Monday, March 15, 2010

'၀ါးလုံးရှည်နဲ့ ယမ်းလို့တောင် မနိုင်အောင်ဖြစ်နေလို့'





Written by လူထုစိန်ဝင်း   
    မရောက်တာအတော်ကြာပြီဖြစ်တဲ့ တပည့်ကျောင်းသူဟောင်း ငါးယောက်အတူ ရောက်လာကြပါ တယ်။ ဘယ်ပျောက်နေကြတာလဲ၊ မလာတာကြာပြီလို့ ပြောလိုက်တော့ ခပ်သွက်သွက်တစ်ယောက်က'' ဆရာမကြိုက်တဲ့ အလုပ်တွေလုပ်နေကြ တာလေ''လို့ ၀င်ပြောလိုက်ပါ တယ်။

အတ္တအတွက်လုပ်သူတွေကိုပြောတာ

    ''ဆရာမကြိုက်တဲ့ အလုပ်ဆို တာ ဘာများပါလိမ့်။ ပရဟိတအလုပ်တွေပေါ့ ဆရာရဲ့။ အလိုလေး စကားကို ရှင်းအောင်ပြောပါကွယ်။ ပရဟိတအလုပ်ကို မကြိုက်ဘူးလို့ တစ်ခါမှမပြောဖူးဘူး။ဆရာပဲ NGO အလုပ်တွေဟာ အတ္တအတွက် လုပ်တဲ့ ပရဟိတအလုပ်တွေလို့ ရေးခဲ့ပြီးတော့''

    ''အတ္တအတွက် လုပ်သူတွေကို ပြောတာပါကွယ်။ ပရဟိတစစ်စစ်လုပ်တဲ့သူတွေကို ပြောတာ မဟုတ် ပါဘူး။ နေပါဦး မင်းတို့က ဘာတွေ လုပ်နေကြလို့လဲ''

    ''ကလေးတွေ လိုက်စာသင် တယ်။  စာကြည့်တိုက်တွေ ထောင်ပေးတယ်။ ကြွပ်ကြွပ်အိတ်တွေ မသုံးဖို့ ဆော်သြတယ်''

    '' ဒါတွေကကောင်းတာတွေပဲ။ ဆရာမကြိုက်တာတွေမဟုတ် ပါဘူး''

    သိသားပဲ။ တမင်သက်သက် ပြောလိုက်တာ''

ဆိုင်းဘုတ်မတပ်တဲ့သူတွေ

    NGO လုပ်စားတဲ့အကြောင်းတွေ ရေးခဲ့ဖူးတာသိလို့ တပည့်တွေ က တမင်ကျီစယ်လိုက်တာပါ။ သူတို့တတွေက သင်တန်းတက်နေတဲ့ကာလ တက္ကသိုလ်ကျောင်းသူ ဘ၀ကတည်းက လူမှုဝန်ထမ်း အလုပ်တွေ စိတ်ဝင်စားသူတွေ ဖြစ်ကြပါတယ်။ ဘုန်းတော်ကြီးကျောင်းတွေမှာ စာသွားသင်ကြ၊ ဘိုးဘွားရိပ်သာသွားပြီး လုပ်အားပေးကြ၊ မိဘမဲ့ဂေဟာက ကလေး တွေအတွက် အင်္ကျီအ၀တ်အစားတွေ စုဆောင်းကြနဲ့ တက်တက်ကြွ ကြွလုပ်ခဲ့ကြသူတွေဖြစ်တယ်။ ကျောင်းပြီးလို့ ကိုယ်စီကိုယ်စီ လုပ်ငန်းခွင်တွေထဲ ရောက်သွားကြတော့လည်း နီးစပ်ရာသူငယ်ချင်းတွေ စုပြီးတတ်နိုင်သလောက် ဆက်လုပ်ကြတယ်။ နာဂစ်ဘေးဆိုးကြီးကျ ရောက်လာတော့ သူတို့ ပိုစုစည်းမိသွားပြီး ပရဟိတအလုပ်တွေကို ပုံမှန်လုပ်ဖြစ်နေကြတယ်။ အ၀န်းအ၀ိုင်းကလေးလည်း ပိုပြီးကျယ်ပြန့် ကြီးမားလာခဲ့တယ်။ ဒါပေမယ့် ဘာအဖွဲ့အစည်းဆိုင်းဘုတ်မှမတပ် ပါဘူး။ ခေါင်းဆောင်တို့ ဥက္ကဋ္ဌ အတွင်းရေးမှူးတို့လည်း မရှိပါဘူး။ စိတ်တူကိုယ်တူ သူငယ်ချင်းတွေစု ပြီး တိုင်ပင်လုပ်ကိုင်ကြတာပဲဖြစ်တယ်။

