတာဖြစ်လို့ တန်ဖိုးရှိတဲ့ ဗဟုသုတတွေဖြစ်ပါတယ်။ မြန်မာသတင်းသမားတွေ သိရှိလိုတဲ့ အချက်များကိုလည်း အပြန်အလှန် ဆွေးနွေးခွင့် မေးမြန်းခွင့်တွေရရှိတဲ့အတွက် အကျိုးများတယ်လို့ ဆိုရမှာပါပဲ။

သတင်းလောကသားတွေ အပါအ၀င် လူအများ စိတ်ဝင်စားမှုအရှိဆုံးလို့ပြောရမယ့် အစီအစဉ်ကတော့ ညီလာခံ ဒုတိယနေ့ရဲ့ မွန်းလွဲပိုင်း အစီအစဉ်ဖြစ်တဲ့ “မြန်မာ့နိုင်ငံရေးနဲ့ ၂၀၁၀ အထွေထွေရွေးကောက်ပွဲ ဆွေးနွေးခန်း” ဖြစ်ပါတယ်။ အစီအစဉ်ကို တာဝန်ယူ တင်ဆက်သူက ဗွီအိုအေ ရုပ်သံအဖွဲ့ဖြစ်ပါတယ်။ ဦးကျော်ဇံသာက ကြီးကြပ်သူအဖြစ် ဆောင်ရွက်ပါတယ်။ ပါဝင်ဆွေးနွေးသူတွေကတော့ ဒီမိုကရေစီပါတီခေါင်းဆောင် ဦးသုဝေ၊ ပြည်တွင်း NGO တခုမှာ တာဝန်ထမ်းနေတဲ့ ဒေါက်တာခင်ဇော်ဝင်း၊ မြန်မာသတင်းသမဂ္ဂဥက္ကဋ္ဌ ဦးမောင်မောင်မြင့်၊ ဦးမောင်မောင် (NCUB) တို့ဖြစ်ပါတယ်။

ပါဝင်ဆွေးနွေးကြသူတွေရဲ့ ၂၀၁၀ ရွေးကောက်ပွဲအပေါ် အမြင်တွေကို ဦးကျော်ဇံသာက မေးမြန်းဖော်ထုတ်ပါတယ်။ သူတို့အမြင်တွေကို ပရိသတ်က ဝေဖန်ဆွေးနွေးပါတယ်။ ညီလာခံခန်းမထဲမှာတင်မက မြန်မာနိုင်ငံအတွင်းနဲ့ နိုင်ငံတကာအထိ ဂယက်ရိုက်ခတ်သွားစေခဲ့တဲ့ ဆွေးနွေးဝိုင်းလို့ ဆိုလောက်ပါတယ်။ အမြင်အယူအဆတွေနဲ့ ပတ်သက်လို့ သဘောကွဲလွဲမှုတွေ ကြီးကြီးမားမား ရှိခဲ့တာကတော့ အမှန်ပါပဲ။ မြန်မာသတင်းသမဂ္ဂက ညီလာခံခန်းမကို (၂) နာရီခန့် အသုံးပြုခွင့်ပေးခဲ့ပြီး ဗွီအိုအေသတင်းဌာနက ဒီဆွေးနွေးခန်းဖြစ်မြောက်အောင် ကမကထလုပ်ခဲ့တာဖြစ်ပါတယ်။ ဗွီအိုအေရဲ့ ရည်ရွယ်ချက်က လွတ်လပ်စွာပြောဆိုခွင့်နဲ့ ပတ်သက်တဲ့ နယ်ပယ်အ၀န်းအ၀ိုင်းကို ချဲ့ထွင်ကြည့်လိုက်တဲ့သဘောလို့ ဆိုနိုင်ပါတယ်။

