Monday, March 15, 2010

ကင်တားနား၏ မတ်လအစီရင်ခံစာ

            မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တိုးမတ်စ် အိုဟေးရား ကင်တားနားသည် မတ်လ (၅) ရက် နေ့၌ စာမျက်နှာ (၃၀) ရှိသော မြန်မာ့လူ့အခွင့်အရေးအစီရင်ခံစာကို ထုတ်ပြန်သည်။ ကြိုတင်ထုတ်ဝေသော မတည်းဖြတ်ရသည့် စာမူ Advance Unedited Version ဖြစ်ပြီး စာမျက်နှာ (၃၀)၊ စာပိုဒ် (၁၂၃) ခုရှိသည်။ ဖေဖော်ဝါရီလ (၁၅) ရက်နေ့မှ (၁၉) ရက်နေ့အထိ မြန်မာပြည်သို့ သွားရောက်လေ့လာပြီးနောက် ထုတ်ဝေလိုက်သော အစီရင်ခံစာဖြစ်သည်။ မင်းဆိုးမင်းညစ် အုပ်ချုပ်မှုအောက်မှ မထွက်နိုင်သော မြန်မာပြည်၏ လူ့အခွင့်အရေးအခြေအနေမှာ ကောင်းလာသည်မရှိဘဲ တနေ့တခြား ဆိုးဝါးလာသည်ကို မစ္စတာကင်တားနားကိုယ်တိုင် တွေ့နေရပြီဖြစ်၏။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ လူ့အခွင့်အရေးကောင်စီ ဒီမိုကရေစီအစိုးရများ၊ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်များနှင့် ရိုသေလေးစားအပ်သော ခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသား (၂,၁၀၀) ကျော်ကို ရွေးကောက်ပွဲမတိုင်မီ လွှတ်ပေးရန် တောင်းဆိုထားသည်ကို မြန်မာစစ်အစိုးရက လိုက်လျောခြင်းမရှိသည်ကို ပထမဦးစွာ ဖော်ပြထားပါသည်။ ၁၉၉၂ မှစ၍ မြန်မာ့လူ့အခွင့်အရေးအခြေအနေဆိုးဝါးကြောင်း (၁၈) နှစ်တိုင် အစီရင်ခံစာများ တင်သွင်းလာခဲ့သော်လည်း မြန်မာစစ်အစိုးရနှင့် မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖျက်မှုကို ဟန့်တားနိုင်ခြင်းမရှိ ဖြစ်နေ၏။

ပါတီစုံရွေးကောက်ပွဲကို အပြည်ပြည်ဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ လွတ်လပ်မှုရှိရန်၊ တရားမျှတမှုရှိရန်၊ အရွယ်ရောက်သူတိုင်း ပါဝင်ဆင်နွှဲနိုင်ရန်နှင့် သိသာမြင်သာအောင်လုပ်ရန် အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀ိုင်းက မြန်မာအစိုးရကို တိုင်းတွန်းထားကြောင်းကိုလည်း ကင်တားနားက ဖော်ပြသည်။ နအဖရွေးကောက်ပွဲ စည်းမျဉ်းသည် အပြည်ပြည်ဆိုင်ရာ တောင်းဆိုမှုကို ကဏ္ဍကောစ လုပ်လိုက်ခြင်းပင်ဖြစ်၏။ လူဆိုးသူခိုးကို အပျော့နည်းဖြင့် ဖျောင်းဖျပြောဆို၍ မရကြောင်း ပြသလိုက်ခြင်းဖြစ်၏။

