Friday, March 5, 2010

ခင်ဗျား စဉ်းစားဖို့ လိုနေပြီ


သဘာဝဘေးတဲ့လား
ဒီလို ဖြေသိမ့်ရပေါင်း ဘယ်နှစ်ခါ
သက်ပြင်းချကြရဦးမှာလဲ
သဘာဝပတ်ဝန်းကျင် ပျက်စီးစပြုနေတဲ့
ယမ်းငွေ့တွေ မွှန်ထူနေတဲ့
နူကလီးယားကမ္ဘာကို
စိန်ခေါ် သတိပေးမှုတွေဆိုရင်
ကမ္ဘာ့ပြည်သူတွေ အပေါ်
ရက်စက်ရာ ရောက်နေပြီဆိုတာ
လောကကြီးရေ
ခင်များ စဉ်းစားဖို့လိုနေပြီ။

ဆူနာမီ နဲ့အတူလွင့်စင်သွားတဲ့ ဝိဉာဉ်တွေရဲ့
အရိုးတွေတောင် သမုဒ္ဒရာကြမ်းပြင်မှာ
အနည်မထိုင်သေးဘူး...
တင်ကျန်ရစ်တဲ့ ရုပ်အလောင်းတချို့တောင်
ပိုင်ရှင်လက် ပြန်မအပ်နိုင်သေးဘူး...
နာဂစ် လေရူး အလစ်ဝင်မွှေ့သွားလိုက်တာ
မြစ်ဝကျွန်းပေါ်မှာ အလောင်းတွေ
မြင်မကောင်း ရှုမကောင်းနဲ့
မေ့လို့တောင်မရနိုင်သေးဘူး... ခြောက်ခြားတုန်း
သဘာဝဘေးနဲ့အတူ မသမာဘေး ထပ်ဆင့်တော့
မြစ်ဝကျွန်းပေါဟာ
မဝရေစာနဲ့ နပ်မှန်ရုံ
အမိုးအကာလေ ရှိရုံတောင် နေသားမကျနိုင်သေးဘူး ...
2010 နှစ်ဦးရဲ့ ကြမ်းကြမ်းတမ်းတမ်း ဘီလူးဝင်စီးသလို
အငြိုးနဲ့ဆွဲခါလိုက်လို့
ဟေတီကျွန်းလေး
အုတ်ခဲကျိုးတွေကြား ဘဝပေါင်းများစွာ ပျောက်ဆုံးလို့မှ
ပူပူနွေးနွေး...
မိမဲ့ဖမဲ့
အိုးမဲ့အိမ်မဲ့
အခြေမဲ့ အနေမဲ့
ကျန်ရစ်သူတွေရဲ့ အနာဂတ်တွေ
အစပြန်ရှာလို့မှ မရနိုင်သေးဘူး...
နိုင်ငံတကာလက်တွေနဲ့ တွဲထူလို့မှ
ပြန်မထနိုင်သေးဘူး...
2012 ခြိမ်းခြောက်မှုတွေ ယုံတင်လို့မှ
ရင်ထိတ်မပြေသေးဘူး...
သဘာဝဆိုတဲ့ တရားကြီးက နောက်တကြိမ်
သွက်သွက်ခါအောင် ရှုးပြန်ပြီ
ငလျင်တဲ့ဗျာ
ငရဲပြည်ကများ လာလေရော့သလား
ချီလီပြည်သူတွေ ပူလောင်နေရပြီ။

စိတ်မကောင်းစရာ အပြိုအပျက်တွေကြား
ဘယ်သူများ အသတ်ရှင်ကျန်နေရစ်မလဲလို့ ဆန္ဒတွေနဲ့
ရှာဖွေကယ်ဆယ်နေတဲ့ မျက်လုံးတွေထဲမှာ
ပြည့်လျှံနေတဲ့ ကရုဏာတရားကို ပါးပြင်ပေါ်
ယိုစီးမလာအောင်
မျက်တောင် အကြိမ်ကြိမ်ခတ် ထိန်ထားရသလို...
နိုင်ငံတကာသမ္မတတွေရဲ့ ဝမ်းနည်းကြောင်းသဝဏ်လွှာ တွေလောက်
မခမ်းနားနိုင်တဲ့ မြစ်ဝကျွန်းပေါ်က စာနာစိတ်တွေလို...
ကမ္ဘာ့ပြည်သူချင်း လူသိရှင်ကြားမဖြစ်နိုင်ပေမယ့်
ထပ်တူထပ်မျှပါပဲ။

လောကကြီးရေ
နောက်တကြိမ် အဖြစ်မခံနိုင်ဘူး
ယမ်းညှော်နံတဲ့ အီရန်နဲ့ မြောက်ကိုးရီးယား တားမလား
အီရတ်စစ်ပွဲ ရပ်မလား
မြစ်ဆုံ ရေကာတာ စီမံကိန်းကို ဖျက်မလား
စဉ်းစား …
သဘာဝရဲ့ သယံဇာတကို ပြည်သူတွေ
မခံစားရပေမယ့်
သဘာဝရဲ့ ဘေးကိုတော့ ပြည်သူတွေပဲ
ရင်စည်းခံကြရတယ်ဆိုတာ
ခင်များတို့စဉ်းစားဖို့တော့လိုနေပြီ။  ။

(ချီလီပြည်သူများနဲ့ထပ်တူဝမ်းနည်းနေရကြောင်း.....)
 
ကျော်သူမိုးမြင့်
မတ် ၃၊ ၂၀၁၀

0 comments:

Post a Comment