နောက် ပရိသတ်စိတ်ဝင်စားမှုရှိတဲ့ အခန်းကဏ္ဍတွေကတော့ ‘တိုင်းရင်းသားမီဒီယာ၏ အခန်းကဏ္ဍ’ (နိုင်ကဆော့မွန်)၊ ‘မီဒီယာနှင့် လိင်ခွဲခြားမှုပြဿနာ’ (ဒေါ်တင်တင်ညို)၊ ‘မီဒီယာကျင့်ဝတ်နှင့် ဆရာဝန်ကျင့်ဝတ်’ (ဒေါက်တာထင်ဇော်)၊ ‘အာဏာရှင်အောက်က မြန်မာ့ကာတွန်းလောက’ (ရဲခေါင်မဲမောင်)၊ ‘ရာစုနှစ်ဝက်အတွင်း မြန်မာကဗျာနာကျင်မှု’ (ကဗျာဆရာ ငြိမ်းဝေ)၊ ‘လူ့အခွင့်အရေး၊ အမျိုးသမီးနှင့် ကလေးအခွင့်အရေးကာကွယ်ရာ၌ မီဒီယာ၏ အခန်းကဏ္ဍ’ (ဦးအောင်မျိုးမင်း)၊ ‘စာနယ်ဇင်းသမား လုပ်ချင်၏၊ အမှန်တရားကို ဆုပ်ကိုင်ရဲဝံ့ မရဲဝံ့’ (စာရေးဆရာ စိုးနေလင်း) အစရှိတဲ့ အကြောင်းအရာများ ဖြစ်ပါတယ်။ ဒါ့အပြင် ‘မြန်မာအွန်လိုင်းမီဒီယာများ၏ လုံခြုံမှုနှင့် ဖြစ်လာနိုင်သည့် အွန်လိုင်းတိုက်ခိုက်မှုများ’ (အိုင်တီပညာရှင်တဦး)၊ ‘မြန်မာအွန်လိုင်း မီဒီယာများနှင့် ဧရာယူနီကုဒ်စနစ်’ (ဦးမင်းကျော်)၊ ‘ကွန်ပြူတာ၊ မာလ်တီမီဒီယာနှင့် နည်းပညာများ’ (မစ္စတာ ဘားမား)၊ ‘မြန်မာဘလော့ဂါများနှင့် မြန်မာမီဒီယာ’ (ဦးမင်းဒင်) တို့ တင်ပြဆွေးနွေးကြတဲ့ ကွန်ပြူတာနည်းပညာဆိုင်ရာ အခန်းကဏ္ဍတွေကိုလည်း ပရိသတ် စိတ်ဝင်စားတာ တွေ့ရပါတယ်။

ဒီနှစ်ညီလာခံ အထိမ်းအမှတ်အနေနဲ့ မြန်မာသတင်းသမဂ္ဂက စာအုပ် (၃) အုပ် ထုတ်ဝေနိုင်ခဲ့ပါတယ်။ အဲဒီစာအုပ်တွေကတော့ ဆရာလူထုစိန်ဝင်းရဲ့ ‘လူထုရနံ့စာစုများ’၊ ကာတွန်းဝင်းထွန်း ခေါ် Mr Burma ရဲ့ ‘ဒါ ဗမာပြည်’၊ မြန်မာသတင်းသမဂ္ဂ အဖွဲ့သားများ စုစည်းတင်ပြတဲ့ ‘ရွေးကောက်ပွဲနှင့် သတင်းထောက်မှတ်စု’ စာအုပ်တွေ ဖြစ်ပါတယ်။ တအုပ်ကို စောင်ရေ (၅၀၀) စီ ထုတ်ဝေပြီး အခမဲ့ဖြန့်ဝေခဲ့ပါတယ်။ ပုံနှိပ်ထုတ်ဝေမှု ကုန်ကျစရိတ်ကို National Endowment for Democracy (NED) က ကူညီပံ့ပိုးခဲ့ပါတယ်။

မြန်မာသတင်းသမဂ္ဂ အလုပ်အဖွဲ့အနေနဲ့ တနှစ်မှာတခါ ညီလာခံကျင်းပနိုင်ရေးအတွက် စိတ်ဖိစီးမှုတွေ အတော်များများကို ရင်ဆိုင်ပြီး လုံးပန်းခဲ့ကြရတယ်ဆိုရင် မမှားပါဘူး။ ကမ္ဘာ့နိုင်ငံ (၁၁) နိုင်ငံလောက်မှာ ပျံ့နှံ့ရောက်ရှိနေကြတဲ့ မိတ်ဆွေရောင်းရင်း ရဲဘော်ရဲဘက် လုပ်ဖော်ကိုင်ဖက်တွေ အချင်းချင်း ပြန်ဆုံနိုင်အောင်၊ အမြင်တွေ ဖလှယ်နိုင်အောင် စုစည်းညီညွတ်မှု ရအောင်လုပ်တဲ့ ညီလာခံလို့ ယေဘုယျအားဖြင့် ဆိုနိုင်ပါတယ်။ ညီလာခံပြီးချိန်မှာတော့ ထုံးစံအတိုင်း ဝေဖန်သံတွေ ထောင့်အသီးသီးက ထွက်လာပါတယ်။