“လူသွပ်လူရိုင်း၊ လူ့ရုန့်ထိုင်းတို့၊ ရိုင်းရိုင်းပင်းပင်း၊ တရားသွင်းလည်း၊ ဘူးနားပင်းတွင် ရေမ၀င်သို့၊ နားပြင်မကြား၊ အလွတ်သွား၍၊ ကျွဲပါးစောင်းတီး” စသဖြင့် မန်လည်ဆရာတော်သည် မဃဒေ၀လင်္ကာသစ်တွင် ရေးသားခဲ့သည်မှာ မြန်မာဗိုလ်ချုပ်များကို ရည်ညွှန်းသကဲ့သို့ဖြစ်နေ၏။ အပေါက်မရှိသောဘူး၌ ရေထည့်ပါသော်လည်း မ၀င်သကဲ့သို့ ခံယူလိုစိတ်မရှိသူကို မည်မျှဆုံးမ ပြောဆိုစေကာမူ နားမ၀င်ဘဲရှိသည်ကို မန်လည်ဆရာတော်က ရှင်းပြလိုက်ခြင်းဖြစ်၏။ ကျွဲ၏အနားတွင် စောင်းကို မည်မျှပင် သာယာစွာ တီးစေကာမူ ကျွဲအဖို့ အချည်းနှီးသာဖြစ်သကဲ့သို့ အကောင်းအဆိုးမသိသူကို တန်ဖိုးရှိသောစကားကို နားဝင်အောင် မည်မျှပင်ပြောစေကာမူ ထိုသူအဖို့ အချည်းနှီးသာဖြစ်ပေသည်။

သို့သော်လည်း မစ္စတာကင်တားနား၏အလုပ်မှာ ‘နအဖ’ ခေါ် ‘နွားအဖွဲ့’ အနားတွင် နွားပါးစောင်းတီးရန်ပင်ဖြစ်သည်။ အာဆီယံ အစိုးရများ၏ လူ့အခွင့်အရေးကော်မရှင် ပေါ်ပေါက်လာပြီဖြစ်သောကြောင့် အာဆီယံကော်မရှင်ကပါ ‘နွားပါးစောင်းတီး’ လုပ်ပေးပြီး နေရာတိုင်းတွင် တောင်းဆိုနိုင်ပါက မြန်မာ့လူ့အခွင့်အရေးအခြေအနေဟာ ကောင်းမွန်လာဖွယ်ရှိသည်ဟု ကင်တားနားက မျှော်လင့်သည်။ ၎င်းတင်ပြထားသော ပြုပြင်ရမည့်အချက် (၄) ချက်ကို နအဖက ဂရုမစိုက်ဟု ဖော်ပြထားသည်။ နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးရန်၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံသတ်မှတ်ချက်များနှင့်အညီ မြန်မာ့ဥပဒေများကို ပြင်ဆင်ရန်၊ လွတ်လပ်၍ ဘက်မလိုက်သော တရားရေးဌာနရှိရန်နှင့် ရဲနှင့်စစ်သား လူ့အခွင့်အရေး လေးစားအောင် သင်တန်းပေးရန် စသည့်အချက် (၄) ချက်ပင်ဖြစ်သည်။

ဤတင်ပြချက်အားလုံးသည် သဲထဲရေသွန်လျှင် အရာမထင်သကဲ့သို့ အချည်းနှီးဖြစ်သွားသည်ကို မစ္စတာကင်တားနား သဘောပေါက်သွားပုံရသည်။ နှစ်ရှည်ထောင်ဒဏ်ကျခံနေသူများနှင့် မိသားစုကို ထပ်မံညှဉ်းပန်းနှိပ်စက်သည့်သဘောဖြင့် ဝေးလံသောအရပ်ဒေသသို့ ထောင်ပြောင်းသည့်လုပ်ရပ်ကိုလည်း ဖော်ပြထားသည်။ မိသားစု၏ ထောက်ပံ့မှုရရန် ခက်ခဲသဖြင့် နိုင်ငံရေးအကျဉ်းသားများ ကျန်းမာရေးထိခိုက်လာသည်ကိုလည်း ဖော်ပြသည်။