ဂရန့်နဲ့ ပရိုပိုဆယ်

    သူတို့အဖွဲ့က ဆိုင်းဘုတ်တပ် မထားပေမယ့် တော်တော်လေး အလုပ်လုပ်ကြတာဖြစ်လေတော့၊ တဖြည်းဖြည်းနဲ့ လူသိများလာပါတယ်။ အထူးသဖြင့် နာဂစ်ဒေသတွေမှာ သွားလာလုပ်ကိုင်ကြတော့ အဖွဲ့အစည်းပေါင်းစုံက သူတို့ကိုသိလာ ကြတယ်။ အခုသူတို့တတွေ ရောက်လာကြတာက အဲဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်ပင်ချင်ကြလို့ဖြစ်တယ်။ အဖွဲ့ အစည်းတချို့က သူတို့ကိုလာရောက် ဆက်သွယ်ပြီး ပူးပေါင်းလုပ်ဆောင်ဖို့၊ သူတို့ဆီက''ဂရန့်'' (Grant) လို့ ခေါ်ကြတဲ့ ထောက်ပံ့မှုလက်ခံပြီး ကျယ်ကျယ်ပြန့်ပြန့်ထိထိရောက်ရောက် ဆောင်ရွက်ဖို့ ကမ်းလှမ်းကြတယ်လို့ဆိုပါတယ်။ ကိုယ်ဘာလုပ် ချင်တယ်ဆိုတဲ့ လုပ်ငန်းစီမံချက် ''ပရိုပိုဆယ်''ရေးပြီးတင်ပြရင် သူတို့က ''ဂရန့်'' ချပေးမယ်လို့ ပြောကြောင်း ရှင်းပြကြတယ်။
   ပြည်တွင်းက အီလစ်တွေနဲ့ နိုင်ငံခြားက မြန်မာအီလစ်တွေ ပေါင်းပြီး အင်ဂျီအိုလုပ်စားတာက ကိစ္စမရှိဘူး။ သူတို့က လူငယ်လေးတွေကို စည်းရုံးသိမ်းသွင်းပြီး အသုံးချနေကြတာဖြစ်လို့ လူငယ်တွေပါ ''လုပ်စား''တဲ့ အတတ်ကို အဟုတ် မှတ်သွားကြမယ့် အန္တရာယ်ရှိပါ တယ်။  . . .  အင်ဂျီအို လုပ်မစားသူတွေတော့ နာစရာမရှိပါဘူး။

မျောက်ဖြစ်ခံကြတော့မှာလား

    ''သူတို့ဂရန့်နဲ့ဆိုပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်မလားလို့ စဉ်းစားမိကြတယ်။ အဲဒါကြောင့် ဆရာ့ ဆီလာတိုင်ပင်တာပါ''

    ''မင်းတို့မျောက် အဖြစ်ခံကြတော့မှာပေါ့လေ၊ အခုတောင် အမြီးလေးတွေထွက်စပြုနေပြီလား၊ မေး ကြည့်ကြပါဦး''