ယေဘုယျအားဖြင့်တော့ ဝေဖန်ရေးလုပ်တာ ကောင်းပါတယ်။ ကြိုဆိုရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဝေဖန်သူရဲ့ စိတ်ရင်းစေတနာ မှန်ကန်ဖို့ကလည်း အထူးအရေးကြီးပါတယ်။ ဒီ့ထက်ပိုအရေးကြီးတာက အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝေဖန်ရေးလည်းလုပ်၊ လက်တွေ့ကျတဲ့ ပါဝင်ပံ့ပိုးမှုတွေလည်း လုပ်ကြမယ်ဆိုရင်တော့ ပိုပြီးဆီလျော်မယ်ထင်ပါတယ်။ အနည်းဆုံး သမဂ္ဂအဖွဲ့ဝင်အဖြစ် မှတ်ပုံတင်ကြ၊ နိုင်ငံအခြေအနေအလိုက် အနည်းဆုံး သတ်မှတ်ထားတဲ့ အဖွဲ့ဝင်ကြေးလည်း ထည့်ဝင်ကြမယ်ဆိုရင် “မြန်မာသတင်းသမဂ္ဂ” ဟာ အတော်အတန် အားကောင်းတဲ့ အဖွဲ့ဖြစ်လာဖို့ရှိပါတယ်။

(၇) နှစ်သားဖြစ်လာတဲ့အထိ မြန်မာသတင်းသမဂ္ဂဟာ ဖွံ့ဖြိုးသင့်သလောက် ဖွံ့ဖြိုးလာခြင်းမရှိဘူးလို့ ဝေဖန်ရင်လည်း မှန်နေတာကြောင့် ခံရမှာပါပဲ။ ဒါပေမယ့် စေတနာမှန်တဲ့ ဝေဖန်ရေးဆိုရင်တော့ တဖက်သတ် အပြစ်ဖို့တာမျိုး မလုပ်သင့်ဘူးလို့ ထင်ပါတယ်။ အဆိုးအကောင်းကို မျှမျှတတ မီးမောင်းထိုးပြပြီး ရလဒ်ကောင်းရှိရင်လည်း အသိအမှတ်ပြုဖို့ လိုပါတယ်။ ပြုပြင်စရာတွေ့ရင်လည်း အကျိုးသင့် အကြောင်းသင့် အကြံပြုသင့်ပါတယ်။

မြန်မာသတင်းသမဂ္ဂအဖွဲ့မှာ ရုံးခန်းမရှိပါ။ လစာနဲ့ အမြဲခန့်ဝန်ထမ်းမရှိပါ။ မြန်မာသတင်းသမဂ္ဂမှာ ပါဝင်ဆောင်ရွက်နေကြသူ များဟာ တယောက်တနိုင်ငံစီမှာ နေကြသူတွေဖြစ်ပြီး အင်တာနက်ကောင်းမှုကြောင့် စုပေါင်းစဉ်းစား အမြင်ဖလှယ်၊ စုပေါင်းတိုင်ပင် လုပ်ငန်းစဉ်ရေးဆွဲ၊ စုပေါင်းတာဝန်ယူ စသည်ဖြင့် စေတနာ့ဝန်ထမ်း ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ ငွေကြေးအကျိုးရလဒ် တခုခုကို မြော်မြင်ပြီး ပါဝင်လုပ်ဆောင်နေကြတာမျိုး မဟုတ်ပါ။ ဒီမိုကရေစီနိုင်ငံ ထူထောင်မယ်ဆိုရင် စတုတ္ထမဏ္ဍိုင် ကြံ့ခိုင်ဖို့လိုပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် ပိုမိုတိုးတက်ရရှိလာရေး၊ မြန်မာသတင်းမီဒီယာနယ်ပယ်မှာ တာဝန်ထမ်းနေကြတဲ့ သတင်းလောကသားတွေရဲ့ အခြေခံရပိုင်ခွင့်တွေ တိုးတက်ရရှိရေး၊ မြန်မာသတင်းသမားများနဲ့ သတင်းလုပ်ငန်းများရဲ့ အရည်အသွေး ခေတ်မီတိုးတက်မြင့်မားရေး၊ နိုင်ငံတကာသတင်းမီဒီယာဆိုင်ရာ အဖွဲ့အစည်းများနဲ့ မြန်မာသတင်း လောကသားတို့ ပိုမိုထိတွေ့ ဆက်သွယ်နိုင်ရေး၊ နိုင်ငံတကာသတင်းစာလွတ်လပ်ခွင့် လှုပ်ရှားမှုတွေမှာ မြန်မာသတင်းသမားတွေလည်း ပူးပေါင်းပါဝင်နိုင်ရေး အစရှိတဲ့ ရည်မှန်းချက်တွေနဲ့ မည်သည့်လာဘ်လာဘကိုမျှ မမြော်မြင်ဘဲ ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။