အင်းစိန်၊ စစ်တွေနှင့် ဘူးသီးတောင်အကျဉ်းစခန်းများ၌ ကလေးစစ်သားဟောင်းတဦးနှင့် နိုင်ငံရေးအကျဉ်းသား (၁၄) ဦးကို မစ္စတာကင်တားနား တွေ့ဆုံခဲ့သည်။ ထောင်အခြေအနေဆိုးဝါးမှုကို ကန့်ကွက်သည့် အစာငတ်ခံဆန္ဒပြပွဲ ဘူးသီးတောင်နှင့် အင်းစိန်ထောင်တွင် ဖြစ်ပွားသည်ကိုလည်း အစီရင်ခံစာ၌ ဖော်ပြ၏။ နှိပ်စက်ညှဉ်းပန်းပြီး ထောင်သွင်းအကျဉ်းချမှုကြောင့် ၁၉၈၈ မှစ၍ နအဖအကျဉ်းထောင်၌ သေဆုံးသူ (၁၄၃) ဦးရှိသည်ကိုလည်း ဖော်ပြထားသည်။ ၂၀၀၉ ခုနှစ်နှောင်းပိုင်း အင်းစိန်ထောင်၌ သေဆုံးသွားသူ (၆) ဦးတွင် နအဖနိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝင်းအောင်လည်း ပါဝင်သည်။

နှစ်ပေါင်းများစွာ မြန်မာစစ်အစိုးရသည် လူ့အခွင့်အရေးအားလုံးကို ချိုးဖျက်နေသည်ဟု ဖော်ပြထားသည်။ လူ့အခွင့်အရေး ချိုးဖောက်ခြင်းသည် မြန်မာစစ်အစိုးရ၏ မူဝါဒလမ်းစဉ်ကဲ့သို့ ဖြစ်နေသဖြင့် နှစ်ပေါင်းများစွာ တာဝန်ယူမှု ကင်းမဲ့နေခြင်းပင် ဖြစ်ပေသည်။ မြန်မာ့လူ့အခွင့်အရေးချိုးဖျက်မှုများသည် လူသားမျိုးနွယ်အပေါ်တွင် ကျူးလွန်သော ရာဇ၀တ်မှု (သို့မဟုတ်) အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံးက စစ်ဆေးနိုင်သော စစ်ရာဇ၀တ်မှုလည်း ဖြစ်နိုင်သည်ဟု အပိုဒ် (၁၂၁) တွင် ဖော်ပြထားသည်။ ဤသည်မှာ ကင်တားနားအစီရင်ခံစာ၏။ ထူးခြားချက်ပင်ဖြစ်၏။

အနှစ် (၂၀) မျှ လူ့အခွင့်အရေးချိုးဖျက်နေသည်ကို စုံစမ်းစစ်ဆေးအရေးယူရန် အစိုးရ၌ တာဝန်ရှိသော်လည်း အစိုးရကိုယ်တိုင်က လူ့အခွင့်အရေး ချိုးဖျက်နေသောကြောင့် တာဝန်ယူမည့်သူမရှိ ဖြစ်နေ၏။ ဤသို့ တာဝန်မဲ့နေသည်ကို ထောက်ထား၍ မြန်မာပြည်မှ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုများကို ကုလသမဂ္ဂအဖွဲ့အစည်းက ကော်မရှင်ဖွဲ့၍ စုံစမ်းစစ်ဆေးနိုင်သည်ဟု အစီရင်ခံစာအပိုဒ် (၁၂၂) တွင် မစ္စတာကင်တားနားက ဖော်ပြထားသည်။