    ''မျောက်ပြဆန်တောင်း မလုပ်တဲ့ အင်ဂျီအိုတွေလည်းရှိပါတယ်။ ဆရာရဲ့''

    ''ရှိပါတယ်။ မန္တလေးဗြဟ္မစိုရ် ကစလိုက်ပြီး တစ်ပြည်လုံးမြို့ရွာအနှံ့ ပေါ်ထွက်လာတဲ့နာရေးကူညီမှုအသင်းတွေ၊ ဘုန်းတော်ကြီးသင် ပရဟိတကျောင်းတွေ၊ မိဘမဲ့ဂေဟာတွေ၊ အေ့ဒ်စ်ရောဂါပြုစုစောင့်ရှောက်ရေး လုပ်ငန်းတွေရှိပါတယ်။ အဲဒါတွေ အားလုံးလိုလိုဟာ ပြည်တွင်းက မြန်မာလူမျိုးတွေရဲ့ လှူဒါန်းမှုတွေနဲ့ လုပ်ကိုင်ဆောင်ရွက်နေကြတာချည့် ပါပဲ။ ဘယ်သူ့ဆီက ''ဂရန့်''တွေမှ မယူပါဘူး''

သဒ္ဓါတရားကြီးမားတဲ့လူမျိုး

    အဲဒါအမှန်ဖြစ်ပါတယ်။ မန္တလေးဗြဟ္မစိုရ်ဆိုတာ အမေလူထုဒေါ်အမာ ကိုယ်တိုင်နာယကအဖြစ် ဦးဆောင်နေတာဆိုတော့၊ ကူညီပါရစေဆိုတဲ့ နိုင်ငံတကာအဖွဲ့အစည်း တွေမနည်းပါဘူး။ တစ်ဖွဲ့ပြီးတစ်ဖွဲ့ လာရောက် ကမ်းလှမ်းကြပါတယ်။ ဒါပေမယ့်ဗြဟ္မစိုရ်ကဘယ်သူ့ဆီက ''ဂရန့်'' ကိုမှ လက်မခံပါဘူး။ မြန်မာ လူမျိုးတွေလှူကြတမ်းကြတာတွေနဲ့ပဲ ရပ်တည်ခဲ့ပါတယ်။ ရှေ့က မှန်မှန် ကန်ကန် ရိုးသားပွင့်လင်းစွာလုပ်ပြနိုင်ရင် အင်မတန်စေတနာသဒ္ဓါ တရားထက်သန်ကြီးမားတဲ့ မြန်မာလူမျိုးများဆီက အလှူငွေတွေဟောကနဲ ဟောကနဲ ၀င်ရောက်လာတာ အံ့သြစရာတောင်ကောင်းလှပါတယ်။ အခုဆိုရင် ဗြဟ္မစိုရ်ဟာ နာရေးကူညီ ရုံသာမက ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းတွေပါ အရှိန်အဟုန်ကြီး ကြီးမားမားနဲ့ ဆောင်ရွက်နေနိုင်ပြီ ဖြစ်ပါတယ်။