နှစ်စဉ် မြန်မာသတင်းသမဂ္ဂညီလာခံတိုင်းမှာ အဖွဲ့ဝင်ကြေးများ ထည့်ဝင်ပြီး အဖွဲ့ဝင်အဖြစ် မှတ်ပုံတင်ကြဖို့ အမြဲနှိုးဆော်ခဲ့ပါတယ်။ ဒါပေမယ့် အဖွဲ့ဝင်ကြေး ထည့်ဝင်မှတ်ပုံတင်သူ အရေအတွက်ဟာ မျှော်မှန်းသလောက် ဖြစ်မလာခဲ့ပါဘူး။ ညီလာခံ နီးလာရင်တော့ ညီလာခံတက်ချင်သူတွေ ဖိတ်စာမရလို့ မေးလာသူတွေကတော့ ဒုနဲ့ဒေးလို့ ပြောနိုင်ပါတယ်။ မြန်မာသတင်းသမဂ္ဂကတော့ လက်လှမ်းမီသလောက် မြန်မာမီဒီယာသမားတွေ ကျန်နေရစ်တာမျိုး မဖြစ်ရအောင် ဂရုစိုက်ဖိတ်လေ့ရှိပါတယ်။ ဒါကြောင့် နိုင်ငံ (၁၁) နိုင်ငံက မြန်မာသတင်းသမား (၁၅၀) ထက်မနည်းကို ဖိတ်ကြားခဲ့ပါတယ်။ ခရီးစရိတ်သိပ်ကြီးလို့ မတတ်သာဘဲ ချန်ခဲ့ရသူတချို့တော့ ရှိပါတယ်။

နောက်တချက်က ညီလာခံအပိတ်နေ့မှာ အဖွဲ့ဝင်တွေ စုံစုံညီညီ အစည်းအဝေးတက်ရောက်ကြဖို့ တင်ကြိုအသိပေး ဆော်သြခဲ့ပေမယ့်လည်း တက်တက်ကြွကြွ တက်ရောက်လာတာ မတွေ့ရပါဘူး။ တကယ်တော့ အပြင်မှာ တာဝန်မဲ့ အပြစ်တင်မယ့်အစား အစည်းအဝေးတက်လာပြီး ပွင့်ပွင့်လင်းလင်း ဝေဖန်ထောက်ပြတာမျိုးက ပိုပြီး အပြုသဘော ဆောင်ပါတယ်။ ဒါ့အပြင် အလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ဖွဲ့စည်းရေးအတွက် ဒီမိုကရေစီနည်းကျ မဲဆန္ဒပေး ရွေးချယ်ရာမှာလည်း ကိုယ်တိုင်ပါဝင်ရမှာ ဖြစ်ပါတယ်။ လက်ရှိအလုပ်အမှုဆောင်တွေ လုပ်ပုံကိုင်ပုံကို အားမရရင် ကိုယ်တိုင်ပါဝင် လုပ်ဆောင်နိုင်ခွင့်ရှိပါတယ်။ အဲဒီလို လုပ်ချင်ကိုင်ချင်စိတ်ရှိတဲ့ တက်ကြွတဲ့ အမှုဆောင်အသစ်တွေ မြန်မာသတင်းသမဂ္ဂအတွက် လိုပါတယ်။

ဝေဖန်ရေးလည်း လုပ်မယ်၊ ကိုယ်တိုင်လည်း ၀င်လုပ်ကြည့်မယ်ဆိုရင် အားနည်းချက် အားသာချက် အခွင့်အလမ်းနဲ့ အလားအလာတွေကို ကိုယ်တိုင်မြင်လာ သိလာမှာဖြစ်ပါတယ်။ ဒါကြောင့် အပြင်ကနေ ထင်ကြေးနဲ့ ဝေဖန်နေတာမျိုးထက် အတွင်းစည်းထဲကို အဖွဲ့ဝင်အဖြစ် ၀င်ပါပြီး အလုပ်လုပ်ရင်း ဝေဖန်အကြံပေးကြမယ်ဆိုရင် မြန်မာသတင်းသမဂ္ဂဟာ လက်ရှိအခြေအနေထက် ပိုမိုဖွံ့ဖြိုးလာမယ်ထင်ပါတယ်။