တဖက်သတ်အနိုင်ကျင့်သောအမှုများကို စစ်ဆေးအပြစ်ပေးရန် ၁၉၉၈ ခုနှစ် ဇူလိုင်လ (၁၇) ရက်နေ့၌ ICC-International Criminal Court အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံးဖွဲ့စည်းပြီး ရာဇ၀တ်ဥပဒေကို ၂၀၀၂ ခုနှစ် ဇူလိုင် (၁) ရက်နေ့၌ စတင်ကျင့်သုံးသည်။ (၇၇) မျက်နှာ အပိုဒ် (၁၂၈) ပိုဒ်ရှိသော ဥပဒေဖြစ်၏။ အပိုဒ် (၇) စာမျက်နှာ (၉) ၌ Crimes against humanity ကို ဖော်ပြသည်။ သို့သော် attack directed against any civilian population ဟု ရေးထားသည့်အတွက် အရပ်သားထုအပေါ် ကျူးလွန်သော ရာဇ၀တ်မှုကို ဆိုလိုသည်မှာ ထင်ရှားသည်။ လူသတ်မှု၊ အပျောက်ရှင်းမှု၊ ကျွန်ပြုမှု၊ အဓမ္မပြောင်းရွှေ့မှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ မုဒိမ်းမှု၊ ပြည့်တန်ဆာလုပ်ခိုင်းမှု၊ ကိုယ်စိတ်နှစ်ပါး အလွန်အမင်း ဆင်းရဲဒုက္ခ ရောက်အောင် လုပ်မှု စသည့်အမှုများကို အရပ်သားအပေါ်၌ ကျူးလွန်ပါက အရေးယူနိုင်သည်ဟု အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ဥပဒေက ဆိုသည်။

သို့သော်လည်း ICC တရားရုံးကို လက်ခံသော နိုင်ငံကိုသာ အရေးယူနိုင်ပါသည်။ အာဆီယံ (၁၀) နိုင်ငံအနက် ကမ္ဘောဒီးယား သည်သာလျှင် ICC တရားရုံးကို လက်ခံသည်။ ထိုင်းနှင့်ဖိလစ်ပိုင်သည် ICC ကို တည်ထောင်သည့် ရောမစာချုပ်ကို လက်မှတ်ထိုးထားသော်လည်း အတည်မပြုရသေးပါ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးယူရန် ညွှန်ကြားပါက ICC ရာဇ၀တ်မှုခုံရုံးသည် အရေးယူရပါသည်။ ဆူဒန်နိုင်ငံသည် ICC တရားရုံးကို လက်မခံသော်လည်း ဆူဒန်၏ လူ့အခွင့်အရေး ချိုးဖျက်မှုများကို စုံစမ်းစစ်ဆေးရန် ၂၀၀၅ ခုနှစ် မတ်လ၌ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တာဝန်ပေး၍ အရေးယူရပါသည်။

ဤအတောအတွင်း မြန်မာ့မုဒိမ်းတပ်မတော်ကို ICC ရာဇ၀တ်ခုံရုံးက အရေးယူပါရန် လူ့အခွင့်အရေးကျွမ်းကျင်သူများနှင့် မြန်မာနိုင်ငံသူ (၁၂) ဦးက နယူးယောက်မြို့တွင် အစစ်ခံပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တိုက်တွန်းထားသည်။ လုံခြုံရေးကောင်စီက စစ်ဆေးရေးကော်မရှင်ဖွဲ့၍ စုံစမ်းခိုင်းသည်ကို တရုတ်နဲ့ ရုရှ ကန့်ကွက်မည်မဟုတ်ဟု ယူဆရပေသည်။ ဆူဒန်ကိစ္စတွင် ရုရှနှင့် တရုတ်မဲမပေးဘဲ နေသဖြင့် နောက်ဆုံး၌ ဆူဒန်သမ္မတကို ဖမ်းဝရမ်းထုတ်နိုင်ခြင်းဖြစ်သည်။ မြန်မာ့မှုခင်းများတွင် တာဝန်အရှိဆုံး တရားခံပျောက်နေသည်။ ထို့ကြောင့် မစ္စတာကင်တားနား အစပျိုးထားသည့်လမ်းကြောင်း အတိုင်း ဆက်၍ အပတ်တကုတ် ကြိုးစားမည်ဆိုပါက ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေး အသိုင်းအ၀ိုင်းကို ဖမ်းဝရမ်းထုတ်နိုင်သည့် အဖြစ်သို့ ရောက်သွားနိုင်မည်ဖြစ်ပေသည်။

NEJ/ ၁၅ မတ် ၂၀၁၀

0 comments:

Post a Comment