အင်ဂျီအိုပွဲစားတွေ

    အင်ဂျီအိုတွေနဲ့ပတ်သက်ပြီး မကြာမကြာ ပြင်းပြင်းထန်ထန်ရေးနေရတဲ့အကြောင်းက နာဂစ်ကိုအကြောင်း ပြုပြီး ဘီလျံနာဖြစ်လောက်တဲ့အထိ လုပ်စားသွားသူတွေ တစ်ယောက်ပြီး တစ်ယောက် မျက်စိအောက်မှာ မြင်တွေ့နေရလို့ဖြစ်တယ်။ ဒီအကျင့်က ရန်ကုန်လိုမြို့ကြီးပြကြီးက လူငယ် တွေအထိ ကူးစက်ပျံ့နှံ့နေတာ လည်းတွေ့နေရတယ်။ အကြောင်း အမျိုးမျိုးပြ၊ အမည်အမျိုးမျိုး တပ်တဲ့ ဆိုင်းဘုတ်တွေ ရန်ကုန် မှာ အတော်များနေပါပြီ။ တကယ်တော့ မြန်မာတွေကမျောက် အဖြစ် အသုံးချခံရတာပါ။ နိုင်ငံခြားသား တွေက သူတို့ကိုပြပြီး တစ်ဖက်မှာ အလှူခံကြတာဖြစ်တယ်။ သူတို့ရတဲ့အလှူငွေထဲက မဖြစ်စလောက် အစွန်းထွက်လေးကိုပေးပြီး ပြည်တွင်းကလူတွေကို အလုပ်လုပ်ခိုင်းကြတယ်။ ပြည်တွင်းက မြန်မာနဲ့ နိုင်ငံခြားသားတွေကို ပွဲစားလုပ်ပြီး ချိတ်ဆက်ပေးတာကတော့ အကြောင်းအမျိုးမျိုးပြပြီး နိုင်ငံခြား ရောက်နေကြတဲ့ မြို့ကြီးသား ပညာတတ်လူတွင်ကျယ် ''အီလစ်'' တွေဖြစ်ပါတယ်။ အဲဒီလို ''အင်ဂျီ အိုပွဲစား''အီလစ်တွေ ဒီဘက်ပိုင်းမှာ တော်တော်များလာတာ တွေ့ရ တယ်။ ပွဲခမျက်မျက်ကလေးရကြတာကိုး။

မကောင်းတဲ့နမူနာမပြနဲ့

    ပြည်တွင်းက အီလစ်တွေနဲ့ နိုင်ငံခြားက မြန်မာအီလစ်တွေ ပေါင်းပြီး အင်ဂျီအိုလုပ်စားတာက ကိစ္စမရှိဘူး။ သူတို့က လူငယ်လေးတွေကို စည်းရုံးသိမ်းသွင်းပြီး အသုံးချနေကြတာဖြစ်လို့ လူငယ်တွေပါ ''လုပ်စား''တဲ့ အတတ်ကို အဟုတ် မှတ်သွားကြမယ့် အန္တရာယ်ရှိပါ တယ်။ အဲဒါကြောင့် တပည့်မ ငါးယောက်ကို လူငယ်လေးတွေ အတွက် မကောင်းတဲ့ နမူနာမပြမိ ကြစေဖို့ ဘယ်သူ့ဆီက''ဂရန့်'' မှ လက်မခံပါနဲ့။ ဘာ ''ပရို ပိုဆယ်''မှ မတင်ပါနဲ့လို့ ပြောလိုက်တာဖြစ်တယ်။ ဘာမှမသိဘဲ''၀ါးလုံးရှည် နဲ့ သိမ်းကျုံးရိုက်တာမဟုတ်ဘူး။ ၀ါးလုံးရှည်နဲ့သိမ်းကျုံးယမ်းလို့တောင် မနိုင်အောင်ဖြစ်နေကြလို့ ပြောတာဖြစ်တယ်။ ပြည်တွင်း ပြည်ပက မြန်မာအီလစ်တွေခေါင်း ပေါ်တင်ပြီး ကိုးကွယ်ဆည်းကပ်နေကြတဲ့ သူတို့ရဲ့ဆရာသခင်နိုင်ငံခြားသား အတော်များများကိုပါ ရင်းရင်းနှီးနှီးသိကျွမ်းနေတာကြောင့် ''ဂရန့်''ဆိုတာတွေရဲ့ အရင်းအမြစ်တွေထိ ကောင်းကောင်းကြီးသိနေလို့ ပြောလိုက်တာပါ။

    အင်ဂျီအို လုပ်မစားသူတွေတော့ နာစရာမရှိပါဘူး။

ရင်းမြစ်။ ။www.first-11.com

0 comments:

Post a Comment