ဒါပေမယ့် ၀မ်းနည်းဖို့ကောင်းတာက ဒီနှစ် မြန်မာသတင်းသမဂ္ဂအစီရင်ခံစာ တင်ပြချိန်၊ သမဂ္ဂဖွဲ့စည်းပုံဆိုင်ရာ ဆွေးနွေးချိန်၊ အမှုဆောင်သစ် ရွေးကောက်တင်မြှောက်ကြရမယ့်အချိန်မှာ အစည်းအဝေးတက်သူ တဒါဇင်တောင် မပြည့်တော့ပါဘူး။ ညီလာခံစရိတ်နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ညီလာခံတက်ဖို့ ရောက်လာခဲ့ကြတာပါပဲ။ ဒါပေမယ့် ရောက်တုန်းရောက်ခိုက် ကိုယ်အာရုံကျရာ နေရာဒေသ၊ လူပုဂ္ဂိုလ်တို့ဆီကို သွားလိုစိတ်က ညီလာခံကိစ္စအပေါ် လွှမ်းမိုးသွားပုံရပါတယ်။ ဒီတော့ ညီလာခံမှာတင်ပြတဲ့ မြန်မာသတင်းသမဂ္ဂအစီရင်ခံစာကို နားမထောင်ဖြစ်သူက အများစုဖြစ်သွားပါတယ်။ သတင်းသမဂ္ဂရဲ့ တနှစ်တာခရီးအတွင်း ကောင်းကျိုးဆိုးပြစ်တွေကို ဝေဖန်သူမရှိ ဖြစ်သွားပါတယ်။

အများစု ညီလာခံပြင်ပရောက်နေတော့ သူတို့ရဲ့ ပြောဆိုဝေဖန် ဆွေးနွေးပိုင်ခွင့်တွေ ဆုံးရှုံးသွားပါတယ်။ ဒီဆုံးရှုံးမှုဟာ လူပုဂ္ဂိုလ်တဦးတယောက်ရဲ့ ဆုံးရှုံးမှုမျှသာမကပါဘူး။ အဖွဲ့အစည်းအတွက် မြန်မာသတင်းလောကအတွက် ဆုံးရှုံးမှုလို့လည်း ပြောနိုင်ပါတယ်။ ပထမဆုံးရှုံးမှုက ညီလာခံမှာ ဒီမိုကရေစီကျင့်စဉ်အရ အမှုဆောင်အဖွဲ့သစ်ရွေးချယ်ဖို့ အခွင့်အရေး ရရှိပါလျက်နဲ့ မကျင့်သုံးလိုက်နိုင်ဘူး။ ဒုတိယဆုံးရှုံးမှုက ညီလာခံကနေ လုပ်ငန်းလမ်းညွှန်မှုအစီအစဉ် အချိန်ဇယား စသည်ဖြင့် မချမှတ်နိုင်ဘူး။ ဒီဆုံးရှုံးမှုတွေကို ကာကွယ်နိုင်ခဲ့ရင် အဖွဲ့အစည်းဟာ လက်ရှိအခြေအနေထက် ပိုမိုသွက်လက် ထက်မြက်လာစရာရှိတယ်လို့ ယုံကြည်ပါတယ်။ ၂၀၁၀ ခုနှစ်မှာ အမျိုးသားရေးအတွက် ပိုပြီး စည်းကိုက်ဝါးကိုက်လည်း အလုပ်လာနိုင်ကြမှာဖြစ်ပါတယ်။

ဒါကြောင့် သတ္တမအကြိမ် မြန်မာသတင်းသမဂ္ဂညီလာခံရဲ့ အားအနည်းဆုံးအချက်ကို ထောက်ပြပါဆိုရင် ဒီမိုကရေစီနည်းကျ အလုပ်အမှုဆောင်အဖွဲ့သစ်ကို ညီလာခံမှာ ရွေးချယ်တင်မြှောက်မှု မလုပ်နိုင်တဲ့ အချက်ကို ထောက်ပြရမှာပါပဲ။ “ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်” လို့ ပြောတတ်ကြပေမယ့် ယခုထိ ပြိုင်တူတွန်းဖို့ ပျက်ကွက်နေကြတုန်းပါပဲ။ မြန်မာသတင်းလောကသားအားလုံးမှာ တာဝန်ရှိတယ်လို့ ခံစားနားလည်မိပါတယ်။ ။

 ဇင်လင်း
၎/ မတ် ၂၀၁၀
(ခေတ်ပြိုင်)

0 comments:

Post a Comment